Tuesday, March 31, 2009

မနက်ခင်းကို ဘယ်သို့ထတယ်

မနေ့က မေဒီ တယောက် သူများအိမ်ကို လာအော်သွားပါတယ် .. တက်ထားတယ်တဲ့ .. သိချင် အိမ်လာခဲ့တဲ့ .. ဒါနဲ့ ပြေးကြည့်တော့ မနက်ခင်းမှာ ဘယ်လိုအိပ်ရာထလဲတဲ့ .. ဒါနဲ့ သြော် ဒါများခက်တာလိုက်လို့ .. မထချင်ထချင် ကုန်းရုံးထတာပေါ့ .. :P

ကျမအလုပ်က ၈နာရီဆို တက်ပြီလေ .. သွားရတဲ့ခရီးကလည်း ၁နာရီလောက် ကြာပါတယ် .. ဒီတော့ မနက်ဆို ၆နာရီလောက်ထမှ အဆင်ပြေပါတယ် .. ၆နာရီထိုးပြီဆို "သဲရေ ထတော့ .. မနက် ၆နာရီထိုးပြီး ရုံးသွားရမယ်မဟုတ်လား .. မနိုးသေးဘူးလား .. ရုံးနောက်ကျတော့မှာပဲ .." ဆိုတဲ့ မောင့်ဆီက အသံကို ကြားရမယ်များထင်ပါသလား .. မထင်လိုက်ပါနဲ့ .. အဲဒီချိန်မှာ သူက အိပ်ကောင်းတုန်း .. ဖုန်းလှမ်းဆက်ဖို့မပြောနဲ့ ဖုန်းသံကြားရင်တောင် သီချင်းဖွင့်ပြထားတယ်ထင်နေမှာ .. :P

ဒီတော့ တကိုယ်တည်းအပျိုကြီး ကျမဘ၀မှာ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာဆိုတဲ့အတိုင်း .. ကိုယ့်အလန်းလေးနဲ့ကိုယ် ထရတော့တာပေါ့ရှင် .. မနက် ၅နာရီခွဲမှာ အတူနေတဲ့ ၀မ်းကွဲအမက ထပါတယ် .. တခါတလေ သူ့အလန်းသံကြားရင် နိုးပါတယ် .. နိုးတယ်ဆိုတာ ထတယ်လို့ မဆိုလိုပါဘူး .. ကျမက သစ္စာရှိတယ် .. :D .. ၆နာရီထမယ်ဆို ၆နာရီထိုးမှကိုထတာ .. အမက အရင် ရေမိုးချိုးနေတဲ့အချိန် ကျမက ဆက်နှပ်နေပါတယ် .. ၆နာရီ အလန်းမြည်ပီဆိုမှ ကိုယ့်အလန်းကိုယ်ပိတ် .. ပြီးနားစွင့်နေသေးတယ် .. အမ ရေချိုးခန်းက ထွက်ပြီလားလို့ .. သူမထွက်သေးပဲ ကျမထတော့ရော ၀င်လို့မှမရသေးတာ .. အချိန်ကို အကျိုးရှိရှိ အသုံးချရမယ်မှတ်လား .. :D

ကျမ နေ့စဉ် နိုးထမှုကတော့ ဒီလောက်ပါပဲ .. သူများတွေလိုနှိုးမယ့်လူမရှိတော့ ကိုယ့်အားကိုယ်ကိုးရတာပေါ့လေ .. ကျမချစ်သူနှိုးတတ်တဲ့ အချိန်တော့ရှိတယ် .. ဘယ်အချိန်လဲဆို သူအိပ်မရသေးတဲ့အချိန်လေ .. ရန်ကုန်မှာ ဘောလုံးပွဲကောင်းလို့ သူမအိပ်ဘူးဆို ညဘက် ဒီမှာ ၁နာရီ ပတ်ဝန်းကျင် ကျမအိပ်ကောင်းနေတဲ့အချိန်ဆို သူနိုးပြီ .. ခေါ်ပြီးဘာပြောတယ်မှတ်လဲ .. "သဲ အိပ်နေတာလား"တဲ့ .. "ဆောရီးနော်တဲ့ .. သတိရလို့ပါတဲ့" :P အဲလိုဆိုတော့လည်း အပြစ်မမြင်ရက်ပါဘူး .. သူသတိရလို့ပဲဆိုပြီး :P (ကြော်ငြာဝင်သူများကို မကျေနပ်၍ ပြန်ကြော်ငြာသည် :P)

ပုံပြင်လေးကတော့ ဒါပါပဲရှင် .. :P
မေဒီရေ ကိုယ်လည်း မေဒီလိုပါပဲ .. ကိုယ့်အားကိုယ်ကိုး ထရပါကြောင်း .. ချစ်လွန်းလို့ ရေးပေးတာ :D
ဆက်ပြီးတော့ ခင်မင်သူများကိုတက်ပါဦးမယ် .. ရေးပေးကြနော် .. ပီအမ် မနောသား သက်ပိုင်သူ မောင်မျိုး မကဗျာ တို့ရဲ့ မနက်ခင်းနိုးထပုံလေးကို သိချင်ပါတယ် .. ရေးပေးကြပါဦး ..




Monday, March 30, 2009

မျှော်လင့်ချက်

မျှော်လင့်ချက်ထားဘူးပါသလား .. မျှော်လင့်ထားသမျှ လက်လွတ်ဆုံးရှုံးဘူးပါသလား .. မျှော်လင့်ချက်တွေ အရောင် ပြယ်ပျောက်ဘူးပါသလား .. ခံစားဘူးသူတွေသိမှာပေါ့ .. ဘယ်လောက် ဆိုးလိုက်တဲ့ခံစားမှုလည်းဆိုတာ ..



မျှော်လင့်ချက်ဆိုတာ
ထားမိပြီဆိုတာနဲ့
စိုးရိမ်ကြောင့်ကြမှုတွေနဲ့
ဦးဆုံးကြုံရတော့တာပါပဲ ..

မျှော်လင့်ချက်ဆိုတာ
ထားသင့်တဲ့အရာတခုပါ
သိပ်တော့မကြီးစေနဲ့
မျှော်လင့်ချက်ကြီးလေ
လူက ပိုအိုစာလွယ်လေပဲ

မျှော်လင့်ချက်ဆိုတာ
လူကို ချုံးချုံးကျစေတဲ့
ရောဂါဘယတခုပဲလား
မျှော်လင့်ချက်နောက်ကိုလိုက်ရင်း
အမှောင်တွေ ပိုနက်တယ်
အလင်းရောင်လေးတွေ့လို့
ဆက်လိုက်သွားလိုက်တာနဲ့
လိုက်လေဝေးလေ
နီးမလိုနဲ့ ဝေးသွားလိုက်
ပိုပိုပြီးဝေးသွားလိုက်
သူ့နောက်မလိုက်ပြန်တော့
လာပြောင်ပြလိုပြောင်ပြ
တော်တော်ဆိုးတဲ့ မျှော်လင့်ချက်ပဲ

ငါ့ကို စွန့်လွှတ်ချင်အောင်
အမျိုးမျိုးဆုံးရှုံးမှုတွေပေးတယ်
ငါလက်လွှတ်တော့မယ်ဆို
ငါ့ကိုမျက်ရည်ခံထိုးတယ်
ဒီလိုနဲ့ပဲ

ဝေးသွားမလား ..
နီးစပ်လာမလား ..
ဆက်မျှော်လင့်ရဦးမှာလား ...


Departures


အခု ရုံတင်နေတဲ့ ရုပ်ရှင်ကားတကားအကြောင်းလေး မိတ်ဆက်ချင်လို့ပါ .. ကားနာမည်က Departures တဲ့ .. ဂျပန်ဒရမ်မာကားပါ .. ကြည့်နေတုန်း ရုံထဲမှာ ငိုသံတွေ ရှိုက်သံတွေ ကြားရပါတယ် .. ရသပေးတယ် .. ခံစားမှုပေးတဲ့ ကားလေးလို့ပြောချင်ပါတယ် .. တရားသဘောလေးတွေပါသလို မိသားစု ပြသနာလေးတွေ တဦးနဲ့တဦးကြား အထင်အမြင်လွဲမှားမှုလေးတွေနဲ့ တကားလုံး ကြည့်ကောင်းပါတယ် .. နောက်ပိုင်းမှာလည်းဇာတ်အရှိန်လေးနဲ့ သူ့သဘောတရားလေးကို တော်တော်သဘောကျပါတယ် ..

အတိုချုံးပြောရရင် မင်းသားက သူဝါသနာပါတဲ့ cello(တယောအကြီးစား) တီးခတ်သူတဦးပါ .. တရက်တော့ ကုမ္ပဏီရုတ်သိမ်းလိုက်လို့ သူ့အလုပ်လည်း ပျက်သွားပါတယ် .. ဒါနဲ့ သူတို့လင်မယားနှစ်ယောက် မင်းသားရဲ့ ဇာတိနယ်ကို ပြန်လာနေကြပါတယ် ..

တရက်တော့ သတင်းစာထဲက အလုပ်ခေါ်စာကြောင့် မင်းသားသွားလျှောက်ရင်း ဘုမသိဘမသိ အလုပ်ရသွားပါတယ် .. သူလုပ်ရတဲ့အလုပ်က သေပြီးသူတွေကို မီးသဂြိုလ်ခါနီး ရေချိုးပေးပြီး အလှပြင်ပေးရတဲ့အလုပ်ပါ .. စစချင်းမှာတော့ မင်းသားအနေနဲ့ အတော် အော်ဂလီဆန်ပါတယ် .. နောက်တော့ မိသားစုတစုမှာ အမျိုးသမီးတဦးရဲ့ အလောင်းကို သွားပြင်ဆင်ပေးချိန်ကစပြီး ကျန်ရစ်သူတွေအတွက် ဆုံးရှုံးလိုက်ရတဲ့ သေဆုံးသူ နောက်ဆုံးအချိန်မှာ လှလှပပမြင်သွားတွေ့သွားနိုင်အောင် လုပ်ဆောင်ပေးနိုင်မှုအပေါ် ကျေနပ်နှစ်သိမ့်ရာက သူလုပ်နေတဲ့အလုပ်ရဲ့ မွန်မြတ်ပုံကို သိမြင်သွားပါတယ် .. အဲဒီချိန်ထိ သူဘာအလုပ်လုပ်နေတယ်ဆိုတာ သူ့မိန်းမရော ပတ်ဝန်းကျင်ရော မသိပါဘူး .. တရက် ပတ်ဝန်းကျင်နဲ့ သူ့မိန်းမ သိသွားတဲ့အခါ ....

