Saturday, April 3, 2010

မီးခိုးနံ့ရောနေတဲ့ လေက ညင်ညင်သာသာနဲ့ မြို့ပြညထဲ အတူ လိုက်ပါ မျောလွင့်နေသည် .. ကားမောင်းဆရာနှင့် စပယ်ယာတို့ရဲ့ စီစီညံညံအသံတွေလည်း အပါအ၀င် .. ကားကြီး အချင်းချင်း ကျော်တက်ဖို့ အပြိုင် အဆိုင် မောင်းနေကြသည် .. တနေကုန် အလုပ်ထဲ ပင်ပန်းလာသူအချို့ကလည်း ရှေ့ဘာဖြစ်မလဲဆိုတာ မစဉ်းစားနိုင်ခင်မှာပင် အိပ်မက် မက်လို့ နေပြန်သည် ..

တချို့သော လမ်းထိပ်များတွင် ညနေဆိုင်လေးများဖြင့် စည်ကားနေသည် .. ပိုက်ဆံ ရှားပါးသည်ဟု မည်မျှပင် ဆိုစေကာမူ ဘီယာဆိုင်နှင့် လ္ဘက်ရည်ဆိုင်များတွင်တော့ လူများ ပြည့်လျှက် ရှိကြသည် .. ဘီယာဆိုင်နှင့် လ္ဘက်ရည်ဆိုင်များသည် ညဘက် မိုးချုပ်သည့် အချိန်မျိုးတွင် ကားလမ်းမနားထိတိုင်အောင် ခုံများခင်းလျှက် ရောင်းချကြသည် .. လူကြီး လူလတ် လူငယ် များသည် လမ်းဘေးနားကျကျတွင် နေရာယူလျှက် ပင်ပန်းမှုများကို ၀ါသနာပါရာ ဖြေဖျောက်ကြသည် ..

တနေရာတွင် ကျမ ငယ်စဉ်က စီးခဲ့ဘူးသော ဆိုက်ကားဆရာကြီး လူစောင့်နေသည် .. နောက် တနေရာတွင် ကျမ ငယ်စဉ်က စာတူတူ သင်ခဲ့ဘူးသော ကျောင်းနေဘက် သူငယ်ချင်းမလေး တဦးလည်း လူစောင့်နေသည် ..

ဆိုင်ကြီးတချို့မှ သီချင်းသံ ဆူဆူညံညံများ ရောနှော အော်မြည်နေကြသည် .. လူငယ်တအုပ် အသံကျယ်ကျယ်ဖြင့် သီချင်းတပုဒ်ကို သံပြိုင် ဆိုသွားကြသည် .. တနေရာတွင် အရက်မူးသမားကြီးတဦး ရေချိန်မကိုက်သေးဘဲ ရစ်နေသည် .. တနေရာတွင် ပွဲစား အမျိုးသမီးကြီး တဦး စကားတွင်တွင်ပြောရင်း အတင်း အုပ်နေသည် ..

အမျိုးသမီးလေးနှစ်ယောက် စကားပြောနေသည် .. သူတို့ပြောနေတာက ဒီနေ့မီးလာမယ့် ရက်လား ဟူသတည်း .. ကျန်တယောက်က နောက် ၁၅ မိနစ်နေလျှင် ထပ်ပျက်လိမ့်ဦးမယ် ဟူသတည်း ..

စတိုးဆိုင်မှ အရောင်းဝန်ထမ်းမလေးတဦး ပစ္စည်း ၀ယ်သူကို မျက်စိဒေါက်ထောက် ကြည့်နေသည် .. ငွေရှင်းကောင်တာမှ မိန်းကလေးကတော့ မျက်နှာ ၈ခေါက်ချိုးဖြင့် ပစ္စည်းရောင်းနေသည် .. ၀ယ်သူမျက်နှာမှာတော့ စိတ်မသက်မသာ ရှိလှသည် ..

တချို့ အိမ်ရှေ့တွေမှာ အမျိုးသမီးကြီးများ ယပ်တောင် တဖျတ်ဖျတ်ဖြင့် ခြင်မောင်းလျှက် ရှိကြသည် ..

