Saturday, March 28, 2009

သွေးလှူခဲ့စဉ်က

ဆရာကြီးဆီက ဒီလိုစကားတွေကြားတော့ တသက်မှာတခါတော့ ဒီပါရမီကိုဖြည့်ချင်စိတ်ဖြစ်လာပါတယ် .. အမတွေကတော့ သွေးကိုလှူနေကြပါ .. ဒါတွေကိုလည်းသိထားတော့ ကျမစိတ်ထဲမှာ အရမ်းကိုလှူချင်စိတ်က ဖြစ်နေပါတယ် .. အခါအခွင့်သင့်ချင်တော့ တည အမက ဖုန်းဆက်လာပါတယ် .. နောက်နေ့မနက်မှာ နှာခေါင်းခွဲမယ့် လူနာကောင်လေးတယောက်ရှိတယ် .. သူ့အတွက် သွေးလိုတယ် .. ကျမက အေသွေးပါ အမကလည်းအေသွေးပါ.. သွေးအမျိုးအစားချင်တူတော့ လိုတာလည်း ၂ပုလင်းဖြစ်လို့ ကျမကိုလှူချင်လားမေးလာပါတယ် .. ဒါနဲ့ ကျမလည်း လှူမယ်ပေါ့ အဖြေကို လွယ်လွယ်ပေးလိုက်ပါတယ် .. ဒါနဲ့ အမက လှူမယ်ဆိုရင် ဟိုရောက်ရင် ဘာတွေလုပ်ရမယ် .. ကိုယ့်မှာ အားနည်းချက်မရှိမှ လှူခွင့်ရနိုင်မယ် .. ဒီတော့ ဘာတွေလိုအပ်တယ်ဆိုတာတွေ မှာပါတယ် .. ကျမလည်း အမမှာတဲ့အတိုင်း ညက ပြင်ဆင်ပြီးအိပ်လိုက်တာပေါ့ ..
မနက်ကျတော့ အမက လာခေါ်ပါတယ် .. သွေးလှူရမယ့် နေရာကို သွားခဲ့ပါတယ် .. တလမ်းလုံးဘုရားစာရွတ်ပြီး လိုက်သွားတာပါ .. ကျမက အရမ်းကြောက်တတ်တယ် .. အသားနာမှာသိပ်ကြောက်တယ် .. ဒါပေမယ့် လှူချင်စိတ်ကလည်းဖြစ်နေတော့ ဆုံးဖြတ်ပြီးအားတင်းထားရတာပါ .. အဲဒီတုန်းက ကျမက တော်တော်လည်းပိန်ပါတယ် .. ငယ်လည်းငယ်သေးတာကိုး .. ပေါင်မပြည့်ရင်လည်း လှူလို့မရဘူးလေ ..

လှူမယ့်နေရာရောက်တော့ ပရက်ရှာတိုင်း ပေါင်ချိန် လုပ်ပါတယ် .. ပေါင် ၁၀၀ ပြည့်မှ လှူခွင့်ရပါတယ် .. အဲဒီတုန်းက ကျမ ပေါင် ၁၀၀ မပြည့်ပါဘူး .. ဒါပေမယ့် တကယ်လိုအပ်တဲ့ လူနာ ဖြစ်တာက တကြောင်း ပေါင်ချိန်ကလည်း ၉၈ လောက်ဆိုတော့ ၁၀၀ နဲ့သိပ်မကွာဘူးလေ .. ဒါနဲ့ ဆရာဝန်မလေးတွေက ကျမအလှူအတွက် လက်ခံလိုက်ပါတယ် ..

ကျမ လှူသာလှူချင်တာ ပထမဆုံးအကြိမ်လည်းဖြစ်တော့ အရမ်းကြောက်ပါတယ် .. ခြင်းတောင်းလေးကိုင်ပြီး သွေးလှူမယ့်နေရာအပေါက်ဝကို လမ်းလျှောက်ရတာတောင် ဒူးတုန်ချင်ပါတယ် .. :D