နောက်တပိုင်းက မင်းသား အသက်၆နှစ်မှာ ဖခင်ဖြစ်သူက မိန်းမရော ကလေးရောကို စွန့်ပစ်ပြီး တခြားကိုထွက်သွားခဲ့ပါတယ် .. ဒီအတွက် မင်းသားက ဖခင်ကို ချစ်ပေမယ့် နာကြည်းစိတ်ဝင်နေပါတယ် .. အဲလိုစွန့်ပစ်သွားတဲ့အကြောင်းရင်းကိုလည်း နောက်ဆုံးမှ သိခွင့်ရခဲ့ပါတယ် .. သိတဲ့အချိန်မှာ မင်းသားဖခင်ကသေဆုံးနေနှင့်ပါပြီ .. ဖခင်ရဲ့ နောက်ဆုံးခရီးအတွက်လည်း သူကိုယ်တိုင်ပဲ ပြင်ဆင်ပေးခဲ့ပါတယ် ..

ဇာတ်လမ်းအစုံကိုသိချင်ရင်တော့ ရှာကြည့်လိုက်ပါလို့ .. ကျမက ဘာသာပြန်မကောင်းလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ် ..




Saturday, March 28, 2009

သွေးလှူခဲ့စဉ်က

ဆရာကြီးဆီက ဒီလိုစကားတွေကြားတော့ တသက်မှာတခါတော့ ဒီပါရမီကိုဖြည့်ချင်စိတ်ဖြစ်လာပါတယ် .. အမတွေကတော့ သွေးကိုလှူနေကြပါ .. ဒါတွေကိုလည်းသိထားတော့ ကျမစိတ်ထဲမှာ အရမ်းကိုလှူချင်စိတ်က ဖြစ်နေပါတယ် .. အခါအခွင့်သင့်ချင်တော့ တည အမက ဖုန်းဆက်လာပါတယ် .. နောက်နေ့မနက်မှာ နှာခေါင်းခွဲမယ့် လူနာကောင်လေးတယောက်ရှိတယ် .. သူ့အတွက် သွေးလိုတယ် .. ကျမက အေသွေးပါ အမကလည်းအေသွေးပါ.. သွေးအမျိုးအစားချင်တူတော့ လိုတာလည်း ၂ပုလင်းဖြစ်လို့ ကျမကိုလှူချင်လားမေးလာပါတယ် .. ဒါနဲ့ ကျမလည်း လှူမယ်ပေါ့ အဖြေကို လွယ်လွယ်ပေးလိုက်ပါတယ် .. ဒါနဲ့ အမက လှူမယ်ဆိုရင် ဟိုရောက်ရင် ဘာတွေလုပ်ရမယ် .. ကိုယ့်မှာ အားနည်းချက်မရှိမှ လှူခွင့်ရနိုင်မယ် .. ဒီတော့ ဘာတွေလိုအပ်တယ်ဆိုတာတွေ မှာပါတယ် .. ကျမလည်း အမမှာတဲ့အတိုင်း ညက ပြင်ဆင်ပြီးအိပ်လိုက်တာပေါ့ ..
မနက်ကျတော့ အမက လာခေါ်ပါတယ် .. သွေးလှူရမယ့် နေရာကို သွားခဲ့ပါတယ် .. တလမ်းလုံးဘုရားစာရွတ်ပြီး လိုက်သွားတာပါ .. ကျမက အရမ်းကြောက်တတ်တယ် .. အသားနာမှာသိပ်ကြောက်တယ် .. ဒါပေမယ့် လှူချင်စိတ်ကလည်းဖြစ်နေတော့ ဆုံးဖြတ်ပြီးအားတင်းထားရတာပါ .. အဲဒီတုန်းက ကျမက တော်တော်လည်းပိန်ပါတယ် .. ငယ်လည်းငယ်သေးတာကိုး .. ပေါင်မပြည့်ရင်လည်း လှူလို့မရဘူးလေ ..

လှူမယ့်နေရာရောက်တော့ ပရက်ရှာတိုင်း ပေါင်ချိန် လုပ်ပါတယ် .. ပေါင် ၁၀၀ ပြည့်မှ လှူခွင့်ရပါတယ် .. အဲဒီတုန်းက ကျမ ပေါင် ၁၀၀ မပြည့်ပါဘူး .. ဒါပေမယ့် တကယ်လိုအပ်တဲ့ လူနာ ဖြစ်တာက တကြောင်း ပေါင်ချိန်ကလည်း ၉၈ လောက်ဆိုတော့ ၁၀၀ နဲ့သိပ်မကွာဘူးလေ .. ဒါနဲ့ ဆရာဝန်မလေးတွေက ကျမအလှူအတွက် လက်ခံလိုက်ပါတယ် ..

ကျမ လှူသာလှူချင်တာ ပထမဆုံးအကြိမ်လည်းဖြစ်တော့ အရမ်းကြောက်ပါတယ် .. ခြင်းတောင်းလေးကိုင်ပြီး သွေးလှူမယ့်နေရာအပေါက်ဝကို လမ်းလျှောက်ရတာတောင် ဒူးတုန်ချင်ပါတယ် .. :D

ကိုယ်လှူရမယ့် ကုတင်ပေါ်တက်အိပ်လိုက်ပြီးတော့ သွေးဖောက်ပေးမယ့် ဆရာမလေးကလည်း စကားကိုဟိုပြောဒီပြော ပြောပေးပါတယ် .. ကျမ ကြောက်နေမှန်းလည်းသိပုံပေါ်ပါတယ် .. အဲဒီမှာ တခုဆိုးတာက ကျမက ကြောက်လို့ ဟိုဘက်ကိုလှည့်နေပါတယ် .. စိတ်ကိုလည်း လျှော့ပြီးတော့ ကဲ လုပ်ချင်ရာသာလုပ်ပေတော့ ဆိုပြီး စိတ်ကို ဒုန်းဒုန်းချထားတာပါ .. ဘယ်ချိန်ထိုးမလဲ .. ထိုးတော့မလားဟဲ့ ထိုးတော့မလားဟဲ့နဲ့လည်း ရင်မခုန်ချင်ပါဘူး .. ဒါနဲ့ မသိချင်ယောင်ဆောင်ပြီး ဟိုဘက်လှည့်နေတာပါ .. အဲဒါကို ဆရာမလေးက လက်ကို ကြိုးတွေစည်း ဆေးတွေသုတ် လုပ်လည်း လုပ်ပြီးရော မသိချင်ယောင်ဆောင်နေပါတယ်ဆိုမှ "ထိုးတော့မယ်နော်" လို့လာပြောပါတယ်း( .. ပြောလာတော့လည်း ဘယ်တတ်နိုင်မလဲ .. ဟုတ်ကဲ့ရတာပေါ့း( (သနားစရာ :P)

ကံကောင်းတာတခုက ကျမက အရေခွံပါးပါတယ် .. သွေးကြောလည်း ရှာရလွယ်တယ် .. ဒါနဲ့တချက်ပဲခံလိုက်ရတယ် .. မတော် အကြောရှာမတွေ့တာနဲ့ ၄ ၅ ချက်အထိုးခံရမှာလည်းကြောက်ပါတယ် ..

သွေးဖောက်ပြီးပြီဆိုတာသိတော့ စိတ်ထဲ တမျိုးလေးခံစားရပါတယ် .. ဘာဆိုတာ သေချာပြောဖို့ခက်ပါတယ် .. ပီတိဖြစ်တယ်ပြောရမလား .. ကိုယ့်အလှူအထမြောက်တယ်ဆိုပြီး ပျော်ပါတယ် .. စိတ်ထဲကလည်း ကျမသွေးကိုယူမယ့် လူနာ ကျန်းမာ ချမ်းသာဖို့ မေတ္တာပို့နေလိုက်ပါတယ် .. အမက သင်ပေးထားလို့ပါ ..း)

၁၀မိနစ် ၁၅မိနစ်လောက်ကျတော့ ကျမကိုထိုးထားတဲ့အပ်ကိုဖြုတ်လိုက်ပြီး သွေးလှူခြင်းကိစ္စပြီးပါတယ် .. အသက်ငယ်တာတကြောင်း ပေါင်မပြည့်တာတကြောင်းမို့ နဲနဲလျှော့ယူတယ်ပြောပါတယ် .. :P .. ပြီးပြီးချင်း ငေါက်ခနဲထထိုင်လို့တောင် ခဏလှဲပါဦးပြောရပါတယ် ..း) (ကျမက စိတ်မြန် လက်မြန်လေ)

သွေးလှူပြီး သူတို့ကျွေးတဲ့ ကြက်ဥရယ် ကော်ဖီရယ် မုန့်ရယ် စားသောက်ပြီးတော့ စိတ်ထဲမှာလည်း ပီတိဖြစ်နေမိတယ် .. ကျမ ဘ၀မှာ ဥပပါရမီ ဖြည့်ဆည်းပြီးပြီဆိုပြီး ဂုဏ်ယူနေမိတယ် .. (ပေါတောတောနဲ့နော် :D)

အဲဒီနောက်ပိုင်းမှာလည်း သွေးလိုတယ်လို့ ဆက်သွယ်လာရင် ကျမလှူဖြစ်ပါတယ် .. ဘဏ်မှာ၁ခါလောက်ကိုယ့်ဟာကိုယ်သွားလှူဖြစ်ပြီး ရွှေဘုန်းပွင့်ဘုရားမှာ တခါလှူဖြစ်ပါတယ် .. ရွှေဘုန်းပွင့်ဘုရားအလှူမှာတုန်းက သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး ဗညားရှိန်လည်း ပါပါတယ် ..

ပထမဆုံးတခေါက် သွေးလှူပြီးတော့ သွေးဖောက်တဲ့ ပတ်ပတ်လည်မှာ အမဲကွက်ကြီးဖြစ်လာပါသေးတယ် .. အရေပြားထဲ သွေးစိမ့်တယ်လို့ပြောပါတယ် .. တော်တော်ကြာတော့ သေးသေးပြီး ပျောက်သွားပါတယ် ..

