Friday, August 28, 2009

ကျောချင်းကပ် အလွမ်း

သိပ်အဝေးကြီး မဟုတ်ပေမယ့်
နီးလည်း မနီးခဲ့ကြဘူး
ကျောချင်းကပ် နေပေမယ့်
မမြင် မတွေ့ခဲ့ကြဘူး
အချိန်တန်တော့လည်း
အိမ်ပြန်တာ ထုံးစံ တခုပဲမို့
နှုတ်မဆက်ခဲ့ရင်တောင်
အလိုက်တသိ နေလိုက်သင့်တာပဲလေ

ဘာမှန်း ညာမှန်း မသိ လွမ်းတယ်
ကျောချင်း ကပ်နေရဲ့နဲ့ လွမ်းတယ်
ဒါပေမယ့် နောက်တချက် လှည့်ကြည့်ဖို့တောင်
စိတ်မကူးခဲ့ဘူး
ငါက နောက်ကြောင်း ပြန်မလှည့်တတ်သူလေ

ဒါပေမယ့်
အဝေး တနေရာကနေတော့
တကြိမ် တခါ မက
ငေးမောကြည့်ခဲ့ဘူးတယ်
တွေးတောကြည့်ခဲ့ဘူးတယ်

မပြီးဆုံးသေးခင်မှာ
နှမြောတသမယ်
ဆုံးရှုံးမှာ တွေးကြောက်မယ်
အဆုံးသတ်တော့လည်း
အားလုံးဟာ နေရာတကျ
နှလုံးသွင်းတတ်ဖို့က
အချိန်တန်ရင် အိမ်ပြန်ရမှာ

အိမ်ပြန်လမ်းတလျှောက်
ငါ့ အလွမ်းတွေ
သိမ်းထုတ်သွားမလား
အချိန်တန်တော့လည်း
တချိန်က တန်ဖိုးရှိခဲ့သမျှဟာ
သိမ်းထားဖို့ မကောင်းတော့လောက်အောင်
ယိုယွင်း ပျက်စီးမှုတွေနဲ့
ဘယ်သူကများ
ဆက်လက် သိမ်းဆည်းပါလိမ့်ဦးမလဲ

အတွေးတွေ မပြောင်းသွားစေနဲ့
အချိန်လေး တခုလောက်သာ
စောင့်လိုက်ပါ

PS. ရုံးကနေ အလုပ်မလုပ်ပဲ ပို့စ်တင်တယ်လို့တော့ မစွပ်စွဲကြနဲ့ပေါ့နော် .. အလုပ်က လုပ်ကို မလုပ်ချင်တာ .. :P

Sunday, August 23, 2009

စိတ် ညှို့

ပြောင်းလဲစရာ မလိုပါဘူး
ပြုပြင်စရာ မရှိပါဘူး
ရှေ့ဆက်ပါ
ငါ့ဘက်ကလဲ
ပြုပြင်ဖို့
ပြောင်းလဲဖို့
ကြိုးစားချင်နေတဲ့ စိတ်ကိုပဲ
ပြုပြင်လိုက်ပါ့မယ်

ကိုယ်ကိုတိုင်က တဦးတယောက်ကြောင့် ပြောင်းလဲပေးဖို့ မစဉ်းစားခဲ့သလို ဘယ်သူတဦးတယောက်ကိုမှလည်း ပြောင်းလဲပေးဖို့ အရိပ်အမြွက်တောင် မပြခဲ့ဘူးဘူး .. ပြောင်းလဲပေးပါလို့ ပြောမှ ပြောင်းလဲခြင်းက စစ်မှန်လိမ့်မယ်လို့ မထင်ခဲ့ပါ .. ကိုယ်တိုင်ကိုယ်ကျ နားလည်ပေးနိုင်ခဲ့လို့ အလိုလို ပြောင်းလဲလာခြင်းမျိုးသာ မျှော်လင့်ခဲ့ပါတယ် ..

ထူးထူးဆန်းဆန်း ပြောင်းလဲချင်သလို ဖြစ်လာတဲ့ ကိုယ့်စိတ်ကို အံ့သြစွာ စိုက်ကြည့်နေရင်း အဖြေကို ရှာနေမိတယ် .. အဖြေ အတိအကျ မရခင်မှာပဲ ကံကောင်းစွာနဲ့ ပြောင်းလဲချင်သလို ဖြစ်တဲ့ စိတ်က အငြင်း ၀ါကျတခု ရွတ်ဆိုတယ် .. ကံကောင်းစွာနဲ့ မပြောင်းလဲသင့်ဘူး ဆိုတဲ့ စိတ်က အနိုင်ရတယ် .. သက်ပြင်းမော တခုကို ဖြေလျှော့လို့ ..

စိတ်တွေ လွတ်လပ်နိုင်ပါတယ်
ဝေးနိုင်သလောက် ဝေးဝေး
ထွက်ပြေးနိုင်ပါတယ်
တချက်တချက်
ပြန်ပြန် ကပ်ငြိချင်စိတ်
တခုက လွဲလို့ပေါ့

ကိုယ့်စိတ်ကို အဝေးဆုံးထိ ရွက်လွှင့်ထားလိုက်တယ် .. သွားပါ .. အဝေးဆုံး အဝေးဆုံး အဝေးတက အဝေးဆုံးကို ထွက်သွားပါ .. လိုရာနေရာကို သွားပါ .. လိုရာနေရာ ဆိုတဲ့ နေရာမှာ ပြန်လာချင်စိတ် ရှိသေးရင်လည်း ဒီနေရာကို ပြန်လာနိုင်သေးတယ် .. ဒါပေမယ့် သိထားရမှာက ဒီနေရာက ကိုယ့်နေရာ မဟုတ်ခဲ့ဘူး ဆိုတာပါပဲ ..

