Friday, September 30, 2011

အိပ်မက်တောင်းသူ

မနက်ခင်းအတွက် ကဗျာ လှလှ တပုဒ် ရေးချင်တယ် ..

မနက်ဦးမှာ ရာသီဥတု ကြည်ကြည်လင်လင်နဲ့ မြက်ခင်းစိမ်းစိမ်း ကောင်းကင်ပြာပြာ ကျမတို့ အိမ်ခေါင်မိုးလေးတွေက ပန်းရောင် ထနေမယ် .. သစ်လွင်တောက်ပလို့ စိမ်းစိုလန်းဆန်းလို့ .. ပြူတင်းတံခါးဖွင့်တာနဲ့ မြေနံ့သင်းသင်း မိုးနံ့ရောရင်းရတယ် .. မိုးရနံ့နဲ့ နိုးထတဲ့မနက် စိတ်တွေ ဘယ်လောက် လတ်ဆတ်လိုက်မလဲ .. ဘေးအိမ်တွေက မြက်ရိတ်သံတွေ ကလေးတွေ စီစီညံနှိုးနေသံတွေ ဒါတွေဟာလည်း မနက်ခင်းရဲ့ သင်္ကေတ ..

မနက်အလင်းနေရောင်ခြည်ကို တေးသံသာသာနဲ့ ငှက်လေးတွေက ကြိုတယ် .. သူတို့လည်း အချင်းချင်း မနိုးသေးတဲ့သူတွေကို နှိုးနေတာ နေမယ် .. ဒါမှမဟုတ် သီချင်းတွေ သံပြိုင်ဆိုနေသလားပဲ .. သူတို့တွေ ပျံသန်းလိုက် ရပ်လိုက် နားလိုက် အစာကျွေးမယ့်သူကို စောင့်လိုက် စားလိုက် .. ငြိမ်းငြိမ်းချမ်းချမ်းပဲ .. သစ်ပင်အုပ်အုပ်ကြီးနဲ့ ကမ္ဘာမြေပြင်ကြီးက ပြုံးလို့ သူတို့ရဲ့ ရင်သွေးတွေကို အမြတ်တနိုးကြည့်နေတယ် .. ဒါတွေဟာ သာယာလှပခြင်းရဲ့ သင်္ကေတ ..

အိမ်တိုင်း အိမ်တိုင်း မနက်စာတွေကို အလျှံအပယ်နဲ့ ၀၀လင်လင်စား .. မိသားစုတခုလုံးဟာ ထမင်းဝိုင်းမှာ စုံစုံညီညီရောက်နေကြတယ် .. ကလေးတွေရဲ့ အသံစာစာနဲ့ မုန့်တောင်းသံ ဂျီကျသံ မိဘတွေရဲ့ ချစ်ခင်နှစ်လိုမှု ပြွန်းတဲ့ မေတ္တာသံတွေနဲ့ မနက်ခင်းဟာ အသက်ဝင်နေတယ် .. မိဘတွေက သားသမီးကို ဆူလိုက် ငေါက်လိုက် ချော့လိုက် ခြောက်လိုက် အဖိုး အဖွားတွေကတော့ ပြုံးလို့ တစုစု တရုံးရုံး မနက်ခင်း ထမင်းဝိုင်းလေး စည်ကားနေမယ် ..

မနက်ခင်းတိုင်းမှာ တရားမျှတမှုတွေ ကြီးစိုးလို့ ကိုယ်ချင်းစာမှုတွေ အုပ်မိုးလို့ မေတ္တာတွေနဲ့ ထုံလွှမ်းထားတယ် .. ဘာများ လိုအပ်သေးလဲ .. မေတ္တာအပြည့်နဲ့ အိမ်လေးမှာ အချင်းချင်း မေတ္တာရှိကြသူတွေ နေထိုင်ကြတယ် .. အပြန်အလှန် မေတ္တာထားလို့ လောကကြီးက လှပနေတယ် .. တဦး အပေါ် တဦး ကူညီဖေးမမှုတွေ စောင့်ရှောက်မှုတွေနဲ့ လူတိုင်းရင်ထဲ ဗြဟ္မစိုရ်တရား ကိုယ်စီကိန်းလို့ ..

