Wednesday, November 24, 2010

ရောင့်ရဲခြင်း

ကိုယ်တွေ ရုံးမှာ အပတ်စဉ် အင်္ဂါနေ့တိုင်း မီတင်ရှိတယ် .. မိုးခါးတို့ သွားငိုက်နေကြပေါ့ .. :P

ဒီနေ့လည်း ထုံးစံအတိုင်း မီတင်သွားတယ် .. မိုးခါးတို့ ရုံးခန်းက ဒီဇင်ဘာ ပထမပတ်ထဲမှာ အခန်းသစ်ကို ပြောင်းရပါမယ် .. မီတင်မှာ ရုံးခန်းသစ် ပြောင်းမယ့် အကြောင်းတွေလည်း ပြောကြတယ်ပေါ့ .. ခုထိတော့ မရောက်ဖူးသေးပါဘူး ..

ပြောချင်တာက သူဌေးပြောသွားတဲ့ စကားပါ .. ခု ရုံးခန်း ပြောင်းတော့မယ်ဆိုတော့ ဒီရုံးခန်းအတွက် အဓိက အရေးကြီးတဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ မရှိလို့ မဖြစ်တဲ့ အရာတွေတဲ့ .. ဘာတွေလဲဆိုတော့ မီး ရှိရမယ် .. မီးမရှိရင် အလုပ်လုပ်ရမယ့် ကွန်ပျူတာ စတဲ့ လျှပ်စစ်ပစ္စည်းတွေ ဘယ်လိုသုံးမလဲပေါ့ .. ပြီးတော့ ရေ .. ရေ ရှိရမယ် .. ရေမရှိရင် အိမ်သာသုံးဖို့ ဘာညာ ခက်မယ်ပေါ့ .. နောက်တခုက အင်တာနက် .. အင်တာနက်ရှိမှ အချိန်နဲ့အမျှ ၀င်နေမယ့် အီးမေးတွေက အင်ဖော်မေးရှင်းတွေ၊ လုပ်ရမယ့် အလုပ်တွေ မပျက်ဘူးပေါ့ .. နောက်ဆုံးကတော့ တယ်လီဖုန်းပါတဲ့ .. အမြဲတမ်း ဆက်သွယ်နေရမယ့် နေရာတွေ အလုပ်ကိစ္စတွေက ရှိနေတာကိုး ..

ဒီတော့ စဉ်းစားမိတယ် .. ငါတို့တိုင်းပြည်လေးမှာ ဆိုပြီးတော့ပေါ့လေ ..

မီး .. ရန်ကုန်ခဏပြန်တုန်းကတော့ တော်တော်လာပါတယ် .. ခုတော့ မသိ ..

ရေ .. ရေ ဒုက္ခလည်း မိုးခါးတို့ သိပ်မခံရဘူးပါဘူး .. ဘာလို့ဆိုတော့ အိမ်က ဦးလေး တယောက်မဟုတ် တယောက်က မီးလာချိန် ရေလာချိန်ကိုက်ပြီဆို အမြဲတမ်း တင်တတ်တယ်လေ .. ပြီးတော့ မိုးခါးတို့ အိမ်က ဆောက်တုန်းက ကန်ထရိုက်အပ်ရုံမဟုတ်ပဲ ဦးလေးတွေကိုယ်တိုင် စောင့်ပြီး ကြီးကြပ်ပြီး ဆောက်ခဲ့တာဆိုတော့ အိမ်ပေါ်မှာ ရေလှောင်ကန်တကန် ရှိတဲ့အပြင် အိမ်အောက်ထပ်မှာလဲ ရေလာတဲ့အချိန် ခံထားလို့ရအောင် ကန်တကန်လုပ်ထားသေးတော့ မီးလာရင် အောက်က ကန်ထဲက ရေကို ကောက်တင်လိုက်ရုံဆိုတော့ တခြား အထပ်မြင့်တွေ ရှိတတ်တဲ့ ရေဒုက္ခကို မကြုံရပါဘူး .. ဒါပေမယ့် ရန်ကုန် အထပ်မြင့်တွေကတော့ ရေဒုက္ခကို ခံကြရတယ် .. ကြုံဘူးကြမယ် ထင်ပါတယ် .. ရေလာတဲ့ အချိန်က မီး မလာ မီးလာတော့ ရေမလာ .. ဒီလိုနဲ့ လေ့ကျင့်ခန်းပေါ့ .. အပေါ်ထပ် အောက်ထပ် ရေဆွဲကြရတာ .. :D

