Thursday, March 12, 2009

ကိုယ်တိုင်ရှာ ဒုက္ခ

ခုရက်ပိုင်း လူက နေရတာ စိတ်မပါလက်မပါနဲ့ ဘာမှလည်း လုပ်ချင်ကိုင်ချင်စိတ်မရှိ .. အာရုံတွေကလည်း များနေပါတယ် .. ဒီကြားထဲ စိတ်မသက်သာစရာတစ်ခုကို ဒီမနက်က တွေ့လိုက်ရလို့ စိတ်ထဲလဲ ဘယ်လိုဖြစ်သွားမှန်းကိုမသိပါဘူး ..

ခုလိုမျိုးမနက်စောစောစီးစီး အော်ဂလီဆန်သွားရတာ မှတ်မှတ်ရရ ခုတစ်ခေါက်နဲ့ဆို ၂ခါရှိပါပြီ .. ဘယ်သူ့ကြောင့်မှမဟုတ်ပါဘူး .. ကိုယ့်ဒုက္ခကိုယ်ရှာပြီး လက်ဆော့တာပါ ..

ပထမတစ်ခေါက်တုန်းက ရုံးမှာ အိုတီဆင်းတဲ့နေ့ .. ရုံးရောက်ပြီးရုံးမတက်ခင် အင်တာနက်ကိုစဖွင့်ပါတယ် .. (မဖွင့်ရရင်မနေနိုင်လို့ပါ ..:P) ဒီလိုနဲ့ ဟိုဝင် ဒီထွက် တွေ့တဲ့လင့်တွေလျှောက်ကြည့်နဲ့ ဟိုချောင်း ဒီချောင်း ချောင်းပါတယ် .. မြန်မာကျူးပစ် ဖိုရမ်ထဲဝင်ကြည့်မိတော့ (အရင်က မ၀င်ဖြစ်ပါဘူး .. ခုလည်း မ၀င်ဖြစ်တော့ပါဘူး .. အဲဒီတုန်းက အသိ အကိုတစ်ယောက်ညွှန်လို့ အကောင့်လုပ်ပြီးခါစလည်းဖြစ် ရုံးရောက်ရောက်ချင်း လုပ်စရာကလည်း မရှိသေးလေတော့ ၀င်ကလိတာပေါ့နော် :D)

စာတွေလိုက်ဖတ်နေရင်းကနေ ကျူးပစ်မှာ နီပေါမှာ ခေါင်းဖြတ်သတ်တဲ့ ဗီဒီယိုမှတ်တမ်းလို့ တွေ့လိုက်ပါတယ် .. အဲဒါကို မနေနိုင်မထိုင်နိုင် သွားကလစ်ပါတယ် .. (သတ္တိသွေးက ရဲရဲနီတယ်ဆိုတော့လေ .. :P)

အဲဒီမှာ မြင်လိုက်ရတာက လူအရှင်လတ်လတ်ကို သေချာလည်လှီးသတ်တာပါ .. အစပိုင်းကြည့်ပြီးတာနဲ့ လှီးလည်းလှီး သွေးတွေလည်း တဗွမ်းဗွမ်းထွက်တာမြင်တာနဲ့ ဆက်ပြီး မကြည့်ရဲတော့ပဲ ပိတ်လိုက်ရပါတယ် .. အဲဒီတုန်းက ခံစားချက်က ဘယ်လိုကြီးမှန်းကိုမသိပါဘူး .. လူလည်း မနက်စောစောစီးစီး တော်တော်စိတ်ညစ်သွားရပါတယ် .. ဒါပေမယ့် ကိုယ်သာဆက်မကြည့်ရဲတာ သူများကိုလင့်ပေးပြီး ဒုက္ခလှမ်းပေးလိုက်ပါသေးတယ် .. :D .. ပြီးတော့လည်း ဘယ်နှစ်ယောက်သတ်ခံရတာလဲ .. ဘယ်လိုသတ်တာလဲနဲ့ လိုက်မေးပါသေးတယ် .. စပ်ကလည်းစပ်စုချင်တယ် .. သတ္တိလည်းမရှိပါဘူး .. ဒါတောင် ငယ်ငယ်က ၀မ်လိန် တရုတ်ကားကြည့်ပြီး ရဲမေလုပ်ချင်သေးတာ .. :D (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တဲ့ :D)

ဒီနေ့ကျတော့လည်း စောစောစီးစီး အီးမေးစစ်လိုက်တာ မိကျောင်းသားရေ မြွေသားရေတွေနဲ့ အိတ်လုပ်တာကို အသိဦးလေးကြီးတစ်ယောက် မေးပို့ထားတာ သွားတွေ့ပါတယ် .. စစချင်း တစ်ပုံနှစ်ပုံ ကြည့်ပြီးတာနဲ့ ဆက်မကြည့်ရဲတော့လို့ ပိတ်လိုက်ရပြန်ပါတယ် ..