ကျမတို့ တိုင်းပြည်မှာ စစ်တွေ မရှိတော့ဘူး .. နိုင့်ထက်စီးနင်းမှုတွေ မရှိတော့ဘူး .. ဖိနှိပ်အနိုင်ကျင့်မှုတွေ မရှိတော့ဘူး .. မတရားမှုတွေ မရှိတော့ဘူး ..

အဲဒီတိုင်းပြည်လေး .. ကျမရဲ့ တိုင်းပြည်လေး .. ကျမရဲ့ အိပ်မက် တိုင်းပြည်လေးထဲမှာ .. ကျမရဲ့ မျှော်လင့်ချက် တိုင်းပြည်လေးထဲမှာ ..

ဖြစ်နိုင်ရင် ဒီအိပ်မက်ကို ကျမ မိုးလင်းခါနီးအချိန်မှာ မက်ချင်ပါတယ် .. ကျမရဲ့ အစွဲအလန်းတခုက အဲဒီအချိန်မက်တဲ့ အိပ်မက်ဟာ အပြင်မှာ လက်တွေ့ မကြာမတင် ရောက်လာလိမ့်မယ် တဲ့ ..

မနက်ခင်းလှလှတခုကို ကဗျာအဖြစ် ဖွဲ့သီချင်ခဲ့တယ် .. ဒါပေမယ့် စိတ်ကူးက အိပ်မက်လှလှတခုအဖြစ် အသွင်ပြောင်းသွားခဲ့တယ် .. 

Thursday, September 22, 2011

မျှော်လင့်ချက်မြစ်


ကျမတို့ မြန်မာနိုင်ငံသားတွေမှာ ချစ်ခင်စရာတွေ မြတ်နိုးစရာတွေ သိပ်ပေါတယ်ဆိုတဲ့အကြောင်း သိခဲ့တာ သိပ်မကြာသေးပါဘူး .. ကျမရဲ့ ရင်တွင်းမှာ ကိုယ့်တိုင်းပြည်ကို ချစ်တဲ့စိတ် ရှိနေသေးပါလားလို့လည်း အတိအကျ သိလိုက်ရတာ မကြာသေးခင် အချိန်ကမှပါ .. ကိုယ်စီ အလုပ်တာဝန်တွေ လူမှုတာဝန်တွေကြားမှာ လည်ပတ်နေရင်းနဲ့ ဘ၀ဆိုတာကို ပုံသေကားချပ် ဖြတ်သန်းခဲ့တာ ခုဆို နှစ် အနည်းငယ် ကြာလာခဲ့ပါပြီ .. ပုံသေလည်ပတ်နေတဲ့ အချိန်အတွင်းမှာပဲ ကိုယ့်မြေ ကိုယ့်ရေပေါ်က အဖြစ်အပျက်တွေ ဆုံးရှုံးမှုတွေ မြင်ရ ကြားရတဲ့ အခါမျိုးမှာ ကိုယ်ချင်းစာစိတ် သနားစိတ်နဲ့ နိုင်သလောက် အကူအညီ နဲနဲပါးပါးလောက်ပဲ ပေးနိုင်ခဲ့ပါတယ် .. ဒါဟာ လူလူချင်း ကိုယ်ချင်းစာစိတ် လို့ ပြောနိုင်မယ် ထင်ပါတယ် .. အထူးသဖြင့် ကိုယ့်လူမျိုးတွေ ဒုက္ခရောက်တဲ့အခါ ပုံတွေကို မြင်လိုက်ရတဲ့ အခါတိုင်းမှာ ဆက်မမြင်ရဲတော့လောက်အောင် စိုးရိမ်ကြောက်လန့် ခဲ့ဘူးပါတယ် .. ရင်ထဲမှာ နင့်နေအောင် ခံစားခဲ့ရ ဘူးပါတယ် .. ဥပမာအားဖြင့် နာဂစ် နဲ့ ခုနောက်ပိုင်း ရေကြီးချိန်တွေမှာ ရိုက်ထားတဲ့ ပုံတွေပါပဲ .. အဲဒီအချိန်ထိ ကျမက ကိုယ့်တိုင်းပြည်ကို ကိုယ့်မြေ ကိုယ့်ရေကို ချစ်တတ်တဲ့စိတ်ရှိမှန်း မသိခဲ့သေးပါဘူး ..