ထိုအချိန်တွင် ၁၅ မိနစ် ပြည့်ပြီထင့် .. မီးများ တပြိုင်နက် မှောင်ကျသွားလေသည် .. လူများအားလုံးတာဝန်ကိုယ်စီဖြင့် ဖယောင်းတိုင် ထွန်းသူထွန်းကြသည် .. လက်နှိပ်ဓါတ်မီးရှာ၍ မီးအားမြှင့်စက် ပြေးချကြသည် .. မြည်တွန်တောက်တီး၍ မီးစက် ပြေးနှိုးသူ နှိုးကြသည် .. ကလေးများကတော့ ကစား မပျက် ..

23 comments:

Sein Lyan Tun said...

စာရေးသူကတော့ အိပ်ပျော်သွားခဲ့လေသည်။ ကလေးများ ဆူဆူညံညံ အော်ဟစ်ကစားသံများကို ပင် မမှုပဲ ငိုက်မြည်းသွားခဲ့လေသည်။

kaungkinpyar said...

ချစ်သူ လာသော ည က ရွှေလ သာပါတယ်...ချစ်သူ မလာသော ခု ည ရွှေလ ဘယ်ကို ရောက်နေသလဲ ကွယ်...သီချင်းလေးပါ သတိရသွားတယ်.....

ဆောင်းနှင်းရွက် said...

အဲ့လို ပြောပါနဲ့ ...

သူတို့က ပြောထားပါတယ် ..

၂၀၁၀ မှာ မီးတွေ ထိန်ထိန်သာစေရမယ်လို့ ..

ခုဆို ရေအား လျှပ်စစ်တွေ ..၊
ဘာတွေ ၊ ညာတွေ ၊
တော်တော် ကို ဆောက်လုပ်နေတာနော် ..
၂၀၁၀ မကုန်မချင်းလေးတော့
သည်းခံပြီး စောင့်လိုက်ပါကွယ် ..

((ဘာ ဘာ ဘာမှ မသိဘူးနော်))
((လာမမေးနဲ့ သတင်းထဲ အတိုင်း ပြောတာ))

မှတ်ချက် ၊ ၊ ပြောခ မြေတစ်ကွက် အလကား ရထားသည်.။

အိုက်ခီလောက် said...

ဒါနဲ့ နေပါဦး အ၇က်မူးသမားရစ်နေတယ် ဆိုတော့ ဘယ်သူ့ ကိုပြောတာတုန်း မိုးခါးရ
မီးပျက်သွားတော့ ဘာဖြစ်သွားတုန်း
စတိုးဆိုင်က လူတွေ ကတော့ ဒေါက်ထောက်ပဲကြည့်နေတာ ဟုတ်နေတာပဲေ၇းသွားတာ
မီးပျက်တော့ မြည်တွန်တောက်တီးတယ်
မီးလာတော့ ဟေးးးးးးးးးးး ဆိုပြီးအော်သံ တစ်ရပ်ကွက်လုံးပဲ ဟဟ

စိုင်းစိုင်းလားရှိုး said...

ညတစ်ညရဲ့ ချောင်ကျကျ ဒေါင့်လေးမှာ ငုတ်တုတ်ထိုင်နေတဲ့ ငါ့ကို ဘာလို့ ထည့်မရေးတာလည်း မိုးခါးရေ

JohnMoeEain said...

ည...
မြို့ပြရဲ့ည
နီယွန်မီးတွေ ပြိုးပြိုးပြက်ပြက်ဆိုတဲ့ မြို့ပြည
လရောင်ကိုပဲ တမ်းတမ်းတတ ဖြစ်ရတဲ့ဆိုတဲ့ည
ခံစားမှုနဲ့ ဖွဲ့အားကောင်းမယ့်ညဟာ
စာမျက်နှာများထက်မှာ အထီးကျန်နေတယ်.....။


ဒီနေ့ချိန်ခါရဲ့ သရုပ်မှန်ကိုဖွဲ့ဆိုတဲ့
မိုးခါးရဲ့ စိတ်မြင်ကွင်းထဲကညကိုတော့
ဒီနေရာမှာ တွေ့ပြန်တယ်။

ခင်မင်လေးစားစွာ

ဇွန်မိုးစက် said...

မိုးခါးရေးတဲ့ ရွှေမြို့တော်ရဲ့ညကို မြင်ယောင်သွားတယ်။ ပြီးတော့....သက်ပြင်းမောကြီးတစ်ချက်ချသွားတယ်...ဟင်း....။

btw, မဇွန်နောက်ဆုံးပို့စ်မှာ ဓာတ်ပုံလေးတွေ တင်ထားပေးတယ်နော်။း)

မြတ်မွန် said...

