Wednesday, November 24, 2010

ရောင့်ရဲခြင်း

ကိုယ်တွေ ရုံးမှာ အပတ်စဉ် အင်္ဂါနေ့တိုင်း မီတင်ရှိတယ် .. မိုးခါးတို့ သွားငိုက်နေကြပေါ့ .. :P

ဒီနေ့လည်း ထုံးစံအတိုင်း မီတင်သွားတယ် .. မိုးခါးတို့ ရုံးခန်းက ဒီဇင်ဘာ ပထမပတ်ထဲမှာ အခန်းသစ်ကို ပြောင်းရပါမယ် .. မီတင်မှာ ရုံးခန်းသစ် ပြောင်းမယ့် အကြောင်းတွေလည်း ပြောကြတယ်ပေါ့ .. ခုထိတော့ မရောက်ဖူးသေးပါဘူး ..

ပြောချင်တာက သူဌေးပြောသွားတဲ့ စကားပါ .. ခု ရုံးခန်း ပြောင်းတော့မယ်ဆိုတော့ ဒီရုံးခန်းအတွက် အဓိက အရေးကြီးတဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ မရှိလို့ မဖြစ်တဲ့ အရာတွေတဲ့ .. ဘာတွေလဲဆိုတော့ မီး ရှိရမယ် .. မီးမရှိရင် အလုပ်လုပ်ရမယ့် ကွန်ပျူတာ စတဲ့ လျှပ်စစ်ပစ္စည်းတွေ ဘယ်လိုသုံးမလဲပေါ့ .. ပြီးတော့ ရေ .. ရေ ရှိရမယ် .. ရေမရှိရင် အိမ်သာသုံးဖို့ ဘာညာ ခက်မယ်ပေါ့ .. နောက်တခုက အင်တာနက် .. အင်တာနက်ရှိမှ အချိန်နဲ့အမျှ ၀င်နေမယ့် အီးမေးတွေက အင်ဖော်မေးရှင်းတွေ၊ လုပ်ရမယ့် အလုပ်တွေ မပျက်ဘူးပေါ့ .. နောက်ဆုံးကတော့ တယ်လီဖုန်းပါတဲ့ .. အမြဲတမ်း ဆက်သွယ်နေရမယ့် နေရာတွေ အလုပ်ကိစ္စတွေက ရှိနေတာကိုး ..

ဒီတော့ စဉ်းစားမိတယ် .. ငါတို့တိုင်းပြည်လေးမှာ ဆိုပြီးတော့ပေါ့လေ ..

မီး .. ရန်ကုန်ခဏပြန်တုန်းကတော့ တော်တော်လာပါတယ် .. ခုတော့ မသိ ..

ရေ .. ရေ ဒုက္ခလည်း မိုးခါးတို့ သိပ်မခံရဘူးပါဘူး .. ဘာလို့ဆိုတော့ အိမ်က ဦးလေး တယောက်မဟုတ် တယောက်က မီးလာချိန် ရေလာချိန်ကိုက်ပြီဆို အမြဲတမ်း တင်တတ်တယ်လေ .. ပြီးတော့ မိုးခါးတို့ အိမ်က ဆောက်တုန်းက ကန်ထရိုက်အပ်ရုံမဟုတ်ပဲ ဦးလေးတွေကိုယ်တိုင် စောင့်ပြီး ကြီးကြပ်ပြီး ဆောက်ခဲ့တာဆိုတော့ အိမ်ပေါ်မှာ ရေလှောင်ကန်တကန် ရှိတဲ့အပြင် အိမ်အောက်ထပ်မှာလဲ ရေလာတဲ့အချိန် ခံထားလို့ရအောင် ကန်တကန်လုပ်ထားသေးတော့ မီးလာရင် အောက်က ကန်ထဲက ရေကို ကောက်တင်လိုက်ရုံဆိုတော့ တခြား အထပ်မြင့်တွေ ရှိတတ်တဲ့ ရေဒုက္ခကို မကြုံရပါဘူး .. ဒါပေမယ့် ရန်ကုန် အထပ်မြင့်တွေကတော့ ရေဒုက္ခကို ခံကြရတယ် .. ကြုံဘူးကြမယ် ထင်ပါတယ် .. ရေလာတဲ့ အချိန်က မီး မလာ မီးလာတော့ ရေမလာ .. ဒီလိုနဲ့ လေ့ကျင့်ခန်းပေါ့ .. အပေါ်ထပ် အောက်ထပ် ရေဆွဲကြရတာ .. :D

အင်တာနက် .. အဟဲ .. လို့ပဲ ရီလိုက်တော့မယ် .. ဟိုတလောက ဖေ့ဘွတ်မှာ တင်ထားတဲ့ နိုင်ငံခြားသား အင်တာနက်သုံးသလို .. စာတမ်းနီကြီးနဲ့လေ :P .. ရန်ကုန် ခဏပြန်တုန်းကတောင် အင်တာနက်တွေ ဒေါင်းနေလို့ ဒီဖောင်း လုပ်မရတာနဲ့ ရင်နာစရာတွေ ဖြစ်ခဲ့ရတာ :D

ဖုန်း .. ပေါမှ ပေါပဲနော် .. ခက်တာက သစ်ပင်အောက်ဝင်မိရင် တိုင်ပျောက်ပျောက်သွားတာပဲ .. ဖုန်းနဲ့ပတ်သက်လာရင် သူငယ်ချင်းတယောက် သွားသတိရတယ် .. အဲတယောက်က ကားအနက်ကြီး မောင်း မျက်မှန်အနက်ကြီး တပ်ပြီး စတိုင်အပြည့်နဲ့ ဖုန်းပြောတတ်တဲ့တယောက်ပါ .. ဒါပေမယ့် သူက သစ်ပင်အောက်တော့ ရှောင်တယ် .. :D အပြစ်တင်စောသလို ဖြစ်နေပါပြီ .. ခုကောင်းနေပါပြီ နော့ .. :P ဖုန်းခတွေ ဈေးတက်မယ်ဆိုတာက လွဲလို့ .. :D ဆင်ဖိုးထက် ချွန်းဖိုးက ကြီးပါတယ်လေ .. ဒါကြောင့် သူငယ်ချင်းကို ပြောနေသေးတယ် .. နို့ဆီခွက်လေးတွေ ဆောင်ထားရအောင်လို့ .. :D

တကယ်ကတော့ ကိုယ်တွေက အပြစ်တင် စောနေတာပါ .. ဖြစ်လာမှာပေါ့ .. ဖြေးဖြေးပေါ့ .. :D

စဉ်းစားကြည့်မိတော့ သူများတွေပြောတဲ့ အခြေခံလိုအပ်ချက်ဆိုတာက မြန်မာနိုင်ငံအတွက် မရှိလည်း ရနေတယ်ထင်ပါတယ် .. မြန်မာမှု မြန်မာဟန် ကို ထိန်းသိမ်းကြရအောင် ..

မီးအတွက်လား ဖယောင်းတိုင်ရှိပါတယ် .. ဖယောင်းတိုင်စက်ရုံပဲ တည်ကြစို့ရယ် ..

ရေအတွက်လား .. ရေအစား ဘီယာရှိတယ်လို့ ယောင်္ကျားလေးတွေ ပြောတာကြားဖူးတယ် .. :D

အင်တာနက်လား .. သုံးချင်ရင် စိတ်ရှည်ရှည်ထားလေ .. အချိန်တန်တော့ တက်လာမှာပေါ့ .. နော့ ..

ဖုန်း ?? နို့ဆီခွက် ၂ခွက် ကြိုးနဲ့ ချည်ထားပါဆို .. :P

အင်းး .. ဟိုအရင်က ရန်ကုန်ညကို သတိရမိပါတယ် .. ကိုယ်တွေ ပြောပြောနေတဲ့ တီဗီကြည့်တယ်ဆိုတာ မီးမလာမှ တကယ် တီဗီကြည့်ဖြစ်တာကိုးဗျ ..

လိုအပ်ချက်ဆိုတာ မလိုအောင်နေတတ်ရင် ရပါတယ် .. ရောင့်ရဲတတ်ကြပါစေ .. :D

တော်သေးဘီ .. :D

Thursday, November 18, 2010

သူ့အတွေး ကိုယ့်အတွေး

ဖြစ်စဉ် (၁)

လူအများ ပြည့်ကျပ်နေသော ဘတ်စ်ကား တစီးပေါ်တွင် -
အ၀တ်အစား သပ်သပ်ရပ်ရပ်နှင့် ကုမ္ပဏီဝန်ထမ်းဖြစ်ပုံရသော အသက် ၂၀ အရွယ် မိန်းကလေးတယောက်သည် ထိုင်ခုံနေရာပေါ်တွင် ထိုင်လျှက် အသက် ၅၀ ကျော် အရွယ် ခပ်နွမ်းနွမ်းဦးလေးကြီး တယောက်သည် ထိုမိန်းကလေးရှေ့တွင် မတ်တပ်ရပ်လျှက် လိုရာခရီးကို နှင်လျှက် ရှိကြသည် .. အသက် ၅၀ကျော်အရွယ် ဦးလေးကြီးသည် ရှေ့မှ မိန်းကလေးကို မျက်လုံးမွဲမွဲများဖြင့် ကြည့်လျှက် မိန်းကလေးကတော့ ရွံရှာစက်ဆုတ်သည့် အနေရခက်သည့် မနှစ်လိုသည့် အမူအယာမျိုးဖြင့် တည်ရှိလျှက် ရှိကြသည် .. သူတို့ နှစ်ဦး၏ စိတ်အတွေးထဲတွင် -

မိန်းကလေး - "ရှေ့က အဖိုးကြီးကလည်း သူ့အသက်အရွယ်ကိုမှ မထောက် လူကို ကြည့်နေလိုက်တာ တော်တော် နှာဘူးထတဲ့ လူကြီး .. ကိုယ်နံ့ကလည်း အလုပ်ကြမ်းလုပ်ထားတာ နံဟောင်လို့ .. !@#$%^&^%$"

ဦးလေးကြီး - "ရှေ့က မိန်းကလေး ကြည့်ရတာ ပညာတတ်ကလေး ဖြစ်မယ် .. ငါ့သမီးလေးကိုသာ ပညာသင်ပေးခွင့် ရခဲ့ရင် .... ငါ့သမီးလေးကို ပညာတတ်ကြီး ဖြစ်စေချင်လိုက်တာ .."
~~~~~~~

ဖြစ်စဉ် (၂)

သာမန်ထက် ဆင်းရဲသော ရပ်ကွက်ကလေး တခုတွင် -
ဝါးလုံးခင်း ထန်းလက်မိုးများဖြင့် နေကွယ်ရုံ လူတယောက် ကျောတချစာနေရာတွင် ဖွင့်ထားသော လက်သုပ်စုံ ဆိုင်လေးတဆိုင် ရှိသည် .. ဆိုင်ရှင် အဒေါ်ကြီးကို ရပ်ကွက်မှ လူအများစုက ချစ်ခင်ကြသည် .. အကြောင်းမှာ လက်သုပ်ရောင်းရာတွင် စေတနာပါပါနှင့် လက်ဖွာတတ်သောကြောင့်တည်း .. လက်ဖွာတတ်သဖြင့် ဆိုင်ပိတ်ချိန်မတိုင်မီပင် သူမ၏ အသုပ်များ ကုန်လေ့ရှိသည် .. ငွေအိတ်ကတော့ ထူးမခြားနားပင် .. တနေ့လုပ် တနေ့စား ဆင်းရဲသားရပ်ကွက်ဖြစ်သဖြင့် ညနေစာကို အသုပ်လေးနှင့် အကြော်လေးနှင့် ပြီးရတတ်သော လူတန်းစားများပေ .. အသုပ်ဆိုင်တွင် အမျိုးသမီးတယောက် အသုပ်မှာနေသည် .. မှာရင်း သုပ်ရင်းလည်း ထိုအမျိုးသမီးမှ လိုချင်သည်များကို ထပ်ထပ် ထည့်ခိုင်းနေသေးသည် .. ဆိုင်ရှင်အဒေါ်ကြီးကတော့ ပြုံးပြုံးနှင့်ပင် တတ်နိုင်သလောက် ထပ်ထည့်ပေး သုပ်ပေးနေသည် .. ၀ယ်သူ ဆိုင်ထဲမှ အထွက် သူတို့ အတွေးထဲတွင် -

ဆိုင်ရှင် - "မ---- တို့ မိသားစုတော့ ဒီနေ့ ငါ့အသုပ်နဲ့ ညစာပြီးမှာပါပဲ .. ၂ပွဲစာ ကျော်ကျော်လောက်ကို သုပ်ပေးလိုက်ရတာ .. အင်းလေ သူတို့ မိသားစုက များတော့ ဒီလောက်မှပဲ အဆင်ပြေလိမ့်မပေါ့ .. ၂ပွဲစာဖိုး ပိုက်ဆံမရပေမယ့် ကုသိုလ်တော့ ရလိုက်ပြီ .. မလှူတတ်ရင် ဈေးရောင်းတဲ့ .. မ---- တို့ မိသားစု ထမင်းစား မြိန်ပါစေ .. ဒီနေ့လည်း ငါ့အသုပ်တွေက ကုန်တာပါပဲ .. ဒီ ၃ ၄ ပွဲဆို ကုန်ပြီ .. အိမ်ပဲ ပြန်သယ်သွားရ ကောင်းမလား .. "

ဈေးဝယ် - "ဒေါ်ထုံကြီးကတော့ နာမည်ပေးခံရတာတောင် နည်းသေးတယ် .. ဟိုဟာပြော ဒီဟာပြောနဲ့ ထည့်ခိုင်းလိုက်တာ ၂ပွဲစာတောင် မကဘူး .. သဘောကောင်းတယ် နာမည်လိုချင်တာ ခံလေ .. ဟင်းဟင်း .. ဒီကလည်း စားချင်လို့ ၀ယ်ရတာ မဟုတ်ဘူး .. အိမ်ကလူ ဒီနေ့ အလုပ်မကောင်းလို့ ဒီကြားထဲ ငါ့'ကံ'လေးကလည်း စွပ်တယ် .. ၂လုံးထီထိုးတာ ၂လုံးလုံးလွဲ .. ဆန်ဖိုးလေးများရမလားလို့ ကံစမ်းပါတယ် .. ရှိတာလေးပါ ပါသွားတယ် .. အေးလေ ဒီနေ့မရ နောက်နေ့ပေါ့ .."
~~~~~~~

ကျမ တခါတလေ လူတွေကြားထဲနေရင်း သူတို့ရဲ့ ပြုမူ ပြောဆိုပုံတွေ လုပ်ရပ်တွေကို ကြည့်ရင်း မြင်ရင်း အတွေးတွေလည်း စုံလို့ပဲ ရတတ်ပါတယ် .. အဲဒီ အတွေးတွေနဲ့ မြင်ဘူး တွေ့ဘူးတာလေးတွေ စိတ်ကူးပေါက်ရာလေးတွေ ချရေးလိုက်မိတာပါ .. အပေါ်က ဖြစ်ရပ်မျိုး ခပ်ဆင်ဆင်ကိုတော့ စာတပုဒ် (သို့) ရုပ်ပြတခုခုမှာ ဖတ်ဘူးသလို ရှိတာကို ပြန်တွေးပြီး ရေးလိုက်တာပါ ..

Monday, November 8, 2010

ဆုတောင်း

စစ် .. စစ်ဆိုတာကို ငယ်စဉ်ကတော့ ဗီဒီယိုတွေ ရုပ်ရှင်တွေထဲမှာသာ မြင်ဘူးတယ် .. မြင်တိုင်းလည်း ဒါဟာ တကယ်မဟုတ်ဘူးဆိုတာ သိနေပြီးတာတောင် စစ်ထဲက ဒုက္ခ ခံစားရတဲ့သူတွေကို ကိုယ်ချင်းစာမိတယ် .. ငါသာ ခုလိုအဖြစ်မျိုးကြုံရင် ဆိုပြီးတော့ပေါ့ ..

တဖြည်းဖြည်း လောကကြီးနဲ့ အဆက်အဆံရှိလာတဲ့အခါ အီသီယိုးပီးယားနိုင်ငံလို ဒုက္ခတွေ ပင်လယ်ဝေ ဆင်းရဲခြင်းတွေနဲ့ ကြီးပြင်း သက်ဝင်ရတဲ့ နိုင်ငံတွေ ရှိတယ်ဆိုတာ သိလာတော့လည်း ကိုယ်သာ သူတို့နေရာဆိုရင် ဆိုပြီး စိတ်မကောင်းဖြစ်မိတယ် .. ကိုယ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် အသားအရောင် တူတူ မတူတူ သဘောသဘာဝ ဘယ်လောက်ကွဲကွဲ လူလူချင်းဆိုတဲ့ စိတ် ခံစားတတ်တဲ့ စိတ်နှလုံးရှိသူချင်းဆိုတဲ့ စိတ်နဲ့ စိတ်မကောင်းဖြစ်ခဲ့ရတာပဲ ..

စစ်ကြောင့် ဆုံးရှုံးလိုက်ရတဲ့ ဆုံးရှုံးမှုတွေ ဘယ်လောက်ကြီးမလဲ .. ချစ်ခင်သူတွေအတွက် ပူဆွေးခြင်း သောကတွေ ဘယ်လောက် ကြီးမလဲ .. ကိုယ့်နဲ့ အဝေးကြီးမှာရှိနေတဲ့ မဆိုင်သလို မခံစားပဲနေလို့ရတဲ့ တခြားနိုင်ငံက သတင်းတွေအတွက်တောင် စိတ်မကောင်းဖြစ်ကြရတယ် .. ခံစားတတ်သူတွေ ကိုယ်ချင်းစာတတ်သူတွေကိုး .. ကိုယ်သာ စစ်ဒဏ်ကို ပါဝင်ခံစားနေရသူတဦး ဖြစ်ခဲ့ရင် .. ကိုယ့်ရဲ့ ချစ်ခင်သူ တဦးဦး စစ်ထဲမှာ ပါဝင်နေခဲ့ရင် ဘယ်လောက်တောင် ပူဆွေးသောကရောက်ကြရမလဲ .. ကောင်းကွက်တကွက်မှာ ရှာမရတဲ့ စစ်ပါပဲ ..

ငယ်တုန်းက မသိတာတွေ ခု လက်တွေ့သိရတယ် .. မမြင်ဘူးတာတွေ လက်တွေ့မြင်ရတယ် ကြားရတယ် .. ဒါက ကိုယ်မွေးဖွားရာ ကိုယ်ချစ်ခင် တွယ်တာရာ မြေမှာတဲ့ ..

ခုချိန် ကြောက်လန့်တကြား သေနတ်ကျဉ်ဆံတွေကြားမှာ အသက်လု ပြေးလွှားနေရသူတွေ ဘယ်လောက်များနေပြီလဲ .. ကိုယ့်ချစ်ခင်သူတွေနဲ့ ခွဲခွာ ကွဲကွာကြရလို့ နာကြင်ခံစားနေရသူတွေ ဘယ်လောက် များနေပြီလဲ .. ဒါ ကိုယ့်မြေပေါ်မှာ ဖြစ်နေတာတဲ့ .. ကိုယ့် သွေးချင်းတွေ အချင်းချင်း ပစ်လို့ ခတ်လို့ ကိုယ်ရော စိတ်ပါ နာကြင်အောင် လုပ်နေကြတယ်တဲ့ ..

များနေပါပြီ .. ပြည်သူတွေ ကိုယ့်ဗိုက်တောင် ကိုယ်မ၀လို့ ကိုယ်ရောင်ကိုယ်ဝါ ညှိုးညှိုးငယ်ငယ်နဲ့ လူဘုံအလယ်မှာ မတင့်တယ်နိုင်တာ နှစ်ပေါင်း ဘယ်လောက်တောင် ကြာနေပြီလဲ .. ပြည့်စုံ ပျော်ရွှင်ခြင်းဆိုတဲ့ စကားလုံးကို စကားလုံးအဖြစ်နဲ့တောင် သတိမရနိုင်ကြတာ ဘယ်လောက်ကြာနေပြီလဲ .. ဒီလိုပဲ တရက်တရက် မှောင်မှောင်လာလိုက်တဲ့ ဘ၀တွေ .. လူမွှေးလူတောင် မပြောင်တဲ့ အဖြစ်တွေ .. အတော်လေးကို ရင်နာစရာကောင်းပါတယ် ..

အူမမတောင့်လို့ သီလမစောင့်နိုင်သလို ကမ္ဘာမီးလောင်လို့ သားကောင်ချနင်းရတဲ့ ဘ၀တွေ ..

မြင်ရတဲ့ သတင်းတွေ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ် .. ယောင်္ကျား မိန်းမ လူမမယ် သက်ကြီးရွယ်အိုတွေ ပြေးလွှားနေကြရတယ် .. ပိုင်ဆိုင်မှုလေး မရှိမဲ့ ရှိမဲ့ကို ပစ်ထားခဲ့ရတယ် .. ဘယ်လိုရှေ့ဆက် ရှင်သန်ကြမလဲ .. အစတည်းက တဲက ယဲ့ယဲ့ .. အားးးးးးး .. တွေးရင်း တော်တော် မွန်းကြပ်ပါတယ် ..

တတ်နိုင်တာ တခုပဲ ရှိတယ် .. မေတ္တာပို့နေဖို့ပါပဲ .. အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက်နာကြင်ခြင်း ကင်းကြပါစေ .. ဘေးအန္တရာယ် ကင်းရှင်းကြပါစေ .. လုံခြုံတဲ့ ဘ၀ အေးချမ်းတဲ့ဘ၀တွေ အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေ ..

ကျမတို့တွေအပေါ်ကို လွှမ်းခြုံထားတဲ့ တိမ်မဲတွေ အမြန်ဆုံးကင်းရှင်းပြီး ကောင်းကင်ကြီး ကြည်လင်လာပါစေ .. အားလုံးပဲ ကိုယ်ချင်းစာစိတ်လေးတွေ မွေးနိုင်ပြီး အမှန်တရား အမြန်ဆုံး အနိုင်ရရှိပါစေ ..

အားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ .. အမှန်တရားကို မြင်ပြီး လက်ခံလာနိုင်ကြပါစေ ..

Saturday, November 6, 2010

၂၀၁၀ အိမ်အပြန်

သိပ်မကြာခင် ကာလတခုမှာ ရန်ကုန်ကို အလည်ခဏ ပြန်ခဲ့ပါတယ် .. ရန်ကုန်မြေက ကိုယ်နဲ့ စိမ်းမသွားသလို မိသားစု ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကလည်း နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ပါတယ် .. အချိန် သိပ်နည်းလွန်းပေမယ့် ပျော်ရွှင်ခဲ့ရတာပါပဲ .. အချိန်လုပြီး သွားလာနေရင်းက ရယ်မောနေခဲ့ရပါတယ် .. အဲ .. မရီနိုင်တဲ့ အချိန် မပျော်နိုင်တဲ့ အချိန်ကတော့ လေဆိပ်ရဲ့ အ၀င်နဲ့ အထွက် အချိန်လေးပါပဲ ..

လူတိုင်း ကြုံရမှာပါ .. ရန်ကုန်လေဆိပ်က ၀န်ထမ်းတွေရဲ့ ကြိုဆိုပုံ ..

ဒီတခေါက် ရန်ကုန် ခဏပြန်ရတာ ခဏဆို ဆိုသလောက် အတော် စိတ်ကသိကအောက်ဖြစ်ရတဲ့ အဖြစ်တွေ ကြုံရပါတယ် ..

ရန်ကုန်လေဆိပ်ကိုရောက်ပြီဆိုရင်ပဲ ကိုယ့်ကို လာကြိုနေမယ့် အဖေ အမေနဲ့ သူငယ်ချင်းတွေရဲ့ ပုံရိပ်ကို ကာဆီးထားတဲ့ မှန်တွေကြားက လိုက်ရှာဖြစ်ပါတယ် .. ဟော တွေ့ပါပြီ .. ပျော်ရွှင်စွာနဲ့ လက်ပြနှုတ်ဆက်နေတဲ့ အဖေနဲ့ အမေ .. ကိုယ့်စိတ်ကလည်း အမြန်ဆုံးသာ အပြင်ကို ထွက်ချင်နေတော့တာပေါ့ .. ကိုယ့် ပတ်စ်ပို့ထဲမှာလည်း ၁၀တန်လေးက ငြိမ်ငြိမ်သက်သက်နဲ့ ပါလာလေရဲ့ ..

စပြီး တန်းစီပါပြီ .. လ၀က ကို ဖြတ်ဖို့ပေါ့ .. စစ်ဆေးမယ့် လူကြီးရဲ့ အခြေအနေကို ကြည့်လိုက်တာ သိပ်တော့ အခြေအနေ မဟန်ဘူးလို့ ထင်လိုက်ပါတယ် .. မျက်နှာကို တွေ့မိရုံနဲ့ ပါဝါပြမယ့်ပုံ ပေါက်နေလို့ပါ .. ဒါပေမယ့် မတတ်နိုင်ဘူးလေ .. ဒီနေရာကို ဖြတ်မှသာ ကိုယ်လိုရာကို ရောက်မှာကိုး .. တန်းစီနေရင်း နောက် ဂိတ်ပေါက်တခုပါ ထပ်ဖွင့်ပြီး ဒီဘက် လာကြ ဒီဘက် လာကြဆိုတော့ ကိုယ်လည်း အပြေးလေး သွားတန်းစီလိုက်ပါတယ် .. ကိုယ့်ရှေ့မှာ လူက ၃ယောက်လောက်ရှိပါတယ် .. ဒီလိုနဲ့ စိတ်ကို ရှည်ရှည်ထားရင်း တရွေ့ရွေ့ ကိုယ်က ထိပ်ဆုံးရောက်သွားပါတယ် .. ရှေ့က လူ ပြီးတော့ ကိုယ့်အလှည့်ထင်ပြီး သွားမယ်အလုပ်မှာ ခဏနေဦး .. စပယ်ရှယ် ရှိတယ် တဲ့ .. စပယ်ရှယ် ၃ယောက် ရှေ့ထွက်လာပါ တဲ့ .. ဟော ကိုယ့်နောက်က လူ သုံးယောက်က ရှေ့တက်သွားပါလေရော .. အင်း .. ဒါလည်း အတွေ့အကြုံတမျိုး ယူတတ်ရင် ပညာရပါတယ် .. :P

ကဲ တကယ်ပဲ ကိုယ့်အလှည့် ရောက်လာပါပြီ .. စာရွက်တွေပြ လိုတာတွေပေးပြီး အခွန်စာရွက် ဆောင်ထားတာကို မေ့ခဲ့ပါတယ် .. ယူဖို့ လုံးဝကို သတိမရတာပါ .. :D .. ဒါပေမယ့် ငွေမျက်နှာ တယ်ကြီးသကိုး .. ရှေ့လူတွေလောက်တော့ အဟောက်မခံလိုက်ရပါဘူး .. ဒါပေမယ့် ဒီဖောင်း လုပ်ဖို့မှာ ထပ်တစ်ပြန်ပါတယ် .. တပတ်အတွင်း အ၀င်အထွက်လုပ်ရင် ဒီဖောင်းမလို လို့ ဒီမှာ ကြားခဲ့တော့ မေးလိုက်မိပါတယ် .. သေချာအောင် .. အဲဒီမှာ တခါ လက်ချာ ထပ်ရိုက်ခံရတယ်ပေါ့ .. ဒီက လူတွေ အမှတ် မှားနေပါတယ်တဲ့ .. ၁ရက်ပဲ ကိုယ့်မြေကို နင်းနင်း ၂ရက်ပဲ နင်းနင်း ဒီဖောင်းလိုပါသတဲ့ .. ပြီးတော့ လိပ်စာကဒ်တကဒ် ထုတ်ပေးပါတယ် .. အဲဒီမှာ သွားလုပ်ပါတဲ့ .. ဒါ အတတ်နိုင်ဆုံးကူညီလိုက်တာပါတဲ့ .. ကျေးဇူးတင်ဖို့ ကောင်းပါတယ် .. :P .. ဒီလိုနဲ့ ယူစရာရှိတာ ယူပြီး အိတ်တွေရွေးဖို့နေရာကို သွားပါတယ် .. ပစ္စည်းတင်ဖို့ လှည်းရှာတာ မတွေ့ပါ .. ဒီလိုနဲ့ အထုပ်တွေအရင် ဆွဲချလိုက်ပါတယ် .. ပြီးတော့ လှည်းရှာပုံတော် ထွက်ပါတယ် .. ဘုရားစူး မတွေ့ပါ .. တယောက်ယောက်မေးဖို့ လိုက်ရှာတော့ ယူနီဖောင်းနဲ့ ခန့်ခန့်ကြီးရပ်နေတဲ့လူ တွေ့ပါတယ် .. သွားမေးပါတယ် .. ပြန်ပြောတာကတော့ .. လှည်းလား .. အင်း .. ကုန်ပြီထင်တယ် အစ်မ .. တဲ့ .. တော်တော် အံ့သြစရာကြီးပေါ့ .. လေယာဉ်ကွင်းမှာ ပစ္စည်းသယ်တဲ့ လှည်း ကုန်သွားသတဲ့ .. ဒီလို ခေတ်မှီ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံတကာ အဆင့်မှီ လေဆိပ်ကြီးပါ ..း)

အထက်ပါ အဖြစ်အပျက်ကတော့ ရန်ကုန်လေဆိပ်ကြီး ၀န်ထမ်းတွေ နွေးထွေးစွာ ကြိုဆိုလိုက်ပုံပါပဲ ..