ကိုယ်လှူရမယ့် ကုတင်ပေါ်တက်အိပ်လိုက်ပြီးတော့ သွေးဖောက်ပေးမယ့် ဆရာမလေးကလည်း စကားကိုဟိုပြောဒီပြော ပြောပေးပါတယ် .. ကျမ ကြောက်နေမှန်းလည်းသိပုံပေါ်ပါတယ် .. အဲဒီမှာ တခုဆိုးတာက ကျမက ကြောက်လို့ ဟိုဘက်ကိုလှည့်နေပါတယ် .. စိတ်ကိုလည်း လျှော့ပြီးတော့ ကဲ လုပ်ချင်ရာသာလုပ်ပေတော့ ဆိုပြီး စိတ်ကို ဒုန်းဒုန်းချထားတာပါ .. ဘယ်ချိန်ထိုးမလဲ .. ထိုးတော့မလားဟဲ့ ထိုးတော့မလားဟဲ့နဲ့လည်း ရင်မခုန်ချင်ပါဘူး .. ဒါနဲ့ မသိချင်ယောင်ဆောင်ပြီး ဟိုဘက်လှည့်နေတာပါ .. အဲဒါကို ဆရာမလေးက လက်ကို ကြိုးတွေစည်း ဆေးတွေသုတ် လုပ်လည်း လုပ်ပြီးရော မသိချင်ယောင်ဆောင်နေပါတယ်ဆိုမှ "ထိုးတော့မယ်နော်" လို့လာပြောပါတယ်း( .. ပြောလာတော့လည်း ဘယ်တတ်နိုင်မလဲ .. ဟုတ်ကဲ့ရတာပေါ့း( (သနားစရာ :P)

ကံကောင်းတာတခုက ကျမက အရေခွံပါးပါတယ် .. သွေးကြောလည်း ရှာရလွယ်တယ် .. ဒါနဲ့တချက်ပဲခံလိုက်ရတယ် .. မတော် အကြောရှာမတွေ့တာနဲ့ ၄ ၅ ချက်အထိုးခံရမှာလည်းကြောက်ပါတယ် ..

သွေးဖောက်ပြီးပြီဆိုတာသိတော့ စိတ်ထဲ တမျိုးလေးခံစားရပါတယ် .. ဘာဆိုတာ သေချာပြောဖို့ခက်ပါတယ် .. ပီတိဖြစ်တယ်ပြောရမလား .. ကိုယ့်အလှူအထမြောက်တယ်ဆိုပြီး ပျော်ပါတယ် .. စိတ်ထဲကလည်း ကျမသွေးကိုယူမယ့် လူနာ ကျန်းမာ ချမ်းသာဖို့ မေတ္တာပို့နေလိုက်ပါတယ် .. အမက သင်ပေးထားလို့ပါ ..း)

၁၀မိနစ် ၁၅မိနစ်လောက်ကျတော့ ကျမကိုထိုးထားတဲ့အပ်ကိုဖြုတ်လိုက်ပြီး သွေးလှူခြင်းကိစ္စပြီးပါတယ် .. အသက်ငယ်တာတကြောင်း ပေါင်မပြည့်တာတကြောင်းမို့ နဲနဲလျှော့ယူတယ်ပြောပါတယ် .. :P .. ပြီးပြီးချင်း ငေါက်ခနဲထထိုင်လို့တောင် ခဏလှဲပါဦးပြောရပါတယ် ..း) (ကျမက စိတ်မြန် လက်မြန်လေ)

သွေးလှူပြီး သူတို့ကျွေးတဲ့ ကြက်ဥရယ် ကော်ဖီရယ် မုန့်ရယ် စားသောက်ပြီးတော့ စိတ်ထဲမှာလည်း ပီတိဖြစ်နေမိတယ် .. ကျမ ဘ၀မှာ ဥပပါရမီ ဖြည့်ဆည်းပြီးပြီဆိုပြီး ဂုဏ်ယူနေမိတယ် .. (ပေါတောတောနဲ့နော် :D)

အဲဒီနောက်ပိုင်းမှာလည်း သွေးလိုတယ်လို့ ဆက်သွယ်လာရင် ကျမလှူဖြစ်ပါတယ် .. ဘဏ်မှာ၁ခါလောက်ကိုယ့်ဟာကိုယ်သွားလှူဖြစ်ပြီး ရွှေဘုန်းပွင့်ဘုရားမှာ တခါလှူဖြစ်ပါတယ် .. ရွှေဘုန်းပွင့်ဘုရားအလှူမှာတုန်းက သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး ဗညားရှိန်လည်း ပါပါတယ် ..