အင်တာနက် .. အဟဲ .. လို့ပဲ ရီလိုက်တော့မယ် .. ဟိုတလောက ဖေ့ဘွတ်မှာ တင်ထားတဲ့ နိုင်ငံခြားသား အင်တာနက်သုံးသလို .. စာတမ်းနီကြီးနဲ့လေ :P .. ရန်ကုန် ခဏပြန်တုန်းကတောင် အင်တာနက်တွေ ဒေါင်းနေလို့ ဒီဖောင်း လုပ်မရတာနဲ့ ရင်နာစရာတွေ ဖြစ်ခဲ့ရတာ :D

ဖုန်း .. ပေါမှ ပေါပဲနော် .. ခက်တာက သစ်ပင်အောက်ဝင်မိရင် တိုင်ပျောက်ပျောက်သွားတာပဲ .. ဖုန်းနဲ့ပတ်သက်လာရင် သူငယ်ချင်းတယောက် သွားသတိရတယ် .. အဲတယောက်က ကားအနက်ကြီး မောင်း မျက်မှန်အနက်ကြီး တပ်ပြီး စတိုင်အပြည့်နဲ့ ဖုန်းပြောတတ်တဲ့တယောက်ပါ .. ဒါပေမယ့် သူက သစ်ပင်အောက်တော့ ရှောင်တယ် .. :D အပြစ်တင်စောသလို ဖြစ်နေပါပြီ .. ခုကောင်းနေပါပြီ နော့ .. :P ဖုန်းခတွေ ဈေးတက်မယ်ဆိုတာက လွဲလို့ .. :D ဆင်ဖိုးထက် ချွန်းဖိုးက ကြီးပါတယ်လေ .. ဒါကြောင့် သူငယ်ချင်းကို ပြောနေသေးတယ် .. နို့ဆီခွက်လေးတွေ ဆောင်ထားရအောင်လို့ .. :D

တကယ်ကတော့ ကိုယ်တွေက အပြစ်တင် စောနေတာပါ .. ဖြစ်လာမှာပေါ့ .. ဖြေးဖြေးပေါ့ .. :D

စဉ်းစားကြည့်မိတော့ သူများတွေပြောတဲ့ အခြေခံလိုအပ်ချက်ဆိုတာက မြန်မာနိုင်ငံအတွက် မရှိလည်း ရနေတယ်ထင်ပါတယ် .. မြန်မာမှု မြန်မာဟန် ကို ထိန်းသိမ်းကြရအောင် ..

မီးအတွက်လား ဖယောင်းတိုင်ရှိပါတယ် .. ဖယောင်းတိုင်စက်ရုံပဲ တည်ကြစို့ရယ် ..

ရေအတွက်လား .. ရေအစား ဘီယာရှိတယ်လို့ ယောင်္ကျားလေးတွေ ပြောတာကြားဖူးတယ် .. :D

အင်တာနက်လား .. သုံးချင်ရင် စိတ်ရှည်ရှည်ထားလေ .. အချိန်တန်တော့ တက်လာမှာပေါ့ .. နော့ ..

ဖုန်း ?? နို့ဆီခွက် ၂ခွက် ကြိုးနဲ့ ချည်ထားပါဆို .. :P

အင်းး .. ဟိုအရင်က ရန်ကုန်ညကို သတိရမိပါတယ် .. ကိုယ်တွေ ပြောပြောနေတဲ့ တီဗီကြည့်တယ်ဆိုတာ မီးမလာမှ တကယ် တီဗီကြည့်ဖြစ်တာကိုးဗျ ..

လိုအပ်ချက်ဆိုတာ မလိုအောင်နေတတ်ရင် ရပါတယ် .. ရောင့်ရဲတတ်ကြပါစေ .. :D

တော်သေးဘီ .. :D

Thursday, November 18, 2010

သူ့အတွေး ကိုယ့်အတွေး

ဖြစ်စဉ် (၁)

