Sunday, November 22, 2009

တချိန်က

အလင်းတွေနဲ့အတူ
ငါ့ရင်ထဲ ၀င်တဲ့အတွေးက
နင့်ကြောင့် လင်းလက်တောက်ပတယ်
အရောင်တွေ စုံတယ်
ရနံ့တွေ သင်းတယ်

နေ့စဉ် လှုပ်ရှားမှုတိုင်း
ရှင်သန်မှုတိုင်းကလည်း
နင့် စိုးမိုးမှုအောက်မှာ
အဓိပ္ပါယ် လေးနက်တယ်

ခက်ခဲမဲ့ အရာတိုင်း
အခြေအနေတိုင်း
နင့် နှစ်သိမ့်မှုအောက်မှာ
ေ၀၀ါးပျောက်ကွယ်

အဆုံးတော့
ဘယ်အရာမှ မမြဲဘူးဆိုတာပဲ
ငါယုံကြည်လိုက်တယ်

ပြီးခဲ့တဲ့ အချိန်တွေက အတိတ်
လက်ရှိမှာ ရင်ဆိုင်နေရတာက ပစ္စုပ္ပန်

ပစ္စုပ္ပန်မှာ ငါ့အတွက်
နင့်ကြောင့် မလင်းတဲ့ မနက်ခင်းလဲ လင်းတယ်
ကျေးငှက်သံလည်း သဘာဝအတိုင်း သာတယ်

အကျိုးမရှိတဲ့
အတွေးနဲ့ အတိတ်အတွက်
အချိန်ကုန်တာများ
နာရီသံတွေတောင် မေ့လို့

ငါက
မလိုအပ်တာတွေကိုမှ
အပိုတွေ လုပ်နေမိတဲ့လူ

Wednesday, November 18, 2009

ပြောရဦးမယ်

ပြောရဦးမယ် ..

ဟို ကျန်ခဲ့တဲ့ တပတ်က သူငယ်ချင်းတယောက် (သူငယ်ချင်းပဲ ဆိုပါတော့ .. ကိုယ်နဲ့ မခင်ပဲ ဒီကျမှ သူငယ်ချင်းနဲ့ အဖော်လိုက်ပြီး သူငယ်ချင်း ဖြစ်သွားတော့ သူငယ်ချင်းပေါ့နော် .. :P) ရန်ကုန်ကနေ အလည်လာလို့ ဆန်တိုဆာကို လိုက်ပို့ဖြစ်ပါတယ် .. ဆန်တိုဆာကို ရောက်တဲ့ အခေါက်တိုင်း တခါမှ ၀င်ကြည့်ဖို့ စိတ်မကူးခဲ့တဲ့ ရေအောက်ကမ္ဘာကို ၂၂ ကျပ် ပေးပြီး မိုက်မိုက်မဲမဲ ၀င်ကြည့်ဖြစ်ပါတယ် .. :P .. ဂယ်ပါ .. တခါပဲ .. နောက်ဘယ်တော့မှ မသွားတော့ဘူး .. ကံမကောင်းပုံက အဲဒီ လက်မှတ်ဝယ်ရင် လင်းပိုင်ပွဲကို ကြည့်လို့ရတာတောင် အချိန်ကို ငဲ့ကွက်သောအားဖြင့် မကြည့်ခဲ့ရတော့ ပိုလို့ကို မတန်တော့ပါဘူး .. (ပွဲချိန်လွန်သွားခြင်းကို ဆိုလိုပါတယ် ..း()

လှသလားဆိုတော့ မဆိုးပါဘူး .. (မဆိုးဘူးလား ဆိုတော့ နဲနဲတော့ ဆိုးပါတယ် .. အရမ်းလည်းကျဉ်းပြီး စိတ်ထဲ ထင်မိတာက ဘာမှ မထူးဆန်းသလိုပါပဲ .. ဘာမှလည်း မရှိသလိုပါပဲ ..) စိတ်လေပြီး ခေါင်းမူးပြီး ပြန်ထွက်လာပါတယ် .. ကိုယ့်စရိတ်နဲ့ကိုယ် ခေါင်းမူးသွားခံရတာပါ ..

အဲဒီသွားပြီး ပေါ်လာတဲ့ စိတ်ကတော့ ဒီ ပြတိုက်ထဲမှာ ရှိနေတဲ့ သတ္တ၀ါတွေအနေနဲ့ကတော့ သူတို့ သက်တမ်းစေ့ နေသွားနိုင်မလားပဲ .. ဒီလိုဆို ပြင်ပက ချက်စားခံရမယ့် သတ္တ၀ါတွေထက် ကံကောင်းတယ် ဆိုရမလား ..