ခု ဆက်မှာကတော့ ရန်ကုန်မြို့ပြကြီး အကြောင်းပါ ..

ချိုင့်တွေ ခွက်တွေ ပေါများတဲ့ လမ်းမတွေ .. ပင်ပန်းနွမ်းနယ်စွာနဲ့ သွားလာ လှုပ်ရှားနေတဲ့ မြို့ပြ လူထု .. မြို့နယ်တိုင်းမှာ ဆိုင်းဘုတ်တွေပေါ် နေရာယူနေကြတဲ့ မဲပေးခံ ပုဂ္ဂိုလ်များရဲ့ ပုံများ .. အဲ မီးတော့ လာနေတယ် .. :D .. မိုးမရွာပါ .. ကြေးအိုးတစ်ပွဲ ၃၀၀၀ လောက် ဖြစ်နေပြီလို့လည်း သူငယ်ချင်းတွေ ပြောကြတယ် .. တချို့နေရာတွေပါ (မသောက်ဖြစ်ခဲ့ပါ) .. သြော် ရောက်တဲ့ အချိန် အင်တာနက် သုံးမရပါ .. ရွှေတိဂုံဘုရားကြီးပေါ်မှာတော့ လူတွေ စည်ကားနေတာပါပဲ .. မဲဆွယ်တယ်ဆိုပြီး စာရွက်တရွက် အိမ်ပေါ်ရောက်လာတယ် .. ဒါနဲ့ ဖေကြီးကို မေးလိုက်မိတယ် .. ဒီလူကြီးက ဘာတွေလုပ်လို့ ထောက်ခံမဲပေးရမှာလဲလို့ .. ဖေကြီးက ပြန်ဖြေပါတယ် .. သူလည်း မသိဘူးတဲ့ .. တအိမ်လုံးက လူတွေလည်း သိတဲ့ ပုံ မပေါ်သလို စိတ်ဝင်စားသူလည်း အတော်နည်းပါတယ် .. ဆိုင်ရာ လူတွေက လွဲရင်ပေါ့ .. အင်းး .. စိတ်မကောင်း ဖြစ်မိတာက လူတွေရဲ့ ညှိုးငယ်တဲ့ မျက်နှာနဲ့ မွဲခြောက်ခြောက် ကိုယ်ရောင်ကိုယ်ဝါတွေပါပဲ .. ဒါကြောင့်လည်း နားလည်လာတယ် .. အူမတောင့်မှ သီလစောင့်နိုင်လိမ့်မပေါ့ ..

ကဲ တတိယပိုင်း လာပါပြီ .. အပြန်ခရီး လေဆိပ် အတွေ့အကြုံပေါ့ ..

ရန်ကုန်လေဆိပ်ကြီးကို ရောက်တာနဲ့ အ၀င်ဝရောက်တာနဲ့ တယောက်က အနားလာလိုက် .. အစ်မ စင်ကာပူလား .. ၀န်ဆောင်ဖို့ ငှားဦးမလားနဲ့ လာပါတော့တယ် .. ကိုယ်လည်း စိတ်ပေါက်ပေါက်နဲ့ မလိုပါလို့ ပြောလိုက်ပါတယ် .. ဒါပေမယ့်လည်း ရေစက်က ဆုံလာလေတော့ မဗိုက် တယောက်နဲ့ ဆုံပါလေရော .. ကဲ ရှိစေတော့ .. အိမ်ကလည်း လုပ်လိုက်ပါတဲ့ .. မလိုပဲ ကြာနေမှာတွေ မဖြစ်စေချင်လို့ပါ .. အဲ့အစ်မက ဖြည့်စရာစာရွက်ဖြည့်ပေး ဟိုဟာပြော ဒီဟာပြောနဲ့ ကီလိုချိန်တဲ့ဆီရောက်ပါတယ် .. ချိန်ပါတယ် .. ပိုပါတယ် .. ဒါပေမယ့် လျှော်ပါတယ် .. ဒီလိုနဲ့ အပေါ်ထပ်တက်လာပါတယ် .. မမြင်ချင်တဲ့ မျက်နှာတွေ ထပ်မြင်ရပြန်ပါတယ် .. အတော် အကုသိုလ်များပါတယ် .. ဒီလိုနဲ့ တန်းစီပါတယ် .. ကိုယ့်မှာ ဒီဖောင်း မပါပါ .. အင်တာနက်ကျနေတော့ ဒီဖောင်းလည်း လုပ်မရပါ .. ဒါပေမယ့် အ၀င်မှာ သူတို့ ပေးလိုက်တဲ့ ဆိုင်က ချလံ ပါပါတယ် .. မဗိုက်ကလည်း အရင်ဝင်ကြည့်ပေါ့တဲ့ .. မရမှ လူကြီးနဲ့ တွေ့ပါတယ်တဲ့ .. ယုံစားမိတဲ့သူ အမှားပါ .. တကယ်ဆို တတန်းကြီး စီပြီးမှ အစပြန်ရောက်ရတာ အတော် စိတ်လေဖို့ ကောင်းတဲ့ ကိစ္စပါ ..

ကဲ တွေ့ပါပြီ .. လ၀က က အရာရှိကြီးနဲ့ .. ဘယ်မလဲ ဒီဖောင်းတဲ့ .. အမ် .. အင်တာနက် မရဘူးလေ .. သူတို့ ပြောတဲ့ဆိုင်ကို သွားတယ်လေ .. (ပုံမှန် ၃၀၀၀ ကို ၅၀၀၀ ပေးလုပ်ခဲ့ရတာနော်) .. မရပါတဲ့ လူကြီးနဲ့ တွေ့ပါတဲ့ .. လက်မှတ် မပါလို့ လို့ ပြောပါတယ် .. ဘာတတ်နိုင်မလဲ လေ .. ကိုယ်က သွားပတ်သက်မိအောင် နေတာကိုး .. လူကြီးအခန်းကို သွားပါတယ် .. လူကြီး မရှိပါဘူး .. လူလေးတွေပဲ ရှိပါတယ် .. စောင့်ရပါတယ် .. မလာမချင်းပေါ့ .. ကိုယ့်လိုပဲ ဒုက္ခသယ်တွေ တဖွဲဖွဲ ရောက်လာပါတယ် .. အကိုကြီး တယောက်ဆို ကိုယ့်ရှေ့ လေယာဉ်နဲ့ လိုက်ဖို့ပါ .. လူကြီး မရှိတော့ စောင့်နေရပါတယ် .. တော်တော်နဲ့လည်း မလာပါ .. အဲအကိုကြီးက စိတ်ပူလို့ ပြောတော့ မပူနဲ့တဲ့ .. လေယာဉ်က သူတို့ ခွင့်ပြုမှ ထွက်လို့ရတာတဲ့ .. သြော .. တော်တော်ပါဝါ မြင့်ကြတာပဲ .. ဒါကြောင့်မို့ ဒီလို ဒီလို ဒီလိုနိုင်တာပေါ့နော် .. :P

ဒီလိုနဲ့ လူကြီးလာပါပြီ .. ကိုယ့်နောက်မှ လာပေမယ့် ကိုယ့်ရှေ့လေယာဉ်နဲ့လိုက်မယ့် အကိုကြီးကို ဦးစားပေးလိုက်ပါတယ် .. သူ့ပြဿနာက ပတ်စ်ပို့ သက်တမ်း ၆လ မကျန်လို့တဲ့ .. ဒီဖောင်း ပါပါတယ် .. ဒါပေမယ့် ထွက်ခွင့်မပေးဘူးဆိုပြီး ဖြစ်နေတာပါ .. အခွန်ဆောင်တဲ့ စာရွက်တောင်းပါတယ် .. မဆောင်ရသေးဘူးပေါ့ .. ဟုတ်တယ်လေ သက်တမ်းပဲ တိုးရခါနီးပြီ မဆောင်ပဲလဲ နေလို့မရတာ လူတိုင်း သိတဲ့ ကိစ္စ .. ဟင်းး .. ခက်နေပါပြီ .. ဘာညာ ဘာညာနဲ့ ပွားပြီး လက်မှတ်ထိုးပေးလိုက်ပါတယ် ..

ကိုယ့် အလှည့် .. ဘာဖြစ်သလဲဆိုတော့ ကိုယ့်မှာ ဒီဖောင်းမပါတဲ့ ကိစ္စ .. ချလံပါတယ် .. မရဘူးတဲ့ .. အဲ့ဆိုင်က ဖုန်းဆက်ထားမယ်ပြောတယ် ဆိုတော့ မဆက်ဘူးလေတဲ့ .. ဒီတော့ ကိုယ့်ဘက်က ပျက်ကွက်တာမို့ နောက်နေ့မှ ပြန်ပေါ့တဲ့ .. လုပ်ပုံ လုပ်ပုံ .. နောက်ဆုံးတော့လည်း သြ၀ါဒ ခံ .. ပါဝါပြတာ ခံပြီး .. လက်မှတ်ကလေးတခု ရလာပါတယ် .. ကိုယ်လည်း ၀တ်ကျေတန်းကျေ ကျေးဇူးတင်ပါတယ်ပြောမိတော့ .. အိတ်ပါလားတဲ့ .. အမ် .. အိတ်ပါတယ် ဆိုတော့ အဲဒီအိတ်ထဲ ကျေးဇူးတွေ ထည့်ပေးလိုက်မလို့တဲ့ .. များနေတယ်ဆိုပဲ .. အေးလေ သူတို့လိုချင်တဲ့ အဲ့ကျေးဇူးတွေမှ မဟုတ်ပဲ .. အသုံးတည့်တဲ့ ရေပဲ လိုချင်တာ ဟတ်လား .. နောက်ဆုံးတော့ မချိသွားဖြဲနဲ့ အောင်မြင်စွာ ထွက်ခွာလာခဲ့ပါတော့လေသတည်း ပေါ့ ..

ယူတတ်ရင် ပညာရပါတယ် .. သတိထားမိရင် ကိုယ့်ရဲ့ လိုအပ်ချက်တွေ သိလာတယ်ပေါ့ .. နောက်တခါ မနေနိုင်ပဲ ထပ်ပြန်ရင် နည်းယူရတာပေါ့လေ .. ဒီစာကို ဖတ်မိတဲ့ မသိသေးတဲ့ သတိမေ့နေသူတွေကိုလည်း သတိပေးချင်ပါတယ် ..

ရန်ကုန်ပြန်မယ်ဆိုရင် -
- အခွန်ကို အပ်ဒိတ် ဖြစ်အောင် မဆောင်ထားရင် ၁၀ တန်လေးတွေ ပါပါစေ ..။ (အ၀င်ရော အထွက်ရော)
- မျက်နှာထားကို ပြုံးထားပါ ..။ သူတို့က ဓါတ်ပုံလည်း ရိုက်သေးတယ်လေ ..။
- သယ်စရာ လှည်း မရှိရင် အလွယ်သယ်နိုင်တဲ့ အိတ်မျိုး ဖြစ်ပါစေ ..။
- ရန်ကုန်မြေမှာ ၁ရက် နေနေ ၁နာရီ နေနေ ၀င်ပြီး ပြန်ထွက်ချင်တယ်ဆိုရင်တော့ ဒီဖောင်း ပါရပါမယ် ..။
- ပတ်စ်ပို့ သက်တမ်းဟာ အနည်းဆုံး ၆လ ရှိရပါမယ် ..။
- လေဆိပ်အထွက် ၀င်ဆောင်ခကတော့ ၁ယောက်ကို ၂၀၀၀ စီ ဖြစ်ပါတယ် ..။ လိုက်သယ်ပေးတဲ့လူက ၂၀၀၀ ကဒ်မှာ လိုတာ ဖြည့်ပေးတဲ့ သူအတွက် ၂၀၀၀ ..။ ကီလိုချိန်ပေးသူအတွက် ၂၀၀၀ ဖြစ်ပါတယ် ..။
- အကယ်၍များပေါ့ .. ကိုယ့်မှာ ဒီဖောင်း မပါဘူး ချလံပဲပါတယ်ဆို အချိန်မကုန်ရအောင် လူကြီးခန်းထဲ အလိုက်တသိဝင်ပြီး သြ၀ါဒ ခံလိုက်ပါ ..။

ဆန္ဒလေးပေါ့လေ .. ပြည်သူ့ဝန်ထမ်းမဟုတ်တဲ့ အစိုးရ၀န်ထမ်းတွေ .. မျက်နှာထားလေး ပြင်ပြီး ငါနဲ့ ဆက်ဆံလိုက်တဲ့လူတွေ စိတ်ချမ်းသာ အဆင်ပြေပါစေတော့ဆိုတဲ့ စေတနာလေး ရှိလာရင် တော်တော်ကောင်းမှာပဲ .. နှစ်ဦးနှစ်ဖက် အဆင်ပြေ စိတ်ချမ်းသာရတာပေါ့ ..

ကိုယ့်လိုပဲ ကြုံဘူးကြတဲ့လူတွေ ရှိမှာပါ .. ခုရေးထားတဲ့စာကို ပြန်ဖတ်မိတော့လည်း ဒေါသတွေ ပါနေပါတယ် .. တကယ်လည်း ကိုယ့် မြေ ကိုယ့် ရေ ကို ပြန်ဖို့ အရေး အတော့်ကို စိတ်လေပြီး စိတ်ပျက်လာရပါတယ် .. ဒါပေမယ့်လည်း .. ဒါပေမယ့်လည်း ပေါ့လေ ..

မှတ်ချက် = ပေါက်ကွဲတယ်ပဲ ဆိုချင်ဆို :P

Thursday, October 28, 2010

ကျမနှင့် စာအုပ်များ(အသက်ရှင်နေလျက် ဘ၀သေနေသူ)

အခုတလော စာအုပ်တွေ ဖတ်ဖြစ်နေပါတယ် .. ပြောရရင် စာအုပ်တွေနဲ့ ဝေးနေတာလည်း ကြာနေပါပြီ .. ဒီရက်ပိုင်းထဲမှာမှ သူငယ်ချင်းကောင်းမှုနဲ့ စာအုပ်ပြန်ဖတ်ဖြစ်သလို စီးတီးဟောက ဓမ္မပန်းခင်း စာကြည့်တိုက်မှာလဲ မန်ဘာဝင်ဖြစ်လိုက်ပါတယ် .. အဲဒီအတွက် စာအုပ်ငှားပြီး ခုရက်ပိုင်း ဖတ်ဖြစ်နေတယ်ဆိုပါတော့ ..

စာအုပ်ဖတ်တယ်ဆိုတာ ကိုယ့်အတွက် ရန်ကုန်မှာတော့ လုပ်ရိုးလုပ်စဉ်ပါပဲ .. အပြင်မှာ သွားငှားဖတ်ရင် ဖတ် .. အိမ်မှာတွေ့တဲ့စာအုပ် ဖတ်ရင် ဖတ် .. ဒီလိုနဲ့ စာဖတ်ခြင်းက ကိုယ့်အတွက် မစိမ်းနေပါဘူး .. ဒီရောက်ပြီးတော့ အီးဘွတ်တွေလည်း ဖတ်ဖြစ်ပါတယ် .. ဒါပေမယ့် အပျော်ဖတ်တွေက များပါတယ် .. အကြောင်း အမျိုးမျိုးပြပြီး စာ,အလေးတွေ မဖတ်မိဘူးပေါ့ .. ခုတော့ စာတွေ ပြန်လိုက်ဖတ်နေပါပြီ .. စာတွေထဲက အသိအမြင်တွေ လေးနက်လာဖို့ ကြိုးစားမိအောင် ကိုယ့်ကိုကိုယ် သတိပေးတဲ့ အနေနဲ့ပေါ့ .. ပေါ့ပေါ့လေး နေနေတယ်လို့လည်း ကိုယ့်ကိုကိုယ် သုံးသပ်မိနေပါတယ် ..

ကိုယ့်အသက် ၁၈ နှစ်လောက်က စပြီး ဆရာတော် ဦးဇောတိက စာအုပ်တွေနဲ့ ရင်းနှီးလာခဲ့ပါတယ် .. ဒါကလည်း ဘုရားစင်အောက်က ဗီဒိုကို အခွေရှာရင်း စမွှေမိတာက စတာပါပဲ ..

အရင် ဖေကြီး သင်္ဘောလိုက်တုန်းက မေကြီး ပို့ပို့ပေးထားတဲ့စာအုပ်တွေထဲမှာ ဆရာတော် ဦးဇောတိကစာအုပ်တွေ များပါတယ် .. တခါတလေ ဘာရယ်မဟုတ်ပဲ ဖတ် .. တခါတလေ စိတ်မကြည် စိတ်ညစ်နေလို့ ဖတ် .. အဲလိုနဲ့ ဆရာတော်ရဲ့ စာအုပ်တွေနဲ့ ရင်းနှီးလာခဲ့ပါတယ် .. ဆရာတော်ရေးတဲ့ အကြောင်းအရာတွေက လူ့ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ပြီး ဖတ်ရတာ လေးပင်မနေပါဘူး .. နားလည်လွယ်ပါတယ် .. တခါတလေ စိတ်မတည်ငြိမ် စိတ်အလိုမကျတွေများလာရင် ဆရာတော်စာအုပ်တွေဖတ်ရင်းနဲ့ပဲ စိတ်ထားတတ်ဖို့ ကြိုးစားခဲ့ရပါတယ် .. ဒီလိုနဲ့ လူတွေနဲ့ သဟဇာတဖြစ်လာခဲ့တယ်လို့ ကိုယ့်ကိုကိုယ် မြင်မိပါတယ် .. ပြီးတော့ မကောင်းတာ ကောင်းတာ ကောင်းကျိုး ဆိုးကျိုးတွေကိုလည်း နားလည် လက်ခံလာနိုင်ခဲ့ပါတယ် ..

လူတိုင်း စိတ်ဓါတ်ကျဘူးမှာပါ .. စိတ်ဓါတ်ကျတဲ့အခါ နည်းမျိုးစုံနဲ့ စိတ်သက်သာဖို့လည်း ကြိုးစားဘူးကြမှာပါ .. ဘယ်လိုနည်းမျိုးနဲ့ စိတ်ဓါတ်ကျတာ စိတ်ညစ်တာဟာ ပျောက်ကွယ်လျော့ပါးသွားမလဲ .. ???

ကိုယ်တိုင်လဲ စိတ်ဓါတ် ခဏခဏ ကျလို့ ခဏခဏကိုပဲ ပြန်ပြန်ကောက်တင်ရပါတယ် .. :D နည်းမျိုးစုံပေါ့ .. တခါတလေ စိတ်ထင်တိုင်း သူငယ်ချင်းတွေနဲ့ လျှောက်သွား .. တခါတလေ သီချင်းတွေနားထောင် ရုပ်ရှင်တွေကြည့် .. ဒါပေမယ့် ဒါတွေက ခဏပဲ စိတ်သက်သာသွားစေပါတယ် .. တကယ်တမ်း စိတ်ထားတတ်ဖို့ စိတ်ကိုပြင်ဖို့ကတော့ စာတွေဖတ်မှ ရပါတယ် .. အဓိက စိတ်ညစ်တဲ့အချိန် စိတ်ထွက်ပေါက်မရှိတဲ့ အချိန် ဖတ်မိတာကတော့ ဆရာတော်ကြီးတွေရဲ့ စာအုပ်တွေပဲများပါတယ် .. ခလုတ်ထိမှ အမိတ ဆိုသလိုပေါ့ .. စိတ်ညစ်တော့မှ ဘုရား တရား သတိရတတ်တာပါ .. ပျော်နေတဲ့အချိန်မှာတော့ မေ့မေ့နေတတ်ပါသေးတယ် ..

ခုရက်ပိုင်း ဖတ်ဖြစ်တာတော့ ဆရာတော် ဦးဇောတိကရဲ့ "အသက်ရှင်လျက် ဘ၀သေနေသူ" စာအုပ်ပါ .. အောက်မှာ စာမြည်း ပေးထားပါတယ် ..း) ကိုယ်တိုင်ကတော့ မီးဝေးချိတ်ဆိုသလို စာအုပ်တွေနဲ့ ဝေးရင် ပြန်ပြန်မိုက်ချင်နေပါသေးတယ် .. (ခု လိမ်မာနေတယ်လို့လည်း မဆိုလိုပါဘူး :D) တတ်နိုင်သလောက်တော့ လိမ်မာဖို့ ကြိုးစားနေပါတယ် ..း)

အသက်ရှင်နေလျက် ဘ၀သေနေသူ

အသက် မသေခင်မှာ ဘ၀သေသွားနိုင်တယ်ဆိုတာကို အရင်တုန်းက မတွေးမိဘူး။ အခု ဘုန်းကြီး သတိထားပြီး ကြည့်တဲ့အခါမှာ ဘ၀သေနေသူတွေ တော်တော်များကြတာကို တွေ့ရတယ်။ တချို့တော့ ဘ၀သေနေတယ်လို့ မဆိုနိုင်ပေမယ့် ဘ၀မကျန်းမာလို့ ထိထိရောက်ရောက် ဘာမှ မလုပ်နိုင်တာကို တွေ့ရတယ်။ ခန္ဓာကိုယ် ကျန်းမာဖို့ အရေးကြီးသလို စိတ်ကျန်းမာဖို့လည်း အရေးကြီးပါတယ်။ ဘ၀ကျန်းမာဖို့လည်း အရေးကြီးပါတယ်။ လူ့အသိုင်းအ၀ိုင်းကြီး တစ်ခုလုံး ကျန်းမာဖို့လည်း အရေးကြီးပါတယ်။ အားလုံးဟာ ဆက်စပ်နေပါတယ်။

အသက်ရှင်နေသေးသ၍ ဘ၀မသေအောင် နေနည်းကို သေသေချာချာ လေ့လာဖို့ လိုမယ်လို့ ထင်ပါတယ်။ ဘုန်းကြီးက လမ်းစပဲ ဖော်ပေးလိုက်တာပါ။ ဆက်ပြီး ကိုယ့်ဥာဏ်နဲ့ကိုယ် ကိုယ့်အတွက် အဆင်အပြေဆုံး ဖြစ်အောင် ကိုယ့်ဘ၀ကို ပုံဖော်ပါ။ ဘ၀နေနည်းဆိုတာ ပုံသေနည်း မရှိပါဘူး။ အခြေအနေတွေဟာ အမြဲပြောင်းလဲနေသလို လုပ်ပုံ ကိုင်ပုံ စဉ်းစားပုံတွေကို အမြဲပြောင်းနေရမယ်။ ဘ၀ကို ပုံသေနည်းနဲ့ နေရင် ဘ၀သေသွားမယ်။

ခံယူချက်မရှိတဲ့ဘ၀ဟာ အသက်ဝင်တဲ့ဘ၀ မဖြစ်နိုင်ဘူး။ ခံယူချက်မရှိရင် ဘ၀မရှိဘူး။ ခံယူချက် မခိုင်မာရင် ဘ၀မခိုင်မာဘူး။ ခံယူချက် မရေရာရင် ဘ၀ မရေရာဘူး။ ကိုယ့်ခံယူချက် မရေရာရင် ကိုယ့်ကိုယ်ကိုကိုယ် ဘယ်လိုလူလို့ ပြောမလဲ။ ပြောစရာမရှိဘူး။ ငါ ဘယ်လိုလူလဲ။ ငါ ဘယ်လိုလူဖြစ်ချင်သလဲ ဆိုတဲ့ မေးခွန်းဟာ ဘ၀ကို ပီပီပြင်ပြင် အသက်ဝင်အောင် နေချင်တဲ့သူတိုင်း အမြဲမေးနေရမယ့် မေးခွန်း ဖြစ်တယ်။

ကိုယ်လုပ်တဲ့အလုပ်ဟာ အကျိုးရှိရဲ့လားလို့ မမေးတဲ့သူဟာ သူ့ဘ၀ကို အဓိပ္ပါယ်ရှိအောင် နေလို့ ရနိုင်မလား။ တိရစ္ဆာန်တွေဟာ အကျိုးရှိရဲ့လားလို့ မေးနိုင်တဲ့ ဥာဏ် မရှိဘူး။ လူသာလျှင် အကျိုးရှိရဲ့လားလို့ မေးနိုင်တယ်။ ဒါဟာ လူရဲ့ ထူးခြားမှုတစ်ခုဖြစ်ပါတယ်။ အဆင့်မြင်တဲ့ဘ၀ကို တကယ်နေချင်ရင် ငါလုပ်တဲ့အလုပ်ဟာ ဘာအဓိပ္ပါယ်ရှိသလဲ၊ အကျိုးရှိရဲ့လား၊ ဘယ်လောက် အကျိုးရှိသလဲ ဆိုတဲ့ မေးခွန်းတွေကို မေးရမယ်။

လူဟာ တော်တော်ကို မေ့တတ်ပါတယ်။ သိပြီးသားပေမယ့် မေ့နေတတ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုကိုယ် မကြာခဏ သတိပေးရမယ်။ ဒီလို သတိပေးဖို့ပဲ စာကောင်း ပေကောင်းတွေကို ဖတ်ရတယ်။ ဘုန်းကြီးလည်း မနက်တိုင်း စာကောင်း တခုခုကို ဖတ်တယ်။ ကောင်းတဲ့ အတွေး ကောင်းတဲ့ သဘောထား ကောင်းတဲ့ စိတ်ကူးနဲ့ တနေ့တာကို စ,ဖို့ လိုတယ်။

ပညာသင်တာ ဘ၀ကို အကောင်းဆု့းနေနည်းကို ရှာတာ။ ဘွဲ့ လက်မှတ်တခု အောင်လက်မှတ်တခု ရဖို့လောက် ရည်ရွယ်ချက်နဲ့ ပညာသင်တာဟာ အင်မတန် အဆင့်နိမ့်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ စားဝတ်နေရေး အဆင်ပြေဖို့၊ ပေါင်းသင်း ဆက်ဆံရေး အဆင်ပြေဖို့၊ စိတ်ကျန်းမာရေး ကောင်းဖို့၊ ခန္ဓာကိုယ်ကျန်းမာရေး ကောင်းဖို့၊ ကိုယ့်ရဲ့ အကောင်းဆုံး အရည်အချင်းတွေကို အဆင့်မြင့်ဆုံးရောက်အောင် လုပ်ဖို့၊ ဘ၀ရဲ့ လေးနက်တဲ့ အဓိပ္ပါယ်ကို ရှာဖို့၊ အကောင်းအဆိုး အမှားအမှန်ကို ကိုယ့်ဥာဏ်နဲ့ကိုယ် ပိုင်းခြားပြီး သိနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေ အားလုံး ပါရမယ်။

ကိုယ့်ဘ၀မှာ အဆင်ပြေအောင် နေချင်တဲ့သူအတွက် သိရမယ့် အချက်တွေဟာ သိပ်မများပါဘူး။ နားလည်ဖို့လည်း မခက်ပါဘူး။ လုပ်ဖို့ပဲ လိုပါတယ်။ မလုပ်နိုင်သေးဘူးဆိုရင် ဘာဖြစ်လို့ မလုပ်နိုင်တာလဲဆိုတာကို ကိုယ့်ကိုယ်ကိုကိုယ် မေးပါ။ မေးပြီးရင် ရိုးရိုးသားသားဖြေပါ။

လူအထင်ကြိးတာ ခံရဖို့ ပစ္စည်းဥစ္စာ ချမ်းသာဖို့လောက် ရည်ရွယ်ချက်နဲ့ အပေါ်ယံလေး ရှပ်ပြီးတော့ ဘ၀ကို နေသွားရင် တနေ့မှာ ဘ၀ အဓိပ္ပါယ်မဲ့ပြီး စိတ်ဓါတ်ကျတဲ့ စိတ်ရောဂါကို ခံစားရလိမ့်မယ်။ ဘ၀မှာ သူ့သဘာဝ သူ့နိယာမဆိုတာ ရှိပါတယ်။ မြင့်မြတ်တဲ့ စိတ်ထားနဲ့ မြင့်မြတ်တဲ့ အသိဥာဏ်ကို မရရင် တကယ် ကျေနပ်စရာကောင်းတဲ့ ဘ၀ကို ရမှာ မဟုတ်ပါဘူး။

အသက်ဝင်နေတဲ့၊ ဘ၀ အဓိပ္ပါယ်ရှိတဲ့ ဘ၀၊ ပြည့်စုံတဲ့ ဘ၀ကို ရအောင် လုပ်နိုင်တဲ့သူ ဖြစ်ပါစေ။

ဆရာတော် ဦးဇောတိက (မဟာမြိုင် တောရ)
အသက်ရှင်နေလျက် ဘ၀သေနေသူ စာအုပ်မှ ဒါနပြုပါသည်။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ ..