ခုတော့ သွေးမလှူဖြစ်တာ နှစ်နဲ့ချီနေပါပြီ .. ဒီကိုလာခါနီးတုန်းကလည်း သွားခါနီးလာခါနီးမို့ အိမ်ကတားတာနဲ့ ကပ်တော့ မလှူဖြစ်ခဲ့ပါဘူး .. အိမ်ပြန်တုန်းကလည်း လှူချင်ပေမယ့် အခြေအနေကြောင့် မလှူဖြစ်ခဲ့ဘူး .. ဒါပေမယ့် Julydream ရဲ့ ကြော်ငြာမှုနဲ့ ဒီနိုင်ငံမှာ သွားလှူဖြစ်ဖို့ ကြိုးစားပါမယ် .. ကျမတို့ဆီက သွေးနဲနဲ နဲ့ လူတယောက်ရဲ့ အသက်ကို ကယ်တင်ရာရောက်မယ်ဆိုတာ တော်တော် ၀မ်းသာစရာ ကိစ္စပါ .. ကျမ သွားလှူဖို့ ကြိုးစားပါမယ် .. ကိုဇူလိုင်ရဲ့ အသိပေးမှုကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ် ..

စာက တော်တော်ရှည်နေပါပြီ .. ကျမရေးချင်တာလေးရှိသေးလို့ သည်းခံကြပါ :D
ကျမတို့ တရားထိုင်ကြတယ် .. မဟုတ်လည်း ပုတီးစိပ်ကြတယ် .. အဲဒီတရားထိုင် ပုတီးစိပ်ရင်း ပါရမီကို ရိုးရိုးတန်းတန်းမဟုတ်ပဲ ပရမတ္ထပါရမီဖြစ်အောင် လုပ်နိုင်ပါတယ်တဲ့ .. အရင်ဦးဆုံး ဘုရားရှိခိုးပြီး ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ဘုရားမှာ လှူလိုက်ပါ .. ပြီးတော့ တနာရီ တရားထိုင်မယ်ဆိုပါစို့ .. ဒီတနာရီအတွင်းမှာ တပည့်တော်ရဲ့ အသက်ကို ပေးလှူပြီး မလှုပ်မရှား ဘယ်လိုအန္တာရယ်မျိုးတွေ့တွေ့ ထိုင်ရာမထပဲ တရားထိုင်ပါမယ်ဆိုပြီး ကိုယ့်အသက်ကို ပေးလှူပြီး ထိုင်နိုင်ပါတယ်တဲ့ .. လှူပြီးရင်တော့ တကယ်ကြီးမလှုပ်ရဘူးနော် .. :D ပုရွက်ဆိတ်ကိုက်ကိုက် .. ခြင်ကိုက်ကိုက် .. ဘယ်လောက်နာနာ ဘယ်လောက်ကျင်ကျင် ကိုယ်က အသက်တောင် လှူထားတာပဲ အကောင်လေးကိုက်တာလောက် အသားနာတာ ကျင်တာလောက်တော့ မမှုကြေးပေါ့ .. နော့ :D ကြားဖူးတာပြောတာပါ .. ကျမတော့ မလှုပ်ပဲ မနေနိုင်ဘူး :D(၀န်ခံချက်)

ရေးချင်တာကတော့ ကုန်ပါပြီ .. ခုလိုစိတ်ရှည်လက်ရှည် ဖတ်ပေးသွားတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ် .. အားလုံး ကောင်းမွန် မြင့်မြတ်တဲ့ပါရမီဖြည့်ကျင့်နိုင်ကြပါစေ ..

မှတ်ချက် = သိထား ကြားထားသမျှကို ဖော်ပြထားခြင်းဖြစ်ပါသည် .. အမှားများပါ ပါက ထောက်ပြပေးဖို့ မေတ္တာရပ်ခံပါတယ် ..




Friday, March 27, 2009

မလိုအပ်တော့တဲ့ ဒေါသ

ခုနောက်ပိုင်း စကားတခွန်းပြောတော့မယ်ဆို တော်တော်လေးကိုစဉ်းစားပြီးမှ ပြောတတ်လာတယ် .. ဒါပေမယ့် စိတ်ထဲကပြောချင်နေတာ မပြောရတော့ တနုံ့နုံ့နဲ့တော့ ခံစားရတယ် ..

စကားနဲ့ရန်စဲဆိုတဲ့စကားက တော်တော်မှန်ပါတယ် .. လူတွေ တော်တော်များများကလည်း မပြောပဲ ငြိမ်ခံနေရင် တော်တော်သဘောကျတတ်ကြတယ် .. အဲဒီလူ့သဘောတွေကို သိလာမြင်လာရရင်လည်း တော်တော်စိတ်ညစ်မိတယ် .. ခုလည်း စိတ်ညစ်စရာတခုကြုံရပြန်ပြီ ..


နောင်တ မရချင်ခဲ့ဘူး
ကိုယ်ပြောချင်တာတွေ မပြောလိုက်ရလို့
မပြောချင်ပေမယ့် ပြောထွက်သွားလို့

ဘယ်အရာမဆို အစကပြန်စလို့ရနိုင်ပါ့မလား
ဖြစ်ပြီးခဲ့တဲ့ ဖြစ်ရပ်အတွက်
ဘယ်သူ့လက်ညှိုးထိုးရမလဲ
ပြန်ကြည့်မိတော့
ငါ့ကိုယ်ငါ ပြန်ထိုးမိရက်သားပါလား

အရာအားလုံး ပြုပြင်ရင် အကောင်းအတိုင်းပြန်ဖြစ်သတဲ့လား
မထင်ပါဘူး
မြင်ရမှ ဒဏ်ရာမဟုတ်ဘူးလေ
မမြင်နိုင်ပေမယ့် စိတ်ထဲတနုံ့နုံ့ခံစားရတာ
ရင်ထဲက ဒဏ်ရာကို ဘယ်သူသိနိုင်မလဲ

အရာရာကို မေ့နိုင်တဲ့အချိန်
ဒဏ်ရာတွေလည်း အလိုလိုပျောက်ပါလိမ့်မယ်
လုပ်ယူနေစရာမလိုလောက်အောင်ပဲ
ကုစားပေးမယ့် အချိန်ရှိတယ်

တခုတော့ကျေနပ်မိတယ်
ဘာစကားတခွန်းမှပြောမထွက်ခဲ့တာကို
ဘာမှသူတပါးအပေါ် မနာကျင်စေခဲ့လို့
ငါမပြောခဲ့တာကပဲ
သူ့အတွက် နာကျင်စရာဖြစ်ခဲ့ရင်
စိတ်မကောင်းပါဘူး

ငါမလွန်ဘူးထင်ပါတယ်

ဝမ်းနည်းစရာတခုကတော့
သူ ငါ့အပေါ်နားမလည်ခဲ့ဘူး


ကျမစိတ်ကို နာကျင်စေတဲ့ ညီမလေးတယောက်ရှိခဲ့ဘူးတယ် .. ရှိခဲ့ဘူးတယ်ဆိုတော့ ခုမရှိတော့ဘူးပေါ့ .. ?????????




Thursday, March 26, 2009

ကိုယ့်လုပ်ရပ်ကိုယ်စစ်

မနက်က ပီအမ်ရေးထားတဲ့စာကို ဖတ်လိုက်မိတယ် .. ပြီးတော့ ကိုယ့်ရှေ့မှာ မြင်နေ တွေ့နေ ကြားနေရတာတွေနဲ့ ဆက်စပ်မိပြီး အခုစာကို ရေးဖြစ်သွားတယ် ..

ကျမဘ၀တလျှောက်လုံး မွေးဖွားကြီးပြင်းပုံက အထွေအထူးမရှိပါဘူး .. သာမန်မိသားစုတစုကပဲ ပေါက်ပွားလာတာပါ .. ဦးလေး အဒေါ်တွေက ၀န်ထမ်းတွေများပါတယ် .. အမေကိုယ်တိုင်လည်း ၀န်ထမ်းပါပဲ .. ပြီးတော့ ဦးလေး အဒေါ်တွေက လူပျိုကြီး အပျိုကြီးတွေနဲ့ တိုက်မှာ အပေါ်ထပ် အောက်ထပ်နေပါတယ် .. ဒီတော့ နေရထိုင်ရ နည်းနည်းကြပ်တယ်ဆိုပါတော့ .. လွတ်လွတ်လပ်လပ် သိပ်မနေရဘူး .. သူ့အရွယ်နဲ့ သူတော့ ပေးသင့်တဲ့ လွတ်လပ်မှုမျိုးတော့ ပေးပါတယ် .. ဒါက ခုမှ နားလည်လာတာပါ .. ငယ်ငယ်တုန်းကတော့ စိတ်ဆိုးဘူးတယ် .. သူများတွေလို လွတ်လွတ်လပ်လပ် မနေရလို့ ..

ကျမအသက်က အခု ၂၄ ထဲမှာ .. အခုချိန်ထိ မိသားစုနဲ့ မဟုတ်ပဲ သူငယ်ချင်းတွေနဲ့ချည်းပဲ ထွက်တဲ့ ခရီး ၂ခါပဲ သွားဖူးတယ် .. အရင်နှစ်က ဒီဇင်ဘာမှာ ကျိုက်ထီးရိုးတခါတက်ပြီး .. အခုနှစ် တခေါက်ရန်ကုန်ပြန်တုန်းက တခါ ကျိုက်ထီးရိုးတက်တယ် .. ဒါပဲသွားဖူးပါတယ် .. ဒါတောင်မှ ခရီးတိုလို့ပါ .. အင်း .. ရီစရာတော့ဖြစ်နေမလားပဲ .. အသက်က ၂၄ နှစ် အခုလောလောဆည်လည်း သူများနိုင်ငံမှာ အလုပ်လုပ်နေတယ် .. ဒါပေမယ့် ရန်ကုန်ပြန်ရောက်တော့ မြန်မာနိုင်ငံတွင်းခရီးထွက်တာ လိုက်ကန့်သတ်တဲ့မိဘတွေကို တချို့ကတော့ ပိုတယ်လို့ ထင်ကြမယ် .. ဒါပေမယ့် မိဘက မိဘပဲလေ .. မတတ်သာလို့သာ (တနည်း) ရှေ့ရေးအတွက်မို့သာ သူများနိုင်ငံ မလွှတ်ချင်ပဲ လွှတ်လိုက်ရပေမယ့် မျက်စိအောက်ကတော့ အပျောက်မခံချင်ကြတာ မိဘရဲ့ စိတ်ပဲဆိုတာ တဖြည်းဖြည်းနားလည်လာတယ် ..

သားသမီးတွေကို အဝေးမှာထားရလို့ မိဘတွေ အချိန်ပြည့်စိတ်ပူနေမယ်ဆိုတာ သားသမီးတွေအနေနဲ့ သိဖို့ကောင်းတယ် .. မိဝေးဘဝေးမို့ မျက်ကွယ်ရာပဲဆိုပြီး နေချင်သလိုနေတာ .. မသိနိုင်ဘူးထင်ပြီး လုပ်ချင်ရာလုပ်တာတွေက တကယ်တော့ ဘယ်သူ့ကို ထိခိုက်တာလဲ .. သေချာစဉ်းစားကြည့်ရင် ကာယကံရှင်က အထိခိုက်ဆုံးပါ .. သွယ်ဝိုက်ပြီး ထိခိုက်သူတွေကတော့ မိဘနဲ့ ကိုယ့်အသိုင်းအ၀ိုင်းပဲပေါ့ ..