သူတို့ကိုယ်တိုင်ရော ဒီလိုကျဉ်းကျဉ်းကျပ်ကျပ် ချုပ်နှောင်ခံထားရတာလည်း ကံကောင်းမှုတော့ မဖြစ်နိုင်ပြန်ဘူး .. ဒါကလည်း ၀ဋ်ကြွေး တမျိုး ..

ဟိုတနေ့ကလည်း အဲဒီသူငယ်ချင်းတွေနဲ့ပဲ ပင်လယ်စာ သွားစားဖြစ်တယ် .. ဘူဂစ်မှာပေါ့ .. အဲဒီ လမ်းထဲ ၀င်ဝင်သွားချင်း စိတ်ထဲ ဖြစ်လာတာက အဲဒီမှာ လူတွေကတော့ ပျော်ပါးပြီး စားနေတယ် .. အစားခံရမယ့် သတ္တ၀ါတွေအတွက် ဒီနေရာက ငရဲခန်းပဲ ဖြစ်လိမ့်မယ်လို့ .. အဲဒီနေ့က ပုဇွန်တောင် စားမလာဖြစ်ဘူး .. ဂဏာန်းလည်း အစတည်းက မကြိုက်တတ်ပါဘူး .. စားဖြစ်တာက ရယ်ဒီမိတ် ကြက်သားချောင်း ငါးလုံး အဲဒါတွေပဲ စားဖြစ်တယ် .. သူငယ်ချင်းကတော့ပြောတယ် .. နင်စားပုံနဲ့ မတန်ဘူးတဲ့ .. (ပင်လယ်စာ စားမယ်ဆိုတိုင်း ရတဲ့ ဆိုက်ကိုပါပဲ :D)

ပြောရဦးမယ် ..

မိုးခါး ကျန်ခဲ့တဲ့ တစ်ပတ် တနင်္လာကစပြီး အလုပ်သစ် ၀င်ပါတယ် .. အလုပ်သစ်ဆိုတော့ ထုံးစံအတိုင်း အပိုးကျိုးကျိုးလေးပေါ့ .. :D ကံတရား ကိုယ့်ဘက်မပါပုံများ နောက်မှာ ဒါရိုက်ဘော့စ်က ထိုင်သလို ကင်မရာကလည်း နောက်တည့်တည့်မှာပါ .. ဒီလိုနဲ့ သိပ်မလစ်တော့ လုပ်နေကျ ဘလော့ဂင်းအလုပ်ကို ခေတ္တ ခဏ အရှိန် သတ်ထားရပါတယ် .. (ခိုးပြီး ရေးရတာ ဖီလင်မလာဘူးလေ .. ရေးတဲ့ စာထဲ မျောသွားတဲ့အချိန် သူဌေးမြင်သွား ဒုက္ခ :P) အဲဒါနဲ့ ဒီလိုနဲ့ လစ်ရင်လစ်သလို စာဖတ်လိုက် .. မန့်လိုက် .. ချက်ထဲ အတင်းချလိုက် .. ဒီထက်ပိုလစ်ရင် အပင်လေး ၀င်စိုက်လိုက် .. စားသောက်ဆိုင်ကလည်း ပစ်ထားလို့ မရတော့ ၀င်ထိန်းသိမ်းလိုက်နဲ့ .. ဒီလောက်လေးပဲ လုပ်နိုင်ပါတယ် .. :P (ပြောချင်တာက ဒါကြောင့် စာမရေးဖြစ်သေးတာပါလို့ .. :D)

ပြီးတော့ အလုပ်နဲ့ အိမ်နဲ့ တအားဝေးလို့ အိမ်လည်းပြောင်းရပါတယ် .. (အိမ်တက် မလုပ်ဘူးလို့ ပြောချင်တာပါ .. :P) (နောက်တာ မဟုတ်ပါဘူး .. တကယ်ကို မလုပ်တာ :P) မဟုတ်ရင် မေသူတို့ ဖူလတန် ဆိုပြီး လာအော်မှာဆိုးလို့ :P အခုတော့ ဒီဂလောက်ပါပဲ ..း))

Tuesday, November 3, 2009

အရုဏ်တက်

မထူးခြားမယ့်
အဆင်ပြင်တခုနဲ့
မနက်ခင်းတခု
စဖွင့်တယ်
တမူ ထူးခြားမနေဘူး

ငါ့ မနက်ခင်းတွေမှာ
ကော်ဖီနွေးနွေးတခွက်ရှိမယ်
သီချင်းသံ သဲ့သဲ့ ရှိမယ်
တခါတလေ သာယာတဲ့ ဖုန်းသံ ရှိမယ်
ဒါထက် မပိုဘူး

ခုတလော
ငါ့မနက်တွေမှာ
ကော်ဖီတွေ ခဲခဲသွားတယ်
အလွမ်းသီချင်းတွေ ကြားတယ်
ဖုန်းလေးလည်း အလိုက်တသိ
တိတ်ဆိတ်လို့