Sunday, October 24, 2010

သီတင်းကျွတ် အမှတ်တရ

သီတင်း တခါ ကျွတ်ပြန်ပါပြီ .. မင်္ဂလာရှိတဲ့ သတင်းကျွတ် အခါသမယပါ ..

မြန်မာနိုင်ငံနဲ့ ဝေးနေသူတိုင်းအတွက် နှစ်စဉ်နှစ်တိုင်း အလွမ်းတွေနဲ့ သီတင်းကျွတ်ကို ဖြတ်ကျော်ပါဦးစို့ ..

ဒီလိုရက်မျိုးမှာ ကျမ ရန်ကုန်မှာ ရှိနေခဲ့ရင် ဘာတွေ လုပ်ဖြစ်မလဲ .. သေချာတာတော့ အိမ်ရဲ့ ၀ရန်တာ အထပ်တိုင်းမှာ ဖယောင်းတိုင်တွေ လိုက်ထွန်းနေပါမယ် .. ငြိမ်းသမျှ ဖယောင်းတိုင်တွေကို ဒိုင်ခံ လိုက်ပြီး မီးလိုက်ညှိနေပါမယ် .. (ကိုယ်က အငယ်ဆုံးကိုး .. ကိုယ့်ထက်ငယ်တာ အိမ်က ခွေးနဲ့ ကြောင်ပဲ ရှိတော့တယ် .. ဒါတောင် သက်တမ်းနဲ့တွက်ရင် ခွေးလေးကတော့ အဖွားကြီးအရွယ် ရောက်နေပြီ .. :D)

မီးပျက်နေရင်တောင် အိမ်တိုင်းက ထွန်းထားမယ့် မီးပုံး ဖယောင်းတိုင်တွေရဲ့ အလင်းနဲ့ ညကတော့ လှပနေမှာ အမှန်ပါပဲ .. အလင်းတွေ ရှိနေသရွေ့ ဆော့ကစားနေမယ့် လမ်းထဲက ကလေးတွေကိုလည်း မြင်မိပါရဲ့ .. ရာသီဥတုအပူကို အံတုရင်း အိမ်ရှေ့ ခုံတန်းလျားတွေမှာ ယပ်တောင် တဖျတ်ဖျတ်နဲ့ နေနေမယ့် အဒေါ်ကြီးတွေကိုလည်း မြင်ယောင်မိပါရဲ့ ..

ဝါသနာအရ ပွဲဈေးတန်းလျှောက်မယ့်လူ ပွဲတော်တွေ သွားနေမယ့်လူ တရားဘာဝနာ အားထုတ်နေမယ့်သူ သောက်စားပျော်ပါးနေမယ့်သူ လူပေါင်းစုံနေမယ့် ပွဲပါပဲ ..

ဒီလိုပွဲတော် ဒီလိုအချိန်မျိုးမှာ ကိုယ်ပါဝင်ခွင့်ရရင် .. သူငယ်ချင်းအိမ်ရောက်ရင်လည်း ရောက်နေမယ် .. ဦးလေးတွေ အဒေါ်တွေ အိမ်ပေါက်စေ့ လိုက်ကန်တော့ရင်လည်း ကန်တော့နေမယ် .. အဖော်ကောင်းလို့ ပွဲဈေးထဲ ရောက်ရင်လည်း ရောက်နေလိမ့်ဦးမယ် .. မဟုတ်ရင် အိမ်ရှေ့ဝရန်တာကနေ မီးအလင်းမှာ ကလေးတွေ ဆော့တာ ကြည့်ချင်လည်း ကြည့်နေလိမ့်ဦးမယ် ..

ခုချိန် အပျော်ဆုံးက ဘယ်သူတွေဖြစ်မလဲ .. ကလေးတွေလား .. ၀ါကျွတ်လို့ မင်္ဂလာဆောင်တော့မယ့် စုံတွဲတွေလား .. လူပေါင်းစုံ အလွှာပေါင်းစုံကတော့ နည်းအမျိုးမျိုး လမ်းအသွယ်သွယ်နဲ့ ပျော်ရွှင်နေကြပါလိမ့်မယ် .. (အင်း .. မြန်မာနိုင်ငံ တ၀န်းလုံးမှာ နေထိုင်ကြသူတွေအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ ငြိမ်းချမ်းသာယာနေဖို့ မျှော်လင့်မိပါတယ် .. မုန်တိုင်းသတင်းကလည်း ကြားနေရသေးတော့ မြန်မာတနိုင်ငံလုံး ပျော်ရွှင် အေးချမ်းနေမယ်လို့ မတွေးရဲ တွေးရဲပါပဲလေ ..)

ငယ်စဉ်က အန္တရာယ်တွေက နည်းအမျိုးမျိုးနဲ့ ကင်းလွတ်နေတဲ့ မြန်မာနိုင်ငံ ခုတော့လည်း ဒုက္ခတွေ ဆုံးရှုံးမှုတွေနဲ့ ဆက်တိုက်ဆိုသလို ကြုံတွေနေရတယ်လို့ ထင်မြင် ခံစားမိတယ် .. ကိုယ့်နိုင်ငံရဲ့ အပြင်ဘက်က တခြားနိုင်ငံတွေမှာ ကြုံရတဲ့ သဘာဝ ဘေးအန္တရယ်တွေကြောင့် လူတွေ ပစ္စည်းတွေ ဆုံးရှုံးရတယ်ဆိုတာ မြင်ရ ကြားရတာနဲ့တင် စိတ်မကောင်းဖြစ်ရတာ ကိုယ့် မြေ ကိုယ့် နိုင်ငံမှာ အန္တရာယ်တွေ အထပ်ထပ် ကြုံနေရတာ မြင်ရကြားရတော့ ရင်ထဲ မကောင်းမိတာတော့ အမှန် .. သံသရာက ၀ဋ်ကြွေးတွေ ပါလာကြတယ်ဆိုရင်လည်း ဒီဘ၀မှာတင် ကုန်ဆုံးပါစေတော့ရယ်လို့သာ ဆုတောင်းမိတော့တာပါပဲ ..

ဖြစ်လာသမျှ အကြောင်းအရာတိုင်းက ကံတရားလား .. ဒီကံတရားကို ဘယ်သူတွေက ဖန်တီးနေတယ်ဆိုတာတော့ ဆန်းစစ်ဖို့ လိုပြီထင်ပါတယ် .. သူ့ကြောင့် ကိုယ့်ကြောင့် လက်ညှိုးထိုးနေရုံနဲ့လည်း ကံတရားက ကောင်းလာမယ်မဟုတ်နိုင် .. ကောင်းတဲ့ ကံတွေ ကြုံဆုံနိုင်ဖို့ လူတွေကိုယ်စီလည်း ကောင်းဖို့ လိုအပ်တယ် မဟုတ်ပါလား .. တခါတလေ ပျက်စီးခြင်းတွေ များလို့ မြန်မာနိုင်ငံကြီး ပျက်တော့မလားလို့တောင် တွေးမိပါတယ် .. လူတွေ စာရိတ္တ ပျက်စီးလာတာနဲ့ အမျှ မကောင်းမှုတွေ ကျူးလွန်နေတာနဲ့ အမျှ မြန်မာနိုင်ငံကြီးလည်း နလံထူနိုင်လိမ့်မယ်မထင်မိပါဘူး .. လူတိုင်း လူတိုင်း အနီးအနားမှာရှိတဲ့ ကြယ်ငါးလေးတွေကို ကယ်တင်သူတွေဖြစ်အောင် တပိုင်တနိုင်ကြိုးစားဖို့တော့ လိုပါလိမ့်မယ် .. တတ်နိုင်သလောက် စိုက်ပျိုးလိုက်တဲ့ အပင်ရဲ့ အသီးဟာ ကိုယ့်အတွက် မဟုတ်ရင်တောင် ကိုယ့်ရဲ့ သားစဉ်မြေးဆက်အတွက် အထောက်အကူတော့ ဖြစ်လာပါလိမ့်မယ်လို့ မျှော်လင့်ရင်း .. သီတင်းကျွတ်မှာ အပူအပင်ကင်းကင်းနဲ့ ပျော်ရွှင် ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျှက် ..

မှတ်ချက် = အားလုံးသော ကိုယ့်ထက် အသက်အားဖြင့် ကြီးသူ၊ ၀ါအားဖြင့် ကြီးသူ၊ ကျေးဇူးရှိသူတွေကို ကာယကံ ၀စီကံ မနောကံတွေနဲ့ ပြစ်မှားမိတဲ့ အပြစ်တွေ ရှိရင် ကြေအေးဖို့ ဒီနေရာကနေပဲ တောင်းပန် ကန်တော့ပါတယ်လို့ .. :D အမိုက် အမဲလေးမို့ ခွင့်လွှတ်ကြပါနော် .. :D

Sunday, October 17, 2010

ရောက်ရာပေါက်ရာ အတွေးများ

ကျမတွေ့ဘူး သိဘူးသမျှ မြန်မာလူမျိုးတွေမှာ အရိုးစွဲနေတဲ့ အကျင့်လေးတွေ အစွဲအလန်းလေးတွေ တော်တော်များပါတယ် ..

ဥပမာ - ငယ်ငယ်တုန်းက ကျမ မေကြီးဖက်က အဖွားတို့ အဒေါ်တို့ဆိုရင် သေစကားပြောတာတို့ အပျက်စကားပြောတာတို့ကို မကြိုက်ပဲ ရှောင်ကြပါတယ် .. တခါတလေ ကျမက လမ်းသွားရင်း သေသွားရင်ဆိုတဲ့စကားမျိုးပြောမိလိုက်တာနဲ့ စကားနောက် တရားပါတယ် မပြောရဘူးလို့ ပြောတတ်ကြတယ် .. ငယ်ငယ်ကတော့ ကြောက်တယ်လေ .. အဲလိုပြောကြတော့ နောက် မပြောရဲဘူးပေါ့ .. ပြီးတော့ ဘယ်က ဘယ်လို စကားတွေ လက်ဆင့်ကမ်းလာတယ်တော့ မသိပါဘူး .. အသုဘအိမ်ရှေ့မဖြတ်ရဘူး တို့ .. သချို င်္င်းကုန်း လက်ညှိုးမထိုးရဘူး အကယ်၍ ထိုးမိရင် လက်ညှိုးကို ၇နှစ်ချက် အသက်အောင့် ကိုက်ရတယ်ဆိုတာတွေ အများကြီး အများကြီးပါပဲ .. အဲဒီအချိန်က မစဉ်းစားတတ်သေးပဲ သူများပြောသမျှ လိုက်လုပ်လိုက်တာပါပဲ ..

ခုတော့ ကိုယ့်ရဲ့ တထွာ တမိုက် ဥာဏ်လေးနဲ့ စဉ်းစားတတ်သလောက် မှတ်ထားသလောက်နဲ့ လုပ်သင့်တယ်ထင်ရင် ကိုယ်ပိုင် အတွေးနဲ့ လုပ်လိုက် မလုပ်သင့်တာလို့ ကိုယ့်ဦးနှောက်က ဆုံးဖြတ်ပေးရင် မလုပ်လိုက်နဲ့ ကိစ္စတော်တော်များများကိုယ် စိတ်တိုင်းကျ လုပ်ပိုင်ခွင့်ရတဲ့အချိန်မှာတော့ ကျမတွေးမိတယ် .. ငယ်ငယ်က တချို့ကိစ္စတွေက တော်တော်ရယ်စရာကောင်းပါလားပေါ့ .. ဒါဆို ခု ကိုယ်ကရယ်စရာတွေ မလုပ်မိတော့ဘူးလား .. ???? .. သိပ်တော့ မထင်သေးဘူး .. မတူညီတဲ့ကိစ္စတွေ လုပ်ရပ်တွေနဲ့ တချိန်ကျ ရယ်စရာ ကောင်းနေလိမ့်ဦးမယ် ..

ဒီလိုပါပဲ အသိဥာဏ် နုံနဲ့စဉ်က ကိုယ့်စိတ်ကို လေးလံစေတဲ့ အရာတွေဟာ ခုချိန်မှာ ဘာမှ မဟုတ်တော့သလို ..

ခုချိန် ကိုယ့်ရဲ့စိတ်ကို ပင်ပန်းစေတဲ့ အရာတွေဟာလည်း နောင် အချိန်ကာလတခုမှာ "ငါဟာ အဲဒီအချိန်က တော်တော် ရယ်စရာကောင်းခဲ့ပါလား" လို့ တွေးမိစေလိမ့်ဦးမယ် ..

တကယ် ပို့စ် စရေးတုန်းက ရေးချင်တဲ့ အကြောင်းအရာနဲ့ လမ်းလွဲနေပါပြီ .. :D ကျမ တကယ်ရေးတုန်းက အစွဲအလန်းအကြောင်း .. ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်တတ်တဲ့ အကြောင်းပါ .. :D ခုတော့ လွဲနေပြီ ..

ပြန်ကောက်ရမယ်ဆိုရင် ..

ကျမတို့ မြန်မာလူမျိုးတွေက အစွဲအလန်း ရိုးရာဆိုတာတွေကို အစွန်းရောက်လေ့ ရှိကြတယ် .. တသက်လုံး ယဉ်ပါးလာတဲ့ အရာတွေမို့ ပစ်ဖို့ ခဲယဉ်းတာလည်း ပါပါလိမ့်မယ် ..

ဒီ အရှေ့က ပို့စ်မှာ ကျမအတွက် အချိန် သိပ်မကျန်တော့ဘူးလို့ ရေးခဲ့တယ် .. ဒီလိုရေးတာသာ အဖွားတို့ ရှိနေသေးလို့ သိရင် နိမိတ်မရှိတာ နိမိတ်မကောင်းတာတွေ ရေးတယ်ပြောတယ်လို့ ဆုံးမကြဦးမယ် ထင်ပါတယ် ..း)

အချိန်တွေ တရွေ့ရွေ့ ကုန်နေပါတယ် .. နေ့ရက်တွေလည်း တရက်ပြီး တရက် ကုန်ကုန်လာနေပါတယ် .. ကုန်နေသမျှ အချိန် နေ့ရက်တိုင်းက သေဖို့ တရွေ့ရွေ့ နီးနီးသွားတာပါပဲ .. တခါတခါ တယောက်တည်း ရှိနေချိန်ဆို အတွေးတွေ သိပ်များတတ်ပါတယ် .. ကိုယ်တိုင်နဲ့ လူတွေရဲ့ အကြောင်း စိတ်ဓါတ်တွေ အကြောင်း လုပ်ရပ်တွေ အကြောင်း .. ကြီးကျယ်တယ်တော့ မထင်ပါနဲ့ .. :D

သေတယ်ဆိုတာက တော်တော် ကြောက်စရာကောင်းမယ့် ကိစ္စ ဖြစ်သလို တော်တော်လည်း စိတ်ဝင်စားစရာကောင်းပါတယ် .. ဘယ်လို ပုံစံ သေမလဲ .. ဘယ်လိုအချိန် သေမလဲ မသေချာပေမယ့် သေမှာတော့လည်း သေချာနေပြန်ပါတယ် ..

ခုချိန်ထက် ပိုကောင်းသော အချိန် မရှိ တဲ့ .. ခု လက်ရှိရနေတဲ့အချိန်က အကောင်းဆုံးပါပဲ .. ကျမတို့ ဘာတွေ လုပ်ကြမလဲ ..

ရန်လိုမှုတွေနဲ့ ဖြတ်သန်းမလား .. နားလည်မှုတွေနဲ့ ဖြတ်သန်းမလား .. ??
ငိုကြွေးခြင်းတွေ နောင်တတွေနဲ့ ဖြတ်သန်းမလား .. ပျော်ရွှင်မှုတွေ ကူညီမှုတွေနဲ့ ဖြတ်သန်းမလား .. ??
အားလုံးကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုသာပါပဲ ..း)

Thursday, October 7, 2010

ကျမမှာ အချိန် သိပ်မကျန်တော့ဘူး

ကျမမှာ အချိန် သိပ်မကျန်တော့ဘူး ..

အကယ်၍များပေါ့ .. ခုခေတ် လူတွေရဲ့ သက်တမ်းနဲ့တွက်လို့ ကျမက သက်တမ်းစေ့ နေရမယ့် သူတယောက်သာဖြစ်ခဲ့ရင် .. ကျမအတွက် နောက်နှစ်ပေါင်း ၄၅ နှစ်လောက်ပဲ အချိန်ရှိတော့မယ် .. ခုတောင် ကိုယ့် အသက်ကို ပြန်ရေတွက် ကြည့်မိတော့ ၂၆ ထဲမှာ .. ကျန်ခဲ့တဲ့ ၂၅နှစ် ကိုတောင်ဘယ်လိုကျော်လာမှန်း မသိတာ နောက် ၄၅ ဆိုတာလည်း သိပ်မကြာပဲ ကုန်ဆုံး သွားနိုင်ပါတယ် .. ၄၅နှစ် ထဲမှာမှ အိပ်ချိန်တွေကို နှုတ်လိုက်ဦး ကျန် သက်တမ်းရဲ့ ၃ပုံ ၂ပုံလောက်ပဲ ကျမ မျက်လုံးတွေ ပွင့်နေပါလိမ့်မယ် ..

အကယ်၍များပေါ့ .. ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေဆို မကြိုက် အသီးအရွက် အစားနဲတဲ့ ကျမအတွက် ရောဂါဘယတွေက ခန္ဓာထဲမှာ ရှိနေနိုင်ပါတယ် .. နဲနဲချင်း စုစုထားတဲ့ ရောဂါသေးသေးမွှားမွှားလေးတွေကနေ တဖြည်းဖြည်း ရောဂါကြီး ဖြစ်လာမယ့် နောက် နှစ်ပေါင်း ၂၀ .. ကျမရဲ့ သက်တမ်းက နောက်ထပ် နှစ်၂၀ ဆိုတာ အများကြီး ဖြစ်နိုင်တဲ့ ကိစ္စပါ .. ဒါကြောင့် ကျမမှာ အချိန် သိပ်မကျန်တော့ဘူးလို့ ပြောတာပေါ့ ..

အကယ်၍များပေါ့ .. ခုချိန်မှာ ကျမ ကိုယ်ထဲ ရောဂါက ရှိနေပြီ မသိသေးတာသာ ရှိတယ် .. အဲဒီရောဂါကြောင့် နောက်ထပ် အချိန် ၁၀ နှစ်ဆိုတဲ့ သက်တမ်းပဲ ကျမမှာ ရှိတော့မယ်ဆိုရင် .. လွန်ခဲ့တဲ့ အချိန် ၁၀နှစ်ကို ပြန်စဉ်းစားတော့ အသက်က ၁၅နှစ် ၁၆နှစ် အထက်တန်းကျောင်းတက် ပြီးတော့ တက္ကသိုလ်ထပ်တက် ဟိုအလုပ်ဝင် ဒီအလုပ်ဝင်နဲ့ ခု ၂၅ ၂၆ကို ချက်ချင်းပဲ ရောက်လာသလို .. တကယ်တန်းဖြတ်သန်းခဲ့တာတော့ ၁၀နှစ်ပါပဲ .. ဒါပေမယ့် ပြန်တွေးကြည့်တော့ မဝေးသလို .. ဒီလိုပဲ နောက် လာမယ့် ၁၀ .. တကယ်ပဲ ကျမမှာ အချိန် သိပ်မကျန်တော့ပါဘူး ..

အကယ်၍များပေါ့ .. ကျန်းမာရေးစစ်ဆေးကြည့်လိုက်လို့ ကျမမှာ ၆လ ၁နှစ်လောက်သာ နေရတော့မယ့် ရောဂါသာရနေခဲ့ရင် .. ကျမ လုပ်ချင်တဲ့ ဖြစ်ချင်တဲ့ ကိစ္စတွေအတွက် အချိန်မှ မှီပါ့မလား .. တကယ်သာ အဲလို အခြေအနေရောက်သွားရင် ကျမ အဖြစ်ချင်ဆုံး ဆန္ဒက ဘာများ ဖြစ်နေမလဲ .. စလုံးမှာနေပြီး ၂နှစ် ၁ခါ ပတ်စ်တိုးတဲ့အခါ အချိန်တွေ သိပ်မြန်နေသလို .. နှစ်တိုင်း လုပ်နေကျ နေရှင်နယ်ဒေးက ခဏလေး ပြန်ရောက်ရောက်လာသလို .. တရုတ်နှစ်ကူးက ခပ်မြန်မြန် တပတ် ပြန်ပြန်လည်လာသလို ..

အကယ်၍များပေါ့ .. မနက်ဖြန် ကျမ အက်ဆီးဒန့် တခုခုနဲ့ ..

အကယ်၍များပေါ့ .. ခု ချက်ချင်း လက်ငင်း အက်ဆီးဒန့် တခုခုနဲ့ ..

တကယ်ကိုပဲ ကျမမှာ အချိန် သိပ်မကျန်တော့ဘူး ..

ကုန်သွားခဲ့တဲ့ အချိန်တွေ ခဏပြန်တွေးကြည့်တော့ မနေ့ တနေ့ကလို .. တကယ်တမ်း ရက် လ နှစ်တွေကို လက်ချိုး ရေတွက်ကြည့်တော့ များပြားလွန်းသလို .. ခု နောက်တနေ့ နောက်လ နောက်နှစ်တွေဆိုတာလည်း တရွေ့ရွေ့ ကုန်ဆုံးပြန်ပါဦးမယ် ..

တချို့အရာတွေက တဖြည်းဖြည်း နီးနီးလာတယ် .. တချို့အရာတွေကတော့ ဝေးဝေးသွားလိုက်တာ ..

(ဘာမှတော့မဟုတ်ဘူး .. ရောက်ရာပေါက်ရာ စိတ်ကူးပေါက်ရာ ရေးချလိုက်မိတာပါပဲ ..း))

Wednesday, September 22, 2010

မျက်နှာဖုံး

ဖြူဖြူ ပြာပြာ ၀ါဝါ
အရောင်စုံ မျက်နှာဖုံးတွေ ရှိတယ် ...။

ပြုံးပြုံး ရယ်ရယ် မဲ့မဲ့
သဏ္ဍာန်စုံ မျက်နှာဖုံးတွေ ရှိတယ် ...။

ကြိုက်ရာ ရွေးချယ်နိုင်တယ်
အရည်အသွေးအလိုက် ကြာရှည်ခံမှု ကွာခြားမယ် ...။

မျက်နှာဖုံးမှာ ပြုံးသလောက်
အောက်ခံမျက်နှာမှာ မဲ့နိုင် ငိုနိုင်တယ် ...။

မျက်နှာဖုံးမှာ အငိုကိုဆင်ရင်း
အောက်ခံမျက်နှာမှာ ဟာသ လုပ်နေနိုင်တယ် ...။

ညံ့တဲ့လူ ခံစတမ်းပဲ
အားနာရင်တော့ "အ" တယ် ထင်ခံရမယ်
လူရိုသေ ရှင်ရိုသေအောင်
နဂါးမှန်းသိဖို့
အမောက်ထောင်ပြတတ်ရတယ် ...။

ဟန်ဆောင်ခြင်းကို မမုန်းနဲ့
ဟန်ဆောင်တတ်မှ လူဝင်ဆန့်လိမ့်မယ် ...။

Tuesday, September 14, 2010

ဆန္ဒ နဲ့ ဘဝ

ငယ်ငယ်တုန်းကလို့ ကိုယ့်အကြောင်းကိုယ် တွေးလိုက်တာနဲ့ ဘယ်လိုတော်ခဲ့တာ ဘယ်လိုရည်မှန်းချက် ကြီးခဲ့တာဆိုတာမျိုး ပြောစရာမရှိတော့ ရေးရတာ သိပ်တော့ အားမရှိပါဘူး .. :P

ဟိုးအရင်တုန်းတည်းက သမီး ဘာဖြစ်ချင်လဲဆိုရင် အဖြေမရှိခဲ့ဘူး .. အဲ့အချိန်က သီချင်းတွေ ဆိုနေခဲ့တာ .. စာအုပ်တွေမှာ အမှတ်တွေ ခြစ်နေခဲ့တာ .. ဆံပင်အတုဆိုပြီး ပုဝါတွေ အုပ်လိုအုပ် တုတ်တချောင်းနဲ့ ဆရာမ လုပ်လာခဲ့တာတွေတော့ ကွင်းကွင်းကွက်ကွက် ပြန်မြင်ယောင်နေမိပါတယ် .. တကယ်တန်း အသက်ကြီးလာတော့ အဆိုတော်လည်း မဖြစ်သလို ဆရာမလည်း မဖြစ်ခဲ့ပြန်ပါဘူး .. အစ်မ၀မ်းကွဲ တယောက်ကတော့ သူ မဖြစ်ခဲ့ရတဲ့ ဆရာဝန်ကို ဖြစ်စေချင်ခဲ့ပြန်ပါတယ် .. မိုးခါးကတော့ စာကျက် အင်မတန်မှပျင်းပြီး ကိုယ့်အကြောင်းကိုယ်လည်း သိနှင့်နေတော့ ဆေးခန်းကိုတောင် မျက်စောင်းထိုး မကြည့်ခဲ့ဘူး .. :P ကစားစရာတွေတော့ ဆော့ဘူးပါတယ် .. နားကြပ်တို့ ဆေးသေတ္တာတို့ ကပ်ကြေးတို့ပေါ့ ..

အထက်တန်းရောက်တော့ စိတ်ထဲမှာ အင်ဂျင်နီယာ ဖြစ်ချင်သလိုလို စိတ်ပေါက်ခဲ့ပြန်ပါရော .. တိုက်တွေ ဆောက်ချင်တာမျိုးပါ .. အင်ဂျင်နီယာဖြစ်ချင်တဲ့ စိတ်ကတော့ နဲနဲရှိပါတယ် ..

တကယ်တန်း ၁၀တန်းအောင်တော့ အင်ဂျင်နီယာအတွက် GTC ကို အမှတ်မှီပေမယ့် အဲဒီအချိန်က ဟော့နေတဲ့ အီကို ကို သူငယ်ချင်း အဖော်ကောင်းတာနဲ့ ပါသွားပြန်ပါတယ် .. (စိတ်များ မငြိမ်လိုက်ပုံ) အီကိုအတွက် ခေါ်စာရတော့ နောင်တရချင်သလိုလို .. ငါ အင်ဂျင်နီယာ လျှောက်လိုက်ရ ကောင်းသားပေါ့ .. နောက်တော့လည်း ကျောင်းတော်ကြီးနဲ့ ကံမပါပုံ ဒေးကနေ အဝေးသင်ပဲ ပြောင်းလိုက်ဖြစ်ပြန်ပါရော .. ဒီလိုနဲ့ ဘွဲ့လေးက B.A (ECO:) ပေါ့ ..