အဝေးဆုံးကို
မရောက်နိုင်သေးသရွေ့တော့
နေရာ တချို့မှာ
တ၀ဲလည်လည် ဖြစ်နေလိမ့်ဦးမယ်
အချိန် အတိုင်း အတာ တခုထိ

တ၀ဲ လည်လည်နဲ့ ဒီနေရာ ဟိုနေရာ စိတ်ရှိတိုင်း လွင့်လိုက်မယ် .. တခါတလေ အဝေးဆုံးကို ရောက်သွားလိုက် .. အလွယ်တကူ စိတ်စေရာကို ပြန်ရောက်လာလိုက် .. ဒါဟာ အပြစ်တခုဖြစ်လိမ့်မယ်လို့တော့ မထင်မိပါဘူး .. ဒီလိုပဲလေ .. စိတ်လွတ်လပ်ခွင့်လေးတော့ ကိုယ်စီ ရှိသင့်တယ် မဟုတ်လား ..

မသွားနဲ့ တားမရတဲ့ စိတ်ကို
ကိုယ်တိုင်လည်း မဖမ်းဆုတ်ထားနိုင်ခဲ့တော့
သာသာလေးပဲ ခေါ်ဆောင်ရာလိုက်မယ်
အသိတရားဝင်လာချိန်မှာတော့
ငါဟာ သိပ်မရင်းနှီးတဲ့ ခံစားချက်တခုနဲ့

မသွားနဲ့ တားရလွန်းလို့ မောဟိုက်လာတဲ့ စိတ်ကို ထွက်ပေါက်တခုပေးလိုက်မယ် .. နင်စေလိုရာ ငါလိုက်မယ်လေ .. ဒီလိုဆိုတော့လည်း ဦးနှောက်က အလုပ်ပြန်လုပ်တယ် .. ရောက်ရှိရာ နေရာကို သတိပြုမိတော့ ငါမရင်းနှီးတဲ့ နေရာ တခုမှာ .. ခံစားချက်ကလည်း ခပ်စိမ်းစိမ်း .. နေသားကျဖို့တော့ အချိန်ယူရဦးမယ် ..

နောက်ဆုံးတော့လည်း
မဆုံးတဲ့ စိတ်သွားရာနောက်
လိုက်တဲ့ အခါလိုက်
တခါတခါ တွန့်ဆုတ်ဆုတ်နဲ့
ရှေ့တိုးမလို ဖြစ်တဲ့ အခါ ဖြစ်
တခါ တခါ ခေါင်း တခါခါနဲ့
တွေဝေတဲ့ အခါ တွေဝေ
မဆုံးနိုင်တဲ့ လမ်းတလျှောက်
စမ်း တ၀ါးဝါး ရွေ့တယ်

လမ်းတွေ သိပ်ရှည်လျားတာလား .. သွားပဲ သွားနိုင်လွန်းတာလား .. မမောနိုင်သေးဘူးလားဟာ ..

Thursday, August 20, 2009

ပန်းတပွင့်



တချိန်ချိန်မှာတော့ ပန်းတပွင့် ပွင့်ခဲ့မှာပါ .. ပိုင်ဆိုင်ဖူးပါမယ် .. ပိုင်ဆိုင်ဖို့ ကြိုးစားဘူးပါမယ် .. ငါကိုယ်တိုင်ကတော့ ဆုံးရှုံးဖို့ပါ ပြင်ဆင်နေခဲ့သေးတယ်လေ .. မျှော်လင့်ခြင်း တဖက်နဲ့ပေါ့ ..

ပန်းပွင့်လေး ဖြစ်မလာခင် ပန်း အဖူး အငုံလေး ဘ၀တည်းက ဘယ်တော့ ပွင့်လာမလဲဆိုတဲ့ ရင်ခုန် မျှော်လင့်ခြင်းမျိုးနဲ့ စောင့်စားခဲ့တာပဲလေ .. ဒါဟာ ပန်းပျိုးမိသူ ဥယျာဉ်မှူး တယောက်ရဲ့ ရင်ခုန်ခြင်းမျိုး ..

ပန်းပွင့်လေးအတွက် ကြိုရင်ခုန်တယ် .. မှန်းဆ ပုံဖော်မယ် .. လှပခြင်းနဲ့ ရနံ့တွေနဲ့ ပြည့်စုံနေမယ့် ပန်းလေးတပွင့် .. အိမ်မက်တွေ မက်ရင်းတောင် ပြုံးနေမိလေရဲ့ ..

ပန်းလေး မပွင့်လာသေးပါဘူး .. ပန်းလေးပျိုးရုံရှိသေးတယ် .. ပန်းလေးအတွက် ပျော်ရွှင် ကြည်နူးနေမိတယ်လေ .. တဆက်တည်းမှာပဲ .. ဒီပန်းလေးက ကိုယ့်ရင်ထဲမှာ ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မှာပါလိမ့် .. ပိုင်ဆိုင်နိုင်ခွင့်ရော ကိုယ်တိုင် ရနိုင်ပါ့မလား .. ဆုံးရှုံးသွားခဲ့ရင်ရော ..