အမေက ပြောဘူးတယ် .. ယောကျားလေးတယောက် ကိုယ့်ကိုချဉ်းကပ်တာခံရပြီဆို ကိုယ့်ကိုယ်အရင်ပြန်ဆန်းစစ်ပါတဲ့ .. ဘာကြောင့် ချဉ်းကပ်သလဲ .. အလွယ်ရမယ်ထင်လို့လား .. တကယ်မြတ်နိုးလို့လား ..

လမ်းဘေးထိုင်ပြီး ပါးစပ်သရမ်းတဲ့လူမျိုးကို ကျမအထင်မကြီးတတ်ပါဘူး .. အဲဒါလည်း မိန်းကလေးတယောက်ကို စော်ကားနည်းတမျိုးပါပဲ .. ဒါပေမယ့် အဲဒီမှာလည်းနှစ်ဖက်ကြည့်ရပါမယ် .. သူဘာလို့ ကိုယ့်ကိုဒီလိုဆက်ဆံလဲ .. ကိုယ့်အနေအထိုင်အပြောအဆိုက စချင်စရာဖြစ်လို့လား .. ဒီလိုဆို သူတို့ကို အပြစ်ပြောလို့မရပါဘူး .. ကိုယ့်အပြစ်ပါ .. သူများစ စရာဖြစ်အောင် နေမိတာကိုး .. ဒီလိုမဟုတ်ဘဲ မိန်းမမြင်သမျှလိုက်စနေတဲ့လူဆိုရင်တော့ တော်တော်အထင်သေးစရာကောင်းပါတယ် ..

စင်ကာပူနိုင်ငံမှာ နေခိုင်ခွင့်အမျိုးမျိုးနဲ့ နေထိုင်ကြတဲ့ မြန်မာတွေ သိန်းဂဏန်းရှိပါတယ် .. ဒီထဲမှာ ကောင်းတဲ့လူရော မကောင်းတဲ့လူပါ ပါပါတယ် .. တချို့လည်း မြန်မာအချင်းချင်း အမြတ်ထုတ်တဲ့လူတွေလည်းတွေ့ရပါတယ် .. တချို့လည်း ပါးစပ်နဲ့ပဲ အသားယူလိုက်ရ ယူလိုက်ရဆိုတာမျိုးလည်း မြင်ဘူးပါတယ် .. တကယ်ဆို ကိုယ်လည်း မြန်မာ သူလည်းမြန်မာ .. ကိုယ့်နိုင်ငံမှာ လုပ်ကိုင်ဖို့ အခွင့်အလမ်းမရှိလို့ သူများနိုင်ငံလာပြီး ဒုက္ခခံရတာပါ .. ဒါတွေကို ကိုယ်တိုင်လည်းခံစားဘူးမှာပါ .. ကိုယ်တွေ့အသိရှိရက်နဲ့ အကူအညီမပေးနိုင်ရင်တောင် စော်ကားတာမျိုးမလုပ်သင့်ပါဘူး .. တတ်နိုင်သလောက် ကာကွယ်ပေးသင့်ပါတယ် ..

မိန်းကလေးတွေအနေနဲ့လည်း လူတဖက်သားက ကိုယ့်ကို အထင်သေးစေမယ့် အပြုအမူအပြောအဆိုမျိုးကို ရှောင်ကြဉ်သင့်ပါတယ် .. သူများကိုပဲ အပြစ်ပြောပြီး ကိုယ့်မျက်ချီးကိုယ်မမြင်တာမျိုးမဖြစ်သင့်ပါဘူး .. လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တာပါ .. ကိုယ်က စိတ်လိုလက်ရ လိုက်တီးပြီးမှ အပြစ်ကို သူများပုံချတာလည်း မဖြစ်သင့်ပါဘူး .. ကိုယ်ဟာ မြန်မာမိန်းကလေးဖြစ်တဲ့အတွက် မြန်မာမိန်းကလေးအားလုံးအပေါ် ကိုယ်စားပြုပါတယ် .. ကိုယ့်လုပ်ရပ်ကြောင့် မြန်မာမိန်းကလေးတွေအကုန်လုံး အထင်အမြင်သေးခံရနိုင်တယ် ဆိုတဲ့အတွေးလေးကို ခေါင်းထဲထည့်ထားပြီး ကိုယ့်လုပ်ရပ် ကိုယ်ပြန်စစ်ကြရအောင် ..
 

မှတ်ချက် = စိတ်ထဲရှိသလို ချရေးထားခြင်းဖြစ်ပါသည် ..
အားလုံးကို လေးစားလျှက်


ချစ်ခွင့်ရချင်ပြီ


ကျမအကျင့်က သီချင်းသံကြားရင် လွမ်းတတ်တယ် .. ဓါတ်ခံရှိလို့နေမယ် .. :D ခုဒီသီချင်းကြားရင်လည်း လွမ်းတယ် .. (အကြောင်းမရှိအကြောင်းရှာတယ်နော် ..) ကောင်းမြတ်ရဲ့ ချစ်ခွင့်ရချင်ပြီ သီချင်းလေးပါ .. ဒေါင်းချင်ရင် (ဒီမှာ) ပါ



Monday, March 23, 2009

ဝါသနာလေးများ

ပထမ မောင်မျိုးက တက်တယ် .. နောက်တော့ ကိုဝင်းဇော်က တက်ပြန်ရော .. တော်သေးတယ် .. ခေါင်းစဉ်က တူတူပဲ .. မရေးချင်လည်းရတယ်တဲ့ .. ရေးပေးစရာလား .. ဘာမှရေးစရာအကြောင်းမရှိဘူး .. :P .. ဟဲဟဲ အလယ်ကားပြောတာ .. ရေးချင်လွန်းလို့ ဘယ်သူတက်မလဲစောင့်နေတာ .. :D .. တခါတည်း ကြိုစဉ်းစားထားတယ် .. ဘယ်သူ့ဆက်ဒုက္ခပေးရကောင်းမလဲလို့ ..

ကိုယ့်ရဲ့ ၀ါသနာလေးတွေ ဖလှယ်ကြမယ်တဲ့ ..

ကျမမှာ ၀ါသနာတွေက တော်တော်များတယ် .. ငယ်ငယ်ကနေ ခုချိန်ထိပဲ .. ဟိုစပ်စပ် ဒီစပ်စပ် ၀ါသနာတွေပေါ့ ..

ငယ်ငယ်လေးတုန်းက အရမ်းချစ်ရတဲ့ အမ၀မ်းကွဲတယောက်က သူ မဖြစ်ခဲ့တဲ့ ဆရာဝန်ဖြစ်စေချင်တုန်းက ဆရာဝန်ကို ၀ါသနာပါသလိုလို .. တကယ်တော့မဟုတ်ပြန်ဘူး .. ကြားပါများလို့ လိုက် ယောင်နေတာလေ .. ၁၀ တန်းလောက်ထိ တကယ်ဖြစ်ချင်တာက အင်ဂျင်နီယာ .. ဘာရယ်တော့မသိဘူး .. တိုက်တွေဆောက်တဲ့ အင်ဂျင်နီယာဖြစ်ချင်ခဲ့တာ .. တကယ် လက်တွေ့ကျတော့ မဖြစ်ခဲ့ဘူး .. ၁၀ တန်းအောင်ပြီးတော့ ဒေးတက်မယ်ဆိုပြီး အင်ဂျင်နီယာကို ပထမဦးစားပေး .. အီကိုကို ဒုတိယ ဦးစားပေးနဲ့လျှောက်ခဲ့တာ .. အိမ်ကိုခေါ်စာလာတော့ အီကိုပဲလာခဲ့တယ် .. ဘာပဲလာလာ ဒီကတော့ အေးဆေးပဲ .. အင်ဂျင်နီယာမရပါလားဆိုပြီးလည်း ဘာဖီလင်မှမရှိခဲ့ဘူး .. ဒီတော့ အင်ဂျင်နီယာဖြစ်ချင်ခဲ့တယ်ဆိုတာလည်း ရင်ထဲက မပါခဲ့ပြန်ဘူးထင်တယ် ..




ကံတရားကပဲဆန်းကျယ်တာလား .. ကျမစိတ်ကပဲ အပြောင်းအလဲမြန်လွန်းတာလား များလွန်းတာလားတော့ မသိဘူး .. သူငယ်ချင်းတွေနဲ့ အတူ အဖော်ကောင်းတာနဲ့ လုံးဝ ၀ါသနာမပါတဲ့ အီကိုကို အဝေးသင်ပဲတက်ခဲ့တယ် .. ဒီလိုနဲ့ပဲ ကျောင်းပြီးသွားခဲ့တယ် .. အဲလိုဆိုတော့ ကျမမှာ ဘ၀နဲ့ချီပြီး ပါခဲ့တဲ့ ၀ါသနာ ဖြစ်ချင်ခဲ့တဲ့ ၀ါသနာဆိုတာ မရှိခဲ့ဘူးလား .. ကိုယ်တိုင်လည်းနားမလည်ခဲ့ဘူး .. ဖြစ်နိုင်တာကတော့ ရည်မှန်းချက် မရှိတာ ဖြစ်လိမ့်မယ်ထင်တယ် .. :D

နောက်ထပ် ဘ၀နဲ့ မချီတဲ့ ၀ါသနာတွေတော့ ရှိတယ် .. အများကြီးပဲ .. ဒါပေမယ့် အဲဒါတွေကျတော့ လုပ်ပိုင်ခွင့်နဲ့ စိတ်အခြေအနေပေါ်မူတည်ပြီး ခဏခဏ ပြောင်းလဲပြန်ရော .. သီချင်းဆိုတာလည်း ၀ါသနာပါတယ် .. စီးရီးထုတ်ပေးမယ့်လူသာရှိရင် တက်ဆိုတယ် :P .. (ထုတ်ပေးချင်တဲ့လူရှိရင် အကြောင်းကြားနိုင်ပါတယ် .. အသံကတော့ အဟတ်ဟတ် :P.. အရမ်းကောင်းတယ်လို့ ပြောချင်တာပါ :D)

နောက်တခုက စာဖတ်တာ .. အိမ်မှာတယောက်တည်းရှိလို့ကတော့ ၀တ္တုစာအုပ်ကို ၃အုပ်လောက်ငှားပြီး ဆက်တိုက်ထိုင်ဖတ်တာ .. ခုတော့ မလုပ်ဖြစ်နိုင်တော့ဘူး .. စာအုပ်ကိုဖတ်ပြီးဆို အဆုံးထိ တဘရိတ်ထဲဖတ်လိုက်ရမှ ကျေနပ်တယ် .. အဲဒီချိန်ဘယ်သူခိုင်းခိုင်း မထဘူး .. နောက်မှလုပ်မယ်ဆိုတာ လက်စွဲစကားပေါ့ .. :D

နောက်ထပ်နောက်ထပ်တွေလည်း အများကြီးပဲ .. ခရီးထွက်တာလည်း ၀ါသနာပါတယ် .. ဒါကိုတော့ တော်တော်များများလည်း ကြိုက်ကြမယ်ထင်တယ် .. ၀ါသနာလို့ ပြောနိုင်လားတော့မသိဘူး .. နှစ်သက်တဲ့ထဲပဲထည့်ရမလား .. ???