ဘွဲ့တခု လက်ထဲရောက်တော့ ဗီဒိုထဲ အသာထည့်ထားလိုက်တယ် .. ကိုယ်မှ သွားလေရာ သယ်မသွားနိုင်ပဲကိုး .. အစ်မတွေဆိုင်မှာ သွားယောင်ရင်းနဲ့ ကွန်ပျူတာ ဒီဇိုင်းတွေဘက်က စိတ်ပါလာပြန်ပါတယ် .. ဒီဇိုင်းတွေအတွက် သင်တန်းတက်ရင်း သူများ အော်တိုကဒ် လို့ လိုက် အော်တိုကဒ်ပြန်ပါတယ် .. ဒီလိုနဲ့ အော်တိုကဒ်ဆွဲနိုင် ဒီဇိုင်းအမြင်လေး နဲနဲရှိ(ဆိုပါတော့) ..

ဒီလိုနဲ့ ဖြစ်ချင်တဲ့ အင်ဂျင်နီယာလည်း မဖြစ် ဖြစ်လာတဲ့ အကောင့်သမားလည်း မလုပ်ချင်ပြန် .. ဒီလိုနဲ့ စလုံးကို ရောက်လာခဲ့တယ်ပေါ့ ..

အလုပ်ရှာတော့ အော်တိုကဒ်နဲ့ ရခဲ့ပါတယ် .. အင်ဂျင်နီယာလို့ ခေါင်းစဉ် မတပ်နိုင်ပေမယ့် အင်ဂျင်နီယာလိုင်းနဲ့ နီးစပ်တယ်ပြောလို့ရလို့ ကျမရဲ့ ဆန္ဒတွေ ပြည့်ဝခဲ့တာလား .. ခုနောက်ပိုင်း တခြားအလုပ်သစ်ကို ပြောင်းဖြစ်တော့ အဲဒီက အလုပ်တွေနဲ့ ပတ်သက်ပြီး သင်ရင်း သင်ရင်းနဲ့ အင်ဂျင်နီယာတယောက်ရဲ့ အတွေးနဲ့ လုပ်ငန်းတွေ အနီးကပ် လေ့လာခွင့်ရပါတယ် .. မြင်တတ်လာတယ်လို့ ကိုယ့်ကိုကိုယ် ထင်မိတယ်ပေါ့ .. သူဌေးကလည်း အင်ဂျင်နီယာနဲ့ ပတ်သက်တဲ့ စာတွေကို သင်စေချင်တဲ့ ဆန္ဒရှိပြီး ကျမကို ကျောင်းတကျောင်းတက်ဖို့ အော်ဖာ ပေးလာပြန်ပါတယ် .. နောက်နှစ်ကျောင်းဖွင့်ချိန် တက်ဖြစ်ရင်တော့ ကျမရဲ့ အင်ဂျင်နီယာတယောက် ဖြစ်ချင်တယ်ဆိုတဲ့ ဆန္ဒ အပြည့် အ၀ အကောင်အထည်ပေါ်လာမယ်လို့ မျှော်လင့်ရပြန်ပါရော ..

ဒီလိုပါပဲ .. အရင်က ဆန္ဒတွေအကြောင်း ပြောမိ စဉ်းစားမိရင် သူများတကာ နိုင်ငံခြားသွားကြလို့ ကိုယ်က လိုက်သွားချင်တယ် .. တယောက်တည်း လွတ်လွတ်လပ်လပ် နေချင်တဲ့ စိတ်ခံကြောင့်လည်း ပါပါတယ် .. ဒါပေမယ့် အဲဒီအချိန်မှာ ဖေကြီးက ကျမကို လုံးဝခွင့်ပြုမယ့်ပုံ မဟုတ်ခဲ့ပါဘူး .. ကျမကလည်း စိတ်သာရှိတာ သွားဖြစ်မယ်လို့ မထင်ခဲ့ဘူး .. ဒါပေမယ့် ကျမရဲ့ ဆန္ဒအတိုင်းပဲ ဖြည်းဖြည်းချင်း ပုံစံတကျ ဘ၀မှာ ဖြစ်လာခဲ့ရတယ် .. တခုပဲ ကျမရဲ့ ဆန္ဒတွေ ဖြစ်ချင်စိတ်တွေကို ပါးစပ်က ထုတ်ပြောလေ့ မရှိဘူး .. အနားမှာ ရှိတဲ့သူတွေက ကျမစိတ် ကျမအတွေးကို ဖမ်းမိဖို့ ခက်ပါတယ် .. နောက်တခုက ကိုယ်ဘာမှ ဖြစ်မလာသေးခင် ကြိုမပြောထားချင်တာလဲ ပါတယ်ပေါ့ ..

ခုလည်းပဲ စိတ်ထဲမှာ တချို့ ဆန္ဒလေးတွေ ရှိနေသေးတယ် .. အကယ်၍များပေါ့ .. ကျမ ဆန္ဒတွေ ဘ၀ထဲ လက်တွေ့ဖြစ်လာတဲ့အချိန် နောက်ထပ် ဒီပို့စ်ရဲ့ နောက်ဆက်တွဲအဖြစ် ထပ်ရေးဖြစ်ဦးမလားပါပဲ ..

မိတ်ဆွေများ အားလုံးလည်း ဆန္ဒတွေ ပြည့်ဝ အကောင်အထည်ပေါ်ကြပါစေနော် ..း))

Tuesday, August 31, 2010

အစစ်

နေ့စဉ် ရှင်သန်မှုအကြောင်း
တကြောင်း တကြောင်း ချရေးတော့
မိုးလင်း မိုးချုပ် ငြီးစော်နံနေတဲ့ အကြောင်း ... ။

နှုတ်ခမ်း တလှုပ်လှုပ်နဲ့
ရွတ်ဖတ်နေတဲ့ စကားတွေ ပုံဖော်ကြည့်တော့
နေ့တဒူဝ အလာဘ သလာဘတွေ အကြောင်း ... ။

ခံစားမှုတွေ အားနည်းလာတယ်
အာရုံတွေ ထွေပြားလာနေတယ်
ရုပ်ဝတ္တုတွေ ပျက်စီးလာနေတယ် ... ။

အချိန်တွေ ကုန်လာသလို
ဒီရေတွေရော တိုက်စားလေသလား
လူတွေ လုံးပါးပါးတယ် ... ။

ဟာသ တကြောင်းကလည်း
ရယ်စရာမကောင်းသလို
ငိုသံတချို့ဟာလည်း
ဟာသတွေ ဖြစ်လိုဖြစ် ... ။

လူတွေရဲ့ စိတ်အစစ်
အိမ်ပြန်နောက်ကျနေလေရဲ့ ... ။

ထုံးစံအတိုင်းပေါ့ .. တွေးလိုက် စဉ်းစားလိုက် အချိန်တွေ ကုန်ကုန်နေတယ် .. အစစ်တွေ ရှားပါးလာသမျှ အတုတွေ ဖောသီလာတာတော့ မဆန်းပါဘူး .. ဒီ မဆန်းတဲ့ အကြောင်းပဲ စဉ်းစားမိတော့ မထူးခြားတာတွေပဲ ချရေးမိပြန်ရော ..

Friday, August 20, 2010

လွမ်း

မိုးခါးတို့ စာရေးမရပါ .. ရေးချင်စိတ်ရှိရက်နဲ့ ရေးစရာလည်း စဉ်းစားမိရက်နဲ့ကို မရေးဖြစ်သေးတာပါ .. ဒီတော့ ခုလောလောလတ်လတ် ပူပူနွေးနွေးဖတ်ဖြစ်တဲ့ စာအုပ်နဲ့ပဲ ဆားချက် ငံပြာရည်ကြို ငပိထောင်းပါ့မယ် .. :P

ကျမ ကိုယ့်ကိုကိုယ် ဘာဝါသနာပါလို့ပါမှန်း မသိပါ .. စာအုပ်မြင်ရင် ဖတ်ချင်စိတ်လည်းရှိရင် စာအုပ်ဖတ်ပါတယ် .. သီချင်းစဖွင့်ဖြစ်တယ်ဆို သီချင်းဆက်ပြီး နားထောင်ပါတော့တယ် .. ရုပ်ရှင်တော့ သိပ်မစွဲဘူး .. ဒါပေမယ့် ကြုံသလို စိတ်ကူးပေါက်သလိုတော့ ကြည့်တာပါပဲ .. အခြားအခြားသော စိတ်ကူးပေါက်ရာများကိုလည်း လုပ်လေ့ရှိပါတယ် .. ဒါကြောင့်မို့ ထင်ပါရဲ့ အစ်မတွေက ပြောတယ် .. နင် စိတ်မမှန်ဘူးတဲ့ .. မငြင်းမိပါ .. လက်ခံပါတယ် .. ကိုယ့်အခြေအနေလည်း ကိုယ်သိပါတယ် .. ဒီတော့ နာလည်း မနာတော့ပါဘူး .. :P

ဟိုနေ့က ဖတ်လို့ပြီးသွားတာက တက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ လွမ်း ဆိုတဲ့ ၀တ္တုပါ .. အချစ်ကြီး အမျက်ကြီး အမုန်းကြီးတဲ့ လွမ်း ဆိုတဲ့ မိန်းကလေး တယောက် အကြောင်းပေါ့ ..

မိခင်မရှိတော့ပဲ ဖခင်ကြီးနဲ့ ညီမလေးနဲ့ အေးအေးချမ်းချမ်းနေနေတဲ့ လွမ်းရဲ့ဘဝထဲကို မရည်ရွယ်ပဲ ဒုက္ခတွေ သယ်လာမိခဲ့တာက ဒေါက်တာမင်းညို (ခေါ်) မောင်မောင်လွင် .. လွမ်းအသိထဲမှာက မောင်မောင်လွင်ဟာ သူ့အတွက် ဂြိုလ်ကောင် တယောက် .. ဒေါက်တာမင်းညိုကတော့ သူသိပ်ချစ်ရတဲ့ သူ့ရဲ့ မျက်လုံးတွေကို အလင်းပြန်ရအောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးရှင် တယောက် ..

အမှန်တရားကို လက်ခံနိုင်စွမ်းမရှိတဲ့သူ နားလည်နိုင်စွမ်းမရှိတဲ့သူတယောက်အတွက် အထင်လွဲမှုတွေ ဆုံးရှုံးမှုတွေ ကြုံတွေ့ရတာပါပဲ .. စိတ်ထင်ရာ ဒေါသတကြီး တုန့်ပြန်တတ်တဲ့သူတွေအတွက်လည်း နောင်တက ကပ်လျှက်ပါနေပါတယ် .. ဘယ်အရာကိုမှ အစွန်းမရောက်ပဲ မျှမျှတတ တွေးတတ်ဖို့ ဆင်ခြင်တတ်ဖို့ လိုပါလိမ့်မယ် .. မှားသွားခဲ့ရင်ရော ?.. ပြင်ခွင့်ရတဲ့အမှားဆို တော်ပါသေးတယ် .. ပြင်ခွင့်မရခဲ့ရင် ... ?

ဝတ္တုထဲမှာ လွမ်းကတော့ ဆုံးရှုံးလိုက်ရပေမယ့် အပြီးတော့ မဟုတ်ခဲ့ဘူး .. ဒါပေမယ့် အရင်အတိုင်း အကောင်းတိုင်း ဖြစ်နိုင်ပါ့မလား ..

လူတိုင်း အမှားနဲ့ မကင်းပါဘူး .. မှားတယ် .. မှားပြီးရင်းထပ်မှားတယ် .. အမှားတွေထဲကမှာ သင်ခန်းစာ ယူနိုင်အောင် အမှားတွေ နည်းသထက် နည်းအောင် ကြိုးစားသင့်ပါတယ် ..

ကျမရော .. ?????

Tuesday, August 10, 2010

အတွေးများနဲ့ ကိုယ်

ကျမရဲ့ အလုပ်သွားရာ လမ်းတလျှောက်မှာ မြင်နေကျ မြင်ကွင်းတွေနဲ့ ပြည့်နှက်နေတယ် .. မနက်မိုးလင်းလို့ အလုပ်သွားရမယ့်လမ်းတလျှောက်မှာ ကြောင်ဖြူကြီးတကောင် ခုံတန်း တခုမဟုတ် တခုမှာ အိပ်နေတတ်တယ် .. ၀၀တုတ်တုတ်နဲ့ ကြောင်ဖြူကြီးရဲ့ မျက်နှာကို ကြည့်လိုက်ရင် အသက်အားဖြင့် မငယ်တော့ဘူးဆိုတာ သိသာလှပါတယ် ..

အိမ်နားက အုတ်ခုံတွေမှာ မနက်ခင်းတိုင်း မြင်ရတဲ့ မြင်ကွင်း နောက်တခုကတော့ တခေါင်းလုံးဖြူစွတ်နေတဲ့ အန်ကယ်ကြီးတယောက် သတင်းစာ ထိုင်ဖတ်နေမယ် .. လူလာတဲ့ အသံကြားရင် အသံကြားတဲ့ဆီ လိုက် ကြည့်မယ် .. တခါတလေတော့ အဲဒီနားမှာတင်ပဲ သန့်ရှင်းရေးအ၀တ်အစားနဲ့ အဒေါ်ကြီးနှစ်ယောက် အမှိုက်ပုံးနားထိုင်နေတတ်ပြန်တယ် ..

အလုပ်သွား/ပြန်ချိန် မှန်းခြေ နာရီဝက်တော့ ကြာတတ်တယ် .. တခါတလေ ကားစောင့်ရရင်တော့ ဒါထက်ပိုကြာပြီပေါ့ ..

ကလေးတွေ ကျောင်းဖွင့်ချိန်ဆို ကျောင်းဝတ်စုံနဲ့ ကလေးတွေကို မြင်နိုင်တယ် .. ဒီက ကလေးတွေကို မြင်လိုက်ရင် မြန်မာနိုင်ငံက ကလေးတွေနဲ့ ကွာခြားတာတွေကိုလည်း သတိရစေတယ် ..

ဒီက မြင်ကွင်းကတော့ အသက်အားဖြင့် ၁၃နှစ် ၁၄နှစ်ကလေးတွေဆိုရင်ပဲ အပျိုကြီး စတိုင်တွေနဲ့ ပြင်ထားဆင်ထားတာကို မြင်ရတယ် .. သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချမှုရှိနေတာကတော့ ကောင်းတဲ့အချက်လို့ မြင်မိပေမယ့် ကလေးအရွယ်က ကလေးနဲ့ မတူတာကိုတော့ သိပ်ဘ၀င်မကျလှဘူး .. (ကိုယ်နဲ့တော့ အနေသာကြီးပါပဲ)

၁၃နှစ် ၁၄နှစ်ဆို မြန်မာနိုင်ငံမှာ ၇တန်း ၈တန်းလောက်ပေါ့ .. ကျမ ၇တန်းလောက်တုန်းက ၁၀တန်းက အမကြီးတွေကို မြင်ပြီဆိုရင် ၁၀တန်း ကျောင်းသူဖြစ်ရတာ တော်တော်လေးကို ဂုဏ်ယူစရာကောင်းနေပြီလို့ ထင်ဘူးတယ် .. အရွယ်ရောက်ပြီးသား ပြည့်စုံနေသူလို့ အထင်ရောက်ဘူးတယ် .. ကိုယ်တကယ် ၁၀တန်း ရောက်တော့ တက္ကသိုလ်ကျောင်းက အမကြီးတွေကို အားကျမိပြန်ပါရော ..

ကိုယ် ၇တန်းမှာ မြင်ရတဲ့ အစ်မကြီးတွေက ဆံပင်ရှည်ရှည် အဲဒီ ဆံပင်မှာ ဖဲကြိုးလေးတွေနဲ့ ချည်ထားသေးတယ် .. ထမိန်လေးတွေနဲ့ အပျိုကြီးတပိုင်း ဖြစ်နေတဲ့ ၁၀တန်း အမကြီးတွေကို ငေးကြည့်ဖူးပါရဲ့ .. ကိုယ်သာ ၁၀တန်း ရောက်ရင်ဆိုပြီးလည်း စိတ်ကူးက ယဉ်လိုက်သေးတာလား ..

တကယ်တန်း ကိုယ် ၁၀တန်း ရောက်တော့ ခေါင်းက ဆံပင်လည်း ပိုရှည်မလာတဲ့ အပြင် ပြင်ဖို့ ဆင်ဖို့ ဆိုတာလည်း ဝေလာဝေးပေါ့ .. အမေဆင်ပေးတဲ့ အတိုင်းပဲ .. အဲဒီ အချိန်က ဆံပင်အရှည်ထားချင်တာ အရမ်း .. တချို့သူငယ်ချင်းတွေဆို ဆံပင်ကို အရောင်ဆိုး ကုတ်ဝဲလေးနဲ့ သိပ်သဘောကျတာ .. အဲဒီ ၁၀တန်းပြီးတဲ့ အထိကို ဆံပင်ညှပ်ဆိုင် ဆိုတာတောင် မရောက်ဘူးတဲ့ ကိုယ့်ဘ၀ .. ဦးလေးရဲ့ လက်ရာနဲ့ပဲ ကိုယ့်ဆံပင်က ရှည်ကို မလာတာ .. အဲဒီ ဦးလေးက ပြောသေးတယ် .. သူညှပ်ပေးတဲ့ ပုံက အဲဒီအချိန်က နာမည်ကြီးတဲ့ Ghost မင်းသမီး ကေတဲ့လေ .. အဲဒီတုန်းကတော့ အဟုတ်ကြီးပဲ ထင်ခဲ့တာပေါ့ .. ဘယ်လိုပဲ ပြောပြီး ညှပ်ညှပ် ဆံပင်က ခေါင်းထက်မှာ ၁လက်မ ၂လက်မ ထက်ပို ပိုမရှည်လာတတ်တာ .. ခုမှစဉ်းစားမိရင် ငါ အနှပ်ချ ခံရတာပဲလို့ .. :P ကိုယ် ၁၀တန်းမှာလည်း အလှပြင်ဖို့ထက် ဆော့ဖို့ပဲ ပိုစိတ်ရောက်နေသေးတာလည်း မှတ်မိနေပါတယ် .. အဲ ရင်လည်း ခုန်တတ်နေပြီပေါ့ .. :P စာမကျက်ချင်သလောက် သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ တခုမဟုတ် တခု ဆော့နေတာ .. စာကျက်ဖို့ကလွဲရင် အကုန်တက်ကြွနေတတ်တာ .. ဂိုက် အမကြီးတွေကိုလည်း ဒုက္ခပေးခဲ့တာ စုံလို့ပေါ့ ..

တရက် ဂိုက်အမကြီး လာမယ့်နေ့မှာ သူငယ်ချင်းတွေ အကုန် ဘယ်သူမှ စာမသင်ချင်ဘူး .. အဲဒီအမကြီး စာသင်တာလည်း တယ်ပျင်းဖို့ ကောင်းတာကိုး .. အဲဒါနဲ့ အားလုံးတိုင်ပင်ပြီး အိမ်တံခါးကို သော့ခတ် တခါးလာခေါက်တော့ မဖွင့်ပေးတာ ၁၀မိနစ်လောက်ထိ တံခါးခေါက်နေပြီး မဖွင့်တော့ ပြန်သွားတာ .. ပြန်သွားတော့လည်း သူငယ်ချင်းရဲ့ အမေ ဆရာမကိုများသွားတိုင်မလား စိတ်ပူရသေးတာ .. အဲဒီတုန်းက ကိုယ်တွေ တော်တော်ဆိုးခဲ့ပါလားလို့ ခု ပြန်တွေးမိနေတယ် .. ကျောင်းတက်တဲ့ သက်တမ်းတလျှောက် အပျော်ဆုံးကတော့ ၉တန်းနှစ်ပဲ .. ၁၀တန်းလို စာကျက်စရာ မများသလို မအောင်မှာလည်း မပူရတော့ ပျော်ပျော်ကြီး အတန်းလည်ပြီး ဇယ်ခုတ်ခဲ့သေးတာ ..

ခုနောက်ပိုင်း မြန်မာနိုင်ငံက ကလေးတွေ (ခုတော့ ပြောအားရှိပြီပေါ့ .. :P)ရဲ့ ကျောင်းတက်ပုံက ဘယ်လိုရှိနေတယ်တော့ မပြောတတ်ပါဘူး .. ဒီမှာ မြင်ရတဲ့ ၁၀ကျော်သက်လေးတွေကို မြင်ရရင် စိတ်ထဲ မကျေလည်တာတော့ အမှန် .. ကလေးလို့ ပြောလိုက်ရင် မျက်စိထဲမှာ သနပ်ခါး ပါးကွက်ကျားနဲ့ ဆံပင်တိုတို ဂါဝန်လေးပဲ မျက်စိထဲမြင်မိတယ် .. ဒီမှာ မြင်နေရတဲ့ အပျိုကြီးဂိုက်နဲ့ ကလေးတွေ မြင်မိရင် စိတ်ထဲ မသက်သာ .. နောက်ကလေးတွေအတွက်လည်း ရင်လေးမိတာ အမှန် ..

ဒါတွေ အားလုံးက တိုးတက်နေတာပါလို့ ပြောရင်သိပ်ဘ၀င်မကျချင် .. ဒါပေမယ့် လက်မခံလို့လည်း မရ .. ဒီလိုနဲ့ပဲ အတွေးထဲ တ၀ဲ လည်လည်နဲ့ ရက်တွေလည်း တရက်ပြီး တရက် မပြောင်းမလဲ ဖြတ်ကျော်နေရင်း ....

ကျမနှင့် ဥပုသ်စောင့်ခြင်း

ငယ်ငယ်ကဆို အိမ်က လူကြီးတွေ ဥပုသ်စောင့်ပြီဆို အရမ်းကိုပဲ လိုက်စောင့်ချင်တယ် .. အဲဒီတုန်းကတော့ ဥပုသ်စောင့်တဲ့ လူတွေကို မစောင့်တဲ့ လူတွေက စားဖို့ သောက်ဖို့ စီစဉ်ပေးသမျှတွေကို ကိုယ်က လိုက်စားချင်တာကိုး .. အားလုံးကလည်း ကိုယ့် အကြိုက်တွေချည်းပဲဆိုတော့ ဥပုသ်နေ့ဆို ပျော်ပျော်ကြီးပဲ ..

ဥပုသ်ကို ဘယ်ချိန်က စစောင့်ဖြစ်လဲဆို မှတ်မှတ်ရရ ၁၀ တန်း အပြီး ပထမနှစ်လောက် ထင်တယ် .. ပထမဆုံး ဥပုသ်စောင့်တာဆိုတော့ ညဘက်ကျ ဗိုက်က ဆာရော .. ပြီးတော့ ကိုယ့်အထင်ကလဲ ည ၁၂ နာရီ ကျော်ရင် စားလို့ရပြီ မှတ်နေသေးတယ် .. အဲဒီနေ့ကတော့ ည ၁၂ နာရီကျော်တာနဲ့ အိပ်ရာကထပြီး ကော်ဖီတွေ မုန့်တွေ ထစားလိုက်တာ မှတ်မိပါရဲ့ .. :D အဲဒီနေ့ကတော့ မအောင်မမြင်နဲ့ပဲ ပြီးဆုံးသွားပါတယ် ..

လူသီလဆိုပြီးတော့ (၅) ပါးသီလကို သတ်မှတ်ပြီး ကျမတို့ ကျင့်သုံးကြတယ် .. ဥပုသ်ရက်တွေမှာ (၈)ပါး (၉)ပါးစသည်ဖြင့် ပိုများတဲ့ သီလတွေနဲ့ ကျမတို့ စောင့်ထိန်းကြတယ် .. တခါတလေလည်း ပြည့်ပြည့်၀၀ စောင့်ထိန်းနိုင်ပြီး များသောအားဖြင့် တပါးမဟုတ် တပါး ကျိုးတတ်တယ် .. လူ့အသိုင်းဝိုင်းထဲ ကျင်လည်နေရတဲ့အတွက် စိတ်အခန့်မသင့်တာနဲ့ ကြုံတိုင်း ကျမကတော့ စိတ်တို ဒေါသထွက်နဲ့ သီလ ကျိုးပြန်ပါရော .. ပတ်ဝန်းကျင်နဲ့ ဆက်သွယ်နေရတဲ့အတွက် လိမ်ညာခြင်းဆိုတဲ့ သီလကတော့ မတည်မြဲနိုင်တာ များပါတယ် .. လူတွေကို စိတ်တို စိတ်ဆိုးမိပြန်တော့ မေတ္တာထားဖို့ဆိုတော့ သီလ ကျိုးပြန်ရော .. ဥပုသ်စောင့်တိုင်း စိတ်က သီချင်း ညည်းညည်းမိပြန်တော့ နောက်တပါးပေါ့ .. (ကုန်ပါပြီ)

ငယ်ငယ်ကတော့ ဥပုသ်စောင့်တယ်ဆိုတာ အစားမစားရုံနဲ့ဖြစ်ပြီလို့ မှတ်ယူမိဘူးပါတယ် .. အစားမစားပေမယ့် ရုပ်ရှင်ကြည့်တယ် .. (အထူးသဖြင့် မကင်းကွာနိုင်တာက ကိုရီးယားကားပေါ့) သွားရင်း လာရင်း ဖိနပ်အောက်ရောက်လာမယ့် ပိုးမွှားလေးတွေအကြောင်းလည်း တွေးမိတယ် .. မှန်ဆိုတာလည်း မြင်ရင် ကြည့်မိပြန်ပါရောလား ..

တခါတလေလည်း တွေးမိသေးတယ် .. ဘာပဲ လုပ်လုပ် အကုသိုလ်ကကို မလွတ်ပါလားပေါ့ .. လောဘ ဒေါသ မောဟဆိုတာ အကုသိုလ် .. ပျော်ရင် လောဘဆိုတော့ အကုသိုလ် ဖြစ်ပြန်ရော .. မျက်ရည်ကျတော့ ဒေါသတဲ့ .. အားလုံး လွတ်အောင် အိပ်နေမယ်ဆိုရင်လည်း ထိနမိဒနဲ့သေရင် တိရစ္ဆာန် ဖြစ်ရပြန်ဦးမယ် .. ဘယ်အရာမှ မလွတ်ပါလားပေါ့ ..

ကျမကတော့ ဥပုသ်စောင့်တယ်ဆိုတာ သီလတွေကို စောင့်ထိန်းခြင်း ထိန်းချုပ်ခြင်းလို့ မြင်မိတယ် .. သီလယူထားတဲ့အတွက် ဘာတွေရှောင်ရမယ်ဆိုတဲ့ အသိက စိတ်ထဲရှိနေတော့ မကောင်းတာ လုပ်မိတော့မယ်ဆိုရင်တောင် ငါသီလ ယူထားပါလားဆိုတဲ့ အသိလေးနဲ့ အတော် အတန် ထိန်းချုပ်နိုင်မယ်လို့ ထင်မိတယ် .. ပုံမှန် ဥပုသ် မယူထားချိန်ဆို လွယ်လွယ်လေး လိမ်လိုက်မိမယ့် ကိစ္စက ငါ ဥပုသ်ယူထားပါလားဆိုတဲ့ အသိနဲ့ တတ်နိုင်သလောက်တော့ ထိန်းမိတာပါပဲ ..

တခါတလေ စိတ်ညစ်ညူးတယ်ဆိုရင် တရားစာလေးဖတ် တရားခွေလေး နာလိုက်တာလဲ အနည်းဆုံးတော့ အကုသိုလ်အတွေးတွေ မတွေးမိတော့ပဲ စိတ်က ကြည်လင်သွားတတ်ပါတယ် .. ကျမက စိတ်ရှုပ်ထွေး လွယ်ပါတယ် .. အဲလို စိတ်ရှုပ်တိုင်း လုပ်နေကျ အလုပ်ကတော့ ဘုရားမှာ ပန်းလဲ သောက်တော်ရေလဲ ပြီးရင် တရားခွေဖွင့်ထားတတ်တာပါပဲ .. ဆရာတော် ဥူးသုမင်္ဂလ တရားတွေကို နာဖြစ်ပါတယ် .. ဆရာတော် ဟောတဲ့ ပုံဝတ္တုတွေကို နားထောင်ရတာ ကြိုက်လို့ပါ ..း)

Sunday, July 18, 2010

ည မြင်ကွင်းတခုနောက်က အတွေး

ကားပေါ်တက်လာသည်နှင့် နေရာလွတ်တွေ အများကြီး ရှိနေသေးသော ကားပေါ်မှာမှ ကျမဘေးနားသို့ တန်းတန်းမတ်မတ် လျှောက်လာကာ ဘေးနားလာထိုင်ရင်း သစ်သီးကို တဂျွတ်ဂျွတ်နှင့် ၀ါးနေသော အဖွားအိုကို မျက်လုံးဒေါင့်မှ ကြည့်ရင်း အတွေးတွေ နယ်ချဲ့နေမိသည် ..