ပျော်ရွှင်စွာ မက်နေတဲ့ အိပ်မက်ကနေ နိုးထဖူးသလို .. အိပ်မက်ဆိုးလို့ခေါ်မလား ဆုံးရှုံးရတယ်လို့များ အိပ်မက် မက်ခဲ့မိပြန်ရင် အိပ်မက်ထဲ ပျောက်ဆုံးသွားခဲ့ရင် မျက်ရည်များနဲ့ လှိုက်မောစွာနဲ့ နိုးထရပြန်ပါတယ် .. ဒါဟာ အရင်းအနှီး ဆိုမလား .. ဒီပူလောင်မှုတွေကို ငါ ကိုယ်တိုင်ကလွဲလို့ ဘယ်သူသိနိုင်ဦးမလဲ .. တဦး တယောက်ကရော နားလည် ခံစားပေးနိုင်ပါ့မလား .. ကြင်နာစွာ နားလည်ပေးမယ့်သူနဲ့ ဟားတိုက် လှောင်ရီနေမယ့်သူ ဘယ်ဦးရေက ပိုများလိမ့်မလဲ .. မရီကြပါနဲ့ .. ဒါဟာ ကိုယ်တိုင် ကြုံတွေ့ပြီး ကျော်ဖြတ်နိုင်ခဲ့ပြီဆိုမှ ပြုံးရီကြပါ .. မချိပြုံးနဲ့တော့လည်း မရီမိစေနဲ့ဦးပေါ့ ..


ပန်းလေး ရှင်သန်မှုအတွက် ရှင်သန်နေစဉ် ကာလအတွက် အမြတ်အစွန်း မမျှော်လင့်ပေမယ့် ပိုင်ဆိုင်ချင်စိတ်တော့ ရှိခဲ့သည်ပေါ့ .. ရင်ခွင်ထဲ ထည့်သိမ်းထားရုံပါပဲ .. မထိခိုက် မနာကျင်စေရပါဘူး .. ဆူးတွေရှိနေရင်တောင် ငါ ပိုင်ဆိုင်ချင်နေဦးမှာ .. ဆူး ဆူးချင် ဆူးပါစေ ..

မျှော်လင့်ချက် အိပ်မက်တွေ ထားမိလေလေ ပူလောင်မှုတွေ ပိုတိုးလေလေ .. ဒါကို ဘယ်သူမှ သိနိုင်မယ် မထင်ပါဘူး .. ယုယု ယယ မျှော်လင့်တကြီး ဆက်ပြီး ပျိုးနေမိတယ် ..

ပန်းပွင့်လေး မျက်တောင်တချက်ခတ် အကြည့်မှာ ရင်ခုန်မှုတွေ ဘယ်လောက်ရင်းလိုက်ရမလဲ .. ပျော်ရွှင်ရမှုတွေအတွက် ကျေးဇူးတင်ပါတယ် ငါ့အတွက် ဆုလာဘ်လေးရေ ..

မနက်ဖြန် မနက်အတွက် မျှော်လင့် ရင်ခုန်မှုမျိုးနဲ့ နိုးထရဦးမယ် ..

မျက်စိအောက်က အပျောက်မခံချင်ခဲ့ပါ .. မျက်တောင် မခတ်ပဲ ကြင်နာစွာ ကြည့်ရှုချင်နေခဲ့တယ် .. နေရောင်လာရင် ကွယ်ပေးမယ် .. မိုးဖွားကျရင် ကာပေးမယ် .. အမှိုက်သရိုက်တွေ ရှင်းလင်းပေးမယ် .. ပိုးကောင်မွှားကောင်တွေရန်က ကာကွယ်ပေးချင်တယ် .. ဒီပန်းလေး အပြစ်ကင်းကင်း လှနေနိုင်အောင်ပါ ..

တရေးတော့ အိပ်ဦးမယ် ..

မနက်မိုးသောက် အလင်းရောက်ချိန်ထိ ရင်ထဲမှာ ရှင်သန်နေပါစေ .. ပျောက်ဆုံးခြင်း အိပ်မက်ဆိုးနဲ့ မနိုးထပါရစေနဲ့ ..

-----------------

ကိုရွာသားတဂ်တဲ့ ရင်ထဲက ပန်းပွင့်လေးပါ .. ကျေနပ်မယ်လို့ မျှော်လင့်ပါတယ် .. စာက ခုတလော တော်တော်လေးကို ရေးစရာ ရှာမရ ဖြစ်နေတာပါ .. ကိုရွာသားတဂ်မှပဲ ရေးထွက်ပါတော့တယ် .. ကြိုးစားပမ်းစားရေးလိုက်တာပါ .. မကောင်းလည်း သည်းခံဖတ်ပေးပေါ့နော့ .. :D ပျင်းမှာစိုးလို့ သီချင်းပါ ရှာထည့်ပေးထားပါတယ် .. :P


Wednesday, August 5, 2009

ခုတလော

တွေးနေမိတာက
ဘာလုပ်ရင်ကောင်းမလဲ .. တော်တော်ငြီးငွေ့ဖို့ကောင်းတဲ့ လောကကြီးပါလား ..
လူတွေ ဘာလို့ဟန်ဆောင်ကြတာလဲ .. ဟန်မဆောင်ရင် ပေါင်းရခက်တဲ့ လူ့ဂွစာဖြစ်ရောလား ..
တနေ့ တနေ့ ဖြတ်သန်းနေတဲ့ အချိန်တွေမှာ အဓိပ္ပါယ်ရှိတာတွေ ဘယ်လောက်များလုပ်မိပါလိမ့် .. လုပ်ရော လုပ်မိရဲ့လား ..

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အချိန်တွေ ဖြုန်းနေတယ် ..
ရင့်ကျက်ချင်ယောင်ဟန်ဆောင်နေပြီး တကယ်တမ်း ခံနိုင်ရည်ရှိဖို့ ကြိုးစားရတုန်းပဲ .. မတည်ငြိမ်နိုင်သေးပါ ..


