Friday, August 28, 2009

ကျောချင်းကပ် အလွမ်း

သိပ်အဝေးကြီး မဟုတ်ပေမယ့်
နီးလည်း မနီးခဲ့ကြဘူး
ကျောချင်းကပ် နေပေမယ့်
မမြင် မတွေ့ခဲ့ကြဘူး
အချိန်တန်တော့လည်း
အိမ်ပြန်တာ ထုံးစံ တခုပဲမို့
နှုတ်မဆက်ခဲ့ရင်တောင်
အလိုက်တသိ နေလိုက်သင့်တာပဲလေ

ဘာမှန်း ညာမှန်း မသိ လွမ်းတယ်
ကျောချင်း ကပ်နေရဲ့နဲ့ လွမ်းတယ်
ဒါပေမယ့် နောက်တချက် လှည့်ကြည့်ဖို့တောင်
စိတ်မကူးခဲ့ဘူး
ငါက နောက်ကြောင်း ပြန်မလှည့်တတ်သူလေ

ဒါပေမယ့်
အဝေး တနေရာကနေတော့
တကြိမ် တခါ မက
ငေးမောကြည့်ခဲ့ဘူးတယ်
တွေးတောကြည့်ခဲ့ဘူးတယ်

မပြီးဆုံးသေးခင်မှာ
နှမြောတသမယ်
ဆုံးရှုံးမှာ တွေးကြောက်မယ်
အဆုံးသတ်တော့လည်း
အားလုံးဟာ နေရာတကျ
နှလုံးသွင်းတတ်ဖို့က
အချိန်တန်ရင် အိမ်ပြန်ရမှာ

အိမ်ပြန်လမ်းတလျှောက်
ငါ့ အလွမ်းတွေ
သိမ်းထုတ်သွားမလား
အချိန်တန်တော့လည်း
တချိန်က တန်ဖိုးရှိခဲ့သမျှဟာ
သိမ်းထားဖို့ မကောင်းတော့လောက်အောင်
ယိုယွင်း ပျက်စီးမှုတွေနဲ့
ဘယ်သူကများ
ဆက်လက် သိမ်းဆည်းပါလိမ့်ဦးမလဲ

အတွေးတွေ မပြောင်းသွားစေနဲ့
အချိန်လေး တခုလောက်သာ
စောင့်လိုက်ပါ

PS. ရုံးကနေ အလုပ်မလုပ်ပဲ ပို့စ်တင်တယ်လို့တော့ မစွပ်စွဲကြနဲ့ပေါ့နော် .. အလုပ်က လုပ်ကို မလုပ်ချင်တာ .. :P

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...