လူအများ ပြည့်ကျပ်နေသော ဘတ်စ်ကား တစီးပေါ်တွင် -
အ၀တ်အစား သပ်သပ်ရပ်ရပ်နှင့် ကုမ္ပဏီဝန်ထမ်းဖြစ်ပုံရသော အသက် ၂၀ အရွယ် မိန်းကလေးတယောက်သည် ထိုင်ခုံနေရာပေါ်တွင် ထိုင်လျှက် အသက် ၅၀ ကျော် အရွယ် ခပ်နွမ်းနွမ်းဦးလေးကြီး တယောက်သည် ထိုမိန်းကလေးရှေ့တွင် မတ်တပ်ရပ်လျှက် လိုရာခရီးကို နှင်လျှက် ရှိကြသည် .. အသက် ၅၀ကျော်အရွယ် ဦးလေးကြီးသည် ရှေ့မှ မိန်းကလေးကို မျက်လုံးမွဲမွဲများဖြင့် ကြည့်လျှက် မိန်းကလေးကတော့ ရွံရှာစက်ဆုတ်သည့် အနေရခက်သည့် မနှစ်လိုသည့် အမူအယာမျိုးဖြင့် တည်ရှိလျှက် ရှိကြသည် .. သူတို့ နှစ်ဦး၏ စိတ်အတွေးထဲတွင် -

မိန်းကလေး - "ရှေ့က အဖိုးကြီးကလည်း သူ့အသက်အရွယ်ကိုမှ မထောက် လူကို ကြည့်နေလိုက်တာ တော်တော် နှာဘူးထတဲ့ လူကြီး .. ကိုယ်နံ့ကလည်း အလုပ်ကြမ်းလုပ်ထားတာ နံဟောင်လို့ .. !@#$%^&^%$"

ဦးလေးကြီး - "ရှေ့က မိန်းကလေး ကြည့်ရတာ ပညာတတ်ကလေး ဖြစ်မယ် .. ငါ့သမီးလေးကိုသာ ပညာသင်ပေးခွင့် ရခဲ့ရင် .... ငါ့သမီးလေးကို ပညာတတ်ကြီး ဖြစ်စေချင်လိုက်တာ .."
~~~~~~~

ဖြစ်စဉ် (၂)

သာမန်ထက် ဆင်းရဲသော ရပ်ကွက်ကလေး တခုတွင် -
ဝါးလုံးခင်း ထန်းလက်မိုးများဖြင့် နေကွယ်ရုံ လူတယောက် ကျောတချစာနေရာတွင် ဖွင့်ထားသော လက်သုပ်စုံ ဆိုင်လေးတဆိုင် ရှိသည် .. ဆိုင်ရှင် အဒေါ်ကြီးကို ရပ်ကွက်မှ လူအများစုက ချစ်ခင်ကြသည် .. အကြောင်းမှာ လက်သုပ်ရောင်းရာတွင် စေတနာပါပါနှင့် လက်ဖွာတတ်သောကြောင့်တည်း .. လက်ဖွာတတ်သဖြင့် ဆိုင်ပိတ်ချိန်မတိုင်မီပင် သူမ၏ အသုပ်များ ကုန်လေ့ရှိသည် .. ငွေအိတ်ကတော့ ထူးမခြားနားပင် .. တနေ့လုပ် တနေ့စား ဆင်းရဲသားရပ်ကွက်ဖြစ်သဖြင့် ညနေစာကို အသုပ်လေးနှင့် အကြော်လေးနှင့် ပြီးရတတ်သော လူတန်းစားများပေ .. အသုပ်ဆိုင်တွင် အမျိုးသမီးတယောက် အသုပ်မှာနေသည် .. မှာရင်း သုပ်ရင်းလည်း ထိုအမျိုးသမီးမှ လိုချင်သည်များကို ထပ်ထပ် ထည့်ခိုင်းနေသေးသည် .. ဆိုင်ရှင်အဒေါ်ကြီးကတော့ ပြုံးပြုံးနှင့်ပင် တတ်နိုင်သလောက် ထပ်ထည့်ပေး သုပ်ပေးနေသည် .. ၀ယ်သူ ဆိုင်ထဲမှ အထွက် သူတို့ အတွေးထဲတွင် -

ဆိုင်ရှင် - "မ---- တို့ မိသားစုတော့ ဒီနေ့ ငါ့အသုပ်နဲ့ ညစာပြီးမှာပါပဲ .. ၂ပွဲစာ ကျော်ကျော်လောက်ကို သုပ်ပေးလိုက်ရတာ .. အင်းလေ သူတို့ မိသားစုက များတော့ ဒီလောက်မှပဲ အဆင်ပြေလိမ့်မပေါ့ .. ၂ပွဲစာဖိုး ပိုက်ဆံမရပေမယ့် ကုသိုလ်တော့ ရလိုက်ပြီ .. မလှူတတ်ရင် ဈေးရောင်းတဲ့ .. မ---- တို့ မိသားစု ထမင်းစား မြိန်ပါစေ .. ဒီနေ့လည်း ငါ့အသုပ်တွေက ကုန်တာပါပဲ .. ဒီ ၃ ၄ ပွဲဆို ကုန်ပြီ .. အိမ်ပဲ ပြန်သယ်သွားရ ကောင်းမလား .. "

ဈေးဝယ် - "ဒေါ်ထုံကြီးကတော့ နာမည်ပေးခံရတာတောင် နည်းသေးတယ် .. ဟိုဟာပြော ဒီဟာပြောနဲ့ ထည့်ခိုင်းလိုက်တာ ၂ပွဲစာတောင် မကဘူး .. သဘောကောင်းတယ် နာမည်လိုချင်တာ ခံလေ .. ဟင်းဟင်း .. ဒီကလည်း စားချင်လို့ ၀ယ်ရတာ မဟုတ်ဘူး .. အိမ်ကလူ ဒီနေ့ အလုပ်မကောင်းလို့ ဒီကြားထဲ ငါ့'ကံ'လေးကလည်း စွပ်တယ် .. ၂လုံးထီထိုးတာ ၂လုံးလုံးလွဲ .. ဆန်ဖိုးလေးများရမလားလို့ ကံစမ်းပါတယ် .. ရှိတာလေးပါ ပါသွားတယ် .. အေးလေ ဒီနေ့မရ နောက်နေ့ပေါ့ .."
~~~~~~~