ကျန်းမာရေး
ဒေါင်ဒေါင်မြည်ပါတယ် .. ရုံးမသွားချင်လို့တောင် နေမကောင်းဖြစ်ချင်ဟန်ဆောင်ပြီး အမ်စီရပါတယ် .. :P

ဖတ်ဖြစ်တဲ့စာအုပ်တွေက
စာအုပ်တွေ မဖတ်ဖြစ်သေးပါ .. ဖတ်ရမယ် ဖတ်ရမယ် .. ဒီစကားလည်း ပြောနေတာကြာပေါ့ .. အပျင်းထူနေသေး၏ .. :D

ရောက်နေဖြစ်တာက
မမနော်နော်လိုပဲ Farm Town ထဲက လယ်တောအိမ်ကလေး (စိတ်ချမ်းသာတယ် .. အိမ်နှစ်လုံး ၀ယ်ထားတယ် .. (ကြွားတာ :P))


ရေးဖြစ်နေတာက
tag game တွေ .. တခြားစာတွေ စိတ်ကူးပေမယ့် ဖီးလ်ငုတ်နေသေးပါတယ် ..

နားထောင်ဖြစ်နေတာက
နားဆူနေပြီးရော အကုန်ဖွင့်ထားလိုက်တယ် .. လာချင်တာလာပါစေ ..

ရွတ်နေမိတဲ့ကဗျာက
ကဗျာမရွတ်ဖြစ်ပါ ..

ဖြစ်ချင်နေတာက
စိတ်ကူးတိုင်းသာဖြစ်မယ်ဆိုရင် .. လိုအပ်နေသူတွေအတွက် အားကိုးနိုင်သူတယောက်ဖြစ်ချင်တယ် .. သတ္တိတွေ ရှိချင်တယ် .. ပြီးတော့ ပြီးတော့ တွေ အများကြီးပဲ ..

စားဖြစ်နေတတ်တာက
ရုံးနောက်ဘက် ကန်တင်းက အသားနှစ်မျိုး အရွက်တမျိုး မရိုးနိုင်သော ထမင်းနဲ့ဟင်း .. သူတို့ချက်ထားတဲ့ နာမည်သာကွဲပြီး အရသာ တူနေသော ဟင်းများ ..

သနားနေမိတာက
စင်ကာပူက သက်ကြီးရွယ်အိုတွေ .. မြန်မာနိုင်ငံက ကလေးသူငယ်တွေ .. တနေ့တနေ့ စားဝတ်နေရေး အသက်အရွယ်နဲ့ မလိုက်အောင် ရုန်းကန်နေရသူတွေ .. ရောဂါဝေဒနာသည်တွေ .. မျှော်လင့်ချက် ကင်းမဲ့နေသူတွေ .. အသနားဆုံးကတော့ လမ်းဆုံးရောက်နေသူတွေ (တနည်း) နောက်ပြန်မလှည့်နိုင်သူတွေ (တနည်း) မောဟ အမှောင်မိုက်ထဲ ရောက်နေသူတွေ (တနည်း) ကိုယ့်လုပ်ရပ်ကို ဘာမှန်း မသိသူတွေ (တနည်း) အမှား အမှန် မခွဲခြားနိုင်သူတွေ (တနည်း) မှားမှန်းသိနေပေမယ့် အမှားကို လက်မခံနိုင်သူတွေ ..

လွမ်းနေမိတာက
မေကြီးချက်တဲ့ ပုဇွန်ဆီပြန် .. ကြက်သားပြုတ်ကြော် .. ကန်စွန်းရွက်ကြော် .. (စားချင်တယ် ....)

မေ့လျော့ပစ်နေမိတာက
နောင်ဖြစ်လာမယ့် အနာဂတ် ..

ခါးသက်နေမိတာက
စိတ်မပါပဲနဲ့ ပြောဆိုဆက်ဆံနေတာတွေ .. အတင်းတွေ ..

တမ်းတနေမိတာက
ဖေကြီး မေကြီး .. ချစ်လှစွာသော သူငယ်ချင်းတွေ ..

ကြိတ်ပြီးချီးကျူးနေမိတာက
ကိုယ်ကျိုးမပါပဲ အမှန်တရားအတွက် တိုက်ပွဲဝင်ရဲသူတွေ .. (အကျိုးမျှော်နေသူတွေ မပါ)

ကြိတ်ပြီးအထင်သေးနေမိတာက
ကိုယ့်လုပ်ရပ်ကို တာဝန်မယူနိုင်သူတွေ .. တာဝန်မယူရဲသူတွေ .. သူများအတွက် ခေါင်းစဉ်တပ်ပြီး ကိုယ့်ကျိုးရှာသူတွေ .. သူများနှာခေါင်းပေါက်နဲ့ အသက်ရှုလိုသူတွေ .. အထင်ကြီးစရာ မကောင်းသူတွေ ..

ဆန္ဒမရှိတဲ့နေရာ
စင်ကာပူ

ဆန္ဒရှိနေတဲ့ကိစ္စ
မြန်မာနိုင်ငံအနှံ .. ကမ္ဘာအနှံ လျှောက်သွားချင်တယ် .. ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက် ..

မုန်းတီးနေမိတာက
ကြမ်းပိုး (ခုတလော သောင်းကျန်းလွန်းလို့ ..)
မနက် ပေးထားတဲ့ အလန်း သံ ..

ချစ်နေတာက
ကိုယ့်ကိုကိုယ်ပဲ ဖြစ်မှာ :P

စိတ်ပျက်နေမိတာက
မနက် အလုပ်သွားဖို့ ထရတာ .. (ကြီးပွားဦးမယ် .. :P)

စွဲလန်းနေမိတာက
အကျင့်ပါနေတယ်လို့ပြောရင် ပိုသင့်တော်မလားပဲ .. ဘာလဲဆိုတာ မပြောပြဘူး .. :D

လိုအပ်နေတာက
ရှာသမျှကုန်နေတဲ့ ပိုက်ဆံ :D

တောင်းနေမိတဲ့ဆု
ကိုယ့်စိတ်ကိုယ်သိပြီး ကိုယ့်လုပ်ရပ်တွေလည်း မှန်ကန်ဖို့ .. နောင်တကင်းကင်း ရှင်သန်နိုင်ဖို့ ..