ဒီက ကားတွေပေါ် ရထားတွေပေါ်မှာ အစားစားခွင့် ရေသောက်ခွင့် မရှိ .. သို့ပေမယ့် တခါတရံ ပုန်းပုန်းဝှက်ဝှက် ပေါ်ပေါ်တင်တင် စားသောက်နေသူများကိုလည်း မြင်တွေ့ရလေ့ရှိသည် .. ကျမဘေးနားက အန်တီကြီးကတော့ သူပုံမှန်စားနေသလိုပဲ သစ်သီးကို တဂွက်ဂွက် ၀ါးစားနေသည် ..

စစချင်းကတော့ နေရာလွတ်တွေ အများကြီးရှိနေပါရက်နဲ့ ကျမဘေးနားလာထိုင်သဖြင့် စိတ်ထဲ အင်တင်တင် ဖြစ်သွားမိသည် .. ကျမက ကိုယ့်အတွေးနဲ့ ကိုယ်ကိုး .. ဒီကြားထဲ အိတ်ထဲနှိုက်ရင်း ကျမကို တိုးလားထိုးလားဖြစ်တော့ စိတ်ထဲ သိပ်မကြည်ချင်တော့ .. မျက်လုံးထောင့်က မြင်ရတာတော့ ဆံပင်တွေ တခေါင်းလုံးဖြူဖွေးနေလျက် အဖွားအိုတဦး .. ကျမ စိတ်မှန်း အသက်အားဖြင့် ၅၀ ၆၀ ပေါ့ .. အိတ်ထဲမှ သစ်သီးတလုံးထုတ်ပြီး တဂျွတ်ဂျွတ် အသံမြည်အောင်ပါ စားလာတော့ ကျမစိတ်ထဲ အနှောင့်ယှက်ဖြစ်မိတာ ၀န်ခံရမည် .. ဒါပေမယ့် မတတ်နိုင် ကိုယ်က ဒေါင့်ရောက်နေသည်ကိုး ..

ကျမက ဇီဇာကြောင်တယ် .. တယောက်ယောက်က နင် သိပ်ဇီဇာကြောင်တယ် ပြောလာရင် ကျမ နာလေ့မရှိ .. လက်ခံမိသည် .. အဟုတ်ပင် ကျမ ဇီဇာ တော်တော် ကြောင်ပါသည် ..

ဒီက တချို့တရုတ်တွေ စကားပြောလျှင် သွားကြားမှ တံတွေးတွေ ထွက်လာတော့မတတ် ပြောလေ့ရှိသူမျိုးနှင့် စကားပြောရလျှင် ကျမ စိတ်အနှောင့်အယှက် ဖြစ်သည် .. ကျမ ခေါင်းပေါ်မှ ကျော်၍ စကားပြောလျှင် ခေါင်းကို တံတွေးတွေ စင်မလားဟူသောအတွေးဖြင့် စိတ်အနှောင့်ယှက် ဖြစ်တတ်သည် .. ထမင်းစားရင်း စကားတွေ အများကြီး ပြောလာပါက ထိုသူရဲ့ တံတွေးတွေ ဟင်းခွက်တွေထဲ ၀င်မလားအတွေးနဲ့ စိတ်အနှောင့်ယှက် ဖြစ်တတ်ပြန်သည် .. ထိုအရာများသည် ကျမရဲ့ ဇီဇာကြောင်ခြင်း အစိတ်အပိုင်းမျှသာ ..

ဘေးနားက အန်တီကြီး တဂျွတ်ဂျွတ် ပလပ်ပလပ်နှင့် စားနေသည်မှာလည်း ကျမ စိတ်အနှောင့်ယှက် ဖြစ်လာသည် .. တဖြည်းဖြည်းနဲ့ သစ်သီးတလုံးလုံးကို ပတ်ချာလည်ကိုက်ရင်း ၀ါးစားနေသောအန်တီကြီးကို မှန်ထဲမှ မြင်ရင်း ကြည့်ရင်း ကျမ စိတ်တွေ တမျိုးပြောင်းလာခဲ့သည် .. တွေးစရာတွေ ဖြစ်လာခဲ့သည် .. တဖြည်းဖြည်း စားနေသော အန်တီကြီးကို ကြည့်နေရင်း သနားစိတ် ဖြစ်လာခဲ့သည် ..

လမ်းပေါ်တွင် ညဘက် ၁၁နာရီ ကျော် အထိ ဒီ အန်တီကြီး အစားမစားရသေးတာလား .. တော်တော် ဆာနေလို့များ သူစားနေတာလား .. သူ့မှာ စားစရာ ဒါပဲရှိတာလား .. ဒီသစ်သီးက သူ့ရဲ့ ညစာများ ဖြစ်နေမလား .. စိတ်ထဲက သစ်သီးစားချင်လို့ စားနေတာဖြစ်ပါစေ ဆုတောင်းမိသည် .. ဆာလောင်နေလွန်းသော သူတယောက်အတွက် ထိုသစ်သီးတလုံးသည် ဘယ်အတိုင်း အတာထိ ဆာလောင်မှုကို ပြေပျောက်စေနိုင်မလဲ ..

ထို အန်တီကြီးသည် ခုချိန်ထိ လမ်းပေါ်မှာ ဘာလို့ ရောက်နေတာလဲ .. အလုပ်ကများ ပြန်လာတာလား .. ဘာအလုပ်လုပ်တဲ့သူဖြစ်မလဲ .. သူ အခု အစာစားနေသော လက်တွေက သန့်ရှင်းပါ့မလား .. သစ်သီးကရော ..

ထို အန်တီကြီးသည် ငယ်ရွယ်စဉ်က ကိုယ်ပိုင်ကား ကိုယ်တိုင်မောင်းရင်း အလုပ်တွေ တက်ချင် တက်ဘူးမည် .. သန့်ရှင်း သန့်ပြန့်စွာနှင့် လုပ်ငန်းခွင် ၀င်ချင် ၀င်ဘူးမည် .. အရာအားလုံ ပြည့်စုံကုံလုံနေသူ တဦးလည်း ဖြစ်ချင် ဖြစ်ဘူးမည် .. လူတကာကို မောက်မောက်မာမာ ပြောဘူးသူလည်း ဖြစ်ချင်ဖြစ်မည် .. ကျမလိုပဲ ဇီဇာကြောင်သူ တယောက်လည်း ဖြစ်ချင် ဖြစ်ဘူးမည် .. ဒါပေမယ့် ခု လက်ရှိ အချိန်မှာတော့ ည ၁၁ နာရီထိ လမ်းမပေါ် ရောက်နေသူ တဦး .. ဘတ်စ်ကားပေါ်မှာ သူမရဲ့ ညစာ ဖြစ်ချင် ဖြစ်မည့် သစ်သီးတလုံးကို မက်မက်မောမော ၀ါးစားနေသူ တဦး ဖြစ်နေခဲ့သည် ..

ကျမရော ဒီအသက်အရွယ်လောက် ရောက်သွားခဲ့တဲ့ အချိန်မှာ ဘယ်လို အခြေအနေမျိုးနဲ့များ ရှိနေမှာပါလိမ့် ..

ညစ်ပတ်ပေရေနေသော လူတဦးကို မြင်လိုက်လျှင် ထိုလူရဲ့ ဆိုးဝါးတဲ့ ကိုယ်နံ့ကို ရလိုက်လျှင် ကျမနှာခေါင်းရှုံ့မိသည်ဟု ၀န်ခံရဦးမည် .. ဒါပေမယ့် နောက်ပိုင်းမှာတော့ အတွေးတွေ ကပ်ပါလာပြန်သည် .. သနားစိတ်ဝင်လာသည် .. နှာခေါင်းရှုံ့မိခြင်းကို အားနာ ရှက်ရွံ့မိသည် ..

သူသည် ညစ်ပတ်ချင်လို့ ညစ်ပတ်နေသည်တော့ မဖြစ်နိုင် .. ဘယ်လိုအလုပ်တွေ လုပ်လို့ ညစ်ပတ်ပေရေနေပါသလဲ .. ကျမတို့ မသိနိုင် .. မညစ်ပတ် မနံစော်ချင်ပေမယ့် လုပ်ငန်းသဘောအရ ထိုသူ ညစ်ပတ်သည် .. သူ့ကိုယ်က ထွက်တဲ့ အနံ့ကြောင့်လဲ အများသူငှာ စီးတဲ့ ရထား ကားပေါ်မှာ သူ့ကိုယ်သူ သိမ်ငယ်စိတ် ရှက်ရွံ့စိတ် ဖြစ်မည် .. ဒါပေမယ့် သူသွားလိုသောခရီး ရောက်နိုင်ရန် သူသွားမှ ဖြစ်မည် .. ထို့ကြောင့်လဲ အများသူငှာ ငြိုငြင်မည် သိသော်လည်း ဒီခရီးကို ရှောင်ရှား၍ မရနိုင် အငြိုငြင်ခံပြီး သွားရမည်သာ ..

ညမိုးချုပ် ၁၀ နာရီ ၁၁ နာရီ ကျမတို့ လည်ပတ် ပျော်ပါးပြီး ပြန်တဲ့အချိန်မှာ အလုပ်ခွင်က ပင်ပင်ပန်းပန်း ပြန်ရသူတွေ ရှိသည် .. ထိုသူများ၏ မျက်နှာကို မြင်ပါက ကျမစိတ်တို့ လန်းဆန်းမှုတွေ လျော့ပါးကုန်တတ်သည် .. လူသားအားလုံးဟာ ကိုယ့်ရဲ့ ပြုခဲ့တဲ့ ကံအကြောင်းတရားတွေကြောင့် အကျိုးတရားတွေ လက်တွေ့ခံစားနေကြရသည် .. လောကကြီးက တရားပါသည်လေ ..

ဝန်ခံချက် - ကျမက ကိုယ့်ကိုကိုယ် ညှာလွန်းသည် .. သနားတတ်လွန်းသည် .. အိပ်ရေးလေး မ၀ရင်တောင် အသက်ထွက်တော့မတတ် ဖြစ်လေ့ရှိသည် .. ဒါပေမယ့် ပြင်ပလောကကြီးမှာ ကိုယ့်ထက် ပင်ပန်းဆင်းရဲလွန်းစွာ လုပ်ကိုင်စားသောက်နေရသူတွေကို မြင်မိချိန်မှာတော့ ကိုယ့်ကိုကိုယ် ရှက်မိသည် .. ဒါပေမယ့် ဒုံရင်းကတော့ ဖြစ်မြဲ .. ပြင်ရမည်ဆိုသည်ကို သိသည် .. မပြင်နိုင်သေး .. ကြိုးစားရဦးမည် ..

Wednesday, July 7, 2010

ကျမနှင့် အလုပ် (၁)

တချို့လူတွေ ရေးသလို ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ရေးချင်တော့ ဘယ်က စရေးရမလဲ အရင် စဉ်းစားရပါတယ် .. ဘာလို့ဆိုတော့ နမူနာ ပြစရာ လောက်လောက်လားလား အတွေ့အကြုံဆိုလို့ ဘာမှမှ မရှိတာ .. အချိန်တန်လို့ အလုပ်တွေ လုပ်ဖြစ်ခဲ့တာပဲ ရှိတော့ ကိုယ်က ဆရာလုပ်ပြီး အငယ်တွေအပေါ်ကို ငါ့တုန်းက ဘယ်လိုလုပ်ခဲ့တာ ဘယ်လိုနမူနာယူရမယ်လို့ ပြောမရ ဖြစ်နေတယ်လေ .. :P

စကားလုံး ကြီးကြီးတွေနဲ့ ဆရာကလည်း သိပ်လုပ်ချင်ပါတယ် .. အမ၀မ်းကွဲတွေကဆို "မီးငယ် နင်က အကြီးလား ငါက အကြီးလား"လို့ အမြဲတမ်းမေးခံရပါတယ် .. :D

အစ်မတယောက်ဆို "မီးငယ် ငါ ၁၀တန်း တက်မှ နင်လူဖြစ်တာနော်" လို့ ပြောလေ့ရှိတယ် .. ဒါလည်း ပြောပြောပါပဲ .. ကိုယ်တိုင်ကတော့ စကားလုံးကြီးကြီးတွေ သုံးရင်း ဆရာလုပ်မြဲပါပဲ .. :D (၀ါသနာကိုး :P)

ခုလည်း အရင်က အကြောင်းတွေကို သတိတရနဲ့ ပို့စ်တပုဒ် ရေးချင်လာပြန်ပါပြီ .. မလန့်သွားပါနဲ့ဦး .. ဆရာလုပ်မှာ မဟုတ်ပါဘူး .. :P

မိုးခါး အသက် ၁၆ နှစ်မှာ တက္ကသိုလ် ပထမနှစ် စတက်ပြီပေါ့ .. အဝေးသင်ဆိုတော့ သိတဲ့အတိုင်း ကျောင်းလေး အနီးကပ် ၁၀ ရက်သွားတက် ကျန်တာက အိမ်မှာ ပျင်းပျင်းရှိ စာအုပ်ဖတ် အခွေကြည့် သူငယ်ချင်းတွေနဲ့ အလေလိုက် ဒါတွေနဲ့ပဲ အချိန်ကုန်နေတဲ့ အချိန်ပေါ့ .. ပထမနှစ်ပြီးတော့ ဒုတိယနှစ် တက်ခါနီးမှာ အဒေါ် အပျိုကြီးက သူ့ရုံးမှာ နေ့စားအနေနဲ့ အလုပ်ဝင်ခိုင်းပါတယ် .. တူမလုပ်တဲ့လူ အလေလိုက်နေတာ ကြည့်မရဘူးထင်ပါတယ် .. :P ဒီလိုနဲ့ ၁၈နှစ်ထဲမှာ ရုံးအလုပ် စလုပ်ဖြစ်ခဲ့ပါတယ် ..

ရန်ကင်းက မြန်မာ့ဂုန်လျှော်(ရုံးချုပ်)မှာ နေ့စားပေါ့ .. ငယ်တုန်းကတော့ ဘာပဲ လုပ်လုပ် ပျော်စရာတော့ ကောင်းနေတာပါပဲ .. အပူအပင်မရှိပေမယ့် တာဝန်ဆိုတာကိုတော့ အနည်းငယ် နားလည်ခဲ့တဲ့နေရာပါ .. ဒါပေမယ့် ပျော်နေတာပါပဲ ..

အဲဒီအချိန် နေ့စားဆိုတာ တရက်ကို ၁၀၀ ရတဲ့ အချိန်ပေါ့ .. မိုးခါး လခထုတ်ရင် ၁၈၀၀ ၂၀၀၀ (စလုံးမဟုတ်ပါ .. မြန်မာကျပ် :P) ရပါတယ် .. အဲဒီလခကလဲ ကိုယ့်ဟာကိုယ် လ္ဘက်ရည်ဆိုင်သွား ဟိုဟာဝယ်ဒီဟာဝယ်နဲ့ လောက်ကို မလောက်ပါဘူး .. အဒေါ်ကလည်း စိတ်မလေအောင်ဆိုပြီးပဲ အလုပ်ထဲသွင်းပေးခဲ့တာပါ .. တကယ်လဲ အဲဒီအချိန်က ပျော်ဖို့လည်း ကောင်းသလို လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးပါ တတ်ခဲ့တဲ့ နေရာပါ ..

တချို့ကတော့ ပြောတယ် .. အချိန်ကုန်တယ် .. ပိုက်ဆံမရဘူးပေါ့ ဆိုပြီးတော့ .. ဒါပေမယ့် ခုချိန် ပြန်စဉ်းစားကြည့်တော့ အကျိုးတော့ ရှိခဲ့ပါတယ် .. စိတ်လေမယ့် အချိန် မရှိလိုက်ဘူး .. အလုပ်တခုရှိနေတယ် .. အချိန်တန်ရင် အလုပ်တက်ရတယ် .. ပြီးတော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်သွားတယ် .. လူကြီး လူငယ် ရာထူး အကြီးအငယ် အစုံပေါ့ ..

နေရာတိုင်းမှာ လူစုံတွေ့နိုင်ပါတယ် .. ပိုက်ဆံမရှိတဲ့ အသိုင်းအ၀ိုင်းမို့ အသိဥာဏ် စိတ်ဓါတ် ဆင်းရဲနိမ့်ကျမယ်လို့ ထင်ရင် မှားပါမယ် .. ဒီလိုပဲ ပိုက်ဆံချမ်းသာတဲ့ လူတွေချည်းရှိလို့ ဒီအသိုင်းအ၀ိုင်းဟာ အသိဥာဏ် စိတ်ဓါတ် အဆင့်အတန်းမြင့်မယ်လို့ ပြောလို့မရပြန်ပါဘူး .. နေရာတိုင်းမှာ အုတ်ရောရော ကျောက်ရောရောတွေ အများကြီးပါ .. အဓိက က ကိုယ်ပေါင်းသင်းရမယ့်သူရဲ့ အကျင့်နဲ့ စိတ်ဓါတ်ကို အရင်သိထားသင့်ပြီး ကိုယ်က အလိုက်အထိုက်ပေါင်းသင်းတတ်မှသာ ရန်မများမှာ ဖြစ်တယ်လို့ အဲဒီရုံးက သင်ကြားပေးလိုက်ပါတယ် ..

မိုးခါးအကျင့်ကလဲ လူတယောက်နဲ့ တွေ့ပြီဆိုရင် ကိုယ့်စိတ်ထဲက ခံစားရသလို ဆက်ဆံမိလိုက်တာ များပါတယ် .. များသောအားဖြင့်ကတော့ စိတ်ရှင်းရှင်းနဲ့ ပြောဆိုဆက်ဆံနိုင်ပေမယ့် တချို့တလေကျတော့ ဘယ်လိုမှ စိတ်ထဲ မနှစ်မြို့တာမျိုးလည်း ဖြစ်တတ်ပါတယ် .. အလုပ်မ၀င်ခင်ကဆို ကိုယ် အော်ချင် အော်လိုက်တာမျိုး မကြည်တာကို မကြည်သလို တုန့်ပြန်တာမျိုးလုပ်မိတတ်ပါတယ် .. အလုပ်ဝင်ပြီးနောက်ပိုင်း ကင်းသွားတာမျိုးမဟုတ်ပေမယ့် နည်းတော့ နည်းသွားပါတယ် .. တဖြည်းဖြည်း ထိန်းချုပ်နိုင်လာတယ် .. လူတိုင်းဟာ ကိုယ့်စိတ်အတိုင်း ဆက်ဆံလို့မရကြောင်း ဟန်ဆောင်သင့်တဲ့နေရာ ဟန်ဆောင်သင့်ကြောင်း နားလည်လာခဲ့ပါတယ် ..

အစိုးရ ရုံးဆိုတာလဲ သိကြတဲ့အတိုင်း အလုပ်က တော်တော်ပါးပါတယ် .. စစချင်း ကိုယ့်အထက် လူကြီးက အန်တီကြီးပါ .. အရမ်းအေးပြီး သဘောလည်းကောင်းပါတယ် .. (သဘောမကောင်းတဲ့ ပြောရရင် စိတ်ပုပ်တယ် ပြောလို့ရတဲ့ အန်တီတွေလည်း တွေ့ရပါတယ် .. ဒါပေမယ့် ကိုယ်နဲ့ တိုက်ရိုက် မဆက်ဆံရတော့ မပြောတော့ပါဘူး .. :D) အဲဒီရုံးမှာ ဘယ်လိုအလုပ်မျိုး လုပ်ရလဲဆိုတော့ ၀န်ထမ်းတွေကို ဆန်ပေးတယ် ဆီပေးတယ်ဆို စာရင်းမှတ်ရတာမျိုး .. အန်တီခိုင်းတဲ့ စာရင်းလေး နဲနဲပါးပါးလုပ်ပြီး များသောအားဖြင့် အပေါ်ထပ် အောက်ထပ် လျှောက်လည် လျှောက်သွားပြီး လျှောက်စားနေတာပေါ့ .. ငယ်လည်းအငယ်ဆုံးဆိုတော့ ပစားပေးခံရသေးတယ် .. မန်နေဂျာ တူမဆိုပြီးလည်း ကိုယ့်ရှေ့ဆို အကောင်းချည်းပေါ့ .. နောက်ကွယ်မှ အတင်းပြောတာ တပိုင်း .. :D အဲဒီ မိုးခါးရဲ့ အထက်လူကြီး အန်တီက ဘယ်လောက်အေးလဲဆို ဘယ်သူ့ကို မဆို ခိုင်းတာတောင် ချော့ပြီးခိုင်းတတ်တဲ့သူမျိုးပါ .. မိုးခါး အမေအတိုင်းပဲ .. သမီးလေး ဒါလေးလုပ်ပေးနော် ဆိုပြီးတော့ပေါ့ .. ပြီးကျတော့ ဘာကြောင့် ကိုယ့်မှ ခိုင်းရတယ်ဆိုတာမျိုး ပါသေးတယ် .. တကယ်ဆို အထက်လူကြီးပဲ ဒါလုပ်ဆို ရပေမယ့် အဲဒီအန်တီက အဲလိုမဟုတ်ခဲ့ဘူး .. တသက်နဲ့တကိုယ် အထက်လူကြီးဆိုးလို့ဆိုပြီး စိတ်ညစ်ရတာ မရှိဘူးဘူး .. အဲဒီအလုပ်ကတော့ အဒေါ်ရဲ့ ကျေးဇူးပါ .. အဲဒီအက်ဒမင်ဌာနမှာ နှစ်ဝက်လောက် ဆန်ပေးလိုက် ဆားပေးလိုက် ဆီပေးလိုက် ပြီး ရောင်းစားလိုက် ပြီးတော့ တဖက်က အဝေးသင် ကျူရှင်ပြေးတက်လိုက်နဲ့ အချိန်တွေ ကုန်ခဲ့ပါတယ် .. လူတွေအကြောင်းလည်း သိတန်သလောက် သိပြီးတော့ပေါ့ ..း))

နောက်တော့ အဒေါ်ကျေးဇူးနဲ့ပဲ ကွန်ပျူတာ တတ်လား တတ်ရင် ကွန်ပျူတာခန်းပို့မယ်ဆိုပြီး ကွန်ပျူတာခန်း ရောက်ပြန်ပါတယ် .. ဖေကြီးပြောဘူးသလို အသိပညာ အတတ်ပညာတခုကို ကိုယ်သိတယ် တတ်တယ်ဆိုတာ ဘယ်တော့မှ အလကား မဖြစ်ဘူးတဲ့ .. တချိန်ချိန်မှာ သက်ဆိုင်တဲ့အလုပ်တခုနဲ့ မတွေ့ရ မကြုံရ မလုပ်ရဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးတဲ့ .. ဒီတော့ ကိုယ် ဘာရနိုင်လဲ ကိုယ်ရနိုင်သလောက်ကို ယူထားရမယ်တဲ့ .. ခုလည်း ကွန်ပျူတာသင်တန်းလေးတက်ထားတဲ့ ကျေးဇူး အစ်မတွေ ဆိုင်မှာ သွားရင်း ရှုပ်ရင်း မြန်မာစာလည်း ရိုက်တတ် ရိုက်ဖူးတဲ့ ကျေးဇူးကြောင့် ပိုပြီး သက်သာတဲ့ အလုပ်မျိုး နေရာမျိုး ထပ်ရောက်ခဲ့တယ်လို့ ဆိုနိုင်မယ် ထင်ပါတယ် ..

ဘယ်လိုနေရာ ရောက်ရောက် ပြဿနာဆိုတာ ရှာရင် တွေ့တာပါပဲ .. ကိုယ် မရှာလည်း ကိုယ့်ကို လာရှာပြန်ပါတယ် .. ဒါပေမယ့် ကိုယ့်အတွက် ဒါက ပြဿနာမဟုတ်ပါလားလို့ လက်ခံလိုက်ရင် ကိုယ့်ဘက်မှာ ပြဿနာ မရှိတော့ပါဘူး ..

မိုးခါးမျက်စိရှေ့က ရုံးအလုပ်မှာ လူတွေက စကားတွေရှုပ်ကြတယ် .. အမျိုးသမီးတွေ များတဲ့အတွက် ပြီးတော့ နောက်တခုက အလုပ်တွေ များမနေတဲ့အတွက် စကားတွေပိုပြောကြပြီး စကားတွေ ရှုပ်ကြတယ် .. ပြဿနာတွေရော အစုံပေါ့ .. တချို့က ငွေရေးကြေးရေး တချို့က လူမှုရေး စီးပွားရေး လူငယ်တွေကျတော့ အချစ်ရေးပေါ့ .. တော်တော်စုံပါတယ် .. ပြဿနာကို လက်ခံထားတဲ့လူတွေ အတွက်တော့ ပြသနာတွေ ပုံလို့ပေါ့ .. အရေးမပါတာတွေလည်း ပြဿနာတွေ တက်လို့ .. ချိတ် ချိတ်ချင်း ဆိုတော့လည်း ချိတ်ကြပြန်ရော ..

နေရာတိုင်းမှာ လူဆိုး လူကောင်း တွဲနေပါတယ် .. တချို့ မသိမသာ တချို့ သိသိသာသာ .. သူ ဘယ်လိုလူဖြစ်နေ ဖြစ်နေ ကိုယ်နဲ့ အဆင်ပြေနေဖို့က ကိုယ့်အလုပ်ပါ .. ဒါကြောင့် ကိုယ့်အလုပ် ကိုယ်လုပ်တတ်ရမယ်ဆိုတဲ့ အသိလည်း ရလာပြန်ပါတယ် .. အားလုံးနဲ့ သဟဇာတဖြစ်အောင် နေဖို့ ကြိုးစားရင်းနဲ့ တခါတလေလည်း စိတ်တို ဒေါသထွက် ပြီးကျတော့ ဘာမှမဟုတ်ပါလားဆိုတဲ့ အသိဝင်လာဖို့ ကြိုးစားရပြန်ပါတယ် ..

လူတိုင်း အရာအားလုံး ပြည့်စုံ ဖူလုံနေဖို့ ခက်ခဲပါတယ် .. ဒါပေမယ့် လူတွေကြားထဲမှာ နေတတ်အောင် သင်ပေးလိုက်တာက ရှေ့က နေပြတဲ့ အဒေါ်ပါ .. အဒေါ်က အပျိုကြီးဆိုပေမယ့် ဇီဇာကြောင်ကြောင်နဲ့ လက်ပေါက်ကတ်တဲ့ အဒေါ်မျိုး မဟုတ်ခဲ့ဘူး .. စံပြအနေနဲ့ မိုးခါးရှေ့မှာ ရှိနေခဲ့တယ် .. ဒါကြောင့်လည်း ရုံးအလုပ်နဲ့ပတ်သက်တဲ့ ၀န်းကျင်မှာ နေတတ်လာရင်း လူတွေကိုလည်း မြင်တတ်လာသလို ပြဿနာကိုလည်း ရှောင်တတ်လာခဲ့ပါတယ် .. အဲဒီအတွက် မိုးခါး အဒေါ်ကို အရမ်းကျေးဇူးတင်မိပါတယ် ..

အတွေ့အကြုံဆိုပြီး ပြောပြချင်နေတော့ နောက်ဆက်တွဲ အလုပ်တွေကိုလည်း မျက်စိနောက်အောင် ဖတ်ရပါဦးမယ်လို့ ကြိုတင် အသိပေးရင်း .. ခုလို မရှိမယ့် ရှိမယ့် အတွေ့အကြုံလေးကို သည်းခံဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ..း))

Thursday, June 24, 2010

ဒီရက်

မိန်းမပျိုလေး တယောက်အတွက်
ရင်ခုန်ခြင်းတွေ အစပြုခဲ့တာ
ဒီရက်

နှလုံးသွေးတွေ
ညင်သာစွာ စီဆင်းတဲ့ရက်
ဒီရက်

စိတ် အေးချမ်းမှု အလင်းကို
ရှာတွေ့ခဲ့တဲ့ ရက်
ဒီရက်

ဘ၀အတွက် ပါရမီဖြည့်ဖက်
တွေ့ဆုံခဲ့တဲ့ ရက်
ဒီရက်

မိန်းမပျိုလေး အပြုံးဟာ
ကိုယ့်အတွက် နံနက်ခင်းသစ်
မိန်းမပျိုလေး အပြုံး တခက်အတွက်
ကိုယ့်နှလုံးသား စုံးစုံးမြုပ်ခဲ့တယ်

ဒီနေ့တော့
ကိုယ့်နှလုံးသား
ပျော်ပျော်ကြီး အကျဉ်းကျခဲ့တာ
ရက်ပေါင်း
တထောင် ရှစ်ရာ နှစ်ဆယ့် ငါး ရက်

ဒီနေ့က ချစ်တရေး(မိုးခါးအခေါ်) မေလေးနဲ့ ကိုကိုရဲ့ အမှတ်တရ တရက်မို့လို့ ဒီကဗျာလေးကို လက်ဆောင်ပေးချင်ပါတယ် ..
မေလေးနဲ့ ကိုကို အသက်ထက်ဆုံး ချစ်ခင်ကြင်နာစွာ လက်တွဲသွားနိုင်ပါစေ ..