ပထမဆုံးတခေါက် သွေးလှူပြီးတော့ သွေးဖောက်တဲ့ ပတ်ပတ်လည်မှာ အမဲကွက်ကြီးဖြစ်လာပါသေးတယ် .. အရေပြားထဲ သွေးစိမ့်တယ်လို့ပြောပါတယ် .. တော်တော်ကြာတော့ သေးသေးပြီး ပျောက်သွားပါတယ် ..

ခုတော့ သွေးမလှူဖြစ်တာ နှစ်နဲ့ချီနေပါပြီ .. ဒီကိုလာခါနီးတုန်းကလည်း သွားခါနီးလာခါနီးမို့ အိမ်ကတားတာနဲ့ ကပ်တော့ မလှူဖြစ်ခဲ့ပါဘူး .. အိမ်ပြန်တုန်းကလည်း လှူချင်ပေမယ့် အခြေအနေကြောင့် မလှူဖြစ်ခဲ့ဘူး .. ဒါပေမယ့် Julydream ရဲ့ ကြော်ငြာမှုနဲ့ ဒီနိုင်ငံမှာ သွားလှူဖြစ်ဖို့ ကြိုးစားပါမယ် .. ကျမတို့ဆီက သွေးနဲနဲ နဲ့ လူတယောက်ရဲ့ အသက်ကို ကယ်တင်ရာရောက်မယ်ဆိုတာ တော်တော် ၀မ်းသာစရာ ကိစ္စပါ .. ကျမ သွားလှူဖို့ ကြိုးစားပါမယ် .. ကိုဇူလိုင်ရဲ့ အသိပေးမှုကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ် ..

စာက တော်တော်ရှည်နေပါပြီ .. ကျမရေးချင်တာလေးရှိသေးလို့ သည်းခံကြပါ :D
ကျမတို့ တရားထိုင်ကြတယ် .. မဟုတ်လည်း ပုတီးစိပ်ကြတယ် .. အဲဒီတရားထိုင် ပုတီးစိပ်ရင်း ပါရမီကို ရိုးရိုးတန်းတန်းမဟုတ်ပဲ ပရမတ္ထပါရမီဖြစ်အောင် လုပ်နိုင်ပါတယ်တဲ့ .. အရင်ဦးဆုံး ဘုရားရှိခိုးပြီး ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ဘုရားမှာ လှူလိုက်ပါ .. ပြီးတော့ တနာရီ တရားထိုင်မယ်ဆိုပါစို့ .. ဒီတနာရီအတွင်းမှာ တပည့်တော်ရဲ့ အသက်ကို ပေးလှူပြီး မလှုပ်မရှား ဘယ်လိုအန္တာရယ်မျိုးတွေ့တွေ့ ထိုင်ရာမထပဲ တရားထိုင်ပါမယ်ဆိုပြီး ကိုယ့်အသက်ကို ပေးလှူပြီး ထိုင်နိုင်ပါတယ်တဲ့ .. လှူပြီးရင်တော့ တကယ်ကြီးမလှုပ်ရဘူးနော် .. :D ပုရွက်ဆိတ်ကိုက်ကိုက် .. ခြင်ကိုက်ကိုက် .. ဘယ်လောက်နာနာ ဘယ်လောက်ကျင်ကျင် ကိုယ်က အသက်တောင် လှူထားတာပဲ အကောင်လေးကိုက်တာလောက် အသားနာတာ ကျင်တာလောက်တော့ မမှုကြေးပေါ့ .. နော့ :D ကြားဖူးတာပြောတာပါ .. ကျမတော့ မလှုပ်ပဲ မနေနိုင်ဘူး :D(၀န်ခံချက်)

ရေးချင်တာကတော့ ကုန်ပါပြီ .. ခုလိုစိတ်ရှည်လက်ရှည် ဖတ်ပေးသွားတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ် .. အားလုံး ကောင်းမွန် မြင့်မြတ်တဲ့ပါရမီဖြည့်ကျင့်နိုင်ကြပါစေ ..

မှတ်ချက် = သိထား ကြားထားသမျှကို ဖော်ပြထားခြင်းဖြစ်ပါသည် .. အမှားများပါ ပါက ထောက်ပြပေးဖို့ မေတ္တာရပ်ခံပါတယ် ..




9 comments:

thetpaingthu said...

သာဓု....သာဓု....သာဓု....

Phyo Maw said...