ပြီးတော့ ဟိုစပ်စပ် ဒီစပ်စပ် သူများယောင် လိုက်ယောင်တာလည်း ၀ါသနာပါတယ် .. သူငယ်ချင်းတွေနဲ့ လပ်ယားလပ်ယားလုပ်တာလည်း ၀ါသနာပါတယ် .. အိပ်တာနဲ့စားတာလည်း အပါအ၀င်ပေါ့ .. အစားကိုတော့ ဒီလောက် မမက်ဘူး .. အအိပ်ကို အရမ်းမက်တယ် .. မစားရရင်နေပါစေ အိပ်နေမယ်ဆိုတဲ့ လူစားမျိုး .. :D (ကိုယ့်ကိုယ် ဒီလောက် အမွှမ်းတင်နေမိပါပကော .. :P)

တကယ်အတည်ကြီး ၀ါသနာပါတာကတော့ ကွန်ပျူတာပဲ .. ကွန်ပျူတာရှေ့ရောက်ရင် ထမင်းမေ့ဟင်းမေ့ .. ပြီးတော့ စာရေးတာ ခုလို ဘလော့ရေးတာပေါ့ .. ကျမက စွဲစွဲမြဲမြဲ လုပ်တတ်တဲ့အကျင့်မရှိဘူး .. ခဏပဲ .. ခုတော့ ဘလော့ရေးတာနဲ့ ဖတ်တာ ကွန်ပျူတာကလိတာ ဒီဝါသနာတွေတော့ ပျောက်ပြယ်တော့မယ်မထင်ဘူး .. တော်တော်လည်းစွဲနေတယ် .. ကိုယ့်ရဲ့ စိတ်ကူး ခံစားချက်တွေကို စာအဖြစ်နဲ့ ရေးချရတာ ၀ါသနာဖြစ်သွားပြီ .. ခုစွဲမြဲနေတဲ့ အမူအကျင့်နဲ့ ၀ါသနာလို့ဆိုရင်တော့ စာရေးတာ၊ သီချင်းနားထောင်တာ၊ ဘလော့မွှေတာ၊ ကွန်ပျူတာ ကလိတာလို့ပဲ ခေါင်းစဉ်တပ်ရလိမ့်မယ်ထင်ပါတယ် ..

ခု ကိုယ်ရေးတဲ့စာကို ပြန်ဖတ်ကြည့်လိုက်တော့ ကိုယ့်မှာ စွဲမြဲတဲ့ ၀ါသနာဆိုတာမှုန်ဝါးဝါးဖြစ်နေသလိုပဲ .. လုပ်ချင်တာထက် လုပ်သင့်တာတွေနဲ့ အသားကျနေရတဲ့ ဘ၀ကြီးထဲမှာ ၀ါသနာ ကြီးကြီးမားမားမရှိတာပဲ ကိုယ့်ကိုယ် ကျေးဇူးတင်ရမလိုလို .. :D နို့မဟုတ်ရင် စိတ်ဆင်းရဲနေရဦးမယ် .. :D (ဖြေတွေးခြင်း :P)

မှတ်ချက် ။ ။ ကိုယ့်စာကိုယ်ဖတ်ပြီး ကိုယ့်ကိုကိုယ် ကြီးပွားတိုးတက်မယ့်လူလို့ မှတ်ချက် ချမိပါကြောင်း .. :P (သူများမပြောခင်ကြိုပြောထားတာ .. သူများအပြောတော့မခံဘူး .. :D)

ဆက်ပြီး ဒုက္ခပေးလိုက်ဦးမယ် .. သူငယ်ချင်းများဖြစ်ကြသော .. ဗညားရှိန် ပီအမ်(ဖြိုးမော်) ဘာတွေတုန်း မိုးသောက်(ရှမ်းလေး) ကဗျာမလေး သီဟသစ် မေဒီဇာ တို့ကို ဆက်ဒုက္ခပေးပါတယ် .. စပ်စုကြည့်တာပေါ့ .. ဘာတွေများဝါသနာပါမလဲလို့ .. ရေးပေးကြနော် .. မရေးရင် မခင်ဘူးမှတ်လိုက်မယ် .. :D

နောက်တိုး သက်ပိုင်သူ အစကတည်းက တက်မလို့ .. စာတွေနဲ့ အလုပ်ရှုပ်နေမလားဆိုပြီး စေဒနာနဲ့ မတက်တာ .. ခုတော့ တက်လိုက်ပါပြီ ..


Saturday, March 21, 2009

အရိုးခံ

သူငယ်ချင်းတဲ့
ဘယ်လောက် နွေးထွေးလိုက်လဲ
ခံစားတတ်ရင် သိနိုင်ပါတယ်
ငါတို့ ခင်မင်ကြတာ အဖြူထည်သက်သက်
ပေါင်းသင်းခဲ့ကြတာ အရိုးခံသက်သက်
မာနတွေ မပါဘူး
လောဘတွေ မပါဘူး
အရှုပ်အရှင်း စာရင်းတွေ မပါဘူး
တယောက်လိုအပ်ရင် တယောက်က ဖြည့်ဆည်း
တယောက်မှာ ရှိတာ အကုန်ဝေစား
ဘယ်လောက် ရှင်းလင်းလိုက်သလဲ
ဒီသံယောဇဉ်တွေနဲ့
ငါတို့ နှစ်များစွာ လက်တွဲခဲ့တယ်
ရှေ့ဆက်ပြီးလည်း လက်တွဲသွားဦးမယ်
ခုချိန်အတိုင်း နွေးနွေးထွေးထွေးပေါ့


Thursday, March 19, 2009

မျှော်လင့်မိတဲ့ အမောများ


ကျမမှာ မကောင်းတဲ့အကျင့်တွေရှိတယ် .. ဒါတွေက မကောင်းဘူး ပြင်သင့်တယ်ဆိုတာ သိပေမယ့်လည်း မပြင်နိုင်သေးဘူး .. ဒါပေမယ့် ကြိုးစားပြီးတော့ တော့ ပြင်နေပါတယ် ..

ကျမ ငယ်ငယ်ကဆို ကိုယ်မကျေနပ်ရင် မကျေနပ်ဘူးဆိုတာကိုပြောလိုက်ရမှ နေသာထိုင်သာရှိတယ် .. စိတ်မပါဘူး မလုပ်ချင်ဘူးဆိုတဲ့ကိစ္စဆိုရင်လည်း ဘယ်သူခိုင်းခိုင်း မလုပ်တတ်ဘူး .. ငယ်ငယ်တုန်းကတော့ နေချင်သလို နေနိုင်တဲ့အခွင့်အရေးလည်းရှိတာကိုး ..

ဒါပေမယ့် နောက်ပိုင်းကျတော့ ကျမ စာတွေဖတ်ဖြစ်တယ် .. မှတ်မှတ်ရရ စစချင်း(၀တ္တုတို့ ကာတွန်းတို့ကလွဲရင်ပေါ့) တရားစာအုပ် စကိုင်ဖြစ်တာက ဆရာတော် ဦးဇောတိကစာအုပ်တွေပါ .. ငယ်ငယ်က ဖေကြီးက သဘောင်္လိုက်တယ် .. မေကြီးကို စာအုပ်တွေမှာရင် ၀ယ်ပို့ပေးပြီး ပြန်လာပြီး ပြန်ထွက်တော့ မယူသွားဖြစ်တဲ့စာအုပ်တွေ ဘုရားစင်အောက်က ဗီဒိုလေးထဲမှာ ထည့်ထားတတ်တယ် .. ၁၀တန်းအောင်ပြီး အိမ်နဲ့ သင်တန်း တက်တုန်းကာလက နေ့ခင်းဘက်ဆို အပေါ်ထပ်မှာ ကျမတယောက်တည်းရှိတာများတယ် .. အဲလိုမျိုးဆို ပျင်းပျင်းနဲ့ စာအုပ်တွေမွှေနှောက်ဖတ်တတ်တယ် .. အဲလိုစာတွေဖတ်ရင်း အသိလေးတွေရှိလာတယ် .. (နဲနဲပေါ့ ..း) ဘယ်ကိစ္စက သင့်တော်လဲ ဘယ်ကိစ္စက မသင့်တော်ဘူးလဲ .. ဘယ်လုပ်ရပ်ကကောင်းလဲ မကောင်းလဲ စသည်ဖြင့် တွေးတော ဆင်ခြင်တတ်လာတယ် .. စာအုပ်က ရတဲ့ အသိနဲ့ပေါ့ ..




အရင်ကဆို ကိုယ်ဒီလူတယောက်ကို မကျေနပ်ဘူးမလား .. ချက်ချင်းပြန်တုန့်ပြန်တတ်တယ် .. မတုန့်ပြန်နိုင်ရင်တောင် စိတ်ထဲ တနုံ့နုံ့နဲ့ ပေါ့ .. နောက်တဖြည်းဖြည်းနဲ့ စာတွေမှာရေးထားသလို အားလုံးက ဧည့်သည်တွေပဲ .. အားလုံးက သေလူတွေပဲ .. အသက်ရှင်လာပြီဆိုကတည်းက သေဖို့ တရွေ့ရွေ့လှမ်းနေကြတာပဲ .. ကိုယ်ချစ်တဲ့လူလည်းသေမှာပဲ ကိုယ်မုန်းတဲ့လူလည်းသေမှာပဲ .. ကိုယ်တိုင်လည်း တနေ့ သေရမှာပဲ .. သူ့ကိုမုန်းတဲ့အတွက် ကိုယ်ပဲရှုံးတာပဲ .. ကိုယ့်အချိန်တွေထဲက ဖဲ့ပေးပြီး သူ့ကိုမုန်းနေတော့ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေ နှောင့်နှေးနေပြန်ရော .. စတာတွေကို သိလာရတယ် .. သိတယ်ဆိုပေမယ့် သိတဲ့အဆင့်ပဲရှိပါသေးတယ် .. လက်တွေ့မှာတော့ ခံစားလွယ်တုန်း တုန့်ပြန်လွယ်တုန်းပေါ့ .. ပြင်ရမယ် ပြင်သင့်တယ်ဆိုတာသိပေမယ့် မပြင်နိုင်သေးဘူး ..