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
လူတွေကို ယုံကြည်ချင်တယ် ..

ဝန်ခံချင်တာက
ဟန်ဆောင်ခြင်းအလုပ်ကို မုန်းမုန်းနဲ့ ပီပြင်အောင် လေ့ကျင့်ပြီး လူတွေနဲ့ ဆက်ဆံနေရတယ် ..

မမနော်နော် တဂ်တဲ့ပို့စ်လေးပါ .. မမနော်ရေ စိတ်ထဲလက်ရှိ ရှိနေတာတွေ ချရေးလိုက်တယ် ..း))

ဆက်တဂ်မယ် .. အဆိပ်ခွက် .. ဗညားရှိန် ..း)




Monday, August 3, 2009

ငယ်ဘ၀ အမှတ်တရ ကဗျာများ

မိုးရွာရင်မိုးရေချိုးမယ်
မေမေလာရင်နို့ဆို့မယ်
ဖေဖေလာရင် အုန်းသီးခွဲစားမယ် .. ဆိုတာကတော့ ကဗျာလား သီချင်းလားမသိ ကလေးတိုင်းလိုလို အော်ဟစ် ရွတ်ဆိုဘူးကြမယ် ထင်ပါတယ် .. ငယ်ငယ်က မိုးရွာရင် မိုးရေထဲထွက်ဆော့ရတာလည်း ကလေးတိုင်း နှစ်သက်တတ်မှာဖြစ်သလို မိုးရေထဲ ထွက်မကစားဘူးသူလည်း တော်တော်ရှားပါလိမ့်မယ် ..

ဟိုဘက်ကမ်းက မီးထိန်ထိန်
ဒီဘက်ကမ်းက မီးထိန်ထိန်
ဆီမီးထိန်ထိန်လင်းပါတဲ့
မနှင်းတို့ အိမ် .. (နာမည်မှန်မမှန် မသေချာပါ) ဆိုတဲ့ ကဗျာလေးကလည်း မှတ်မိနေမိပါတယ် .. ကဗျာတွေကို အစအဆုံးတော့ မမှတ်မိတော့ပါဘူး .. အစအဆုံး မှားမှား မှန်မှန် ရွတ်မယ်ဆိုရင်လည်း လွဲမှာသေချာပါတယ် ..

ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း .. ဆိုတာလေးကိုတော့ မှတ်မိနေတယ် .. (ခုစဉ်းစားရင်း ပေါ်လာတာပါ ..) ဘယ်နှစ် ဘယ်နှစ်တန်းမှာ သင်ခဲ့ရတယ်ဆိုတာတော့ မမှတ်မိတော့ပါဘူး ..


မမ ၀၀ ထထ က
အကပထမ
ကပါ ကပါ မမရာ
ညည လသာသာ
ညအခါ ငါစာရ
မမ ၀၀ ထထ က .. ဆိုတာလေးကလည်း မမ ၀၀ တွေမြင်ရင် အော်ဟစ်နေကျမို့ သတိရမိသွားပါတယ် ..

ဖွတ်မင်းကတောင် အကိုခေါ်ရမယ်ဆိုလား .. ရေသည်ပြဇာတ်ထဲက ကဗျာလိုလို စာလေးလည်း သွားသတိရမိပါတယ် .. သတိရမိရုံပါ .. မမှတ်မိတော့ပါဘူး .. :D

အရှေ့ကို လျှောက်ပါလို့
အနောက်ကိုတဲ့ မျှော်လိုက်ရင် .. ဆိုတဲ့ ကဗျာလေး သတိရလိုက်ချိန်မှာတော့ ဆွမ်းအုပ်လေး ပိုက်ပြီး ပါးကွက်ကျားနဲ့ မိန်းမပျိုလေးကိုပါ တွဲမြင်မိလိုက်ပါတယ် ..

အစပိုင်းတော့ မေ့ပြီ .. ကြားထဲက ဖြတ်ဆိုမယ် ..
လိမ်တာ ညာတာ ကိုကိုမကြိုက်ပါ
အင်္ဂလိပ်စာ ခိုးချတာ ဗဲဒီးဆောရီးပါ .. ဆိုတာလေးကတော့ အင်္ဂလိပ်စာသာ ခိုးမချနဲ့ ကျန်တာခိုးချရမလားမသိဘူးနော် .. :P

ရေးပြီးမှ ကိုယ့်ဟာကိုယ် တပုဒ်ထဲကိုများ အပေါ်အောက် ခွဲရွတ်နေမိလား အူကြောင်ကြောင်ဖြစ်မိပါသေးတယ် .. ငယ်စဉ်က ကဗျာတွေကို သတိတရ မရှိတော့တာ ကြာပေါ့ .. ဒီကြားထဲ ကလေးတွေ စာကျက်သံနဲ့ ဝေးနေတာလည်း အချိန် တော်တော် ကြာပြီဆိုတော့ မမှတ်မိသူ အပြစ်မရှိဘူး ထင်တာပဲ :P

ငယ်စဉ်က ရွတ်ခဲ့တဲ့ ကဗျာတွေကို ကဘောက်တိ ကဘောက်ချာ အိုးနင်းခွက်နင်း ရွတ်လိုက်ပါပြီ .. နှင်းနဲ့ မာယာ ကျေနပ်မယ် ထင်ပါတယ်နော် ..း)