အရုဏ်တက်တဲ့
ရောင်နီက မထွက်ဘူး
နှင်းမကျပေမယ့်
ငါ့ရင်ထဲ ခဲတယ်
ငါ့မနက်တွေ
မနွေးထွေးခဲ့တာ ကြာပေါ့

ငါ့ရဲ့ အရုဏ်တက်မှာ
နေမထွက်ဘူး
မင်းမရှိမှတော့
မနက်ခင်းလဲ
မလင်းဘူး

Sunday, November 1, 2009

မဆုံးမယ့် အတွေးများ

တနေ့ တနေ့ ပတ်ဝန်းကျင်ကို သတိမထားမိပဲ နေ့စဉ် ဖြတ်သန်းနေမိတာ ဘယ်လောက်ကြာနေပြီ မသိ .. ထိုနေ့ကတော့ လမ်းပေါ်က သစ်ပင် ပန်းမန်တွေကို ဂရုတစိုက် ကြည့်မိတော့ လောက ကြီးက လှနေသားပဲ .. လမ်းဘေး တနေရာက ပန်းပင်တွေ ရောင်းတဲ့ ဆိုင်မှာလဲ ပန်းပေါင်စုံ အရောင်ပေါင်းစုံနဲ့ သက်ဝင် လှပ နေပါရော .. နေ၀င်ခါနီးအချိန်မှာ ၀င်ခါနီး နေရောင်က အရာရာကို တောက်ပမှုတွေနဲ့ ပိုမိုလှပစေတတ်ပါသလား .. အင်း .. ခု မြင်မြင်နေသမျှကတော့ သက်ဝင်လှပနေပါတယ် ..

လမ်းမ၀ဲယာကို ကြည့်မိတော့လည်း လူတွေ ပုံမှန်လုပ်ငန်းအနေနဲ့ လှုပ်ရှားသွားလာနေကြတယ် .. သူတို့ရော ကိုယ့်လိုမျိုး လှပနေတဲ့ ပတ်ဝန်းကျင်ကို ဂရုပြုမိကြရဲ့လား .. ဂရုပြုမိကြဖို့ရော သတိမှ ရကြရဲ့လား .. ပြောမဲ့သာ ပြောရတာ .. ကိုယ်တိုင်တောင် ခုတခါပဲ လောကကြီးက လှနေသားလို့ တွေးမိတတ်သေးတာလေ ..

ဒီက လူတွေရဲ့ တရားသေ လှုပ်ရှားမှုမျိုးကို ခံစားလို့ မရခဲ့တာ ကြာလှပြီ .. နွေးထွေးမှု မရှိ .. ပြောင်းလဲမှု မရှိ .. မျက်နှာသေ မျက်လုံးသေတွေနဲ့ .. အသက်ရှုနေလို့သာပေါ့ ..

လောကကြီးက လှနေပါတယ်လို့ သတိပြုမိတုန်းလေး တနေရာရာကို သွားပြီး အေးအေးဆေးဆေး ထိုင်နိုင်ရင်ကောင်းမှာပဲ .. မထိုင်ဖို့လည်း ဘယ်သူမှ မပြောပါဘူး .. ကိုယ့်ဟာကိုယ် မသွားဖြစ်သေးတာ .. တနေရာရာတော့ သွားဦးမှ .. သွားမယ့် နေရာလေးမှာ ရေတော့ ရှိစေချင်တယ် .. တိုက်တာတွေက မြင်ကွင်းတွေကို ကွယ်နေတဲ့ နေရာမျိုး မဖြစ်ရဘူး .. သစ်ပင်စိမ်းစိမ်းတွေ ကြားမှာ ပန်းပွင့်လေးတွေ ရှိနေမယ်ဆို မြင်ကွင်းက ပြည့်စုံနေမှာပဲ .. ဘေးနားမှာလား .. အင်း .. ဘယ်သူမှ မရှိလည်းပဲ ရပါတယ် ..

ဗီဗိုးက သဘောင်္တွေဆီ သွားရ ကောင်းမလားပဲ .. တနေရာရာမှာ ငြိမ်ငြိမ်လေး ထိုင်နေချင်တယ် .. တိတ်တိတ်ဆိတ်ဆိတ် နေရာလေး တခုလောက် .. ငှက်သံလေးတွေ ရှိမယ် .. သစ်ရွက် လေတိုးသံလေးတွေ ရှိမယ် .. ကားသံတွေတော့ ဝေးနေစေချင်တယ် .. လူသံတွေလည်း တိတ်နေစေချင်တယ် .. ငြိမ်ငြိမ်လေး နေနေပြီး အတွေးတွေလည်း မရှုပ်ထွေးလာစေမယ့်နေရာ .. ဘာကိုမှ မစဉ်းစား မတွေးတော မခံစားပဲ ကိုယ့်အသက်ရှူသံကိုတောင် သတိထားမိနေစေမယ့်နေရာ .. အသက် ရှိနေပြီး လှုပ်ရှားနေလို့သာ ကိုယ့်ကို အသက်ရှူနေတယ်လို့ ထင်နေရတာ .. တကယ်တော့ သတိထားပြီးမှ အသက်ရှူဖြစ်မယ်ဆို အသက်ရှူရပ်သွားတာ ကြာရောပေါ့ ..

