ချစ်ခြင်းရဲ့နောက်မှာ နာကျင်ခြင်းတွေ ပါလာမယ်ဆိုတာ သိခဲ့ရင် ချစ်မိခဲ့မယ်မထင်ပါဘူး .. ခုတော့ ကျမဘက်က ပေးလိုက်ရတာ နားလည်မှုတွေ ကြင်နာခြင်းတွေ စာနာခြင်းတွေ အစုံ အကုန်ပါပဲ .. ဒါပေမယ့် ကျမပြန်ရခဲ့တာက နာကျင်ခြင်းတဲ့လေ .. တရားမျှတပါရဲ့လား .. ဘယ်သူ့ကို အပြစ်တင်ရမလဲ .. ကျမကိုနာကျင်အောင်လုပ်ခဲ့တဲ့ မောင်လား .. မောင်က တရားခံလား .. ဒါပေမယ့် မီးဆိုတာ ပူမှန်းသိရဲ့နဲ့ တိုးဝင်ခဲ့တဲ့ ကျမလား .. ကျမက ပိုးဖလံလေးပါ .. မီးဆိုတာ ပူတယ် .. မသိလို့တော့မဟုတ်ပါဘူး .. ဘယ်လောက်ပူတဲ့မီးဖြစ်ပါစေ ကျမတပ်မက်တယ် .. ဒီမီးကြားထဲမှာ ကျမ ကျွမ်းလောင်သွားပါစေ ပြာမှုန့်ဖြစ်သွားပါစေ .. ဒီမီးကို ချစ်ခင် တွယ်တာနေမိဦးမှာပါပဲ .. ကျမ မောင့်ကို ချစ်သည်လေ ..
ကျမ မောင့်ပေါ်ထားရှိခဲ့တဲ့ ချစ်ခြင်းတွေဟာ အရောင်အဆင်းကင်းမဲ့သလို တန်ဖိုးပါမဲ့နေခဲ့တာကို မောင်က သက်သေပြခဲ့တယ် .. နားလည်ပေးခဲ့တဲ့ စောင့်စည်း ထိန်းသိမ်းခဲ့တဲ့ အရာတွေအကုန်လုံးကို မောင့်စကားတခွန်းတည်းနဲ့ ဖျက်ဆီးပစ်ခဲ့တယ် .. အံသြစရာကောင်းတာက ကျမ မောင့်အပေါ် အပြစ်မမြင်မိဘူး .. ကျမ နားလည်နေခဲ့တယ် .. နားလည်ချင်ခဲ့တယ် .. မောင့်ကိုပဲ ဆက်ချစ်ချင်ခဲ့တယ် .. ဒီခံစားချက်တွေနဲ့ အပြိုင် မောင့်ကို ကျမ မုန်းတီးချင်မိတယ် .. စိတ်နာချင်ခဲ့တယ် .. ဒါပေမယ့် နောက်ဆုံးအဖြေကတော့ မောင့်အပေါ် သနားကြင်နာစိတ်နဲ့ နားလည်ပေးနေမိတုန်း .. ချစ်ခင် စွဲလန်းနေတုန်း .. မောင်တန်ဖိုးမထားပေမယ့် ကျမက ပေးချင်နေမိတယ် .. ဒါက ကျမရဲ့ ၀ဋ်ကြွေးထင်ပါရဲ့ ..
ကျမကို မောင်လမ်းခွဲခဲ့တယ် .. အကြောင်းပြချက်မခိုင်လုံပဲနဲ့ .. ကျမဖုန်းဆက်တိုင်း မရှိပါဘူးဆိုတဲ့အသံတွေ အပ်ကြောင်းထပ်ခဲ့တယ် .. တွေ့လိုက်တော့လည်း နောက်ပြန်ဆက်မယ်ဆိုတဲ့စကားနဲ့ ကျေနပ်ခဲ့ရတယ် .. တကယ်တော့ ပြန်မဆက်ခဲ့ဘူး .. ကျမမှာ မာနမရှိဘူးတဲ့လား ..