ငယ်ငယ်တုန်းက ကလေးဘ၀ကို ပြန်လိုချင်တာမျိုးမဟုတ်ပေမယ့် ပြန်တော့ တမ်းတမိတာပါပဲ .. အပူအပင်မရှိ .. အိပ်မယ် စားမယ် ကစားမယ် .. ငြိမ်းချမ်းတယ် .. အရွယ် နဲနဲရလေ အပူနဲနဲ ပူရလေ .. အသက်ကြီးလာလေလေ ပူလောင်မှုတွေနဲ့ ရှုပ်ထွေးလေ .. မပူချင်လည်းပူ ပူချင်လည်းပူ .. မသိချင်ယောင်ဆောင်နေလို့လည်း မရတော့ .. အချိန်တွေ တရွေ့ရွေ့နဲ့ လျှောက်လှမ်းနေရင်း ပူလောင်နေရင်း ရှုပ်ထွေးနေရင်း .. ရှေ့ဆက်နေရဦးမှာပါပဲ ..

Sunday, August 2, 2009

ဆုနဲ့ ဆူး

ကိုလူထွေးကြီးကတော့ ၀ါတွင်း အိမ်မလည်ရဘူး ဘယ်သူပြောတုန်းတဲ့ ပြောသွားဘီ ..း)

တကယ်က မိုးခါးတို့ ခုမှ အလုပ်စလုပ်နေရတယ်လေ .. ရုံးမှာ အင်တာနက်တောင် နပ်မှန်အောင် မသုံးနိုင်တဲ့ဘ၀ ရောက်နေလို့ပါဗျို့ ..

ရုံးက အက်ဒမင်က အမတယောက် ဇူလိုင်လကုန်ကစပြီး ကလေးမွေးဖို့ ခွင့်သွားတယ် .. အဲဒါ ခေါင်သူကြီးက (ဂျပန်ကြီးက) အက်ဒမင်အလုပ်တွေ ကူနိုင်လားဆိုတော့ ဟိုစပ်စပ် ဒီစပ်စပ် ၀ါသနာ အတိုင်း လုပ်ပေးမယ်ပြောလိုက်တယ် .. မပြောလို့လည်း မရဘူးလေ .. လုပ်ဆိုလုပ်ရမှာပဲ .. ကိုယ်တိုင်လည်း စမ်းလုပ်ကြည့်ချင်တာပါတာပေါ့ .. ဒီလိုနဲ့ အဲဒီ အမမသွားခင် သူလွှဲပေးတဲ့ အလုပ်တွေ သင်ရင်း အဲဒီတုန်းတည်းက စာလည်း ကောင်းကောင်း မရေးဖြစ် အွန်လိုင်းလည်း မတက်နိုင်ဖြစ်သွားတာပါ ..

ဒီကြားထဲ QS တယောက်ရဲ့ PO အလုပ်တွေ ကူပေးရပြန်ရော .. လှုပ်တောင် မလှုပ်အားတော့ဘူး .. ကောင်းတော့ ကောင်းပါတယ် .. အရင်က အလုပ်က တော်တော်ပါးတော့ အိပ်ငိုက်ငိုက်နေတာ .. ခုတော့ မငိုက်အားတော့ဘူး .. အချိန်တောင် ကုန်လို့ ကုန်သွားမှန် မသိဖြစ်သွားတယ် .. အဲဒါက ပိုကောင်းတယ်လေ .. ကိုယ်လည်း အတွေ့အကြုံရတာပေါ့ ..း))

အပေါ်က ကိစ္စတွေကြောင့် မိုးခါးတယောက် အိမ်လည်ကျဲခြင်း .. စာမရေးအားခြင်း ဖြစ်နေကြောင်းပါ .. :D (အားလုံးကိုတော့ ဒလိယနေတာပါဘဲ :P)

ခုတော့ ကြွေးကလည်း ၃ပုဒ် တင်နေတယ် .. တပုဒ်ဆပ်မယ်လို့ စဉ်းစားပြီး ကြိုးစား ရေးပါတော့မယ် ..

ကိုရီနိုကြီးက ကျောင်းတုန်းက အမှတ်တရတဲ့ .. ရဖူးတဲ့ ဆုတွေ ဆူးတွေတဲ့ တဂ်ပါတယ် ..

တကယ်တော့ ငယ်ငယ်က ကျောင်းနဲ့ပတ်သက်လို့ အမှတ်တရဆိုတာ သိပ်မရှိပါဘူး .. ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ခုပြန်တွေ့ရင်တောင် နာမည် မသိတော့တာနဲ့ နာမည်ကြားလို့ နင်သိတယ်မဟုတ်လားဆိုရင် ဘယ်သူမှန်း ဘယ်လိုမှ ပြန်ပုံဖော်လို့ မရတာနဲ့ .. လမ်းတွေ့လို့ လာခေါ်ရင်တောင် စကားသာပြောလိုက်တယ် ဘယ်သူမှန်း မသိတာနဲ့ အဲလို အမှတ်တရတွေ များပါတယ် ..

ကျောင်းတုန်းက ပေါင်းတဲ့သူငယ်ချင်း မှတ်မှတ်ရရဆိုလို့ ၇ ယောက်ပဲရှိပါတယ် .. ယောကျားလေး သူငယ်ချင်းလည်း သိပ်မထားတတ်ခဲ့ပါဘူး .. ခုထိလည်း အဲဒီ ၇ ယောက်တည်းက ဆက်တွဲဖြစ်တာဆိုလို့ ၄ယောက် တခါတလေ ၅ယောက်ပဲ ရှိတော့တာပါ .. ကျန်တာတွေက ခုဆို အိမ်ထောင်ကျတာနဲ့ ဘာနဲ့ ဆက်မတွဲဖြစ်တော့ပါဘူး ..