ကိုယ်တိုင်တော့ မလှူဘူးသေးဘူး။ လှူတာတွေတော့ တွေ့နေကြားနေ ဖတ်ဘူးနေရပြီ။
ကိုယ်လုပ်တဲ့အလုပ်တစ်ခုကနေ ပီတိကော ခံစားမှုရော ရတယ်ဆိုတော့ ကောင်း၏ :D

Welcome said...

သွေးစက်တွေနဲ့ လူတွေရဲ့အသက်ကို ကယ်တင်တဲ့ စေတနာကို လေးစားတယ်။ မွန်မြတ်တဲ့ ကုသိုလ်မို့ ဂုဏ်ယူတယ်။ ငယ်ရွယ်ပေမယ့် လုပ်ပြနိုင်ခဲ့တဲ့ ကလေးကို အထင်ကြီးမိတယ်။ ထပ်လှူချင်တဲ့ ဆန္ဒအမှန် ရှိရင် ကျန်းမာရေးကောင်းအောင် ဂရုစိုက်ပါ။

လေးစားစွာနဲ့

ကောင်လေး said...

မိုးခါးက တယ်တော်ပါလား..။ ကောင်လေးဆိုတစ်ခါမှ သွေးမလှူဘူးဖူး.။
ဘယ်လိုလှူရမလဲဆိုတာ မသိတာလဲပါတာပေါ့.။
သာဓုခေါ်ပါတယ် မိုးခါးရေ..။

မိုးသောက်ယံ said...

မိုးခါးရေ တော်ပကွယ် .. အကိုဆို သွေးတခါမှ မလှူဖူးသေးဘူး .. ဒါနဲ့ ရွှေဘုန်းပွင့်ဆို အကို့ အိမ်နဲ့ တော်တော် နီးနေပီ မုန့်ဝင်စားသွားတာမဟုတ်ဘူး :P

မေဒီဇာ said...

မိုးနဲ့ မေဒီက တစ်ချို့နေရာတွေမှာ ခံစားချက်လေးတွေတူတယ်။ ဟိုတလောက အလုပ်က အမတစ်ယောက် သွေးသွားလှူတယ်ပြောလို့ မေဒီလည်း သွေးလှူချင်နေတာ... သွေးလှူရလို့ ဘာအကျိုးရမယ်မှန်းတော့ မသိပေမယ့် သူများတွေလုပ်ကြလို့ ကိုယ်လည်း လိုက်လုပ်ချင်နေတာ... ခရေစီ ဖြစ်ချင်လို့ ပြောတာဟုတ်ဖူးနော်။ တစ်စုံတစ်ရာ လိုအပ်နေတဲ့သူတွေကို ကြည့်မိ စဉ်းစားမိရင် သနားတယ်... ကိုယ်ချင်းစာတယ်လေ... တစ်နေ့နေ့ ရအောင် သွားလှူမယ်။ မိုးရဲ့ အလှူအတွက် သာဓုခေါ်ပါတယ်နော်... လိုအင်ဆန္ဒတွေ ပြည့်ဝပြီး အောင်မြင်မှူတွေ ဆွတ်ခူးနိုင်ပါစေလို့... ကိုယ်စိတ်နှစ်ဖြာ ကျန်းမားချမ်းသာနိုင်ပါစေနော်...

ပြည့်စုံ said...

ကျနော်လည်းခံစားဘူးတယ်..

ပြောပြဘူး....

နောက်တာပါ....

တကယ်တော့
စိုးရိမ်စိတ်တွေကများနေတယ်
ရင်ခုန်သံတွေမြန်နေတယ်....။

မဆုမွန် said...

အစ်မနဲ့ သွေးတူတယ်
အစ်မ အသက် ၁၈ပြည့်တော့ သွေးလှူချင်လို့ ဘဏ်သွားတော့ အစ်မကိုလေ သွေးပေါင်ရော လူပေါင်ရော မပြည့်လို့တဲ့ ညီမလေးလိုတောင် မဖောက်လိုက်ဘူး..
သွေးအလှူဒါနအတွက် သာဓုခေါ်ပါတယ်

စိတ်စမ်းရေ said...

တော်ပါပေတယ်.....။ကိုယ်မလုပ်နိုင်သေးသော
အလုပ်ကိုလုပ်နိုင်ခဲ့တဲ့ မိုးခါးလေးကို လေးစား
ဂုဏ်ယူမိပါတယ်......။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...