ပြီး နောက်တခုက ကျမအကျင့်က ဒီလူကို မခေါ်မပြောချင်ဘူးဆို လှည့်ကိုမကြည့်တတ်တာ .. အားနာတယ်ဆိုတာလည်းမသိဘူး .. ကြည့်မရရင်လည်း ကြည့်မရဘူးပဲ .. ကြည့်မရတဲ့အကြောင်းက ဘာလဲဆိုရင်လဲ တိတိပပ မသိ .. မုန်းချင်လို့ကိုမုန်းတာ .. မခေါ်ချင်လို့ကိုမခေါ်တာ .. အဲလိုမျိုးဆိုးပါတယ် .. အဲဒီတော့ မေကြီးက ပြောတယ် .. သမီးတဲ့ လူတွေနေတဲ့နေရာမှာ နေနေသရွေ့တော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမှာပဲတဲ့ .. လူတွေနဲ့ အဆက်အဆံမလုပ်ချင်ရင် တောထဲသွားနေမှပဲရမယ်တဲ့ ..

ကျမက ခေါင်းမာတယ် .. ပြန်မပြောနားမထောင်ပေါ့ .. ဆူရင် မထုံတက်တေးနဲ့ နောက်ကွယ်ကျ လုပ်ချင်ရာလုပ်တတ်တယ် .. ကိုယ်မှန်တယ်ထင်တဲ့ကိစ္စဆို လုပ်ရော ဘယ်သူ့ပြောစကားမှနားမထောင်ဘူး .. ကိုယ့်ဥာဏ်လေး တထွာတမိုက်လောက်နဲ့ ကိုယ့်ကိုယ် မှန်တယ်ထင်နေတာ တော်တော်လည်းရီစရာကောင်းပါတယ် .. အဲဒီတုန်းကတော့ ဟုတ်လှပြီပေါ့ .. :D

ခုတော့ အရင်တုန်းကလို သိပ်မလုပ်တော့ဘူး .. (လုပ်လို့ရတဲ့လူကိုတော့ လုပ်သေးတယ် :P) လုပ်ငန်းခွင်လည်းဝင်နေရပြီ သူများနိုင်ငံလည်းဖြစ်တယ်လေ .. အပိုးကျိုးနေပြီပေါ့ .. မပြောချင်လည်းပြောရတယ် .. မခေါ်ချင်လည်းခေါ်ရတယ် .. မသိချင်ယောင်ဆောင်နေလို့မရတော့ဘူး .. ကိုယ်ပြသနာဖြစ်လည်းလိုင်းရှင်းပေးမယ့် မိဘက အနီးအနားမှာ မရှိ .. ပြောရင်း ကိုယ့်ကိုယ်တောင် သနားလာပြီ .. :P

ခုဒီမှာတော့ မမြင်ချင်ပေမယ့်လည်း ကြည့်တတ်နေပြီ .. မရီပြချင်ပေမယ့်လည်း ရီပြတတ်နေပြီ .. မပြောချင်ပေမယ့်လည်း စကားလုံးတွေရှာပြီး ပြောတတ်နေပြီ .. စိတ်ထဲက မပါတာတွေလုပ်ရတာ တော်တော်လည်း မောပါတယ် .. ဒီထက်ပိုပြီးရင့်ကျက်သွားမယ့် အသက်ပိုင်းကျရင်တော့ ရင်ထဲမှာကို ရှင်းရှင်းလင်းလင်းထားပြီး အားလုံးကို စိတ်ပါလက်ပါ ရီပြ ပြုံးပြ နှုတ်ဆက်ပြတတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ..

Tuesday, March 17, 2009

ညီမျှခြင်း



ခု အာရုံရနေတာ ဒီသီချင်းလေးပေါ့ .. ထန်မ်ဘွိုင်းနဲ့ စီစီဖြူဆိုထားတာပါ .. အိမ်ရောက်လို့ ကွန်ပျူတာဖွင့်လိုက်တာနဲ့ အဲဒီသီချင်းလေးနားထောင်မိတယ် .. အကြိုက်ချင်းတူလို့ လိုလည်း လိုချင်တယ်ဆိုရင်ပေါ့ .. ဒီမှာ (ညီမျှခြင်း) ဒေါင်းလို့ရတယ်နော် ..



Sunday, March 15, 2009

အမှတ်ရနေသူ


စိုးရိမ် ကြောင့်ကြနေပါတယ်ဆိုတဲ့ ကိစ္စတခုကို တကယ် နှဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရတဲ့အချိန်မှာ ခံနိုင်ရည်မရှိတတ်ကြဘူး .. ကျမရော ..

"မောင် .. ကျမကို ဘယ်တော့မှ မခွဲသွားပါနဲ့နော် .." သူမ တောင်းပန်တိုးလျှိုးသံကို မောင်က နှစ်လိုစွာ ပြုံးရင်း .. "မောင် ဘယ်တော့မှ နှင်းကို မခွဲသွားဘူး .. ကတိပေးတယ်နော် .." ဆိုတဲ့ ဒီစကားတခွန်းထဲနဲ့ သူမ ယုံကြည်ခဲ့တယ် .. ကျေနပ်ခဲ့တယ် .. မောင့်အပေါ် သံသယဆိုတာ မြူတစ်မှုန်စာတောင် မထားခဲ့ဘူး .. ဒါတွေက ကျမ ညံ့ခဲ့တာလား .. ကျမ အားနည်းချက်လား .. အယုံလွယ်လွန်းခဲ့တာလား ..



ကျမနဲ့ မောင်တို့ တွေ့ဆုံဖြစ်ပုံက မထူးခြားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ .. ချစ်သူတွေ ဖြစ်ခဲ့ကြတဲ့အထိ ကျမတို့ အဖြစ်အပျက်က အလွန်ကို သမားရိုးကျဆန်တယ် .. သူ့ဖက်ကိုယ့်ဖက် သူငယ်ချင်းတွေက တဆင့် ကျမတို့ ရင်းနှီးခဲ့ကြတယ် .. အစစ အရာရာ ဆန့်ကျင်ဖက် ဖြစ်လွန်းပေမယ့် ကျမတို့ တယောက်အကြိုက် တယောက်လိုက်ရင်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ဘူးတယ် .. မောင်က အဖြူရောင်က သိပ်နှစ်သက်ပေမယ့် စည်းကမ်းမရှိတဲ့ ကျမက အနက်ကစလို့ အရောင်ရင့်တွေကိုသာ ၀တ်ဆင်လေ့ရှိတယ် .. ကျမက ကော်ဖီသိပ်ကြိုက်သလောက် မောင်က လက်ဘက်ရည်ဆိုင်ထိုင်ရင်တောင် အအေးပဲ သောက်တတ်သူတစ်ဦး .. ကျမက မိုးရွာတာကို နှစ်သက်ပြီး မောင်ကတော့ မိုးရွာတာကို အပြစ်တခုလို အနှောင့်အယှက်တခုလို မြင်တတ်သူ .. အစစ အရာရာ ဆန့်ကျင်ဖက်ဖြစ်လွန်းပေမယ့် မောင်က ကျမကို လိုက်ရောပြီး မိုးရေထဲ လမ်းလျှောက်ပြန်ခဲ့သလို ကျမကလည်း မောင်မကြိုက်တဲ့ ကော်ဖီကို မောင်နဲ့တွေ့ရင်မသောက်ဖြစ်ပဲ မောင်နဲ့ အတူ အအေးလိုက်သောက်ဖြစ်ခဲ့ဘူးတယ် .. ကျမတို့ သိပ်ချစ်ခဲ့ကြတာပဲနော် ..

ခုတော့ မောင်က ကျမသိပ်ကြိုက်ပေမယ့် မောင်နဲ့ အတူဆို မသောက်ဖြစ်တဲ့ ကော်ဖီကို သူ့ချစ်သူ အသစ်စက်စက်လေးနှစ်သက်အောင် လိုက်သောက်တတ်နေပြီ .. ဘယ်လိုယုံရပါ့မလဲ .. ကျမအပေါ် သိပ်ချစ်တတ်တယ် .. သိပ်ချစ်နိုင်တယ်လို့ ထင်ခဲ့တဲ့ (ကျမအထင်ပါ..) မောင်က ခု နောက်တစ်ယောက်အပေါ် ကျမကိုချစ်တဲ့အချစ်တွေထက်တောင် ပိုချစ်နေခဲ့ပြီလား .. ကျမတွေးရင်း ရင်ဘတ်က အောင့်သက်သက်ဝေဒနာ ခံစားလိုက်ရတယ် .. အသည်းကွဲတဲ့ ခံစားချက်ဆိုတာ ဒါမျိုးထင်ပါရဲ့ ..

မောင်က ကျမကို ချစ်ခဲ့တဲ့အတွက် ဘယ်တော့မှ နောင်တမရဘူးတဲ့လေ .. ကျမကလည်း မောင့်ပေါ် နားလည်ပေးနိုင်လွန်းခဲ့ပါတယ် .. ကိုယ့်ကိုယ်မယုံနိုင်လောက်အောင်ပေါ့ .. မောင်က အလုပ်သိပ်များသူတယောက် .. သူ့ အလုပ်တွေအပြင် မိသားစုလုပ်ငန်းအတွက်ပါ အချိန်ပေးရတဲ့ မောင့်အပေါ် ကျမ မညိုငြင်ခဲ့ဘူး .. မောင်လာကြိုမယ်ပြောပြီး မရောက်ခဲ့လို့ တယောက်တည်း အပြန်လမ်းမှာ မျက်ရည်ဝဲခဲ့ရတာတွေ .. မောင်ချိန်းလို့ လာစောင့်နေပေမယ့် အမြဲတမ်း နာရီဝက် တနာရီ နောက်ကျမှာ ရောက်လာတတ်လို့ စိတ်တို ဒေါသထွက်နေရင်တောင် မောင့်မျက်နှာ မောင့်အပြုံးကို မြင်လိုက်ရင်ပဲ အလိုလို ပြေပျောက်သွားတတ်တယ် .. ဒီလောက်တောင်ပဲ ကျမအပေါ် လွမ်းမိုးနိုင်ခဲ့တယ် .. စိုးမိုးနိုင်ခဲ့တယ် .. ကျမ မောင့်ကို အလိုလိုနေရင်းနားလည်ပေးမိတယ် .. အပြစ်မတင်မိဘူး .. ကျမ မောင့်ကိုချစ်နေရရင် ကျေနပ်နေတတ်တယ် .. ဒါတွေက အတ္တကင်းတဲ့ ကျမမောင့်အပေါ်ထားတဲ့ ချစ်ခြင်းတွေထင်ပါရဲ့ ..