ဧရာဝတီလို့ စလိုက်တာနဲ့ ရောဂါကူးစက်ခံရသူလို့ သတ်မှတ်ချင်ရင် ကျမဟာ ရောဂါကူးစက်ခံရသူပါပဲ .. ဘာလို့လဲ .. ကျမတိုင်းပြည်ရဲ့ တန်ဖိုးရှိတဲ့ မြစ်တစင်းမို့လို့ပါ .. တခြားနှမြောတာတွေလည်း အများ ကြီးပေါ့ .. နှမြောရတယ်ဆိုတည်းက တန်ဖိုးရှိနေလို့ တန်ဖိုးသိနေလို့ပါ .. တောင်တွေ ကတုံးဖြစ်သွားတာ အထင်ကရ ဘုရားပုထိုးတွေ ဖျက်ဆီးခံရတာ လယ်မြေတွေ ပျက်စီးတာက စလို့ ကျမတို့ကို အုပ်မိုးထားတဲ့ ကောင်းကင်ကြီး မကြည်လင်တော့မှာတွေကိုပါ တွေးပြီး ခုနောက်ပိုင်း ပိုလို့ နှမြောတတ် လာပါတယ် .. ဒါပေမယ့် ကျမတို့က မြန်မာပြည်ကိုပြန်ချင်သေးတဲ့လူတွေဖြစ်လို့ များသောအားဖြင့် ကိစ္စတွေမှာ ကျမ ကြောက်ကြောက်နဲ့ နှာစေးနေပါတယ် .. ခုတော့ မီဒီယာတွေ လွတ်လပ်တာနဲ့ အုပ်ချုပ်သူအပြောင်းအလဲတွေကြောင့် ကောင်းတဲ့ဘက်ဦးတည်နေပြီလို့ ထင်မိပြီး အပြောလဲ နဲနဲ ရဲလာတယ် ဆိုပါတော့လေ .. ကျမဟာ ဧရာဝတီကို ပျက်စီးအောင် ပြုလုပ်ဖို့ ကြံနေသူတွေ လက်ရှိ ပြုလုပ်နေသူတွေနဲ့ ပြုလုပ်နေမှုတွေကို ကန့်ကွက်ပါတယ် .. ဒါ တိုင်းပြည်ရဲ့ တန်ဖိုးရှိတဲ့ ကျန်ရှိ နေသေးသော အရာတွေအပေါ် တဖက်တလမ်းက စောင့်ရှောက်ချင်စိတ်တခုတည်းကြောင့်ပါပဲ ..

ကျမတို့ ၀ိုင်းဝန်းကန့်ကွက်ကြတယ်ဆိုတော့ အကြောင်းပြချက်ရှိပြီပေါ့နော် .. အကြောင်းပြချက်တွေက သဘာဝတရားရဲ့ အမွေအနှစ်ဖြစ်လို့ .. တန်ဖိုးရှိတဲ့ သမိုင်းမှတ်တမ်း ထည်ဝါ ကြီးမားလို့ .. ကချင်ပြည်နယ်က ပြည်နယ်သားတွေရဲ့ နှလုံးသဲပွက်နေရာဖြစ်လို့ .. လှပတဲ့ အထင်ကရ နေရာဖြစ်လို့ .. မြစ်ကြီးကိုမှီခိုနေကြတဲ့ လုပ်သားတွေရဲ့ အသက်မွေးဝမ်းကြောင်းမှုကို ထိခိုက်မှာ မို့လို့ စသည် စသည်ဖြင့်ပေါ့ .. လူများတွေ ဘယ်လိုပြောပြီး ပြောပြီး နှစ်ပေါင်းများစွာ တည်ရှိလာတဲ့ သမိုင်းမှတ်တိုင်ဖြစ်တဲ့ မရိုးနိုင်တဲ့ ဧရာဝတီ တမ်းချင်းကို ကျမ ထပ်ပြောပါလိမ့်ဦးမယ် .. သယံဇာတ ပေါများလှပါတယ်ဆိုတဲ့ မြန်မာပြည်ကြီးရဲ့ ပိုင်ဆိုင်မှုတွေလည်း ကုန်လုကုန်ခင် ဖြစ်နေပါပြီ .. တောတွေပြုန်း တောင်တွေပြို (ဖြို) ခု မြစ်ချောင်း အင်းအိုင်တွေကအစ တိမ်ကောလာနေပြီ .. ဒါဟာ ရာသီဥတု ဖောက်ပြန်မှုကြောင့်ပါ .. ဥတုရာသီ တောကိုမှီ တဲ့ .. သစ်တောတွေမှာ ကပ်ထားတဲ့ ဆိုင်းဘုတ်ပါ .. ခုတော့ ဆိုင်းဘုတ်တင်ထားတဲ့ သစ်ပင်ပါ အခုတ်ခံရတဲ့ထဲ ပါပြီး ဆိုင်းဘုတ်ကပါ သဂြိုလ်ပြီးသား ဖြစ်ချင် ဖြစ်နေမှာ .. နောက် မြန်မာပြည် တပြည်လုံး ပျောက်သွားဖို့ပဲ ကျန်ပါတော့တယ် .. အရာဝတ္တုတိုင်းဟာ သက်တမ်း ရှိတယ် ဆိုရင်တောင် အချိန်မတိုင်ခင်တော့ မဆုံးရှုံးစေသင့်ပါဘူး .. ထိန်းသိမ်းရမယ့် တာဝန် အပြည့်အ၀ ရှိနေပါတယ် ..