သူငယ်တန်းတည်းက ၅ တန်း ထိကတော့ သူငယ်ချင်း တယောက်ပဲရှိပြီး သူကလည်း စာတော်တော့ ကိုယ်ပါလိုက်ပြီး သူက ၁ဆို ကိုယ်က ၂ဆိုတာလောက်နဲ့ ပုံမှန် ချီတက်လာပါတယ် .. ၆ တန်းကျတော့ အိမ်ပြောင်းပြီး သူနဲ့ ကိုယ် ကွဲသွားတယ် .. ခုထိလည်း အဆက်အသွယ် သိပ်မရှိတော့သလို မှတ်မှတ်ရရ တခါတလေမှ သတိရဖြစ်ပါတော့တယ် ..

၆ တန်းနှစ်က စလို့ ခု လက်ရှိ ပေါင်းနေတဲ့ သူငယ်ချင်းတွေနဲ့ စခင်ခဲ့တယ် .. တကယ်ကိုပဲ ပျော်ဖို့ ကောင်းခဲ့တယ် .. သူတို့နဲ့ ဘာပြိုင်ဖြစ်လဲဆိုရင် ၆ တန်းက ၁၀ တန်း အထိ တစိုက်မတ်မတ် ပြိုင်ဆိုင်လာခဲ့တာကတော့ အအိပ် အစားနဲ့ လည်ပတ်ခြင်းပေါ့ .. :P

၇ ယောက် စုလိုက်ပြီဆိုရင် ဘာလုပ်မလဲ .. ဘယ်သွားမလဲ .. ဘာလုပ်စားမလဲ .. တက်ညီလက်ညီပါပဲ ..

မိုးခါးအိမ်က နေ့လည်ဖက်ဆို အပေါ်ထပ်မှာ ဘယ်သူမှ မရှိတတ်ပါဘူး .. နေ့လည်ဆို အိမ်ကိုချီတက်ပြီး အာလူးကြော်စားကြတယ် .. ယမ်ယမ် ချဉ်စပ် ပြုတ်စားကြတယ် .. ပူတင်း ဖုတ်စားကြတယ် .. လ္ဘက်တွေ သုတ်စားကြတယ် .. ကော်ဖီတွေ ဖျော်သောက်ကြ သံပုရာရည် ဖျော်သောက်ကြ .. ဒါမှ အားမရသေးရင် အပြင်ကိုထွက် တွေ့တဲ့မုန့် ၀ယ်စားကြသေးတယ် .. (ဒီလို ပျော်ရွှင်မှုမျိုး ထပ်ရဖို့ ဘယ်လိုမှ မလွယ်တော့ပါဘူး .. တော်တော် လွမ်း သွားတယ် ..း)

ဘာခွေသစ်ထွက်လဲ ခွေငှားကြည့်ကြ (မီးက သိပ်မှန်တယ်ဆိုတော့လေ .. ကြည့်ရင် ဆန့် တငင်ငင်နဲ့ ကြည့်ရပြန်ရော ..) သီချင်းတွေ ဆိုကြတယ် .. ဒီလိုတွေလုပ်ရင် တနေ့တနေ့ အချိန်တွေ ကုန်သွားလိုက်တာ စာမေးပွဲနားနီးတဲ့ အထိပါ .. ဒီတော့ ဘယ်လိုဆုမျိုးရမလဲ စဉ်းစားသာ ကြည့်ကြပါတော့ :P

သူငယ်ချင်းတယောက်က ၁၀ တန်းမှာ နယ်မှာ ဘော်ဒါသွားတက်တယ် .. သူအဝေးကနေ ရေးပြီး ပို့ပေးလိုက်တဲ့စာကြောင့်လည်း သူငယ်ချင်းတွေ စိတ်မကောင်းဖြစ်ကြရသေးတယ် .. သူကတယောက်တည်းဆိုတော့ သူငယ်ချင်းတွေကို သိပ်လွမ်းတယ်တဲ့ .. သူ့အိမ်က ကျပ်တော့ အပြင်သိပ်ထွက်ခွင့်မရဘူး .. တခါပဲ မိုးခါးအိမ်ကို ရောက်ဖူးတယ် .. ရောက်တဲ့နေ့က မုန့်တွေလုပ်စား .. သူက ခရမ်းချဉ်သီးတွေကို အစိမ်းလိုက် ဒီတိုင်း ကိုက်စားတယ် .. တ၀ါးဝါး တဟားဟားနဲ့ပေါ့ .. သူအဲဒီနေ့ကို လုံးဝ မမေ့ဘူးတဲ့ .. ဒီလိုမျိုးလည်း တခါမှ မပျော်ဘူးဘူးပေါ့ .. သူ့စာထဲ ရေးထားတာ .. ခုတော့လည်း အိမ်ထောင်ကျသွားတာတောင် မသိလိုက်ပါဘူး .. ဝေးသွားခဲ့ပြီပေါ့ .. သူလည်း အဲဒီအချိန်တုန်းကလိုပဲ သတိရနိုင်ဦးမလား မပြောတတ်တော့ပါဘူး ..

ကျောင်းတုန်းက အဖြစ်အပျက်တွေက ရင်ထဲမှာ ဆူးအနေနဲ့တော့ မရှိခဲ့ပါဘူး .. စိတ်ထားတွေလဲ တော်တော်များများ ဖြူစင်နေသေးတယ် .. လုပ်ရပ်တွေလည်း တော်တော်များများ အပြစ်ကင်းသေးတယ် .. ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနဲ့ မနီးစပ်သေးပဲ ကျောင်းဝင်းထဲမှာပဲ ကျင်လည်နေတုန်းမို့ လွတ်လပ်ပေါ့ပါးစွာနဲ့ ဖြတ်သန်းခဲ့တဲ့ အချိန်တွေပါ ..