"ငါမင်းနဲ့ စကားမပြောချင်ဘူး .. ငါအလုပ်တွေများနေတယ် .. မင်း သတ်မှတ်ချင်သလို သတ်မှတ်လို့ရတယ် .." မောင့်စကားလုံးတွေ ကျမ ကြားနိုင်စွမ်းမရှိခဲ့ဘူး .. ဒါဆို ကျမ မောင့်ကို မေ့ပစ်လိုက်ရမယ်လား .. ဖြစ်နိုင်ပါ့မလား .. ဒီလိုမှ မောင်ပျော်ရွှင်မယ်တဲ့လား .. ဟုတ်ပါပြီလေ ကျမက မောင့်အတွက် ခလုတ်တခု မဖြစ်ချင်ခဲ့ဘူး .. မောင်မလိုအပ်မှတော့ ကျမရဲ့ လက်တွေကို ထိန်းချုပ်ပြီး မောင့်ဆီဖုန်းမဆက်ဖြစ်အောင် .. ကျမအကြည့်တွေ ကျမ ခြေလှမ်းတွေကို ချုပ်ထိန်းပြီး မောင့်ဆီ မသွားဖြစ်အောင် မောင့်ဆီအကြည့်တွေ မရောက်ရအောင် ကြိုးစားရမှာပေါ့ .. မောင် သိပ်နေနိုင်တယ်နော် .. မောင် ကျမကို မချစ်ခဲ့ဘူး ..
စိတ်နာချင်တယ် .. စိတ်နာချင်တိုင်း မနာနိုင်တာလည်း ၀ဋ်ကြွေးတခု .. မေ့ချင်တယ် .. မမေ့နိုင်တာလည်း ၀ဋ်ကြွေးတခု .. မောင့်ပေါ် ကျမ အကြွေးတွေ သိပ်များပါလား .. မောင့်ကို မုန်းချင်တယ် .. ကျမကို မျက်ရည်ကျအောင်လုပ်ခဲ့တဲ့ မောင့်ကို ကျမရင်တွေကို နာကျင်အောင်လုပ်ခဲ့တဲ့ မောင့်ကို စိတ်နာချင်တယ် .. မောင့်ကိုမုန်းတယ် စိတ်နာတယ် .. ရင်ထဲမှာ အကြိမ်ကြိမ်အော်နေပေမယ့် ဒါတွေဟာ ဟန်ဆောင်နေတာ ဟန်လုပ်နေရတာ ပင်ပန်းလှပါတယ်မောင်ရယ် ..
လူရှေ့သူရှေ့ကျချင်နေတဲ့မျက်ရည်တွေကို ဟာသလုပ်ပစ်ရတာ .. စိတ်ထဲ နာကျင်နေပေမယ့် ဘာမှမဖြစ်သလို ဟန်ဆောင်ရတာ သိပ်ပင်ပန်းတယ် .. ဘာလို့ မောင့်ကို မုန်းလို့မရတာလဲ .. စိတ်မနာနိုင်ရတာလဲ .. ကိုယ့်ကိုယ်ကိုယ်လဲ သိပ်မုန်းတယ် .. မောင့်သတင်းတွေ မသိချင် မကြားချင်တဲ့ပုံဖမ်းပြီး နားစွင့်နေခဲ့တယ် .. မောင့်ခြေရာကို ခုမြင်ရင်တောင် ကျမမှတ်မိနေမှာပါ ..
ကျမတို့ ဝေးခဲ့ကြပြီဆိုတာ လက်ခံလိုက်ရချိန်ကတော့ မောင်ကျမဆီအဆက်အသွယ်မလုပ်ပဲ နေခဲ့တဲ့ အချိန် ၁နှစ်နီးပါးရှိလာချိန်မှာပေါ့ ..
ကျမဘ၀မှာ မောင်မရှိတော့ပေမယ့် နေသားတကျနီးပါးဖြစ်လာချိန်မှာ ..
သူငယ်ချင်း သွေးသွေး ပြန်သွားချိန်မှာ ကျမစိတ်တွေ ပြန်ရှုပ်ထွေးလာခဲ့တယ် .. မောင့်ကို သွေးသွေး တွေ့ခဲ့သည်တဲ့ .. မိန်းကလေးနှစ်ယောက်က မောင့်ကားပေါ်မှာတဲ့ .. အနည်ထိုင်နေပြီထင်ခဲ့တဲ့ ကျမစိတ်တွေ ဂယက်ပြန်ထခဲ့ပြန်ပြီ .. မောင်နဲ့ ပတ်သက်ရင် ကျမ ဘယ်တော့များမှ တည်ငြိမ်နိုင်မှာလဲ ..
ကျမစိတ်ရှုပ်ထွေးစွာနဲ့ သွေးသွေးဖုန်းကို ကောက်ဆက်လိုက်တယ် .. တဖက်က အမျိုးသားတယောက်လာကိုင်တယ် ..
"သွေးသွေးဖုန်းမဟုတ်ဘူးလားရှင် .."
"မဟုတ်ပါဘူးခင်ဗျာ .. ဘယ်ဖုန်းနံပါတ်ကိုခေါ်တာလဲမသိဘူး .."