ငယ်ငယ်က သင်ပုန်းကြီးဖတ်စာထဲမှာ သင်ရတယ် .. လယ်သမားကြီး ဦးသာအောင်တို့ .. ကိုဖိုးမောင် အလုပ်သမား စသည်ဖြင့် .. ပုံထဲမှာလဲ လုပ်သားကြီးတွေက မျက်နှာတွေပြုံးလို့ တိုင်းပြည်အတွက် တတပ်တအား တာဝန်တွေ ထမ်းနေကြတယ် .. မိဘတွေကလည်း သင်တယ် .. ထမင်းစားလို့ မကုန်ရင်တောင် လယ်သမားကြီးတွေက ပင်ပင်ပန်းပန်းနဲ့ ရုန်းကန်ပြီး ဒီဆန်တွေဖြစ်လာအောင် လုပ်ရတာ သမီး ရဲ့ စသည်ဖြင့် .. ဟုတ်ပါတယ် .. ဆန်တစေ့ဖြစ်ဖို့ အရင်းနှီးတွေကို သိလာအောင် ပင်ပင်ပန်းပန်းလုပ်ထားရတဲ့ လုပ်အားတွေကို နားလည်လာအောင် မိဘနဲ့ ဆရာများက သင်ကြားပေးခဲ့ပါတယ် .. အဲဒီအချိန်တုန်းက သိနားလည်ခဲ့တာက သြော် လယ်သမား အလုပ်သမားကြီးတွေ နေပူကျဲကျဲမှာ နွားတွေနဲ့ ထွန်ယက်စိုက်ပျိုး သိပ်ပင်ပန်းရှာမှာ လို့ပေါ့ .. ခုလက်တွေ့မှာ သိလိုက်ရတာကတော့ လယ်သမားကြီးတွေဟာ ပင်ပန်းနေရုံမက ဆင်းရဲဒုက္ခ ရောက်နေကြပါတယ် .. ကိုယ်ထွန်ယက်စိုက်ပျိုးထားတဲ့ လယ်မြေရဲ့ အသီးအပွင့်ကို သူတို့ မခံစားရပဲ မတန်တဆနဲ့ အနိုင်ကျင့် နှိပ်ကွပ်ခံနေရပါတယ် .. တချို့ လယ်ပိုင်ယာပိုင်တွေဟာ ခု လယ်မဲ့ ယာမဲ့တွေ ဖြစ်လို့ .. ဒါတွေဟာ ဘယ်သူ့တာဝန်တွေလဲ .. ဘယ်သူတွေ တာဝန်ယူ ဖြေရှင်းပေးသင့်သလဲ .. ခုတော့ ဖြေရှင်းဖို့ မစဉ်းစားတဲ့အပြင် ထမင်းအိုးကိုပါ ခွဲဖို့ကြံနေတာကတော့ အတော်လေး အရုပ်ဆိုးလွန်းပါတယ် .. ရှက်ဖို့လည်း ကောင်းပါတယ် .. ညံ့လွန်းရာကျပါတယ် .. အစတုန်းက ပညာရှိများ သတိမမူမိလို့ဆိုရင်လည်း ခု ပညာရှင်တွေ ထောက်ပြတဲ့ အချက်တွေကို သေချာ လေ့လာ သုံးသပ်ပြီးမှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်ရပါမယ် .. 