တနေ့တော့ မောင်ပြောလာခဲ့တယ် .. ပြောတဲ့အချိန်တုန်းက ဒီလောက် စိုးရိမ်စရာ ကိစ္စ(မောင့်ကိုလက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အထိပေါ့ ..) ဖြစ်လာလိမ့်မယ် မထင်ထားခဲ့မိဘူး .. မောင် ကျမကို သိပ်ချစ်တာပဲလို့ မောင်စကားတွေကို ယုံကြည်ပြီး တစ်ယောက်တည်းဆုံးဖြတ်ချက်ချခဲ့တယ် .. ပြသနာ အစလို့ မသိခဲ့ချိန်ထိ .. မောင့်စကားတစ်ခုပဲ ကိုးကွယ်ခဲ့တယ် .. မောင့်ငယ်သူငယ်ချင်းလို့ သိထားတဲ့ မောင့်ငယ်ချစ်ဦးဖြစ်ခဲ့သူတစ်ယောက် မောင့်ဘ၀ထဲ ပြန်ဝင်ရောက်လာခြင်းက ကျမအတွက် ကံဆိုးခြင်းစတင်ချိန်ပေါ့ .. မောင် သူ့ငယ်သူငယ်ချင်းနဲ့ တွေ့ကြောင်း ၀မ်းသာအားရပြောတုန်းက မောင့်မျက်ဝန်းတွေအရောင်လက်နေခဲ့တာ ကျမက ရိုးရိုးသာမန်ပျော်ရွှင်ခြင်းလို့ တုံးတုံးအအ တွေးခဲ့ထင်ခဲ့တယ် .. ဒါတွေက မောင့်ရင်ခုန်သံတွေလို့သာသိခဲ့ရင် ကျမ တခုခုကြိုတင်ကာကွယ်ခဲ့မှာပေါ့ .. ကျမသိပ်နုံလို့ခံရတာပဲ .. မောင့်အပြစ်လည်းမဟုတ်ပြန်ဘူး .. ခုချိန်ထိ ဘာလို့များ အပြစ်မတင်မိတာပါလိမ့်နော် ..

မောင် ငယ်ချစ်ဦးနဲ့ လက်ရှိချစ်သူကြားဗျာများခဲ့ချိန်တွေမှာလဲ ကျမက မောင့်ကို သနားနေခဲ့သေးတာ .. မောင့်ရင်နာရင် ကျမရင်တွေကွဲအက်နေတာ မောင်မသိခဲ့တာလား .. လစ်လျူရှုခဲ့တာလား .. မောင် ကျမကို ထားခဲ့တော့မယ်ဆိုတာ သိပေမယ့် မောင်လိုအပ်လို ဆက်သွယ်လာရင် မငြင်းမိပဲ မောင့်ဘေးနားနေပြီး စကားလုံးတွေ ရှာကျန်နှစ်သိမ့်ပေးမိတာတွေက ကျမ သိပ်အခဲ့လို့လား .. အမှတ်မရှိခဲ့လို့လား .. အဲဒီအချိန် မောင့်ပါးစပ်က ပြောလာတဲ့ ငယ်ချစ်ကို သိပ်ချစ်ကြောင်း စကားတွေကို ကျမ ဘယ်လိုရင်ဘတ်နဲ့ နားထောင်ပေးခဲ့မိပါလိမ့် .. ကိုယ်တိုင်တောင် နားမလည်နိုင်လောက်အောင် မောင့်အပေါ် ကျမ ချစ်ခဲ့တယ် .. အဲဒီအတွက် ကျမ ရရှိခဲ့တာက ဘာလဲ .. စွန့်ပစ်ခံရခြင်းတဲ့လား .. တရားရဲ့လားမောင် .. ဒါပေမယ့် အကုန်လုံးကို လက်မခံချင်ပဲ လက်ခံခဲ့ရတယ် .. ဒါတွေဟာ အမှန်တရားတွေပဲတဲ့လေ ..

အမှန်တရားဆိုတာ ရှောင်လွှဲလို့မှ မရနိုင်ခဲ့တာပဲ .. နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ .. လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ကြုံဆုံရမှာပဲလေ .. အကောင်းအဆိုး အားလုံး လက်ခံနိုင်အောင် ကြိုးစားပြီး ဖြတ်သန်းသွားမှာပါ ..

အမှတ်တရဆိုတာ
အမှတ်ရနေသူအတွက်သာ အသုံးဝင်တာပါ ..
အတိတ်ဆိုတာကလည်း မေ့နိုင်မယ်ဆိုရင်တောင် တကယ်ရှိခဲ့တာပဲလေ ..
ခုချိန်ထိတော့ ကျမက အတိတ်ကို အမှတ်ရနေသူတစ်ဦးပါပဲ ..


Thursday, March 12, 2009

ကိုယ်တိုင်ရှာ ဒုက္ခ

ခုရက်ပိုင်း လူက နေရတာ စိတ်မပါလက်မပါနဲ့ ဘာမှလည်း လုပ်ချင်ကိုင်ချင်စိတ်မရှိ .. အာရုံတွေကလည်း များနေပါတယ် .. ဒီကြားထဲ စိတ်မသက်သာစရာတစ်ခုကို ဒီမနက်က တွေ့လိုက်ရလို့ စိတ်ထဲလဲ ဘယ်လိုဖြစ်သွားမှန်းကိုမသိပါဘူး ..

ခုလိုမျိုးမနက်စောစောစီးစီး အော်ဂလီဆန်သွားရတာ မှတ်မှတ်ရရ ခုတစ်ခေါက်နဲ့ဆို ၂ခါရှိပါပြီ .. ဘယ်သူ့ကြောင့်မှမဟုတ်ပါဘူး .. ကိုယ့်ဒုက္ခကိုယ်ရှာပြီး လက်ဆော့တာပါ ..

ပထမတစ်ခေါက်တုန်းက ရုံးမှာ အိုတီဆင်းတဲ့နေ့ .. ရုံးရောက်ပြီးရုံးမတက်ခင် အင်တာနက်ကိုစဖွင့်ပါတယ် .. (မဖွင့်ရရင်မနေနိုင်လို့ပါ ..:P) ဒီလိုနဲ့ ဟိုဝင် ဒီထွက် တွေ့တဲ့လင့်တွေလျှောက်ကြည့်နဲ့ ဟိုချောင်း ဒီချောင်း ချောင်းပါတယ် .. မြန်မာကျူးပစ် ဖိုရမ်ထဲဝင်ကြည့်မိတော့ (အရင်က မ၀င်ဖြစ်ပါဘူး .. ခုလည်း မ၀င်ဖြစ်တော့ပါဘူး .. အဲဒီတုန်းက အသိ အကိုတစ်ယောက်ညွှန်လို့ အကောင့်လုပ်ပြီးခါစလည်းဖြစ် ရုံးရောက်ရောက်ချင်း လုပ်စရာကလည်း မရှိသေးလေတော့ ၀င်ကလိတာပေါ့နော် :D)

စာတွေလိုက်ဖတ်နေရင်းကနေ ကျူးပစ်မှာ နီပေါမှာ ခေါင်းဖြတ်သတ်တဲ့ ဗီဒီယိုမှတ်တမ်းလို့ တွေ့လိုက်ပါတယ် .. အဲဒါကို မနေနိုင်မထိုင်နိုင် သွားကလစ်ပါတယ် .. (သတ္တိသွေးက ရဲရဲနီတယ်ဆိုတော့လေ .. :P)

အဲဒီမှာ မြင်လိုက်ရတာက လူအရှင်လတ်လတ်ကို သေချာလည်လှီးသတ်တာပါ .. အစပိုင်းကြည့်ပြီးတာနဲ့ လှီးလည်းလှီး သွေးတွေလည်း တဗွမ်းဗွမ်းထွက်တာမြင်တာနဲ့ ဆက်ပြီး မကြည့်ရဲတော့ပဲ ပိတ်လိုက်ရပါတယ် .. အဲဒီတုန်းက ခံစားချက်က ဘယ်လိုကြီးမှန်းကိုမသိပါဘူး .. လူလည်း မနက်စောစောစီးစီး တော်တော်စိတ်ညစ်သွားရပါတယ် .. ဒါပေမယ့် ကိုယ်သာဆက်မကြည့်ရဲတာ သူများကိုလင့်ပေးပြီး ဒုက္ခလှမ်းပေးလိုက်ပါသေးတယ် .. :D .. ပြီးတော့လည်း ဘယ်နှစ်ယောက်သတ်ခံရတာလဲ .. ဘယ်လိုသတ်တာလဲနဲ့ လိုက်မေးပါသေးတယ် .. စပ်ကလည်းစပ်စုချင်တယ် .. သတ္တိလည်းမရှိပါဘူး .. ဒါတောင် ငယ်ငယ်က ၀မ်လိန် တရုတ်ကားကြည့်ပြီး ရဲမေလုပ်ချင်သေးတာ .. :D (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တဲ့ :D)

ဒီနေ့ကျတော့လည်း စောစောစီးစီး အီးမေးစစ်လိုက်တာ မိကျောင်းသားရေ မြွေသားရေတွေနဲ့ အိတ်လုပ်တာကို အသိဦးလေးကြီးတစ်ယောက် မေးပို့ထားတာ သွားတွေ့ပါတယ် .. စစချင်း တစ်ပုံနှစ်ပုံ ကြည့်ပြီးတာနဲ့ ဆက်မကြည့်ရဲတော့လို့ ပိတ်လိုက်ရပြန်ပါတယ် ..

မြင်ရ တွေ့ရတာနဲ့ တောင် တော်တော် စိတ်ညစ်ညူးစရာကောင်းပါတယ် .. ပထမကတော့ ပုံတွေကို ကူးပြီး ဒီမှာတင်မလို့ပါပဲ .. နောက်တော့ ပုံတောင်စေ့အောင်မကြည့်ရဲတာ တစ်ပုံချင်းဒေါင်းဖို့ဆို ဝေလာဝေးပါပဲ .. ဒါနဲ့ ပဲ ပုံတွေ မတင်ဖြစ်တော့ပါဘူး ..