မြင်ရ တွေ့ရတာနဲ့ တောင် တော်တော် စိတ်ညစ်ညူးစရာကောင်းပါတယ် .. ပထမကတော့ ပုံတွေကို ကူးပြီး ဒီမှာတင်မလို့ပါပဲ .. နောက်တော့ ပုံတောင်စေ့အောင်မကြည့်ရဲတာ တစ်ပုံချင်းဒေါင်းဖို့ဆို ဝေလာဝေးပါပဲ .. ဒါနဲ့ ပဲ ပုံတွေ မတင်ဖြစ်တော့ပါဘူး ..

သတ္တ၀ါတွေ မသေခင် ခံစားသွားရမယ့် ဒုက္ခဆင်းရဲကို တွေးမိပြီး တော်တော်ကြောက်ပါတယ် .. တာဝန်အရ လုပ်ကိုင်နေရတဲ့လူတွေကိုလည်း သနားပါတယ် .. ဘယ်သူ့ကြည့်ကြည့်စိတ်ချမ်းသာစရာမရှိပါဘူး .. အဲလိုဘ၀မျိုးတွေ ရောက်မှာကိုလည်းကြောက်ပါတယ် ..

ဒါပေမယ့် လူရယ်လို့ဖြစ်လာပြီဆိုမှတော့ ဒုက္ခဆင်းရဲဆိုတာ ကြုံရမှာ မလွဲပါဘူး .. ခုမကြုံရသေးလည်း နောက်ဆိုတာ ဘယ်သူမှ မမြင်နိုင်ပါဘူးလေ .. ကိုယ်လည်းတနေ့ သေရဦးမယ် .. ဘယ်လိုပုံစံမျိုးနဲ့ သေရမလဲသာ မသိတာ .. တနေ့ နာရဦးမယ် .. ဘယ်လိုရောဂါဝေဒနာတွေခံစားရမလဲသာ မသိတာ .. တွေးပြီးတော့လည်း ကြောက်မိပါတယ် .. ဒီလိုပဲ အတွေးထဲမှာ လုံးလည်လိုက်ရင်း ဒီနေ့တစ်နေ့ ဖြတ်သန်းလိုက်ပါဦးမယ် ..




7 comments:

မောင်မျိုး said...

နောက်ဆို မကြည့်နဲ့ပေါ့ မိုးခါးရေ့ ကျနော်လည်းဖြစ်ဖူးတယ် ကြီးကျယ်တာ အရမ်းရွံတတ်တာမဟုတ်ပေမယ့် အဲ့လိုမျိုး မနက်စောစော မြင်လိုက်မိရင် လူက ခေါင်းနောက်ကျိကျိကြီးနဲ့နေရတာ တစ်မျိုးကြီး ။


ဒါနဲ့Word Verification ကြီးဖြုတ်ပေးပါလား ကျနော်ကအပျင်းထူလို့ တစ်ခါခါမပေါ်တော့စောင့်နေရသေးတယ် ။ :P

Phyo Maw said...

မနေနိုင်မထိုင်နိုင်ပဲ သွားကြည့်တာကိုး

အဲလို ပြောလိုက်ချင်သော်ငြား... အများတကာ လို ပျားသကာလိုချိုအောင်ပြောရရင်...
ဘယ်လိုပြောရမယ်မှန်းလည်း မသိပါဘူးကွယ်

tg.nwai said...

မကောင်းတဲ့ မြင်ကွင်းတွေကတော့ မမြင်ရလေ..ကောင်းလေပါပဲ..။ ဒါပေမယ့် တခါတခါတော့လည်း စပ်စုချင်သေးတာကိုး။

နောက်ဆို ကြည့်ချင်ရင်..အိပ်ခါနီးမှ ကြည့်နော်..(အိပ်မပျော်အောင်လုပ်နေမိလား မသိ..)

Welcome said...

ကြည့်စေချင်တဲ့သူကလည်း တင်ထားတာမို့
ကိုယ်တို့ကလည်း အလိုက်တသိ ကြည့်ပေးရတာ ကံတစ်မျိုးပါပဲ။ ဟဲ .. ဟဲ
အမှန်တော့ ကိုယ်လည်း မကြည့်ဖြစ်ပါဘူး
တစ်နေကုန် စိတ်ထဲမကောင်းဖြစ်တတ်လို့

(လင့်ခ်တော့ ပို့ပေးအုန်း)

ဘာတွေတုန်း said...

အဲ့ဒါမျိုး ကြည့်ပြီးရင် ထမင်းစားမ၀င်တော့ဘူး။ မျက်လုံးထဲ ပြန်မြင်မြင်နေလို့။ ကောင်းတော့ကောင်းပါတယ်။ ၀ိတ်လျော့နည်း တစ်မျိုးပေါ့။ ဟဟ

ဖြိုးဝေတိုး said...

မမိုးခါး...
လူဆိုတာ အရိုင်းဆုံးလဲပြောလို့ရ
အယဉ်ဆုံး လဲပြောလို့ရ
အသိဥာဏ် အရှိဆုံးလို့လဲပြောလို့ရ
အရက်စက်ဆုံးလဲပြောလို့ရ သလိုပါပဲ
သတ္တဝါတွေထဲမှာ ဘယ်အရာမှာမဆို
အစွန်းဆုံးကပဲ။

Anonymous said...

ဝိတ်ကျရင်တော့ကောင်းတာပေါ့

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...