ကျမတို့ အကုန်လုံးက သူများအော်လို့ လိုက်ယောင်ပြီး အော်နေကြတာမဟုတ်ပါဘူး .. ပေါ်ပြူလာဖြစ်အောင်လို့လည်း သူများလုပ်လို့ လိုက်လုပ်နေတာမဟုတ်ဘူး .. လုပ်သင့်တယ်ထင်ပြီး လုပ်လည်းလုပ်နိုင်တဲ့ အနေအထားဖြစ်တာက တကြောင်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိသင့်တယ် ထင်တာကြောင့် တဖက်တလမ်းကနေ နိုင်ရာ တာဝန် ထမ်းနေကြတာပါ .. ကိုယ်စီခံစားချက် ခံပြင်းချက်တွေနဲ့ အောင့်အီးသည်းခံခဲ့သမျှတွေကို ဖွင့်ဟ အော်ငြီးနေကြတာပါ .. (မီဒီယာလွတ်လပ်ခွင့်ရ သွားလို့ အသံတွေ ပိုကျယ်လာတာလည်း ပါတာပေါ့လေ ..) ကိုယ့်ရဲ့နေအိမ်ကို တခြားသူတယောက်က သိမ်းပိုက်မယ်ဆိုရင် ကိုယ့်ဘက်ကလည်း ပြန်လည်ရယူခြင်းငှာ မစွမ်းသာဘူးဆိုရင် လက်မှိုင်ချ ကြည့်နေရုံမှ တပါး နှမြောတသနေရုံမှတပါး တုန့်ပြန်ဖို့ မတတ်နိုင်ဘူးပေါ့ .. ဒါက ခွန်အားချင်းမမျှလို့ အလျော့ပေးလိုက်ရတာပါ .. တကယ်က အဲ့ဒီလူရဲ့ စိတ်ထဲမှာ ကျေနပ်နေမှာတော့ မဟုတ်ပါဘူး .. အပြန်အလှန်လေး တွေးကြည့်ပါ .. ကိုယ်က အနိုင်ကျင့်ခံရတဲ့သူနေရာမှာဆိုရင် .. ဘယ်လောက်ကြေကွဲဖို့ ကောင်းလိုက်ပါသလဲ .. မကြုံရဘူးလို့တော့ မထင်လိုက်ပါနဲ့ .. ဗုဒ္ဓဘာသာဝင်ဆိုရင် ကံကံရဲ့အကျိုးကို ယုံကြည်ရပါမယ် .. ကိုယ်ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ် အကျိုးပေးချိန်ဆိုတာ တနေ့ ရောက်လာပါလိမ့်မယ် .. သူများတကာ ဆုံးရှုံးပြီးမှ ကိုယ်ရတာမျိုး သူများတကာ မျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ကိုယ့်ခါးလှတာမျိုးနဲ့တော့ မကျေနပ်ချင်ပါနဲ့ .. သက်ဆိုင်သူ တာဝန်ရှိသူများကို ဥာဏ်ပညာကြီးကြီးနဲ့ ရေရှည်ကို တွေးတတ်စေချင်ပါတယ် .. သူများတကာ နိုင်ငံတွေများ သဘာဝအလှအပ ရှားပါးလို့ ထိန်းသိမ်းလိုက်ရတာ .. အစစ်အမှန် မရှိလို့ အတုတွေကိုပဲ အစစ်လုပ် နေနေကြရတာ .. ကိုယ်တွေတိုင်းပြည်မှာတော့ ပေါများနေလို့များလားလို့ မလိုတမာနဲ့ တွေးတောရင်း .. ဧရာဝတီမြစ်ကြီး အရှည် တည်တံ့ပါစေကြောင်း မျှော်လင့် တောင့်တရင်း ..

Sunday, September 11, 2011

အဆုံးမသတ်ခင်


ဘဝ
ဒီလိုပဲ
လောကဓံရဲ့ အထုအထောင်းနဲ့
ဘ၀ဟာ သက်ဝင်လာခဲ့တယ် ...။

လောကဓံ
အပူရယ် အအေးရယ်
ခြောက်သွေ့ခြင်း စိုထိုင်းခြင်း
တဖက်စီ အစွန်းရောက်ရင်းကပဲ ...။