ကိုယ် ဘာကို နှစ်သက်တာလဲ .. ကိုယ် ဘာဖြစ်ချင်နေတာလဲ .. အမြဲတမ်း တစွဲတလန်း မဖြစ်တတ်တာ တခါတခါတော့လည်း စဉ်းစားရ ကျပ်သား .. ၀ါသနာတခု စွဲစွဲလန်းလန်းရှိနေရင် တစိုက်မတ်မတ် လုပ်ဖြစ်မယ် .. အခုတော့ ဘာလုပ်ရ ကောင်းမလဲ စဉ်းစားနေရတဲ့ အဖြစ် .. ခုလည်း ရေရေရာရာ အဖြေတခု ကိုယ့်ခေါင်းထဲက ထွက်မလာဘူး ..

အဖြူထည်
အရောင်တွေ ကင်းတယ်
ရှင်းသန့်မှုရဲ့ အဓိပ္ပါယ်
စွန်းထင်းရင်တော့
အများထက်ပို သိသာစေမယ်
အထူး ဂရုပြုရမယ့်
အဖြူထည်

အကျီဖြူလေးဝတ်ထားတဲ့ ကလေး ဖြူဖြူလေးတယောက်ကို တွေ့လိုက်တယ် .. ကလေးတွေက အရောင်တွေ ကင်းတယ် .. သူတို့ ချစ်တဲ့သူနဲ့ဆို သူတို့ ပြုံးပျော်ရွှင်နေတတ်တယ် .. မချစ် မနှစ်သက်သူတယောက်က ကောက်ပွေ့လိုက်မယ်ဆို သူတို့ ငိုခြင်းနဲ့ မကျေနပ်မှုကို ပြသတယ် .. သူတို့မှာတော့ လွတ်လပ်စွာနဲ့ မကျေနပ်မှုကို ပြသခွင့် ရှိတယ် .. အိုး .. အသက်ကြီးလာတာနဲ့ အမျှ ကိုယ် ပိုင်ဆိုင် ရယူနိုင်တာတွေ များလာသလို ဆုံးရှုံးလိုက်ရတာတွေလည်း အားကြီးပါလား ..

အမှောင်ထု ကြီးစိုးနေတဲ့ လမ်းမကြီးကို အဖြတ်မှာ သတိထားမိတာက အဲဒီနေ့က လပြည့်ည .. လမင်းကြီးက လုံးလုံး ၀ိုင်းဝိုင်းကြီး အပြည့်အ၀ သာနေတယ်လေ .. ကောင်းကင်ကြီးကို မကြည့်မိတာလည်း ကြာပေါ့ .. ရန်ကုန်မှာဆိုရင်တော့ မီးပျက်တိုင်း ၀ရန်တာထွက်ဖြစ်တာနဲ့ ရှာမိတာက ခွန်ဆန်လောနဲ့ နန်းဦးပျင်တို့ ကြယ်မောင်နှံ .. မှတ်မှတ်ရရကို ရှာဖြစ်တယ် .. ညလယ်ခေါင် တရေးနိုး ၀ရန်တာ ထွက်ဖြစ်တိုင်းလည်း ရှာမိတယ် .. တွေ့လိုက်တိုင်းလည်း သူတို့အတွက် စိတ်မကောင်းဖြစ်ရတယ် .. အထက်တန်းတုန်းက သင်ရတဲ့ ပုံပြင်လေးထဲက ခွန်ဆန်လောရဲ့ အမေကြီးကိုလည်း မုန်းလိုက်တာ .. ခု ဒီမှာတော့ ကြယ်ရှာဖို့ မပြောနဲ့ လမင်းကိုတောင် သတိမထားမိတာ ကြာနေပြန်ပေါ့ ..

ခု သတိရလို့ အိမ်ပြင်ထွက်ကြည့်ရင်တော့ ရသားလေ .. ဒါပေမယ့် မီးမပျက်တော့ ကွန်ပျူတာရှေ့မှာပဲ အချိန်တွေ ကုန်မှန်းမသိ ကုန်နေတယ် .. ခုတောင် ညက တော်တော် နက်နေပေါ့ .. တော်ပါပြီ .. အတွေးတွေ ဒီမှာပဲ ခဏဆုံးလိုက်တော့မယ် ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...