အင်း မိုးခါးရဲ့ ညလေးက လူစုံတက်စုံပဲနော်..
မြင်ယောင်မိပါတယ် ဘဝဇာတ်ခုံလေးရယ်။

ဇောင်း said...

မီးပျက်တဲ့ညမှာ မီးစက်နှိုးဖို့ ဆီကုန်နေသည်။ :)

ZaunG

Mogok Thar said...



ညမရောက်ပဲ ညဥ့်နက်နေခဲ့ရတဲ့ ဘဝတွေ...

မလောက်မင.. မရေရာတဲ့ အလင်းလေးကိုသာ မျှော်လင့် တသ နေရတဲ့ ဘဝတွေ...

ပိုးဟပ်လေး said...

ညမှောင်မှောင်...........
လရောင်ကယ်မလင်း.......
သြော်....ဖြစ်ပုံ ဖြစ်ပုံ
တော်ပြီ မီးမလာမယ့် အတူတူ
အိပ်တာပဲ ကောင်းတယ် :P :P

ဝေလင်း said...

ဘာပဲပြောပြော အဲဒီမီးပျက်တဲ့ညလေးတွေကိုလည်း လွမ်းမိသား..

tg.nwai said...

မိုးခါးရေ... တစ်ညထဲနဲ့ အစုံပါသွားတာပဲနော်...သဘောကျတယ်...ဒီက လူတွေကတော့ မီးပျက်တာကို အရေထူနေပေမယ့် ခံစား နေရတာတွေကတော့ မသက်သာလှဘူး ညီမရေ့... :(

ညလင်းအိမ် said...

ညတွေမှာ မီးပျက်တော့ စောစောအိပ် ... အဲဒီတော့ အိပ်ရေးဝတာပေါ့ မိုးခါးရ ...

ပတ်ဝန်းကျင်နဲ့ အဖြစ်အပျက်ကို ပုံဖော်မှုလေးက ကောင်းပါဧ။် ...

ဂျပန်ကောင်လေး said...

း)

noblemoe said...

ညီမလေးရေ တို့ မြို့ နယ်လေးအကြောင်းကို ဘာလို့ ဒီလောက်ကြွားလိုက်တာတုန်းး))))))))))))))))))))
နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်
ိမိုး

sonata-cantata said...

တနေရာတွင် ကျမ ငယ်စဉ်က စီးခဲ့ဘူးသော ဆိုက်ကားဆရာကြီး လူစောင့်နေသည် .. နောက် တနေရာတွင် ကျမ ငယ်စဉ်က စာတူတူ သင်ခဲ့ဘူးသော ကျောင်းနေဘက် သူငယ်ချင်းမလေး တဦးလည်း လူစောင့်နေသည် ..

ငိုချင်သွားတယ် မိုးခါးရယ်...
ညဟာ ပီပြင်လွန်းတယ်...

မြရေလျဉ် said...

ရေးထားတာ မိုက်တယ်။

အကြမ်းထည် said...

ညည လမသာ ... :P
ကြိုက်သွားပါတယ်။
carry on!!

သမီးကြီး said...

စာဖတ်နေရင်းနဲ့ နယ်မြို့က အမေ့အိမ်လေးကို လွမ်းလိုက်တာ

ဂျစ်တူး ( မုံရွာ ) said...

အဲလိုမီးမလာတဲ့ညကလေးကိုလည်းတမ်းတတယ်-
လမင်းဋ္ဌကီးဘယ်လောက်သာနေတယ်ဆိုတာကိုဋ္ဌကည့်ရတာ
တကယ်အရသာရှိတယ်-

Dream said...

မီးကပျက် ရာသီဥတုက ပူ........

တမီးတို့ကဒေါ့
ညအခါ မီးမလာ
လသာ ကစားမလား...နားမလား...

အဟား..အဆော့မပျက်ပါဘူး ...ခွီးးးခွီးးး

kiki said...

မြို့ ပျက်ည ကြီး...
မြို့ ပျက်ည ကြီး...
သန်းကောင်ထက် နက်တဲ့ ည တွေ အများကြီး ပါပဲ ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...