သွားပြီ .. ကျမသိလိုက်ပြီ .. သွေးသွေးဖုန်းနဲ့ မောင့်ဖုန်းနံပါတ် ခပ်ဆင်ဆင်ကို ကျမ မှားမှားဆက်လေ့ရှိတာ ခဏခဏ .. ဒါဆိုခု မောင့်ဆီရောက်သွားခဲ့ပြီ .. တုန်ယင်ချင်နေတဲ့အသံကို ထိန်းရင်း ..
"ဆောရီးပါနော် .."လို့ပြောပြီး သူမ ဖုန်းချမယ်အလုပ်မှာ ..
"ယွန်း .. ခုပြောနေတာ ယွန်းလားဟင် .."
မောင့်ဆီက ခုလို မှတ်မှတ်ရရဖြစ်တဲ့အသံကြားမိတော့လည်း ကျမစိတ်ဓါတ်က ပြိုလဲချင်နေပြန်ရော .. တုန်ယင်လာတဲ့ နှလုံးခုန်သံကို မောင်ကြားမှာစိုးမိတယ် .. ခုထိဘာလို့ မတည်ငြိမ်နိုင်သေးတာလဲ ..
"ဟုတ်ပါတယ် .."
"ဟာ ၀မ်းသာလိုက်တာ ယွန်းရယ် .. မောင် ယွန်းဆီဖုန်းဆက်မလို့ စဉ်းစားနေတာ .."
စဉ်းစားနေတယ်တဲ့လား .. ဘာလို့မဆက်လိုက်တာလဲမောင်ရယ် .. ဒါမောင့်အကျင့်ပဲလေ .. ကျမ ကောင်းကောင်းသိပါတယ် .. မောင့်အတွက် ကျမက နောက်ဆုံးက လိုက်တယ်ဆိုတာ ..
ကျမမျက်လုံးတွေေ၀၀ါးစွာနဲ့ မငိုဘူးထိန်းထားတဲ့ကြားက မျက်ရည်ပေါက်တွေ ပါးပြင်ပေါ်လိမ့်ဆင်းသွားတယ် .. မျက်ရည်တွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်တယ် .. မပျော့ညံ့စမ်းနဲ့ မိယွန်း ..
"ယွန်း ရန်ကုန်ပြန်ရောက်နေပြီလား .. မောင် ယွန်းကို အရမ်းသတိရနေတာ .. ယွန်းမောင့်ဆီဖုန်းဆက်တော့ မောင်ဝမ်းသာလိုက်တာ .." သြော် .. အရမ်းသတိရနေလို့ ၁နှစ်လောက် အသံမကြားလူမမြင်နေတာပေါ့နော် ..
"ယွန်း .. မောင်ယွန်းနဲ့တွေ့ချင်တယ် .. ယွန်းလာနိုင်မလားဟင် .." ယွန်းကို ချည်နှောင်ချင်တုန်းလား မောင်ရယ် .. စကားလုံးတွေနဲ့ မချည်နှောင်ပါနဲ့တော့ .. နောက်တခါဆိုရင် ခံနိုင်ရည်ရှိတော့မှာမဟုတ်ဘူး .. ယွန်းကို လွတ်လပ်ခွင့်ပေးပါတော့ ..
ဆက်ပါဦးမည် ..
10 comments:
တန်းလန်းကြီး မလုပ်နဲ့လေးဗျာ။
ဒီမှာ ဖတ်ရတာ ဆက်တငံ့ငံ့နဲ့
လုပ်ပြန်ပြီ..
မြန်မြန်ဆက်ပါဗျို့..
အဆက်မျှော်နေတယ်
ပျော်ရွှင်ပါစေ
း)
အခန်းဆက်လား...
မနော်
အားလုံးပြီးမှ လာမန့်တော့မယ်
ကောင်းခန်းရောက်နေပြီးဟ ဒါမျိုးက တစပ်ထဲဖတ်မှ အရသာရှိတာ မြန်မြန်ရေး ဒါမျိုးဆို စိတ်ဝင်စားတယ်း)
ဆက်လက် အားပေးနေလျက်..။ ဆံ့တငင်ငင်လား.. ဆက်တငံ့ငံ့လား..တမျိုးတော့ တမျိုးပဲ။ ဘာပဲ ဖြစ်ဖြစ် ဆက်စောင့်မျှော် ဖတ်ရတော့မယ်။ :P
သယ်ချင်း
အခန်းဆက် 0တ္ထုတိုလေး အရေးအသား ကောင်းတယ်
အားပေးနေပါမယ် .. ဆက်ရေးပါ။
ခင်မင်လျက်
ဝင်းဇော်
မောင်???
လဲတေလိုက် လို့ ဆက်ပြောလိုက်... မမ :)
Post a Comment