Tuesday, June 15, 2010

သံလျင်မြို့

ငယ်တုန်းတည်းက ရင်းနှီးခဲ့ရတဲ့မြို့တမြို့ပါပဲ ..

သံလျင်မြို့နဲ့ပတ်သက်ပြီး မှတ်ဥာဏ်တွေကတော့ .. ဗိုလ်ချုပ်ရွာ .. ကျိုက်ခေါက်ဘုရား .. ကျောက်တန်းဘုရား .. အဖွားဒေါ်ခြူ .. ရှင်မွေ့နွန်းနဲ့မင်းနန္ဒာ .. ငမိုးရိပ်ချောင်းနဲ့ တံတား .. စသည်တို့ပါပဲ ..

ဗိုလ်ချုပ်ရွာက ဖေကြီးဘက်က ဖိုးဖိုးကြီးရဲ့ ချက်မြုပ်ပေါ့ .. ကြားဘူးနေတာတော့ ဖိုးဖိုးကြီးက သူကြီးသားဆိုလား သူကြီးမြေးဆိုလားပါပဲ .. အိမ်မှာ ဓါးကြီးတလက်ရှိတယ် .. ဘယ်လိုခေါ်တယ်ဆိုတာတော့ မေ့ပြီ .. ထမင်းစားပွဲရဲ့ အပေါ်နားကျကျမှာ တန်းလန်းဆွဲထားလေရဲ့ .. အဲဒါ အိမ် အဟောင်း ၁ထပ်ခွဲအိမ်လေးတုန်းကပါ .. ခုဆို ဘယ်နားရောက်နေမှန်းတောင် မသိတော့ဘူး .. ဖိုးဖိုးကြီးက ရွာမှာ မနေချင်လို့ စာသင် မြို့တက်ပြီး ရုံးစာရေးဝင်လုပ်ရာက အဖွားနဲ့တွေ့ .. အဖွားက မြို့သူ .. ဒီလိုနဲ့ ကိုယ်တွေပါ ရန်ကုန်မြို့သူဖြစ်ခဲ့တယ်ပေါ့ .. ဒါပေမယ့် သံလျင်ဆိုတာ အိမ်ဦးနဲ့ကြမ်းပြင်လို ၀င်လိုက်ထွက်လိုက်နဲ့ ငယ်တုန်းတည်းက တော်တော်ရင်းနှီးခဲ့ပါတယ် .. ဖေကြီးတို့ ဖိုးဖိုးကြီးတို့ ပြောတဲ့ ဇာတ်လမ်းလေးတွေနဲ့လည်း နားယဉ်နေခဲ့ပါတယ် ..

ငယ်တုန်းက လူကြီးတွေ သွားတိုင်းလိုက် ရောက်တဲ့နေရာ စားသောက်နဲ့ ပျော်ခဲ့တယ် .. အိမ်တွေကို လိုက်နှုတ်ဆက်ရင်း ဘယ်လိုအမျိုးတော်တယ်ပြောတိုင်း အူကြောင်ကြောင် ကြည့်ဘူးတယ် .. တရွာလုံးက လူတွေကို အမျိုးတွေပါလားလို့ မှတ်ထားလိုက်တယ် .. ခုနောက်ပိုင်းလည်း သံလျင် ဗိုလ်ချုပ်ရွာက တရားစခန်းကြောင့် လစဉ်ရောက်ဖြစ်နေသေးတယ် .. ကိုယ်တိုင်မဟုတ်ရင်တောင် အိမ်က လူကြီးတွေ ရောက်တယ်ဆိုတာ ကြားကြားနေတယ် ..

ကျိုက်ခေါက်ဘုရားကတော့ သံလျင်ကို ရောက်တိုင်း မရောက်မဖြစ်လိုကို သဘောပိုက်ပြီး ရောက်ဖြစ်တယ် .. မုခ်ပေါင်းစုံကနေလည်း အတက် အဆင်းလုပ်ဘူးတယ် .. အဲဒီက ဂေါပကတွေကလည်း အမျိုးတွေတဲ့ .. အမျိုးမဟုတ်လည်း တနည်းနည်းနဲ့ ပြောရင်း ဆိုရင်းကနေ သိကုန်ကြပြန်ရော .. ကျိုက်ခေါက်ဘုရားပေါ်ကနေ သံလျင်မြို့ကို ကြည့်ပြီး ဖေကြီးတို့ပြောတဲ့ ဟိုဘက်နားက အဘိုးတွေရဲ့ လယ်တွေ အဲဒီလယ်မှာ နွားက ဘယ်နှစ်ကောင်မွေးတာ ဘာညာဆိုတာလည်း သတိရနေတုန်းပဲ ..

သံလျင်ရောက်တိုင်း ကျောက်တန်းကိုမရောက်ဖြစ်ဘူး .. ကျောက်တန်းသွားကြမယ်ဆို စီစဉ်ပြီးသွားမှ ရောက်ဖြစ်တယ် .. ကျောက်တန်းသွားလို့ မော်တော်စီးရတာ အရမ်းသဘောကျတယ် .. မရောက်ချင်ဘူး သွားတဲ့နေရာကို မော်တော်ပဲ စီးချင်နေတာ .. တခါတလေ မော်တော်မောင်းတဲ့လူက ပတ်သေးတယ် .. တချို့ကျ တန်းမောင်းတော့ ခဏလေးနဲ့ ရောက်ရောက်သွားတယ် .. ကျောက်တန်းရောက်ပြီဆို ဘုရားဖူးတာက ခဏ အပျော်ဆော့နေတာ ပိုများတယ် .. အိမ်နဲ့သွားရင် အမြဲတမ်း အမေနဲ့ အဒေါ်က စားဖို့ သောက်ဖို့ အိုးတွေခွက်တွေနဲ့ ထွက်လေ့ရှိတော့ ရောက်ရင် နေရာရှာ ထမင်းချိုင့်တွေဖွင့်ပြီး စားကြတာပဲ .. ပြီးရင် ပေါက်ပေါက်ဆုတ်ဝယ် ငါးစာကျွေး .. နောက်ထပ် သတိရနေတာ အိမ်သာပဲ .. သိတယ်မလား .. ဒိုးယိုပေါက် .. :P .. ခုတော့ တမျိုးဖြစ်လောက်ပါပြီ .. တခါကလည်း မောင်လေး ကျောင်းနားတုန်း ကျောက်တန်းသွားကြတယ် .. မောင်လေးက ငှက်ဖျားရှိတော့ လေလည်း တအားတိုက်ရော ငှက်ဖျားက ထရော .. ပြန်ပြေးရတော့တာပဲ ..

အဖွားဒေါ်ခြူဆိုတာ အဘွားတော့တော်တယ် ဘယ်လိုဘယ်ပုံစပ်ရတယ်တော့ မသိတော့ဘူး .. ယောဂီဝတ်နဲ့ ဆုံးသွားတာလည်း ကြာပေါ့ .. ဒါပေမယ့် အဖွားဒေါ်ခြူရဲ့ ပုံပန်းသဏ္ဍာန်ကို မြင်နေမိသေးတယ် .. ပိန်ပိန်ပါးပါး အညိုရောင် ယောဂီဝတ်စုံနဲ့ပဲ မြင်ဘူးလိုက်တဲ့ အဖွားပေါ့ .. မျက်နှာမှာ မှဲ့တွေနဲ့ အသက်လည်း အတော်ရှည်ပါတယ် .. လိုအပ်မယ်ထင်တာတွေ ၀ယ်ပြီး ရောက်သွားတိုင်း ရှိတာတွေ ချကျွေးတာ .. ကျမတို့ကတော့ ဇရပ်ရှေ့မှာ ဆော့ကြပေါ့ .. ပြန်ဖို့ ကားပေါ်တက်ပြီး ကားထွက်တာနဲ့ အဖွားတာ့တာလုပ်တဲ့ပုံက ကိုယ်တွေ ပုံမှန်လုပ်သလို လက်ကို ဝှေ့ယမ်းပြတာမဟုတ်ပဲ သွားတော့လို့ လက်ကို ခါပြသလိုဖြစ်ဖြစ်နေတာ .. အဲလိုနှုတ်ဆက်တိုင်းလည်း ကားပေါ်ရောက်နေတဲ့ မိုးခါးတို့ပြောနေကျက ဘယ်ချိန်တည်းက ပြန်စေချင်တယ် မသိဘူးပေါ့ .. သွားတော့ဆိုတာချည်းပဲ အတင်းနှင်နေတာပဲလို့ အချင်းချင်း အတင်းအုပ်တတ်တယ် ..

ရှင်မွေ့နွန်းနဲ့မင်းနန္ဒာ အကြောင်းကတော့ သိပ်နားထောင်လို့ ကောင်းတဲ့ ပုံပြင် ဒဏ္ဍာရီပဲ .. တော်တော်လည်း ကြိုက်တယ် .. အခေါက်ပေါင်းများစွာ ကြားဘူးတယ် .. ပြန်ပြောတိုင်းလည်း နားထောင်တယ် .. သနားတယ်ပေါ့ .. နားထောင်တိုင်း မျက်စိထဲပါ ပုံပေါ်လာသလိုပဲ .. မလက်တို ငမိုးရိပ်ရဲ့ ရန်သူက (မေ့တေ့တေ့ :P) အဲဒီဇာတ်ရဲ့ ဗီလိန်ပေါ့ .. သူ့ကို တော်တော်မုန်းတယ် .. မင်းသားလေးကို တော်တော်သနားတယ် .. မင်းသမီးလေးရောပေါ့ .. ဒါပေမယ့် မင်းသမီးလေးကြောင့် မင်းသားလေး ဘုန်းနိမ့်ပြီး ဒီဇာတ်လမ်းဖြစ်သွားတာဆိုတော့ မင်းသမီးလေးကို သိပ်တော့ မကြည်ဘူး .. သူများခိုင်းတိုင်း လုပ်လို့ .. ဇာတ်လမ်း အဆုံးမှာ မီးခိုးနှစ်ခု ပေါင်းသွားတယ်ဆိုတာကို မျက်စိထဲမြင်ပြီး နဲနဲ ကျေနပ်လိုက်သေးတာ .. သံလျင်မှာ ရှင်မွေ့နွန်းဘုရားဆိုပြီး ရှိတယ် .. တောင်ထိပ်လေးလိုပေါ်မှာ .. ကားနဲ့ဖြတ်သွားရင်းပဲ မြင်ဘူးတယ် .. တခါမှတော့ မရောက်ဘူးဘူး .. ကြားဘူးတာက အတွဲတွေ သွားရင် ကွဲတတ်တယ်တဲ့ ..

ငမိုးရိပ်ကတော့ ဇာတ်ပို့ပေါ့ .. ကြိမ်စင်္ကြာနဲ့ ရိုက်လိုက်တာနဲ့ ပေါ်ပေါ်လာတတ်တဲ့ မိချောင်းကြီး .. သူ့ခံတွင်းထဲ ငုံထားခံရတဲ့ မင်းသားလေး .. မင်းသားလေးနဲ့ မင်းသမီးလေးအတွက် သူက မြှားနတ်မောင် ခေါ်မလားပဲနော် .. ခံတွင်းထဲက ထုတ်လိုက်ပြီး သူ့သခင် မင်းသားလေး အသက် မရှိတော့တာ သိတော့ ဘယ်လောက်တောင် စိတ်မကောင်းဖြစ်ရှာမလဲပေါ့ .. တွေးတာ တွေးတာ .. :D

အရင်က သာကေတဘက်က တံတားမရှိသေးတော့ ငမိုးရိပ်တံတားကပဲ ဖြတ်ပြီး သံလျင်ကို သွားရတယ် .. တံတားပေါ်က ဖြတ်တိုင်း ရှင်မွေ့နွန်း မင်းနန္ဒာ ဇာတ်လမ်းနဲ့ အတူ ငမိုးရိပ် မိချောင်းကြီးပါ မြင်ယောင် သတိရတယ် .. မင်းသမီးလေးကို သွားတွေ့တိုင်း ဟိုဘက်ကမ်းကနေ ချောင်းကို ဖြတ်ဖို့ ငမိုးရိပ်ကိုစီးပြီး သွားတာပါလားပေါ့ .. စိတ်ကူးနဲ့ မြင်ယောင်ကြည့်မိတယ် .. ခုနောက်ပိုင်းမှာတော့ ငမိုးရိပ်တံတားကို မဖြတ်ဖြစ်တာ ကြာပါပြီ .. သံလျင်သွားတိုင်းလည်း သာကေတ တိုင်းရင်းသားကျေးရွာဘက်မှာရှိတဲ့ တံတားကပဲ ဖြတ်ဖြစ်တော့တယ် ..

အတိတ်တွေကလည်း ဝေေ၀၀ါးဝါး ဖြစ်ကုန်ပြီ .. ပုံရိပ်တွေကလည်း ကောက်ကြောင်းလိုက်ရ ခက်ခက် လာတယ် .. အရာဝတ္တုတွေက အစ လူတွေရဲ့ အကျင့်စရိုက် စာရိတ္တတွေ အဆုံး တဖြည်းဖြည်း ပြောင်းလဲလာလိုက်တာ အရင်က မိတ်ဆက်ပေးလိုက်တာနဲ့ ပြုံးရွှင်ပြီး ပြန်နှုတ်ဆက်တတ်တဲ့ အကျင့်တွေကနေ ခပ်မှန်မှန် ခပ်တန်းတန်းတွေ ဖြစ်ကုန်ပြီ .. သူဘာလဲ ငါဘာလဲ ဆိုသလိုမျိုးတွေ ဖြစ်ကုန်ပြီ .. ပကာသန ဂုဏ်တု ဂုဏ်ပြိုင်ဆိုတာကလည်း မရှိရင်ကောင်းမယ် ဆိုပေမယ့် လက်တွေ့မှာ ရှိကို ရှိနေတဲ့ အရာတွေ ဖြစ်နေပြန်တယ် ..

Monday, June 14, 2010

အတိတ် ပုစ္ဆာ

ဒီနေရာလေးကိုပဲ ကျမ ရောက်လာခဲ့ပြန်ပြီ ..

ဦးတည်ချက် မရှိပဲ သွားလာလိုက်တဲ့ အခါတိုင်း အညို့ခံထားရသူတယောက်လို ဒီနေရာဆီပဲ ရောက်ရောက်လာဖြစ်တယ် .. ဒီနေရာကို ရောက်တိုင်းလည်း ကျမတို့ (အရင်တချိန်ကတော့ ကျမတို့ပေါ့လေ .. ခုတော့ ကျမ တယောက်တည်း ..) အတူထိုင်ဖူးတဲ့ ခုံလေးမှာ ကျမ ထိုင်ဖြစ်တယ် ..

ဟိုးအရင်တည်းက ဖက်ဖူးစိမ်းရောင် ခုံတန်းလေးက ခုလည်း ဖက်ဖူးစိမ်းရောင်လေးနဲ့ သစ်လွင်နေတယ် ..

ဒီနေ့တော့ ထိုင်နေကျ နေရာမဟုတ်တဲ့ ခုံတန်းလေးကို မြင်သာယုံနေရာလေးတနေရာမှာ ကျမ ထိုင်နေလိုက်တယ် .. ဒီ ခုံတန်းလေးမှာ ဘယ်သူတွေများ လာထိုင်လိမ့်ဦးမလဲ .. ချစ်သူနှစ်ဦးလား သူငယ်ချင်းမလေးနှစ်ယောက် ဖြစ်မလား .. အသင့်ပါလာတဲ့ စာအုပ်တအုပ်ကို ဖတ်ရင်း ဘာရယ်မဟုတ်ကျမ စောင့်ဆိုင်းနေလိုက်တယ် ..

ကျမ နားထဲ မိန်းကလေးတယောက်ရဲ့ ငိုသံလား ..

အသံလာရာ ခုံတန်းလေးဆီ လှမ်းကြည့်မိတော့ မိန်းကလေးတယောက်က ငိုနေတယ် .. ဘေးနားက ကောင်လေးကတော့ သုန်သုန် မှုန်မှုန်နဲ့ ထိုင်နေတယ် .. ပုံစံက မိန်းကလေး အငိုတိတ်အောင်တောင် ချော့ဖို့ အင်အားမရှိတော့တဲ့ ပုံစံမျိုး ..

ကောင်လေးက "ကိုယ်လည်း ဘယ်လက်ခံချင်မလဲကွာ .. ဒါပေမယ့် အိမ်က အကုန်စီစဉ်ပြီးမှ ကိုယ် သိလိုက်ရတယ် .. ကိုယ်သိတဲ့အချိန်မှာ အားလုံးက လွန်နေပြီ .."

မိန်းကလေးဆီက ငိုသံက လွဲပြီး ဘာစကားသံမှ ထွက်မလာခဲ့ဘူး .. မိန်းကလေး ဆက်တိုက်ငိုတယ် .. ကောင်လေး ပုခုံးကိုလည်း မမှီဘူး .. တယောက်တည်း တသိမ့်သိမ့် ငိုတယ် .. အားရအောင် ငိုတယ် ..

ခဏကြာတော့ ကောင်လေးက ကောင်မလေး ခေါင်းကို သူ့ပုခုံးပေါ်ဆွဲမှီခိုင်းတယ် .. ဒါပေမယ့် မိန်းကလေး တွန်းဖယ်ခဲ့တယ် .. ပြီးတော့ မိန်းကလေးက မျက်ရည်မှန်သမျှ သူ့လက်ခုံနဲ့ သုတ် သူ့ကိုယ်သူ ပြုပြင်ယူလိုက်ပြီး စကားပြောဖို့ အားယူလိုက်တယ် .. ပြီးတော့ ..

"နင် ငါ့ကို လိမ်တယ် .. ငါတို့ကြားထဲမှာ ဒါတွေ မလိုအပ်ပါဘူး .. နင် သိပ်အထင်ကြီးတဲ့ ဆရာဝန်မမကို လက်ထပ်မယ်လို့ ပွင့်ပွင့် လင်းလင်း ပြောခွင့် ရှိပါတယ် .. ငါ သိနေခဲ့တာ ကြာပြီ .. ဒီအတွက်လည်း ပြင်ဆင်ပြီးသားပါ .. ငါ ခု ငိုတယ်ဆိုတာ ငါတို့ရဲ့ ပတ်သက်မှုအတွက် နောက်ဆုံးမျက်ရည်ပါ .. ငါ မောနေပြီ .. အတွေးတွေနဲ့ မောနေခဲ့တာ ကြာပြီ .. ခုတော့ ငါ သက်ပြင်းချလိုက်နိုင်ပြီ .. ထပ်မျှော်လင့်စရာ မရှိတော့တဲ့ ဇာတ်လမ်းအတွက် ငါ ဆုံးဖြတ်ပြီး အဆုံးလည်း သတ်နိုင်ပါပြီ .. အရင်နေ့တွေကတော့ ငါမောနေခဲ့တယ် .. ကြုံတွေ့လာမယ့် အနာဂတ်အတွက် ကြိုတွေးပြီး ပင်ပန်းနေခဲ့တယ် .. ဒီလောက်ဆို လုံလောက်သွားပြီ .. ငါတို့ နှစ်ယောက်လုံး ဘယ်သူမှ သာတယ် နာတယ် မရှိပါဘူး .. စိတ်တူကိုယ်တူ ငါတို့ အတူရှိနေခဲ့ဘူးပြီ .. တယောက်ကြောင့် တယောက် ပျော်ရွှင်ရတယ် .. အမှတ်တရ တခုအဖြစ်တော့ ငါ သိမ်းမထားချင်ဘူး .. ဒါပေမယ့် သေချာတာက လှပတဲ့ အတိတ်တခုပါပဲ .. ဒီအတွက် ငါ နင့်ကို ကျေးဇူးတင်ပါတယ် .. ငါတို့ အဆင်ပြေပြေ လမ်းခွဲကြတာပေါ့ .. သာယာတဲ့ ဘ၀တခု ပိုင်ဆိုင်နိုင်ပါစေ .. ဘာပြောချင်သေးလဲ .. ပြောစရာ မရှိတော့ရင် သွားနှင့်တော့မယ် ..

ကောင်လေးဆီက ဘာစကားသံမှ ထွက်မလာခဲ့ဘူး ..

မိန်းကလေး ပြောဆိုအပြီးမှာတော့ အရင် ထွက်သွားခဲ့တယ် ..

ကောင်လေး မျက်နှာမှာ တိမ်မဲတွေ စွဲထင်နေသလိုပဲ .. ဒါဟာ တွေဝေခြင်းလား .. နောင်တလား .. သူ ဘာကို မျှော်လင့်ခဲ့သလဲ .. သူ ရရှိသွားခဲ့တာ ဘာလဲ .. ကျမ အတွေးတွေနဲ့ ရှုပ်ထွေးနေခဲ့ပြီ ..

လွန်ခဲ့တဲ့ နှစ်တခုက ဒီခုံလေးမှာပဲ ချစ်သူနှစ်ဦး ခုလို အဖြစ်မျိုး ဖြစ်ပျက်ခဲ့တယ် .. ဒါပေမယ့် အဆုံးသတ်တော့ မတူခဲ့ဘူး ..

မိန်းကလေး မျက်ရည် ကျတယ် .. ကောင်လေးက ချော့ပါတယ် .. ဒါပေမယ့် ကောင်လေးဆုံးဖြတ်ချက်ကတော့ ပြောင်းမသွားခဲ့ဘူး ..

မိန်းကလေး မပြတ်သားခဲ့ဘူး .. ကောင်လေးကို တောင်းပန်ခဲ့တယ် .. ဒါပေမယ့် ကောင်လေးဆုံးဖြတ်ချက်ကတော့ ပြောင်းမသွားခဲ့ဘူး ..

နောက်ဆုံး ကောင်လေး ထွက်သွားခဲ့တယ် .. မိန်းကလေးကတော့ ကျန်ရစ်သူ .. ခုထိလည်း အတိတ်မှာ ပျော်မွေ့ချင်နေသေးသူ ..

အချစ်ဇာတ်လမ်းတခုရဲ့ အဆုံးသတ်မှာ အရှုံးအနိုင် ဆိုတာသာ ရှိခဲ့မယ်ဆိုရင် ကျန်ရစ်သူ မိန်းကလေးကတော့ အရှုံးတွေ ထပ်လို့ပေါ့ .. ဘယ်လိုလဲ ဆက်ပြီး အရှုံးခံနေဦးမလား ..

မေးခွန်းတွေ တွင်တွင် ထုတ်ရင်း သူမ လာရာလမ်းကို ပြန်လျှောက်နေခဲ့ပြီ .. မျက်နှာမှာတော့ သူမရဲ့ ညံ့ဖျင်းမှုအတွက် ရှက်ပြုံးတခုကို ဆင်ယင်ထားတယ် .. ပုစ္ဆာတပုဒ်ကို အဖြေရသွားတဲ့ ကျောင်းသားတယောက်နဲ့လည်း ဆင်တူပြန်တယ် .. အတွေးထဲမှာတော့ နောက်ချန်ခဲ့တဲ့ ခုံတန်းလေးဟာ သာမန် ခုံတန်းလေး အဖြစ်နဲ့သာ ..

Friday, June 11, 2010

ရနံ့တခုနှင့် စွဲလန်းခြင်း ပြဿနာ

ရနံ့တချို့ကို ကျမ မုန်းပါသည် ..

ဥပမာ - ဂတ်စ်အိုးမှ ဆိုးဝါးစွာထွက်ပေါ်လာတတ်သော ဂတ်စ်နံ့ .. ထိုအနံ့ကို ကျမ မနှစ်သက်သော ဒူးရင်းသီးအနံ့နှင့် ဆင်တူသည်ဟုလည်း ကျမ စွပ်စွဲတတ်သေးသည် .. အချို့ပန်းများ၏ ထုံအီအီ အနံ့များ .. ရေမွှေးနံ့ ပြင်းပြင်းများ နှင့် ဓါတ်ဆီ အနံ့ .. ထို့အပြင် အင်းစက်ပိုးမွှားကောင်များ၏ အနံ့များ ဆိုးဝါး ညစ်ပတ်သော အနံ့များ ထိုအရာများကို နံသည်ဟု သတ်မှတ်၍ ကျမ စွဲစွဲမြဲမြဲ မုန်းပါသည် ..

လွန်ခဲ့သော နှစ်အချို့အတွင်းမှာ ကျမ ရနံ့တခုကို ရရှိခဲ့သည် .. ထိုရနံ့သည် ကျမ၏ ဘေးတွင်လည်း တစိုက်မတ်မတ်ရှိခဲ့သေးသည် .. ထိုရနံ့ကို ကျမ စွဲလန်းချိန် နှစ်ချို့ခဲ့သည် .. ထုံအီမူးဝေစေသော ထိုရနံ့နောက်ကို တကောက်ကောက်လိုက်မိသည်အထိ ကျမ စွဲလန်းခဲ့ဘူးပါသည် ..

ထိုရနံ့ကို အခြားနေရာတွင် ရရှိခဲ့ပါက စွဲလန်းဖို့ မသေချာခဲ့ပါ .. တစုံတယောက်နှင့် ပတ်သက်၍ တဖြည်းဖြည်း ရင်းနှီးကာ နှစ်သက်လာခဲ့သည် .. ပြီး ပို၍ စွဲလန်းလာခဲ့သည် .. ထိုရနံ့သယ်ဆောင်သူကို ကျမ၏ နံဘေးတွင် ရှိနေစေချင်ခဲ့သည် ..

စွဲလန်းခြင်းဆိုသော အရာသည် အချိန်ဘယ်လောက်ကြာကြာ စွဲမြဲတည်ရှိမယ် ကျမ ကောင်းစွာ မခွဲခြားနိုင်ခဲ့ပါ .. ကျမ စွဲလန်းနှစ်သက်ဖူးသော ထို ရနံ့ကိုလည်း ဘယ်လောက် ကြာကြာ စွဲမြဲနှစ်သက်နိုင်လိမ့်မယ် မသေချာခဲ့ပါ .. သို့ပေမယ့် ကုန်လွန်ခဲ့သော အရင်အချိန်ကာလ တခုမှာတော့ ထိုရနံ့သည် ကျမ၏နံဘေးတွင် အသေအချာ တည်ရှိနေခဲ့လေသည် ..

ရက်စွဲတချို့ ပုံမှန် ကုန်လွန်ခဲ့သည် .. အရာအားလုံးသည်လည်း ပုံမှန်ဟု ဆိုနိုင်သည် .. ကျမအတွက် ပုံမမှန်ခြင်း တခုက ကျမ နှစ်သက်သော ရနံ့နှင့် ဝေးကွာနေခြင်းပင် .. ထို ရနံ့နှင့် ပိုင်ရှင်ကို ကျမ လွမ်းဆွတ်စွာ သတိရနေခဲ့သည် .. နောင် အချိန်အတိုင်းအတာ တခုထိလည်း ကျမ သတိရနေဦးမည် .. ကျမ ထိုရနံ့နှင့် ဝေးကွာခဲ့သည်မှာ ကျမအထင် နှစ်ဝက်စွန်းစွန်း ရှိနေခဲ့ပြီ ..

သတိထားမိသည်က လွန်ခဲ့သော လတွေကထက် ကျမရဲ့ တမ်းတချိန်တွေ ကျဲပါးလာခဲ့သည် .. တိုက်ဆိုင်မှုနှင့် တချို့အချိန်များမှ လွဲ၍ ထို ရနံ့အကြောင်း ကျမ မေ့လာနိုင်ခဲ့ပြီ .. ဟုတ်သည် နောင်တွင် ယခုထက်ပို၍ ကျမ မေ့ရလိမ့်မည် .. နောက်နောင်များတွင် အလိုလိုနေရင်း ကျမ မေ့သွားလိမ့်မည် ..

