ပြောင်းလဲစရာ မလိုပါဘူး
ပြုပြင်စရာ မရှိပါဘူး
နေမြဲအတိုင်းနေပြီး
ရှေ့ဆက်ပါ
ငါ့ဘက်ကလဲ
ပြုပြင်ဖို့
ပြောင်းလဲဖို့
ကြိုးစားချင်နေတဲ့ စိတ်ကိုပဲ
ပြုပြင်လိုက်ပါ့မယ်
ကိုယ်ကိုတိုင်က တဦးတယောက်ကြောင့် ပြောင်းလဲပေးဖို့ မစဉ်းစားခဲ့သလို ဘယ်သူတဦးတယောက်ကိုမှလည်း ပြောင်းလဲပေးဖို့ အရိပ်အမြွက်တောင် မပြခဲ့ဘူးဘူး .. ပြောင်းလဲပေးပါလို့ ပြောမှ ပြောင်းလဲခြင်းက စစ်မှန်လိမ့်မယ်လို့ မထင်ခဲ့ပါ .. ကိုယ်တိုင်ကိုယ်ကျ နားလည်ပေးနိုင်ခဲ့လို့ အလိုလို ပြောင်းလဲလာခြင်းမျိုးသာ မျှော်လင့်ခဲ့ပါတယ် ..
ထူးထူးဆန်းဆန်း ပြောင်းလဲချင်သလို ဖြစ်လာတဲ့ ကိုယ့်စိတ်ကို အံ့သြစွာ စိုက်ကြည့်နေရင်း အဖြေကို ရှာနေမိတယ် .. အဖြေ အတိအကျ မရခင်မှာပဲ ကံကောင်းစွာနဲ့ ပြောင်းလဲချင်သလို ဖြစ်တဲ့ စိတ်က အငြင်း ၀ါကျတခု ရွတ်ဆိုတယ် .. ကံကောင်းစွာနဲ့ မပြောင်းလဲသင့်ဘူး ဆိုတဲ့ စိတ်က အနိုင်ရတယ် .. သက်ပြင်းမော တခုကို ဖြေလျှော့လို့ ..
စိတ်တွေ လွတ်လပ်နိုင်ပါတယ်
ဝေးနိုင်သလောက် ဝေးဝေး
ထွက်ပြေးနိုင်ပါတယ်
တချက်တချက်
ပြန်ပြန် ကပ်ငြိချင်စိတ်
တခုက လွဲလို့ပေါ့
ကိုယ့်စိတ်ကို အဝေးဆုံးထိ ရွက်လွှင့်ထားလိုက်တယ် .. သွားပါ .. အဝေးဆုံး အဝေးဆုံး အဝေးတက အဝေးဆုံးကို ထွက်သွားပါ .. လိုရာနေရာကို သွားပါ .. လိုရာနေရာ ဆိုတဲ့ နေရာမှာ ပြန်လာချင်စိတ် ရှိသေးရင်လည်း ဒီနေရာကို ပြန်လာနိုင်သေးတယ် .. ဒါပေမယ့် သိထားရမှာက ဒီနေရာက ကိုယ့်နေရာ မဟုတ်ခဲ့ဘူး ဆိုတာပါပဲ ..
အဝေးဆုံးကို
မရောက်နိုင်သေးသရွေ့တော့
နေရာ တချို့မှာ
တ၀ဲလည်လည် ဖြစ်နေလိမ့်ဦးမယ်
အချိန် အတိုင်း အတာ တခုထိ
တ၀ဲ လည်လည်နဲ့ ဒီနေရာ ဟိုနေရာ စိတ်ရှိတိုင်း လွင့်လိုက်မယ် .. တခါတလေ အဝေးဆုံးကို ရောက်သွားလိုက် .. အလွယ်တကူ စိတ်စေရာကို ပြန်ရောက်လာလိုက် .. ဒါဟာ အပြစ်တခုဖြစ်လိမ့်မယ်လို့တော့ မထင်မိပါဘူး .. ဒီလိုပဲလေ .. စိတ်လွတ်လပ်ခွင့်လေးတော့ ကိုယ်စီ ရှိသင့်တယ် မဟုတ်လား ..
မသွားနဲ့ တားမရတဲ့ စိတ်ကို
ကိုယ်တိုင်လည်း မဖမ်းဆုတ်ထားနိုင်ခဲ့တော့
သာသာလေးပဲ ခေါ်ဆောင်ရာလိုက်မယ်
အသိတရားဝင်လာချိန်မှာတော့
ငါဟာ သိပ်မရင်းနှီးတဲ့ ခံစားချက်တခုနဲ့
မသွားနဲ့ တားရလွန်းလို့ မောဟိုက်လာတဲ့ စိတ်ကို ထွက်ပေါက်တခုပေးလိုက်မယ် .. နင်စေလိုရာ ငါလိုက်မယ်လေ .. ဒီလိုဆိုတော့လည်း ဦးနှောက်က အလုပ်ပြန်လုပ်တယ် .. ရောက်ရှိရာ နေရာကို သတိပြုမိတော့ ငါမရင်းနှီးတဲ့ နေရာ တခုမှာ .. ခံစားချက်ကလည်း ခပ်စိမ်းစိမ်း .. နေသားကျဖို့တော့ အချိန်ယူရဦးမယ် ..