အချစ်
မခေါ်ပဲလဲ လာတယ်
အေးအေးမြမြတိုက်စားသွားတယ် ...။

ဒဏ်ရာ
ဘယ်သူကမှ ပေးခဲ့တာမဟုတ်ဘူး
ကိုယ့်ဒေါသနဲ့ ကိုယ် ခံယူရင်း ခံစားရင်း ...။

သင်္ခါရ
နုပျိုရာက ဟောင်းနွမ်းလာတယ်
ပစ္စုပ္ပါန်မှာ အိုမင်းရွေ့လျားရင်း ...။

စာကြွင်း - LIBRATUN က ပုံလေးပေးလာပြီး စာတူတူရေးရအောင်ဆိုလို့ ရေးဖြစ်ပါတယ် .. တခြား တူတူရေးထားတဲ့သူတွေကတော့ .. LIBRATUNမသက်ဝေအင်ကြင်း ၊ မွန် တို့ ဖြစ်ပါတယ် .. မိုးခါး တင်တာတော့ နောက်အကျဆုံးထင်ပါရဲ့ .. အားလုံးချိန်းထားတာ စနေနေ့ည ၁၁ နာရီတဲ့ .. သရဲကားနာမည်တော့ ဟုတ်ပါဘူး .. ဟီးး :P

Tuesday, September 6, 2011

အိပ်မက်သာ ဖြစ်လိုက်ပါ

ပြောစရာ စကားတွေ မရှိတာတော့ မဟုတ်ခဲ့ဘူး
ရင်ထဲ အပြည့်ပဲ ပြောချင်နေခဲ့တယ် ..။

ဆန္ဒတွေ မရှိနေခဲ့တာ မဟုတ်ဘူး
အင်အားတွေ မဲ့နေခဲ့တယ် ..။

မျှော်လင့်ချက်တွေ မထားတတ်တော့တာမဟုတ်ဘူး
ယုံကြည်ချက်တွေ ပျောက်ရှနေခဲ့တယ် ..။

ပြောချင်တာတွေများပေမယ့် စကားတွေ ပျောက်ဆုံးဆဲ
ဆန္ဒတွေ များပေမယ့် ခွန်အားတွေ ပျောက်ဆုံးဆဲ
လမ်းတွင်တွင်လျှောက်နေလဲ ပန်းတိုင်တွေ ပျောက်ဆုံးဆဲ

ပျောက်ဆုံးသွားတော့မယ့် အရာတွေရယ်
သင်္ခါရတရား ဘယ်လိုနှလုံးသွင်းပေမယ့်
ရင်ထဲတော့ နှမြောတသဆဲ ..။

ဒါ ငါတို့ရဲ့ ........
ဒါ ငါတို့ရဲ့ ........
ဒါ ငါတို့ရဲ့ ........

ငယ်တည်းက ရင်းနှီးခဲ့တယ် ..
တခါတုန်းကပေါ့ ..
ဟိုးအရင်တုန်းကလေ ..
ဖိုးဖိုးတို့ ဖွားဖွားတို့ ခေတ်တုန်းကဆို ..

အတိတ်တွေ အကြောင်း ဘယ်လောက် ကြားဖူးလဲ
ပစ္စုပ္ပါန်က အတိတ်နေရာ ရောက်သွား
ကိုယ်တွေက ဖိုးဖိုး ဖွားဖွားနေရာ ..။

မြေးတို့ရဲ့ .....
ဒီအဆောက်အဦးနေရာဟာလေ ဟို အရင်က .....
ဒီသောင်ပြင်ကြီးဟာလေ ဟို အရင်က .....
ဒီမြေပုံ နေရာကြီးဟာလေ ဟို အရင်က .....

အိပ်မက်က လန့်အနိုး
ကျမ ဒီလိုမဖြစ်ချင်ခဲ့ဘူး ..
ကျမ ဒီလိုမဖြစ်ချင်ခဲ့ဘူး ..
ကျမ ဒီလိုမဖြစ်ချင်ခဲ့ဘူး ..

ဒီလိုလေးပဲ အော်ဟစ်နေရုံ
ကြိုတွေးပူနေရုံ
လောင်မြိုက်နေနေရုံ

ဖြစ်နိုင်မယ်ဆိုရင်လေ
နောက်တချိန် ပုံပြင်ဖြစ်သွားမယ့်
ပစ္စုပ္ပါန် စစ်စစ်ကြီးတွေကို
မတွယ်တာ မချစ်ခင် မေ့ပြစ်လိုက်ချင်ပါရဲ့ ..


နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...