တမ်းတရူးသွပ်စွာနှင့် စွဲလန်းဖူးပြီ .. ထို့အတူ ပျက်စီးခဲ့ဖူးပြီ .. ပြန်၍ အသစ်တခု ဖြစ်လာဦးမည် .. ကျမ ပြန်လည်၍ စွဲလန်းလိမ့်ဦးမည် ..

ever every စကားလုံးများ တွင်တွင်သုံးခြင်းကို ကျမ မုန်းသည် .. ထာဝရဆိုသော စကားကို ကျမ မယုံကြည်တော့ .. ထို ထာဝရသည်လည်း အချိန်အခါနှင့် စိတ်ခံစားမှုပေါ် လိုက်၍ ပြောင်းလဲတတ်သည် .. ကျမ လက်မခံချင်လည်း မရ .. ဒါသည် ပုံမှန်လည်ပတ်နေခြင်း ဖြစ်သည် .. ဒီအတွက် ဝမ်းနည်းစရာ မလိုသလို တွေ့ကြုံလာသမျှ လက်ခံတတ်ရုံသာ ..

လက်ခံတတ်ရမည် .. လက်လွှတ်တတ်ရမည် ..

လူတိုင်းအတွက် အချိန်ဆိုသော သမားကောင်း ရှိသည် .. ဝေဒနာမှန်သမျှ ထိုသမားကောင်းက ကုစားပေးလိမ့်မည် ..

နောက် ကျန်ရှိနေသော ဖြတ်သန်းရမည့် အချိန်များအတွက် မေ့သင့်သည်များကို မေ့ဖို့ ကြိုးစားရမည် .. တည်ဆောက်သင့်သည်များကို တည်ဆောက်ရမည် .. ပြုပြင်သင့်သည်များကို ပြုပြင်ရမည် ..

လောကကြီး ပုံမှန် လည်ပတ်နေသည် .. အံဝင်ခွင်ကျဖြစ်ဖို့ ကြိုးကို ကြိုးစားရလိမ့်ဦးမည် ..

Wednesday, June 9, 2010

ကျောင်းဖွင့်ချိန် ပညာသင်ထောက်ပံ့ရေး (စာနာမှုနဲ့ ဖေးကူပါ)




အရင်နှစ် ဒီလိုအချိန်တုန်းက ဘလော့တခုမှာဖတ်လိုက်ရတဲ့ ကုသိုလ် အဖွဲ့ရဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် မိဘမဲ့ဖြစ်သွားတဲ့ ကလေးများအတွက် အဓိကထားပြီး ကျောင်းထားပေးမယ့် အစီအစဉ်ကို သိလိုက်ရပါတယ် .. စာကိုဖတ်ပြီး စိတ်ဝင်စားမိလို့ ဆက်သွယ်စုံစမ်းခဲ့ပါတယ် .. ပြီးတော့ ကျောင်းသူလေးတယောက်အတွက် အလှူငွေထည့်ဖြစ်ခဲ့ပါတယ် .. အလှူငွေထည့်တယ်ဆိုရင်ပဲ ကုသိုလ်အဖွဲ့မှ ကိုအောင်နိုင်စိုးက ကိုယ်တာဝန်ယူ ကျောင်းထားပေးတဲ့ ကလေးရဲ့ အချက်အလက်တွေကို အီးမေးနဲ့ ပြန်စာပို့ပေးခဲ့ပါတယ် ..

၂၀၁၀/၁၁ စာသင်နှစ်အတွက် အစီအစဉ်ကို စိတ်ပါဝင်စားသူများ ဒီနေရာမှာ ဖတ်နိုင်ပါတယ် .. Lotus Foundation နဲ့ ကုသိုလ် အဖွဲ့တို့ရဲ့ ၂၀၁၀/၁၁ စာသင်နှစ်အတွက် ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်ပါ ..

ကျမတို့ ငယ်တုန်းတည်းက မိဘနဲ့ မပူမပင် နေထိုင်ခဲ့ကြရတယ် .. ခုလည်းပဲ သူ့အတိုင်းအတာနဲ့ သူ နေထိုင်နိုင်ကြတယ် .. ကျမတို့ လစဉ် အသုံးစရိတ် ဘယ်လောက်လောက် ရှိမလဲ .. ???

အဲဒီ အသုံးစရိတ်တွေထဲက နဲနဲလောက် လျှော့သုံးပြီး ကလေးတဦးအတွက် တယောက် တလက်နဲ့ ကူညီသွားကြမယ်ဆိုရင် .. ကလေးတယောက် အရွယ်ရောက်လာတဲ့အချိန်မှာ လူဝင်ဆန့်အောင် အသိပညာထည့်ပေးနိုင်ဖို့ ကျမတို့ ကူညီကြရအောင်ပါ ..

ကလေးတယောက်အတွက် တလစာ ကျောင်းစရိတ် သတ်မှတ်ချက်ကတော့ -

မူလတန်း = S$ ၁၅ / month

အလယ်တန်း = S$ ၂၀ / month

အထက်တန်း = S$ ၂၅ / month သတ်မှတ်ထားပါတယ် ..

လှူတဲ့အခါလည်း ကိုယ်အဆင်ပြေသလို လှူနိုင်ပါတယ် .. တလချင်းဖြစ်ဖြစ် နှစ်ဝက်စာဖြစ်ဖြစ် အဆင်ပြေသလို လှူဒါန်းနိုင်ပါတယ် .. စာသင်လက ၈ လ ပါ .. မူလတန်းကလေးတယောက်အတွက် ၁နှစ်စာ ကျောင်းစရိတ်က စင်ကာပူဒေါ်လာ ၁၂၀ ကျပါမယ် .. အလယ်တန်းအတွက် ၁၆၀ ကျပါမယ် .. အထက်တန်းအတွက် ၂၀၀ ကျပါမယ် .. ကိုယ်အဆင်ပြေသလို ခွဲပေးလို့ရပါတယ် ..

စဉ်းစားမိတယ် .. စင်ကာပူဒေါ်လာ ၁၅ ကျပ် မြန်မာငွေ ဘယ်လောက်ရှိမလဲ .. ၇၀၀ နဲ့တွက်ရင် ၁၀၅၀၀ ..

မြန်မာနိုင်ငံမှာ ငွေ ၁သောင်း ပတ်ဝန်းကျင်နဲ့ ဘာများလုပ်နိုင်မလဲ .. လ္ဘက်ရည် တခွက် ၁၅၀ ၂၀၀ (အရင်နှစ်ရန်ကုန်ပြန်တုန်းက ဈေးပါ ..) ထမင်းစားရင် ၁၅၀၀ ၂၀၀၀ .. ငွေ ၁သောင်းကို ဘယ်နှစ်ရက် သုံးလို့ရမလဲ ..

ကျမတို့ ဒီမှာ တရက် အသုံးစရိတ် ဘယ်လောက်သုံးသလဲ .. ထမင်းတခါစား ၂ကျပ်ခွဲ ၃ကျပ်ဆိုတာ အောက်ထစ် .. အအေးသောက်မယ် .. ၅ကျပ်လောက် တန်းနေပြီ .. မစဉ်းမစားပဲ စိတ်အလိုလိုက်ပြီး ဖြုန်းတီးတာ မပါသေးဘူး .. တခါတလေ ကိုယ်လုပ်နေတာတွေက မတရားသလိုတောင် ခံစားမိတယ် ..

လူရယ်လို့ဖြစ်လာတာနဲ့ ကိုယ့်ရဲ့ ပြုဖူးတဲ့ ကောင်းမွေ ဆိုးမွေကို ခံစားရသူတွေချည်းပါပဲ .. ကောင်းကျိုးတွေ ခံစားနေရသူတွေအဖို့လည်း အကောင်းတွေမှာ သာယာနေရုံတင်မဟုတ်ပဲ ပိုမိုကောင်းမွန်အောင် ကောင်းမှုတွေ လုပ်ဖို့ လိုပါတယ် .. ကျမတို့ ခု လက်ရှိ ကောင်းနေတဲ့ အခြေအနေလေးကို တတ်နိုင်သလောက် လက်လှမ်းမှီသလောက် မျှဝေရအောင်ပါ ..

ကျမ ဆက်သွယ် လှူဒါန်းတဲ့ ကိုအောင်နိုင်စိုးရဲ့ အီးမေး လိပ်စာကတော့ aungns@gmail.com ပါ ..

Thursday, May 20, 2010

အမှတ်တရ မြို့များ(ပဲခူးမြို့)

ပဲခူးမြို့ဆိုတာ ကျမ သိတတ်စ အရွယ်တည်းက ကြားနေကျ သွားနေကျ နေရာတခုပဲ ဖြစ်ပါတယ် .. ကျမ ငယ်ငယ်က ဦးလေး နံပါတ် (၄) ပေါ့ .. (တရုတ်ကားတွေထဲက အခေါ်ဆိုရင် :P) အဲဒီဦးလေးက ဆက်သွယ်ရေးက အရာရှိ တယောက်ပါ .. ပဲခူးမြို့မှာ တာဝန်ကျပြီး ကျမတို့ ရောက်ရောက်ဖြစ်တဲ့ အိမ်လေးတအိမ်ရှိပါတယ် .. အတိအကျ မမှတ်မိတော့ပေမယ့် အဲဒီနေရာလေးကို ရေးရေးတော့ မြင်ယောင်နေဆဲပါပဲ ..

ဦးလေးက လူပျိုကြီး .. အဖိုးတို့ အဖွားတို့ကလည်း သွားနိုင် လာနိုင်တဲ့ အချိန်အခါမျိုးပါ .. ပိတ်ရက်လိုမျိုး အချိန်တွေမှာ ကျမတို့ ပဲခူးကို သွားသွားလည်ဖြစ်ပါတယ် .. သွားတိုင်းလည်း လမ်းတလျှောက်မှာရှိတဲ့ ဘုရားပုထိုးတွေကို ၀င်ရောက်ဖူးမျှော်လေ့ ရှိပါတယ် .. ဒီလိုနဲ့ ပဲခူးမြို့ဆိုတာ ကျမနဲ့ မစိမ်းတဲ့ နေရာလေး တခုအဖြစ် ရှိနေပါတယ် ..

သင်္ကြန်တွင်းတွေမှာ ဆိုရင်လည်း ရန်ကုန်မြို့ထဲက ထွက်ပြီး ပဲခူးထိ ရေပက်ခံ ထွက်ခဲ့ကြတာကို သတိရမိတယ် .. လမ်းမှာ ကားက ဘီးပေါက် .. စိုသမျှ ရေတွေ ခြောက် .. ဖြတ်သွားသမျှ ကားတွေက ဟားတာကိုလည်း ခံရပါတယ် .. ကိုယ့်အ၀တ်တွေ ခြောက်ပြီဆိုရင် ဘယ်နားကမှန်းမသိတဲ့ ကလေးတွေက ရေလာလောင်းပြန်ပါတယ် .. ဒီလိုနဲ့ စိုလိုက် ခြောက်လိုက်နဲ့ ကားဘီးပြန်အကောင်းကို စောင့်ကြရပါတယ် .. ပဲခူးနဲ့ ရန်ကုန် လမ်းတလျှောက် မျက်စိထဲ ခုမြင်နေတာကတော့ ဖရဲသီးတွေပါပဲ .. အပုံလိုက် အပုံလိုက် အကြီးကြီးတွေပါပဲ ..

နောက်ပိုင်းတော့ ဦးလေးလည်း ရန်ကုန်ပြန်ပြောင်းရ .. ပဲခူးက အိမ်လေးကိုလည်း ဦးလေးကျန်းမာရေးအတွက် အသုံးပြုဖို့ ရောင်းဖြစ်ခဲ့တဲ့နောက်ပိုင်း ကိစ္စမရှိပဲ ကျမတို့ ပဲခူးကို မရောက်ဖြစ်တော့ပါဘူး .. သင်္ကြန်တွင်းဆိုတာလည်း ဦးလေးတွေ အသက်ကြီးလာတာနဲ့ ခရီးဝေးထွက်ကြတာနဲ့ အိမ်မှာပဲ သောင်တင်နေတာပဲ များပါတော့တယ် ..

ကျန်ခဲ့တဲ့ ၃နှစ်လောက်က ပဲခူးနဲ့ ပြန်ပတ်သက်ဖို့ အကြောင်းဖန်လာပြန်ပါတယ် ..

ပဲခူးမြို့ အောင်သုခ ဓမ္မရိပ်သာကို ဦးလေး ဇနီးမောင်နှံကစပြီး ကျမတို့ မိသားစု တစုလုံးကို မိတ်ဆက်ပေးခဲ့ပါတယ် .. ကျေးဇူးတင်စရာ ကောင်းပါတယ် .. တရားစခန်းကတော့ ပဲခူးမြို့မှာ မ၀င်ဘူးခဲ့ပါဘူး .. ဦးလေးတွေ အဒေါ်တွေ တရားလျှောက်ဖို့ သွားတဲ့အခါ လိုက်သွားဖြစ်ခဲ့ပါတယ် .. ဘုရားရိပ် တရားရိပ်ဆိုတာ တကယ်ပဲ အေးချမ်းပါတယ် .. ခြံဝန်းထဲ ထိုင်နေရင်းနဲ့ကို စိတ်တွေက ကြည်လင်နေတတ်ပါတယ် ..

ဒီလိုနဲ့ ပဲခူးမြို့ကို ၂ လ ၃ လ တခါလောက် ရောက်ဖြစ်ပြန်ပါတယ် .. ကျမက ခရီးလိုမျိုး ထွက်ရမယ်ဆိုရင် ခရီး တိုသည်ဖြစ်စေ ရှည်သည်ဖြစ်စေ နေရာတကာ လိုက်ချင်တာမျိုးပါ .. ခရီးထွက်ရတာ အလွန်ပဲ ပျော်ပါတယ် .. ဒီတော့ ကျမက ဘယ်သွားသွား ပါသည်ပေါ့ ..

ခုတော့လည်း ဦးလေးတွေ အဒေါ်တွေလည်း အသက်လေးတွေ ရလာကြပြီ .. အရင်လို သွားလာတာမျိုးလည်း မကြားဖြစ်တော့ပါဘူး .. ကိုယ်တိုင်လည်း ဒီမှာ ငုတ်တုတ်မေ့နေရသည်ပဲလေ ..

ခုရော ပဲခူးမြို့လေး ဘယ်လိုဘယ်ပုံ ပြောင်းလဲနေခဲ့ပြီလဲ .. ဒီတခေါက် ရန်ကုန်ပြန်ဖြစ်တဲ့အချိန် အဆင်သင့်ရင်တော့ တရက်ခရီးနဲ့ သွားရောက် ကြည့်ရှုချင်ပါသေးတယ် ..

မှတ်ချက် - ကျမရဲ့ အားနည်းချက်က ဘယ်နေရာ ဘယ်အရာဆိုတာကို မှတ်မှတ်သားသား မရှိတတ်ခဲ့တာကိုပါပဲ .. ကိုယ့် မျက်စိထဲ မြင်ယောင်နေပေမယ့် နေရာတွေကို အတိအကျ မဖော်ပြနိုင်ဖြစ်နေပါတယ် .. ဒါကြောင့် သတိရတာကို သတိရသလို ခပ်ရှင်းရှင်းပဲ ရေးမိပါတယ် ..း)

Wednesday, May 19, 2010

အလှူအတွက် နှိုးဆော်ခြင်း

ခုတလော အွန်လိုင်းမှာ မြင်နေရတဲ့ မြန်မာနိုင်ငံမှာ တွေ့ကြုံလိုက်ရသမျှ ဒုက္ခတွေက ကြားရ မြင်ရတာ တချက်ကလေးမှ သက်သာရာ လမ်းကြောင်းမတွေ့မိပါဘူး .. ကိုယ်တတွေ မွေးတည်းက နေလာလိုက်တဲ့ မြန်မာနိုင်ငံမှာ ဆက်တိုက် ကြုံတွေ့နေရတဲ့ ဆင်းရဲ ဒုက္ခတွေကို မြင်တိုင်း ကြားတိုင်း စိတ်မကောင်းဖြစ်ရုံကလွဲပြီးလည်း ကိုယ်တတ်နိုင်တာဆိုလို့ ပိုက်ဆံလေး နဲနဲပါးပါးလှူတာလောက်ပဲ ရှိပါတယ် .. တကယ် လက်တွေ့မှာ ကွင်းဆင်းပြီး လိုက်လံ လုပ်အားပေးနိုင်တဲ့ သူတွေကို တကယ်ပဲ ချီးကျူးမိပါတယ် .. လေးလည်းလေးစားမိသလို ကျေးဇူးလည်း တင်မိပါတယ် ..

မေးထဲကို ၀င်လာသမျှ ရေနဲ့ပတ်သက်တဲ့ ဒုက္ခတွေရဲ့ ပုံတွေတိုင်း ကိုယ့်ရဲ့ရင်ထဲကို ၀မ်းနည်းမှုတွေပါ သယ်ဆောင်ပေးပါတယ် .. ကိုယ့်နိုင်ငံမှ ဟုတ်ရဲ့လားလို့ တွေးမိတဲ့ အထိပါပဲ ..

ငယ်ငယ်တည်းက ကိုယ်သိတဲ့ မြန်မာပြည်က တခါမှ ကပ်ဘေးတွေ ခံရတယ်ဆိုတာ မရှိသလောက်ပါပဲ .. အဲဒီတုန်းက တွေးမိတယ် .. မြန်မာနိုင်ငံက မြန်မာနိုင်ငံသားတွေဟာ များသောအားဖြင့် စိတ်ကောင်းစေတနာရှိကြတယ် .. အလှူရေစက် လက်နဲ့မကွာ ရှိကြတယ် .. ကောင်းမှုကုသိုလ်တွေပြုကြလို့ ကပ်ဆိုးမှန်သမျှ ကင်းလွတ်ခဲ့တာပဲ လို့ပေါ့ .. ခုတော့ .. ကြုံလိုက်ရတဲ့ ကပ်တွေ ကပ်တွေဆိုတာ ရင်နာစရာတွေ ချည်းပါပဲ ..

ကိုယ်ကိုတိုင်က အပြင်ထွက်လိုက်တာနဲ့ ရေဆာတတ်တဲ့သူမျိုးပါ .. ရေဆာတဲ့ဒုက္ခကို ကိုယ်ချင်းစာမိတယ် .. ကိုယ်ရေဆာတယ်ဆိုတာ သောက်ချင်ရင် လွယ်ပါတယ် .. လမ်းဘေးမှာ ၀ယ်သောက်ချင်လဲ နေရာတိုင်းမှာ ဆိုင်ကရှိပြီးသားရယ် ..

ကိုယ့်တိုင်းပြည်က ကိုယ့်ရဲ့ တိုင်းရင်းသားတွေ .. ရေဆာလို့မှ ရေလှူမယ့်သူ မရှိရင် ဆာလောင်မွတ်သိပ်ရမယ့် အဖြစ် .. နေပူကျဲတဲမှာ ရေပုံး ကိုယ်စီနဲ့ ရေစောင့်နေတဲ့ ပုံရိပ်တွေ မြင်မိတဲ့အချိန်မှာ ရင်ထဲ မချိအောင် ခံစားရတယ် .. မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ၀ဋ်ကြွေးတွေ ဘယ်တော့များမှ ကုန်ဆုံးပါမလဲ ..

ပုံတွေကိုတော့ ထပ်မတင်တော့ပါဘူး .. အားလုံးလည်း ကြည့်ပြီး မြင်ပြီး ကိုယ့်လိုပဲ ခံစားပြီးလောက်ပါပြီ ..

ပုံတွေ မြင်လိုက်ရတိုင်း ကိုယ့်မြန်မာပြည်မှ ဟုတ်ရဲ့လားလို့ တွေးမိ စိတ်မကောင်းဖြစ်မိရုံကလွဲပြီး ကိုယ်ချင်းစာစိတ် ဖြစ်ရုံကလွဲပြီး ကိုယ်တိုင်လည်း မတတ်နိုင် .. မတတ်နိုင်တဲ့ အထဲကမှ ကိုယ်တတ်နိုင်သလောက်ကလေးပေါ့ ..

သောက်ရေ သုံးရေနဲ့ လိုအပ်သမျှ လှူဒါန်းနိုင်မယ့် လင့်လေးတွေ ကိုယ်လည်း မှတ်ထားရအောင် မှတ်ချင်သူများလည်း မှတ်ထားရအောင် ဒီကနေ အသိပေး နှိုးဆော်လိုပါတယ် ..

ရှင်ဇဋိလ

ဒီနေ့ပဲ မြန်မာနိုင်ငံက အသိ အစ်မတယောက်နဲ့ စကားပြောဖြစ်ပါတယ် .. အပေါ်က လင့်လေးက အဲဒီ အစ်မ ပေးတဲ့ လင့်လေးပါ ..

ခုဆိုရင် အဲဒီဘုန်းဘုန်းက ရေကိစ္စနဲ့ ခရီးတွေထွက်ပြီး ဒုက္ခရောက်နေသူတွေကို ကူညီနေပါတယ်တဲ့ ..

အဲဒီအစ်မကို မိုးရွာနေပြီဆိုလို့ မေးကြည့်မိတော့ .. မိုးတော့ ရွာနေပါတယ်တဲ့ .. ဒါပေမယ့် ရေသန့်ရဖို့က ခက်နေသေးတယ်တဲ့ .. ပြီးတော့ နောက်ပိုင်း ကြုံတွေ့လာနိုင်တဲ့ ရောဂါတွေကို ကာကွယ်ဖို့လည်း လိုအပ်နေပါသေးတယ်တဲ့ ..

ကိုယ်ကိုတိုင် ဒီစာကို ရေးဖို့ မရေးဖို့ စဉ်းစားမိပါသေးတယ် .. လိုအပ် မလိုအပ် ပြန် ချင့်ချိန်ရပါသေးတယ် .. ဒါပေမယ့် မြန်မာနိုင်ငံက ခုဆိုရင် အဘက်ဘက်က ကိုယ်ထူကိုယ်ထစနစ်နဲ့ ထူကို ထူထောင်ရမယ့် အခြေအနေရောက်နေပါပြီ .. ကိုယ့်ကိုကိုယ်သာ အားကိုးရာ မဟုတ်ပါလား ..

အောက်က လင့်နှစ်ခုကတော့ သိတဲ့လူတွေ တော်တော်များမှာပါ .. ဘယ်နေရာကနေ ဘယ်လိုပဲ လှူလှူ အဓိက က ကြုံတွေ့နေရတဲ့ ဒုက္ခတွေ အမြန်ဆုံးအေးငြိမ်းဖို့ပါပဲ ..

RAVEN BDC

စင်္ကာပူ - ကိုဇူလိုင် email: julydream0707@gmail.com
ရန်ကုန် - ကိုရဲဟိန်း mobile: 09 5043302

Lotus Foundation

- ကိုဝင်းထွန်းဆင့် ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
- ကိုအောင်ပြည့်စုံအေး ဖုန်း (+၆၅) ၉၁၁၉၇၃၆၁
- ကိုကျော်ဝဏ္ဏ ဖုန်း (+၆၅) ၈၂၃၆၉၁၅၉
- ကိုထင်ကျော် ဖုန်း (+၆၅) ၉၄၂၄၂၉၆၁

- မခင်မမ ဖုန်း (+၆၅) ၉၇၃၃၄၃၀၂

Lotus Foundation မှတဆင့် ရေအလှူပေးလှူလိုပါက -

- ကိုဝင်းထွန်းဆင့်

POSB Savings A/C - 175-43771-1 OCBC Saving A/C - 5535079809
- ကိုအောင်ပြည့်စုံအေး DBS Saving plus A/C - 0206068726
- မခင်မမ POSB Savings A/C - 063-50289-8 သို့ ပေးပို့လှူဒါန်းနိုင်ပါသည်။

Lotus Foundation ကလူမှူရေးလုပ်ငန်းတွေအတွက်တတ်အားသရွှေ့စေတနာနဲ့ကူညီပေးနေကြတဲ့သူတွေစုစည်းထားတာပါ ..

တတ်နိုင်သူတွေ တတ်နိုင်သလောက် တတ်နိုင်တဲ့ ဘက်ကနေ မြန်မာနိုင်ငံကို ကူညီကြရမှာပါပဲ .. ကျမတို့ ဖြုန်းတီးနေတဲ့ ငွေတွေထဲက တချို့တ၀က်ပဲ ဖြစ်ဖြစ် အနည်းအကျဉ်းပဲ ဖြစ်ဖြစ် ကျမတို့ရဲ့ သွေးချင်းတွေအတွက် လှူဒါန်းနိုင်ပါစေ ..

မြန်မာနိုင်ငံကြီး ကြုံတွေ့နေရသမျှ ကပ်ဆိုး ဘေးဆိုးတွေကနေ အမြန်ဆုံး လွတ်ကင်း ချမ်းသာကြပါစေ ..

ခွင့်တောင်းခြင်း - RAVEN BDC နှင့် Lotus Foundation လိပ်စာနဲ့ ဆက်သွယ်ရန် နံပါတ်များကို ဖော်ပြခွင့်ပြုဖို့ ဒီနေရာကနေ ခွင့်တောင်းလိုက်ပါတယ်ရှင် ..

Saturday, April 10, 2010

ဧပရယ် တန်ခူး

အချိန်ရာသီတွေ
ရွေ့လျားပြောင်းလဲ
ခြေလှမ်းမှန်မှန်နဲ့
နာရီတွေ တိုက်စားတယ် ...။

ရောက်ခဲ့ပြန်ပြီ
မြန်မာတို့အတွက်
နှစ်သစ်ကူးတရက် ...။

ဇာတိအိမ်တွေမှာတော့
မပြောင်းမလဲ
အဲ .. ပြောင်းတော့ ပြောင်းလဲ လိမ့်မယ် ...။

တွေးကြည့် ငေးကြည့်
သတိရခြင်းတွေလည်း ရှိလိမ့်မယ် ...။

လွမ်းမိတဲ့အထဲမှာ
ဧပရယ်ပြယုဂ်
အခေါ်အဝေါ် သတ်မှတ်ချက်လေးတွေ ပါမယ်
သူငယ်ချင်းတွေနဲ့ ဖြတ်သန်းခဲ့ချိန်တွေ ပါမယ် ...။

ပိတောက်တွေပွင့်ပြီ
ပန်းမနှစ်သက်ပေမယ့်
ပိတောက်လေးတော့လည်း ချစ်ပါတယ် ...။

မြင်ယောင်မိတယ်
သင်္ကြန်မိုး ဖွဲဖွဲ
ပိတောက်တွေ ကတဲ့ပွဲ ...။

Saturday, April 3, 2010

မီးခိုးနံ့ရောနေတဲ့ လေက ညင်ညင်သာသာနဲ့ မြို့ပြညထဲ အတူ လိုက်ပါ မျောလွင့်နေသည် .. ကားမောင်းဆရာနှင့် စပယ်ယာတို့ရဲ့ စီစီညံညံအသံတွေလည်း အပါအ၀င် .. ကားကြီး အချင်းချင်း ကျော်တက်ဖို့ အပြိုင် အဆိုင် မောင်းနေကြသည် .. တနေကုန် အလုပ်ထဲ ပင်ပန်းလာသူအချို့ကလည်း ရှေ့ဘာဖြစ်မလဲဆိုတာ မစဉ်းစားနိုင်ခင်မှာပင် အိပ်မက် မက်လို့ နေပြန်သည် ..

တချို့သော လမ်းထိပ်များတွင် ညနေဆိုင်လေးများဖြင့် စည်ကားနေသည် .. ပိုက်ဆံ ရှားပါးသည်ဟု မည်မျှပင် ဆိုစေကာမူ ဘီယာဆိုင်နှင့် လ္ဘက်ရည်ဆိုင်များတွင်တော့ လူများ ပြည့်လျှက် ရှိကြသည် .. ဘီယာဆိုင်နှင့် လ္ဘက်ရည်ဆိုင်များသည် ညဘက် မိုးချုပ်သည့် အချိန်မျိုးတွင် ကားလမ်းမနားထိတိုင်အောင် ခုံများခင်းလျှက် ရောင်းချကြသည် .. လူကြီး လူလတ် လူငယ် များသည် လမ်းဘေးနားကျကျတွင် နေရာယူလျှက် ပင်ပန်းမှုများကို ၀ါသနာပါရာ ဖြေဖျောက်ကြသည် ..