နောက်ဆုံးတော့လည်း
မဆုံးတဲ့ စိတ်သွားရာနောက်
လိုက်တဲ့ အခါလိုက်
တခါတခါ တွန့်ဆုတ်ဆုတ်နဲ့
ရှေ့တိုးမလို ဖြစ်တဲ့ အခါ ဖြစ်
တခါ တခါ ခေါင်း တခါခါနဲ့
တွေဝေတဲ့ အခါ တွေဝေ
မဆုံးနိုင်တဲ့ လမ်းတလျှောက်
စမ်း တ၀ါးဝါး ရွေ့တယ်
လမ်းတွေ သိပ်ရှည်လျားတာလား .. သွားပဲ သွားနိုင်လွန်းတာလား .. မမောနိုင်သေးဘူးလားဟာ ..
22 comments:
ထွက်ပေါက်ဆိုတာ လူတိုင်းမှာလိုအပ်တဲ့အရာပါ...
မွန်းကျပ်နေတဲ့အခါမျိုးမှာ စိတ်ထွက်ပေါက်တခုရဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်...
စိတ်ထဲမှာမြိုသိပ်လိုက်ရတာလောက် မွန်းကျပ်တာ မရှိဘူးလေ...
တားမရတဲ့အရာတွေထဲမှာ စိတ်ကထိပ်ဆုံးကဖြစ်မယ်ထင်တယ်နော်.. ဘယ်လိုပဲဖြစ်ဖြစ်ပေါ့..တရားထိုင်ရင်တောင် စိတ်လွင့်တာကို ပြန်သိချိန်မှာ သတိပြန်ကပ်လို့ရသေးတာပဲ .. မိုးခါးရေ... စိတ်ချမ်းသာသလောက် စိတ်ကိုလွင့်ချင်ရာလွင့်ပါ ... ပျော်ရွှင်ပါစေ .. သူငယ်ချင်း ...
စိတ်အကြောင်းတွေကို သေသေချာချာလေး တွေးပြီးရေးထားတာဘဲ
အင်း မခါးတို. တရားပုံမှန် နာတယ်ထင်တယ် ... တရားက စိတ်ကို
အေးချမ်းတယ် ကြည်နူးစေတယ် ဆိုတော. မမိုး ခုလို စိတ်နဲ.ပက်သက်
ပြီး သေသေချာချာ တွေးသွားရေးသွားတာ မထူးဆန်းပါဘူး ...
ဒါပေမဲ. အမရေးတာတွေက သတိမမူရင် ဂူမမြင်တဲ.အရာမျိုးတွေပေါ.
အဖိုးတန်ပါတယ်ဗျာ ...
အကိုထွက်ပေါက်နံရံတွေ ပိတ်နေသေးတယ် ညီမလေးရေ...
ကြိုးစားပြီးရှာနေတယ်....
ချစ်တဲ့
ကိုဖိုးစိန်
အသက်က သေတော့မယ် ညီမရေ
ခုထိ ကိုယ့်ကိုကိုယ် ဒီစိတ်ကို မထိန်းနိုင်သေးဘူး
ဖြစ်နေတယ်။
အသိတရားနဲ့ တော့ ဆင်ခြင်ရမှာပဲ။
ကျန်းမာရေးဂရုစိုက်
ကိုရီနို
မမ က...စိတ်လေး ကိုသေချာဆန်းစစ်ရေးထားတယ်... အတွေးလေး တော်တော်လှတယ်..။ ထိန်းချုပ်ခတ်တဲ့ အရာတွေ ထဲမှာ စိတ်က ထိပ်ဆုံးကပါ..။
ကိုယ်ကိုတိုင်က တဦးတယောက်ကြောင့် ပြောင်းလဲပေးဖို့ မစဉ်းစားခဲ့သလို ဘယ်သူတဦးတယောက်ကိုမှလည်း ပြောင်းလဲပေးဖို့ အရိပ်အမြွက်တောင် မပြခဲ့ဘူးဘူး .. ပြောင်းလဲပေးပါလို့ ပြောမှ ပြောင်းလဲခြင်းက စစ်မှန်လိမ့်မယ်လို့ မထင်ခဲ့ပါ .. ကိုယ်တိုင်ကိုယ်ကျ နားလည်ပေးနိုင်ခဲ့လို့ အလိုလို ပြောင်းလဲလာခြင်းမျိုးသာ မျှော်လင့်ခဲ့ပါတယ် ..
မ မေသဲ ရေ ... !
ခံစားပြီး ဖတ်သွားတယ် ..>>>
:) ဖတ်သွားပါတယ် အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေ..