သတ္တ၀ါတွေ မသေခင် ခံစားသွားရမယ့် ဒုက္ခဆင်းရဲကို တွေးမိပြီး တော်တော်ကြောက်ပါတယ် .. တာဝန်အရ လုပ်ကိုင်နေရတဲ့လူတွေကိုလည်း သနားပါတယ် .. ဘယ်သူ့ကြည့်ကြည့်စိတ်ချမ်းသာစရာမရှိပါဘူး .. အဲလိုဘ၀မျိုးတွေ ရောက်မှာကိုလည်းကြောက်ပါတယ် ..

ဒါပေမယ့် လူရယ်လို့ဖြစ်လာပြီဆိုမှတော့ ဒုက္ခဆင်းရဲဆိုတာ ကြုံရမှာ မလွဲပါဘူး .. ခုမကြုံရသေးလည်း နောက်ဆိုတာ ဘယ်သူမှ မမြင်နိုင်ပါဘူးလေ .. ကိုယ်လည်းတနေ့ သေရဦးမယ် .. ဘယ်လိုပုံစံမျိုးနဲ့ သေရမလဲသာ မသိတာ .. တနေ့ နာရဦးမယ် .. ဘယ်လိုရောဂါဝေဒနာတွေခံစားရမလဲသာ မသိတာ .. တွေးပြီးတော့လည်း ကြောက်မိပါတယ် .. ဒီလိုပဲ အတွေးထဲမှာ လုံးလည်လိုက်ရင်း ဒီနေ့တစ်နေ့ ဖြတ်သန်းလိုက်ပါဦးမယ် ..




Tuesday, March 10, 2009

ကျမဖြစ်အင်

မနက်မိုးလင်း အိပ်ရာထတာနဲ့ သတိရမိတယ် .. စားဖို့သောက်ဖို့ဘာရှိလဲ လှန်လှောကြည့်ဖို့ကိုပေါ့ .. (ဗိုက်ဆာတာကိုး .. :P)

တစ်ခါတစ်လေ အလုပ်လုပ်နေရင်းကိုသိပ်လွမ်းတာ .. အိမ်က အိပ်ရာလေးကိုပေါ့ .. အိပ်ငိုက်တာကိုး (အချိန်တိုင်းတော့ မဟုတ်ပါဘူး .. ထမင်းစားပြီးခါစကိုပြောပါတယ် ..:P)

မိုးတွေရွာပြီဆိုလည်း သတိရတတ်သေးတယ် .. အိမ်မှာကျန်ခဲ့တဲ့ ထီးလေးကိုပေါ့ .. (ကျမက ထီးကိုင်ရမှာပျင်းသလို မေ့ချင်ယောင်ဆောင်ပြီး ထားထားခဲ့တတ်တယ် .. :D)

တခါ တခါကျလည်း လမ်းသွားရင်း နောင်တရတတ်သေးတယ် .. ဒေါက်ဖိနပ်ကြီးတကားကားနဲ့ ဒုက္ခဖြစ်နေပြီဆိုရင်ပေါ့ .. (ဒေါက်ဖိနပ်စီးရတာကြိုက်တယ် .. လမ်းလျှောက်တာများရင် တရွတ်တိုက် ဆွဲချင်လောက်အောင် ညောင်းတယ် ..းP)

တခါတလေကျတော့လည်း စိတ်ထဲက အသည်းအသန်ကြိတ်ဆုတောင်းရသေးတယ် .. သူမြန်မြန်လာပါစေလို့ ပေါ့ .. (အိပ်ရာထနောက်ကျပြီဆိုရင် စီးနေကျကား လွတ်သွားတဲ့အခါ နောက်ထပ် ၁၀ မိနစ် ၁၅ မိနစ်စောင့်ရပြီဆို လာကြိုမယ့် ဖယ်ရီလွတ်ပြီလေ .. :P)

Saturday, March 7, 2009

မိုးရွာသော နေ့တစ်နေ့

ကောင်းကင်ကြီးကိုကြည့်လိုက်တော့ မိုးပြာရောင်နဲ့ ကြည်လင်နေရဲ့ .. ကောင်းကင်ကြီးသာ ကြည်လင်နေတာပါ .. ကျမစိတ်တွေကတော့ နောက်ကျနေခဲ့တယ် .. ကောင်းကင်ကြီးကြည်လင်တာကို သဘောကျပေမယ့် ကောင်းကင်လို ကြည်လင်နိုင်ဖို့ကိုတော့ မကြိုးစားခဲ့ဘူး .. ကောင်းကင်ကြီးကြည်လင်တာ နောက်ကျိတာ ကျမအလုပ်မှ မဟုတ်ပဲ .. ကျမနဲ့မှ မဆိုင်တာ .. ကျမခုခံစားနေရတာတွေသာ ကျမနဲ့ဆိုင်တာမဟုတ်ဘူးလား ..



ကျမစိတ်တွေ ညိုမှောင်နေတယ် .. ဘာလို့လဲ .. အဖြေကို သေချာလိုက်စဉ်းစားတော့လည်း အကြောင်းအရာ မယ်မယ်ရရက မရှိ .. စိတ်တွေ ညစ်ညူးနေတယ် .. အကြောင်းရင်း ဇစ်မြစ်ကို ရှာကြည့်တော့ အဖြေကေ၀၀ါးလို့ ..

ကောင်းကင်ကြီးကိုကြည့်နေတုန်း တိမ်ညို တိမ်မဲတွေ တရိပ်ရိပ် တလိတ်လိတ် တက်လာတယ် .. ကျမ ပျော်မိသလိုပဲ .. ကောင်းကင်ကြီးလည်း ကျမလိုပဲ ညစ်ညူးလာပြီ .. ကြည်လင်နေတဲ့အရောင်တွေ ပျောက်ကွယ်လို့ပေါ့ ..

ကြည့်နေရင်းနဲ့ပဲ ကောင်းကင် ညိုမှိုင်းမှိုင်းကြီးက ဒေါသတွေ ၀မ်းနည်းမှုတွေကို မိုးရေစက်တွေ အဖြစ်နဲ့ ရွာချလိုက်တယ် .. ကျမ စိတ်ထဲ တော်တော်ကျေနပ်သွားတယ် .. ပြီးတော့ မိုးသံလေသံတွေနဲ့ အတူ ကျမရဲ့ ၀မ်းနည်းမှု တွေကိုပါ ပေါက်ကွဲပစ်လိုက်တယ် ..

မိုးသံလေသံတွေ တ၀ုန်းဝုန်းကြားမှာ ကျမရဲ့ ငိုသံဆိုတာက မှုန်မွှားမွှားလေးရယ်ပါ .. ဘယ်သူမှ မကြားနိုင်ဘူးလေ .. ကျမ ကောင်းကင်ကြီးကို ကျေးဇူးတင်လိုက်တာ .. ကျမရဲ့ ငိုရှိုက်သံတွေကို ဖုံးဖိပေးထားလို့ပေါ့ ..

PS. ဟိုတနေ့က ရူးကြောင်ကြောင် လျှောက်ရေးထားတာပါ .. ခုတော့အားလုံးအေးဆေး :D

Friday, March 6, 2009

စိတ္တဇအလွမ်း




ဒီသီချင်းလေးကို အခု အရမ်းကြိုက်တယ် ..






Wednesday, March 4, 2009

ရှုပ်ထွေးနေသောအတွေးများ

အလွမ်းဆိုတာ ဝေးပြီးမှသိနိုင်တဲ့ အရာတစ်ခုပဲ .. ဝေးနေချိန်မှာ ခံနိုင်ရည်ရှိအောင် ကြိုပြီး မလွမ်းတတ်ခဲ့လို့ ခုချိန်မှာ အလေ့အကျင့်မရှိခဲ့ဘူးလေ ..


ဒီလိုသာ အကြာကြီး ခွဲရမယ်မှန်းသိရင် တွေ့ဆုံချိန်တွေကို လက်ရှိထက်ပို တန်ဖိုးထားခဲ့မိမှာပဲ .. ခုချိန်မှာ နောင်တရစရာမရှိပေမယ့် နှမြောနေမိတာ အမှန်ပဲ ..

ချစ်ပြီး လွမ်းရမယ်မှန်း သေချာသိခဲ့ရင် ငါ့စိတ်တွေကို အချိန်ရှိတုန်း ပြုပြင်ခဲ့မိမှာပဲ .. ခုတော့ ငါသိလိုက်တဲ့ချိန်မှာ အနားမနေနိုင်သေးတဲ့မင်းကို ငါလွမ်းနေတတ်ပြီလေ ..

အချစ်ပင်လယ်မှာ အလွမ်းတွေပျော်ဝင်စီးဆင်းနေတယ် .. ငါ့မှာသာအစွမ်းရှိရင် အလွမ်းတွေ ကုန်အောင် ခပ်ထုတ်ပစ်ချင်ရဲ့ ..

အချိန်တွေကို ပြောင်းလဲပြုပြင်နိုင်စွမ်းရှိမယ်ဆိုရင် ကျော်ဖြတ်ရမယ့် အချိန်အတိုင်းအတာကို ငါရစ်ပြစ်ချင်တယ် .. မဟုတ်ရင်လည်း နီးစပ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်တွေမှာ ရပ်တန့်ပြီး အတိတ်မှာပဲ နစ်မြုပ်ချင်တယ် ..

ငါပိုင်ဆိုင်မယ့် ပန်းချီကားတစ်ချပ် သေချာတယ်ဆိုရင် ဘာမှထပ်ပြီး ခြယ်မှုန်းမနေချင်တော့ဘူး .. ဒီပန်းချီကား တန်ဖိုးတက်လာတာနဲ့ အမျှ ငါ့လက်လှမ်းနိုင်တဲ့နေရာထက် ဝေးသွားမှာ ငါကြောက်နေတယ် ..

ငါတွေးပူနေတာတွေ သိပ်များနေပြီထင်တယ် .. တကယ်တော့ နင်နဲ့ ငါ ပိုင်မယ့် ပန်းချီကား အလှပဆုံးဖြစ်ဖို့ မျှော်လင့်ချက်နဲ့ အတူရေးဆွဲလိုက်မယ်နော် ..

စိတ်ကူးယဉ်တာကို ဝေးဝေးရှောင်တဲ့ ငါတစ်ယောက် ခုတော့ စိတ်ကူးထဲမှာ မျှောလွင့်နေတတ်ပြီ ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...