မိုးခါးတို့ သူငယ်ချင်း တအုပ်စုလုံး လူလည်းညီသလို တယောက်ဘာလိုအပ်လဲ ရိုင်းပင်းတတ်သေးတယ် .. ဒီသူငယ်ချင်းတွေကြားမှာ စကားလုံးတွေ မလိုအပ်ခဲ့ဘူး .. ဒါကို ဆုလာဘ်လို့ ပြောလို့ရနိုင်မယ်ထင်ပါတယ် ..

၁၀တန်းတုန်းက စာမသင်ချင်တာနဲ့ ဘုရားခန်းသွားပြီး ဓမ္မစင်္ကြာရွတ်သေးတယ် .. ပြိုင်ပွဲဝင်တော့ မိုးခါးတို့ ကျောင်းက ဒုတိယပေါ့ ..

စာကျက်ရမှာပျင်းသလို စာလည်း သေချာမကျက်ခဲ့ဘူး .. အမေက စာလုပ်လို့ ပြောရင် သချာင်္ပဲ ထိုင်တွက်တွက်နေလို့ အကျိုးလေးတခုက ၁၀ တန်းမှာ သချာင်္ ဂုဏ်ထူးရခဲ့တာလေးပဲ ရှိပါတယ် .. ကျန်တာတွေ ချာတူးလန်နေလို့ မပြောတော့ပါဘူး :P

တက္ကသိုလ်ကျတော့လည်း အဝေးသင်နဲ့ ပြီးတာ .. သူများယောင်လို့ ကိုယ်ပါလိုက်ယောင်ပြီး အီကိုတက်ခဲ့တယ် .. ခုတော့ ဘီအေ (အီကို) လက်မှတ် ကိုင်ထားပါတယ် .. တတ်တာတော့ မတတ်ဘူး .. :P

ဘ၀တလျှောက်လုံး ကြုံတွေ့ခဲ့သမျှ ပျော်ရွှင်စရာတွေ အကုန်လုံးက မိုးခါးအတွက် ဆု တွေပါပဲ .. သူငယ်ချင်း ချစ်သူ ခင်သူ မိတ်ဆွေ အပေါင်းအသင်းတွေ တွေ့ကြုံဘူးတဲ့ သင်ခန်းစာ အတွေ့အကြုံတွေ အားလုံးဟာ ဆုလာဘ်တွေပါပဲ ..

ဆူးအနေနဲ့တော့ ရင်ထဲမှာ တဘ၀စာ နာကျင်စေမယ့် ဆူးရယ်လို့ မရှိခဲ့ဘူးသေးပါဘူး .. ၀မ်းနည်းဘူးပါတယ် .. ဆုံးရှုံးဘူးပါတယ် .. ဒါပေမယ့် နောင်တနဲ့တော့ မရင်းခဲ့ရဘူးပါဘူး .. တသသနဲ့ နှမြောတသလည်း မဖြစ်ခဲ့ဘူးပါဘူး .. အချိန် အတိုင်း အတာ တခု အပြီးမှာ အရာအားလုံး ပြီးဆုံးသွားခဲ့တာချည်းပါပဲ .. ကိုယ်ပိုင်မဟုတ်တဲ့ အရာတွေ ဆုံးရှုံးသွားတာ ကိုယ့်အတွက် ဆုံးရှုံးမှုလို့ သတ်မှတ်လို့မှ မရနိုင်တာပဲ .. ကိုယ့်ကိုကိုယ်တောင် မပိုင်တာ အခြား အရာဝတ္တု လူ နဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုလုပ် ကိုယ့်ဟာလို့ သတ်မှတ်ရနိုင်ပါ့မလဲ ..

လက်ရှိအချိန်တွေကို တန်ဖိုးထားပါတယ် .. လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစား နေထိုင်ပါတယ် .. နောင်တဆိုတာနဲ့ အဝေးနိုင်ဆုံး ဝေးအောင် ကြိုးစားပါတယ် .. ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာရဲ့ ကြား အသင့်တော်ဆုံးနေရာမှာ နေထိုင်မိအောင် ကြိုးစားပါတယ် .. ရင်ထဲက ဆုတွေကို တန်ဖိုးထား သိမ်းဆည်းပြီး ဆူးတွေကို မရှိအောင် ရှိခဲ့ရင်လည်း ရှင်းလင်းပစ်နိုင်အောင် ကြိုးစားပါတယ် .. ဆုလာဘ်တွေအတွက် ပျော်ရွှင်ကျေနပ်နေမှာဖြစ်သလို ဆူးတွေအတွက်လည်း သင်ခန်းစာတွေ ဆက်လက် ယူနေမှာ ဖြစ်ပါတယ် ..

ကိုရီနိုကြီး ကျေနပ်မယ်ထင်ပါတယ် .. ကိုရီနိုက သူများတကာကို လိုက်တဂ်ပါတယ် .. ပြီးတော့ သူမှာလည်း စာဖတ်ဖို့ အချိန်မရှိပါ .. မဖတ်ပဲ ကျော်သွားရင်စိတ်ဆိုးမည် (မှတ်ချက် :P)

လက်ဆင့်ကမ်းပါဦးမယ် .. နှင်းနဲ့ မာယာ .. ဆောင်းနှင်းရွက် တို့ကို ရေးပေးပါလို့ အပူကပ်ပါမယ် ..း)

ကျမ ချစ်သော ကျမကို ချစ်သော ကျမကို မချစ်သော ကျမအပေါ် ဘယ်လိုမှမနေသော ပုဂ္ဂိုလ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ် ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...