အရာရာဟာ တဦးတယောက်ထဲ လုပ်လို့ ဖြစ်တတ်တဲ့ ဘ၀ကြီး မဟုတ်လေတော့ တခါတလေ ဒီလိုမျိုးလေးတွေ ဖြစ်တတ်ပါတယ်
လေးစားလျက်
တောင်ပေါ်သား
လမ်းတွေကတော့ လျှောက်နေရမှာပဲ ညီမရေ
ပြောင်းလဲခြင်းဆိုတာကတော့ ကြုံကိုကြုံရလိမ့်ဦးမယ်
:)
လမ်းတွေ လမ်းတွေ
ခွဲခြမ်းစိတ်ဖြာ
တစ်ခါတစ်ခါ ထန်းမိရဲ့
တစ်ခါတစ်ခါ လွင့်ဝဲသွားလိုက်
အချိန်တန် အိမ်ပြန်ရပေမဲ့
လွင့်ပါးတဲ့ အဲဒီလေလိုအကောင်က
ဒီ ချည်တိုင်ကို
ဘယ်လိုဘယ်ပုံ ပြန်ကပ်လေလိမ့်မလဲ.....
ခင်မင်စွာဖြင့်
လွှတ်လိုက်ပါ...သွားပါစေ... ဘယ်သွားလဲသိရင်ပြီးတာပဲပေါ့... အသစ်တွေလည်း ကောင်းပါတယ်...း)
မိုးခါးရေ
သွားချင်တာသွားပါစေ။ အဓိက က သူ့သွားနေတာ ရောက်နေတဲ့နေရာကို နင်က သတိလေး လိုက်ကပ်ပေးလိုက်ပါ သူငယ်ချင်းရယ်။ လောကကြီးမှာ ထိန်းချုပ်ရ အခက်ဆုံးက စိတ်ဘဲလေ။
ပျော်ရွှင်ပါစေ။
ညီမလေးရေ......... ထွက်ပေါက်ပေးလိုက်ပါ။ တခါတလေ အရမ်းမွန်းကျပ်ရင် ခံစားရတတ်တယ်နော်။
ချစ်တဲ့ မရောင်
စိတ်ကို အလိုလိုက်တဲ့အခါ လိုက်ပြီး ထိန်းချုပ်သင့်တဲ့အခါလည်း ထိန်းချုပ် ရတာပေါ့။ကိုယ့်စိတ်မှာ ဒဏ်ရာဖြစ်ပြီး နာသွားမှာတော့ မဖြစ်စေနဲ့လေ။
ညီမလေးရေ ..စိတ်တွေကိုထွက်ပေါက်ပေးပြီး ရေးချလိုက်ပါ။ကောင်းပါတယ်.
ညီမလေးအဆင်ပြေ ပျော်ရွှင်နိုင်ပါစေ။
မိုးခါးလေးရေ...
လမ်းတွေ.. လမ်းတွေ... လမ်းတွေ...
လျှောက်နေကြရအုံးမှာပါ .....
အဆုံးသတ်မသွားတဲ့မျှော်လင့်ချက်တွေနဲ့ပေါ့...
ခင်တဲ့
ြ့ပည့်စုံ (ဝေါသားလေး)
မမိုးခါးလား.. ချင်းမလေးတစ်ယောက် ဒုက္ခရောက်နေလို့ပါ။ မမိုးခါးက ချင်းလူမျိုးလား...။ အကူအညီလိုလို့ပါ.. http://sonenaingkhwintlay.blogspot.com/ အဲကိုခနသွားလည်ပါလားအမ.. ဖြစ်နိုင်ရင်ပေါ့..။
ကျေးဇူးတင်ပါတယ်အမ..။
ခင်မင်စွာဖြင့်
စည်သူ
http://sonenaingkhwintlay.blogspot.com/ အမ မမိုးခါးရေ
အဲကိုခနလောက်သွား ပါလား.. ချင်းမလေးတစ်ယောက်ဒုက္ခယောက်နေလို့ပါ
အမက ချင်းလူမျိုးလား.. အကူအညီလိုလို့ပါ..
ကျေးဇူးတင်ပါတယ်
ခင်မင်စွာဖြင့်
စည်သူ။
ပြောင်းလဲခြင်းတိုင်းကမကောင်းသလို
မပြောင်းလဲလို့လဲ မရပြန်ဘူး
အခြေနေနဲ့အချိန်အခါကိုမူတည်ပြီးတော့
ပြောင်းလဲသင့်ရင် ပြောင်းလဲရတယ်
ဒါမှ လူတွေနဲ့ ဆက်ဆံလို့ရမှာပေါ့...
မသိတသိဝင်ပြောတတ်တဲ့
"မင်းကိုချစ်တဲ့သူ"
သိပ်ကောင်းတဲ့ပိုစ့်လေး။ သူ့အလိုလိုလေး ပြောင်းလဲချင်မိရင် စစ်မှန်တာပေါ့နော်။ တမင်တကာကြီး ပြောင်းလဲခိုင်းတာတော့ မငုံလဲမကြိုက်ဘူး။
ညီမရေ... အတွေးလေးရော အရေးအသားလေးရော ကောင်းတယ်...
မိုးခါးရေ...
စိတ်ညှို့ကတော်တော်လေး
ကောင်းလိုက်တာ....
ပို့စ်တခုလုံးကိုကြိုက်တယ်....
Post a Comment