တနေရာတွင် ကျမ ငယ်စဉ်က စီးခဲ့ဘူးသော ဆိုက်ကားဆရာကြီး လူစောင့်နေသည် .. နောက် တနေရာတွင် ကျမ ငယ်စဉ်က စာတူတူ သင်ခဲ့ဘူးသော ကျောင်းနေဘက် သူငယ်ချင်းမလေး တဦးလည်း လူစောင့်နေသည် ..

ဆိုင်ကြီးတချို့မှ သီချင်းသံ ဆူဆူညံညံများ ရောနှော အော်မြည်နေကြသည် .. လူငယ်တအုပ် အသံကျယ်ကျယ်ဖြင့် သီချင်းတပုဒ်ကို သံပြိုင် ဆိုသွားကြသည် .. တနေရာတွင် အရက်မူးသမားကြီးတဦး ရေချိန်မကိုက်သေးဘဲ ရစ်နေသည် .. တနေရာတွင် ပွဲစား အမျိုးသမီးကြီး တဦး စကားတွင်တွင်ပြောရင်း အတင်း အုပ်နေသည် ..

အမျိုးသမီးလေးနှစ်ယောက် စကားပြောနေသည် .. သူတို့ပြောနေတာက ဒီနေ့မီးလာမယ့် ရက်လား ဟူသတည်း .. ကျန်တယောက်က နောက် ၁၅ မိနစ်နေလျှင် ထပ်ပျက်လိမ့်ဦးမယ် ဟူသတည်း ..

စတိုးဆိုင်မှ အရောင်းဝန်ထမ်းမလေးတဦး ပစ္စည်း ၀ယ်သူကို မျက်စိဒေါက်ထောက် ကြည့်နေသည် .. ငွေရှင်းကောင်တာမှ မိန်းကလေးကတော့ မျက်နှာ ၈ခေါက်ချိုးဖြင့် ပစ္စည်းရောင်းနေသည် .. ၀ယ်သူမျက်နှာမှာတော့ စိတ်မသက်မသာ ရှိလှသည် ..

တချို့ အိမ်ရှေ့တွေမှာ အမျိုးသမီးကြီးများ ယပ်တောင် တဖျတ်ဖျတ်ဖြင့် ခြင်မောင်းလျှက် ရှိကြသည် ..

ထိုအချိန်တွင် ၁၅ မိနစ် ပြည့်ပြီထင့် .. မီးများ တပြိုင်နက် မှောင်ကျသွားလေသည် .. လူများအားလုံးတာဝန်ကိုယ်စီဖြင့် ဖယောင်းတိုင် ထွန်းသူထွန်းကြသည် .. လက်နှိပ်ဓါတ်မီးရှာ၍ မီးအားမြှင့်စက် ပြေးချကြသည် .. မြည်တွန်တောက်တီး၍ မီးစက် ပြေးနှိုးသူ နှိုးကြသည် .. ကလေးများကတော့ ကစား မပျက် ..

Thursday, April 1, 2010

ဧပရယ် ဖူးလ်

ကျွန်တော် ဒီနေရာမှာ ရပ်စောင့်နေတုန်းပဲ ..

တချိန်တခါတုန်းကတော့ ဒီလိုနေ့ရက်မျိုးတွေမှာ ငိုသံစွက်တဲ့ ရယ်သံတွေနဲ့ ချိုမြိန် သာယာခဲ့ဘူးတယ် ..

x x x x x 

စိတ်ရှုပ်နေတဲ့ ဧည့်ကြိုကောင်တာက အမျိုးသမီးကိုလည်း အားနာလှပြီ .. သူမ မျက်နှာငယ်လေးနဲ့ နောက်တကြိမ် တောင်းတောင်းပန်ပန် ပြန်ရှာခိုင်းမိတော့ ..

"အမရယ် .. ကျမ ရှာတာလည်း ကုန်နေပါပြီ .. ဒီနာမည်နဲ့ ကား အက်ဆီးဒင့် လူနာ လုံးဝ မရှိပါဘူးရှင် .." ပြောပြောဆိုဆိုနဲ့ သူမကို လှည့်မကြည့်တော့ပဲ ထွက်သွားတော့တယ် ..

စိတ်ပျက် လက်ပျက်နဲ့ ရပ်ထားခဲ့တဲ့ ကားနားရောက်တော့ ..

"April fool" ပြိုင်တူ အော်လိုက်တဲ့ အသံကြောင့် သူမ လန့်သွားခဲ့တယ် .. ပြုံးဖြီးဖြီးနဲ့ သူတို့မျက်နှာတွေ မြင်လိုက်ရတဲ့အချိန်မှာ ကျမ ဒေါသတွေလည်း အထွဋ်အထိပ် ရောက်လို့ပေါ့ .. ကျမ အရူးလုပ်ခံလိုက်ရတယ်လေ .. တချိန်တည်းမှာပဲ ကျမ ရှက်စိတ်နဲ့ ဒေါသ စိတ် ပေါင်းပြီး မျက်ရည်တွေ စီးကျ လာခဲ့တယ် ..

ကျမ မျက်ရည်ကို မြင်တော့ ..

"ငယ် .. ငယ် .. မငိုပါနဲ့ကွာ .. ကိုယ်က စလိုက်တာပါ .. ပြီးတော့ ဟိုကောင်တွေ တရားခံ .."

ကျမ ကလေးတယောက်လိုပဲ ကားဘေးနား ငုတ်တုတ်ထိုင်ချလိုက်ပြီး အားရပါးရ ငိုချလိုက်တယ် .. ဟုတ်တယ်လေ .. ကိုယ့်ချစ်သူတယောက်လုံး ကားအက်စီးဒင့်ဖြစ်တယ်လို့ သိလိုက်ရတဲ့အချိန် မိန်းကလေးတယောက် အနေနဲ့ ဘယ်လောက်များ စိုးရိမ် ပူပန်သွားလိမ့်မလဲဆိုတာကို မတွေးမိလို့ ခုလို စလိုက်တာလား ..

"ငယ် .. ကိုယ်တောင်းပန်ပါတယ်ကွာ .. မငိုနဲ့တော့နော် .. ဒီလောက် ဖြစ်သွားမယ် မထင်လို့ စလိုက်မိတာပါ .. ကားပေါ်တက် .. ကိုယ်ပြန်လိုက်ပို့ပေးမယ်နော် .."

အပြန် လမ်းတလျှောက်လုံးလည်း သူက ချည်း စကားတွေ များလာခဲ့တယ် .. တောင်းပန်စကားလည်း အထပ်ထပ် ဆိုရင်းပေါ့ ..

x x x x x

ဒီလိုပါပဲ .. ကျမ ချစ်သူရ ကံကောင်းခဲ့လား ကံဆိုးခဲ့လား ကိုယ်တိုင် မဝေခွဲနိုင်ခဲ့ဘူး .. ကျမ ချစ်သူက ကျမပြုံးနေရင် ငိုစေသူ .. ကျမ ငိုနေရင်လည်း ပြုံးစေနိုင်သူ ..

အစ အနောက်သန်တဲ့ သူ့ကြောင့် ကျမ အမြဲတမ်း ငိုခဲ့ရတယ် .. ပြီးတော့ ပြောသေးတယ် .. ချော့ချင်လို့ ငိုတဲ့ထိ စတာတဲ့ ..

တခါကလည်း ကျမတို့ ချစ်သူသက်တမ်း ၂နှစ် ပြည့်မှာ သူ ချိန်းထားတဲ့ နေရာကို တော်တော်နဲ့ ရောက်မလာဘူး .. ရောက်လာတဲ့ အချိန်မှာ ..

"ငယ် .. ကိုယ်ငယ့်ကို ပြောစရာရှိတယ် .." သူ အမြဲတမ်း တခုခု ပြောစရာရှိတယ်လို့ ပြောလိုက်ရင်ကို ကျမ စိတ်ထဲမှာ စိုးရိမ် ပူပန်မှုတွေ ကြီးစိုးနေတတ်တယ် ..

"ကိုယ်ပြင်လို့ မရတဲ့ အမှားတခု လုပ်ခဲ့တယ် .. ငယ် ကိုယ့်ကို ခွင့်လွှတ်ပါ .." သူက ဒီလိုပါပဲ အမိန့်သံတွေနဲ့ ကျမဘ၀ကို ကြီးစိုးချင်တဲ့သူ ..

"ကိုယ်မိန်းကလေးတယောက်ကို လက်ထပ်ရတော့မယ် .." ဒီစကားသံဟာ ကျမအတွက် ဘယ်လောက်များ ရက်စက်ပါသလဲ ..

"ကိုယ့်ကို စကားတခွန်းလောက် ပြန်ပြောပါဦး .."
"ကိုက ဘာစကား ကြားချင်တာလဲ .. ငယ်က ကြည်ဖြူပါတယ် .. အဲဒီ မိန်းကလေးနဲ့ လက်ထပ်ပါလို့ ပြောစေချင်တာလား .." ငိုသံမစွက်အောင် ကြိုးစားပြောတဲ့ ကြားကကို မျက်ရည် လွယ်လွန်းတယ် ..

ကျမ မျက်ရည်ကို မြင်မှ .. မျက်နှာ ပြုံးထေ့ထေ့နဲ့ ..

"ဘာလို့ ငိုတာလဲ .. ကိုယ်လက်ထပ်မှာ ဘယ်သူလဲ သိလို့လား .. ကိုယ်က ချစ်လို့စတာ .. ကိုယ်လက်ထပ်ချင်တာ ငယ်ပေါ့ .." တဲ့လေ ..

ဘယ်လိုလဲ .. ကျမ ရူးသွားနိုင်လောက်တယ်နော် ..

ချစ်ခြင်းတွေကို ရူးသွပ်စွာ ခံစားတတ်တဲ့ ကျမနဲ့ အရာရာကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်တဲ့ သူ .. နှစ်ယောက်သား အရာရာမှာတော့ ထပ်တူမကျနိုင်ခဲ့တာပဲလေ ..

ကျမကို နောက်ထပ် မစပါနဲ့တော့ .. လို့ တောင်းတောင်း ပန်ပန်ပြောတိုင်းလဲ .. ကျမရဲ့ မျက်ရည်တွေကို သုတ်လို့ နောက် လုံးဝ မစတော့ဘူးနော် ဆိုတာနဲ့သာ အဆုံးသတ်လေ့ ရှိတာပါပဲ ..

x x x x x

"ငယ် .. ကိုယ်တောင်းပန်တယ်နော် .. စိတ်မဆိုးနဲ့တော့ .."
ကျမ အတွေးစတွေကို ဖြတ်လို့ သူ့ဘက်ကြည့်မိတော့ သူ့မျက်နှာက ပကတိ ကြည်စင်နေတာပါပဲ .. သူက အမြဲ ဒီလိုပဲလေ .. မျက်ဝန်းတွေကိုက သိပ် ရိုးသားလွန်းပါတယ် ..

"အရမ်း စိတ်ဆိုးသွားလား .."
"စိတ်ဆိုးတာ မဟုတ်ပါဘူး .. စိတ်ပူသွားတာပါ .. ဒါပေမယ့် ငယ် ဒါထက်ပို မခံစားနိုင်တော့ဘူး .. ကိုယ့်ချစ်သူတယောက်လုံး မတော်တဆဖြစ်ပြီး ဆေးရုံရောက်နေပါတယ်ဆိုတဲ့ သတင်းက ဘယ်လောက်ထိ ဆိုးရွားတဲ့ ပူပန်မှုလည်း ဆိုတာကို မစဉ်းစားမိဘူးလား .. ကိုယ်ချင်း မစာမိဘူးလား .. ငယ့် ဒီလိုပုံစံကို မြင်တော့ ၀မ်းသာသွားလားဟင် .." ကျမ နာနာကျည်းကျည်း ဆိုမိတယ် ..

"ဟာ .. ဒီလို မဟုတ်ပါဘူး .. ကိုယ်မရည်ရွယ်ပါဘူး .. သူငယ်ချင်းတွေကလည်း ငယ်က ကိုယ့်ကို သိပ်ချစ်မှန်းသိတော့ .."
"အင်း .. သူငယ်ချင်းတွေ ကြားထဲမှာ ဟာသတခုပေါ့နော် .."
"ဟာ .. ဒီလိုမဟုတ်ပါဘူး .. အထင်မလွဲပါနဲ့ကွာ .. ကိုယ်တကယ် တောင်းပန်ပါတယ် .. ကိုယ့်ကို ခွင့်လွှတ်ပါကွာ .. နောက် ဘယ်တော့မှ ငယ့်ကို စိတ် မပူစေရတော့ဘူးနော် .. ကိုယ်တကယ် ကတိပေးတယ် .."

"ဟင့်အင်း .. ငယ် ယုံလို့ မရဘူး .. ဒီလိုပဲ ထပ် ထပ်ပြီး စိတ်ဆင်းရဲ စိတ်ဒုက္ခရောက်နေရဦးမှာပဲဆိုတာ သိတယ် .."
"ကိုယ်ဘယ်လို တောင်းပန်ရမလဲကွာ .. အဲလိုကြီးတော့ မပြောပါနဲ့ .. ကိုယ့်ကို ခွင့် မလွှတ်နိုင်ဘူးလား .. ကိုယ်နောက်တခါ ခုလိုမျိုး ထပ်လုပ်တယ်ဆိုရင်လေ ကားတကယ်တိုက်ပါစေကွာ .."
ကျမ အလန့်တကြားနဲ့ ..
"အို .. ဘာတွေ လျှောက်ပြောနေတာလဲ .. နမိတ်မရှိ နမာမရှိနဲ့ .."
"ဟုတ်တယ်လေ .. ငယ်ကမှ ခွင့်မလွှတ်တာ .. နောက်တခါ ခုလိုအဖြစ်မျိုး ထပ်လုပ်မိရင် .."
"တော်တော့ ဆို .. မပြောနဲ့တော့ .. တကယ်လို့ ကိုသာ ခုလိုမျိုး ငယ့်ကို ထပ်ပြီးတော့ စိတ်ဆင်းရဲအောင် လုပ်ရင် .. ကို ကားမတိုက်နဲ့ ငယ့်ကိုပဲ ကားတိုက်ပါစေ .."
"ဟာ .. ပေါက်တတ်ကရ .. ငယ် လျှောက် မပြောနဲ့ကွာ .."
"အင်းပါ ထပ်မပြောတော့ဘူး .. အဲဒါ အတည်ပဲ .. ကို သာ နောက်တခါ ခုလို အဖြစ်မျိုး ထပ်မဖြစ်စေနဲ့ပေါ့ .. နော် .. ငယ် ခုနက ဘယ်လောက်တောင် စိုးရိမ်နေတယ် မှတ်လဲ ကိုရဲ့ .."

x x x x x

၂၀၁၀ ဧပြီလ ၁ရက်

မနက် မိုးလင်းလင်းချင်း သူမ စိတ်တွေ လေးလံနေခဲ့တယ် .. ဒီချိန်မှာပဲ တယ်လီဖုန်းသံ မြည်လာခဲ့တယ် ..

x x x x x

သူမ ဆေးရုံမှာ လူတွေကို လိုက်စကားပြောပေမယ့် ဘယ်သူတယောက်ကမှ ပြန်အဖြေမပေးခဲ့ဘူး .. သူမ မောနေပါပြီ .. စိတ်တွေရော ရင်တွေရော ပူလှပြီ .. ကျမ ချစ်သူနာမည်ကို ရှာပေးကြပါ ..

x x x x x

ကျွန်တော် ဒီနေရာလေးမှာ စောင့်နေပါတယ် .. ကျွန်တော့် ချစ်သူ စိတ်ပူပန်စွာနဲ့ ပြေးလာမယ့် အချိန်ကိုပေါ့ .. ဒီတခါတော့ သူမကို အကြာကြီး စိတ်ပူအောင် မလုပ်တော့ပါဘူး .. သူမကို မြင်တာနဲ့ ကျွန်တော် ချက်ချင်း ခေါ်မှာပါ .. ဒါပေမယ့် သူမ ခုထိ ရောက်မလာသေးဘူး ..

သူမကို ကျွန်တော် စောင့်နေပါ့မယ် .. သူမ မလာမချင်းပေါ့ ..

ဝန်ခံချက် .. ဧပရယ်ဖူး နေ့အတွက် ၀တ္တုတို တပုဒ်လောက် တင်ချင်တာပါ .. ရေးပြီး သိပ်မကြိုက်ဘူး .. ဖတ်ပြီး မကောင်းရင် ခွင့်လွှတ်ပေးပါနော် .. :D

Thursday, March 25, 2010

ဒိုင်ယာရီ တအုပ်

ပျော်ရွှင်မှုတွေ ခြုံလွှမ်းဘူးတဲ့
ဒီ စာမျက်နှာတွေ
အလွမ်း တရွက်
အဆွေး တရွက်
တဖျတ်ဖျတ်နဲ့ လေအဟုန်မှာ လွင့်မျော
ဒါတွေက တကယ် အတိတ်တဲ့

အတိတ်ရဲ့ ပုံရိပ်တွေမှာ
မြက်ခင်းစိမ်းနဲ့ ထိုင်ခုံလေး နှစ်ခုပါတယ်
စမ်းချောင်းလေး ကွေ့ကွေ့ ကောက်ကောက်စီးတယ်
သာယာချိုမြိန်ဖွယ် ရယ်သံတချို့ စွက်တယ်
စာတိုက်ပုံးလေးလည်း မအိပ်ရဘူးတဲ့

ပြောင်းလဲခြင်း စာမျက်နှာအလယ်မှာ
ငိုသံတချို့နဲ့ မျက်ရည်စ တချို့အလည်လာတယ်
ဒေါသသံတွေနဲ့ တံခါးပိတ်သံ ကြမ်းကြမ်း တချို့
တချို့စာမျက်နှာတွေက အနားသတ်တွေ စုတ်ပြဲလို့

နောက်ဆုံးရဲ့ ရှေ့တရွက်မှာ
တည်ငြိမ်တဲ့ အပြုံးတ၀က် စူးစမ်းခြင်းတ၀က်
သံယောဇဉ် တစ နာကျင်ခြင်း တစ
နှမြောတသခြင်းတွေကို မာနတစုံနဲ့ ဖုံးတယ်

နောက်ဆုံးစာမျက်နှာကိုရောက်ပြီ
ဒါက ဒီစာအုပ်ရဲ့ အဆုံးသတ်
ဟန်ဆောင်ခြင်းကင်းကင်းနဲ့
အဖြူထည် သက်သက် ဖြစ်ဖို့
တစုံတခုမှ မရေးခြစ်မိအောင် ကြိုးစားမှ ထင်တယ်

စိတ်ကူးလေးပါ .. ဘ၀တခုက ဒိုင်ယာရီတအုပ်ဆိုရင် စာအုပ်ထဲက တမ်းတစရာတွေကို ရှာဖွေ တမ်းတပြီး ရေးလိုက်ပါတယ် ..း) တချို့အတွက်ကတော့ ဇာတ်လမ်းတပုဒ် ဒိုင်ယာရီ တအုပ်လည်း ဖြစ်နိုင်ပါသေးတယ် .. ကိုယ်တိုင် စာအုပ်ရဲ့ နောက်ဆုံးစာရွက်ကို ရေးရတော့မယ့်အချိန် ရောက်လာခဲ့ရင် ... "The End" ဆိုပြီးတော့သာ ပိတ်လိုက်ပါတော့မယ် .. :D

Monday, March 22, 2010

ခုတလော

ခုတလော ဘာတွေ ရှုပ်ချင်ယောင်ဆောင်နေလဲ .. :D

အရင်တပတ်က အိမ်ပြောင်းပါတယ် .. ဝေးဝေး လံလံ ဟိုဘက်ကားလမ်းကနေ ဒီဘက်ကားလမ်းကို ပြောင်းတာပါ .. :D အရင် အိမ်မပြောင်းခင်ကတည်းက ကိုယ့်အခန်းကိုယ် မရှိတာများပြီး အလုပ်ပြီးတာနဲ့ ရောက်ရောက်သွားတတ်တဲ့ အိမ်ပေါ့ .. ခုတော့ ပြန်ချင်ရင် အိမ်နောက်ခန်း ၀င်လိုက်ရုံပဲ .. အိမ်ပြန်ဖို့ရာ အီလေးဆွဲပြီး နေစရာမလိုတော့ဘူးပေါ့ ..

သူငယ်ချင်း အပေါင်းအသင်းမက်တဲ့ မိုးခါးအတွက် ခုတော့ သူငယ်ချင်းလို ခင်မင်မှုမျိုး မောင်နှမတွေလို ရင်းနှီးမှုမျိုးနဲ့ အိမ်လို့ ပီပီ သသ ခေါ်ဆိုနိုင်တဲ့ နေရာတခုမှာ နေနေရင်း အပြင်လောကနဲ့ပါ အဆက်အသွယ် ပြတ်ချင်သလိုလို ဖြစ်နေပါပြီ :D .. ဘယ်လောက် မောင်နှမတွေ တရုံးရုံးဖြစ်နေလဲဆို မျက်နှာချင်းတွေဆိုင် အပြိုင်ပွေလီနေကြပြီး စာရေးဖို့တွေပါ လစ်ဟင်းတဲ့ထိပါပဲ ..

သွေးသား မတော်စပ်ကြဘူး .. ဒါပေမယ့် ခင်ရာ ဆွေမျိုး ..
ငယ်ပေါင်းကြီးဖော်လည်း မဟုတ်ကြဘူး .. ကြီးပေါင်း ကြီးဖော်ပေါ့ .. :P
အတွေးထဲမှာတော့ မိသားစုလေးတခုလိုပါပဲ ..

အချိန်တန်ပြီဆို ဘယ်သူ မလာသေးဘူးလဲ .. လာနေပြီလား .. ဘယ်ရောက်နေပြီလဲ .. ဒီလူက မလာဘူးလား .. ဘာလို့လဲ .. ဘာဖြစ်လို့လဲ စသည်ဖြင့် ချော့တန်ချော့ ခြောက်တန်ခြောက် .. နည်းမျိုးစုံသုံးပြီး အပြိုင်ပလီ (အဲ .. ဟုတ်ပါဘူး .. :P) အပြိုင်အဆိုင် ချစ်နေကြပါတယ် ဆိုပါတော့ .. :P

ခု လောလော လတ်လတ်မှာ .....

တွေးနေမိတာက

အမှန်အတိုင်းပြောရရင် တွေးဖို့ အချိန် မရှိဘူးဖြစ်နေတယ် .. ပလီရ ရန်ဖြစ်ရနဲ့ တွေးမယ်ကြံလိုက်ရင် အိပ်ချိန်ရောက်ရောက် သွားလို့ပါ .. :D ပြောရမယ်ဆို တွေးလည်း မတွေးချင်ဘူး .. သိပ်ဝေးဝေးထိ တွေးလိုက်မိရင် ခု စိတ်ချမ်းသာနေတာတွေရဲ့ ဝေးဝေးကို ရောက်သွားမှာဆိုးလို့ ..

ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိတာက

အပျော်ဘက်ပဲ စိတ်ရောက်နေတယ် .. စိတ်ချမ်းသာနေရင် အကုန်မေ့မေ့နေတတ်တယ် .. (စိတ်ချမ်းသာတာကောင်းပေမယ့် တချို့တာဝန်တွေ လစ်ဟင်းကုန်နေပြီ ..)

ကျန်းမာရေး

ရောဂါ တော်တော် ကြီးနေပါတယ် .. ထမင်းစားပြီးရင် မျက်လုံးက ပိတ်ချင်နေတယ် .. :P

ဖတ်ဖြစ်နေတာက

မြင်နေရတဲ့ မျက်နှာတွေ :P ..

ရောက်နေတဲ့နေရာက

ကွန်ပျူတာရှေ့ .. :P (နောက်တာ) အပေါ်က ပြောထားတဲ့ အိမ် ..း))

မုန်းနေမိတာက

အချိန်တွေ .. မလိုရင် သိပ်ကုန်လွယ်တာပဲ .. မြန်မြန်ကုန်စေချင်ရင် မကုန်ဘူး ..

ချစ်နေတာက

ဝေးဝေးကဆို မိသားစုလေး .. အနားမှာတော့ အများကြီးပဲ .. တယောက်တမျိုး အားလုံးကတော့ ချစ်ဖို့ ကောင်းနေတာပဲ ..း)

စိတ်ပျက်နေမိတာက

ဟိုတလောကတော့ ကိုယ့်ကိုကိုယ် စိတ်ပျက်တယ် .. ခုတလောတော့ မပျက်တော့ပြန်ဘူး ..

စိတ်ထဲက မပါပဲ ပြောတတ်တဲ့ ၀တ်ကျေတန်းကျေ စကားတွေ .. (စိတ်ပျက်ပေမယ့် လိုအပ်တယ်ဆိုတာလည်း သိနေတော့ ..)

လူကြီးလူကောင်းယောင်ဆောင်ထားတဲ့ လူတွေ .. မျက်နှာပြောင်ပြောင်နဲ့ အရှက် မရှိသူတွေ ..

နားထောင်နေမိတဲ့ သီချင်း

ကြားကြားသမျှ ..

တမ်းတနေမိတာက

အိမ်ပြန်ချိန် .. ရုံးပိတ်ရက် ..

စွဲလန်းနေမိတာက

မရှိဘူးထင်တယ် .. စဉ်းစားလို့ မရဘူး ..

မေ့လျှော့ပြစ်နေတာက

ရှေ့မှာ မျက်နှာချင်းဆိုင် ကြုံတွေ့ရမယ့် ကံတရား .. တွေ့ ကြုံ ဆုံ ကွဲ .. (မေ့ထားချင်သေးတယ် ..)

လိုအပ်နေတာက

လိုအပ်တာလေးတွေ အချိန်နဲ့ အမျှ ရှိနေပေမယ့် အထူးတလည် လိုအပ်တာမျိုးတော့ မရှိပါ ..

စားဖြစ်နေတာက

ဆိုက်ပရက်စ်က စာဖိုးမှူးကြီး လက်ရာ ..း))

လွမ်းနေမိတာက

ခုတလော လွမ်းဖို့ အချိန် မရှိပါ ..

သနားနေမိတာက

ခုတော့ သနားစရာလူ မရှိဘူး .. ကိုယ့်နားလည်း ဘယ်သူမှ မရှိဘူးလေ .. သနားဖို့ ကောင်းတဲ့ မြင်ကွင်းကိုမြင်ရင်တော့ သနားတယ် ..

တောင်းမိနေတဲ့ဆု

ဆုမတောင်းဖြစ်ဘူး .. ဆန္ဒတွေတော့ ရှိတယ် .. ဆန္ဒတွေအတိုင်း ပြည့်ဝလာရင်တော့ ကောင်းမှာပဲ ..

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက

အကျယ်ကြီးတော့ မအော်မိပါဘူး .. ခပ်တိုးတိုး ရေရွတ်မိတယ် ဆိုပါတော့ .. :P .. လုပ်သင့်တာတွေ လုပ်ရဦးမယ် .. လုပ်စရာတွေ အများကြီး ရှိသေးတယ် ..

ကြိတ်ပြီး ချီးကျူးနေတာက

ကိုယ့်ထက် စိတ်ဓါတ်ရေးရာ ကောင်းမွန် ပြတ်သားသူတွေ .. တပါးသူ အပေါ် စေတနာ ထားနိုင်လွန်းတဲ့ သူတွေ .. ဇွဲ ၀ီရိယ အားကောင်းတဲ့သူတွေ .. အမှား အမှန်ကို ချင့်ချိန် ဆုံးဖြတ်နိုင်တဲ့သူတွေ ..

ကြိတ်ပြီး အထင်သေးနေမိတာက

အရှက်တရား မရှိတဲ့သူတွေ .. ကိုယ် အသာရနေရင် ပြီးရော သူတပါးအပေါ် ကိုယ်ချင်းစာနာစိတ် မရှိသူတွေ ..

ဝန်ခံချင်တာက

ဒီပို့စ်ကို ရေးဖို့ ၃ရက် အချိန်ယူလိုက်ရပါတယ် .. :P

ချစ်လှစွာသော အကိုကြီး ကိုဖိုးစိန်က စာမရေးတဲ့သူတွေကို ကြည့်မရလို့ ဆိုပြီး တဂ်ပါတယ် .. ဘယ်ကြည့်လို့ရမလဲ .. နေရာချင်းက အရမ်းဝေးတာကိုး .. :P

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...