ကျမ တခါတလေ လူတွေကြားထဲနေရင်း သူတို့ရဲ့ ပြုမူ ပြောဆိုပုံတွေ လုပ်ရပ်တွေကို ကြည့်ရင်း မြင်ရင်း အတွေးတွေလည်း စုံလို့ပဲ ရတတ်ပါတယ် .. အဲဒီ အတွေးတွေနဲ့ မြင်ဘူး တွေ့ဘူးတာလေးတွေ စိတ်ကူးပေါက်ရာလေးတွေ ချရေးလိုက်မိတာပါ .. အပေါ်က ဖြစ်ရပ်မျိုး ခပ်ဆင်ဆင်ကိုတော့ စာတပုဒ် (သို့) ရုပ်ပြတခုခုမှာ ဖတ်ဘူးသလို ရှိတာကို ပြန်တွေးပြီး ရေးလိုက်တာပါ ..

Monday, November 8, 2010

ဆုတောင်း

စစ် .. စစ်ဆိုတာကို ငယ်စဉ်ကတော့ ဗီဒီယိုတွေ ရုပ်ရှင်တွေထဲမှာသာ မြင်ဘူးတယ် .. မြင်တိုင်းလည်း ဒါဟာ တကယ်မဟုတ်ဘူးဆိုတာ သိနေပြီးတာတောင် စစ်ထဲက ဒုက္ခ ခံစားရတဲ့သူတွေကို ကိုယ်ချင်းစာမိတယ် .. ငါသာ ခုလိုအဖြစ်မျိုးကြုံရင် ဆိုပြီးတော့ပေါ့ ..

တဖြည်းဖြည်း လောကကြီးနဲ့ အဆက်အဆံရှိလာတဲ့အခါ အီသီယိုးပီးယားနိုင်ငံလို ဒုက္ခတွေ ပင်လယ်ဝေ ဆင်းရဲခြင်းတွေနဲ့ ကြီးပြင်း သက်ဝင်ရတဲ့ နိုင်ငံတွေ ရှိတယ်ဆိုတာ သိလာတော့လည်း ကိုယ်သာ သူတို့နေရာဆိုရင် ဆိုပြီး စိတ်မကောင်းဖြစ်မိတယ် .. ကိုယ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် အသားအရောင် တူတူ မတူတူ သဘောသဘာဝ ဘယ်လောက်ကွဲကွဲ လူလူချင်းဆိုတဲ့ စိတ် ခံစားတတ်တဲ့ စိတ်နှလုံးရှိသူချင်းဆိုတဲ့ စိတ်နဲ့ စိတ်မကောင်းဖြစ်ခဲ့ရတာပဲ ..

စစ်ကြောင့် ဆုံးရှုံးလိုက်ရတဲ့ ဆုံးရှုံးမှုတွေ ဘယ်လောက်ကြီးမလဲ .. ချစ်ခင်သူတွေအတွက် ပူဆွေးခြင်း သောကတွေ ဘယ်လောက် ကြီးမလဲ .. ကိုယ့်နဲ့ အဝေးကြီးမှာရှိနေတဲ့ မဆိုင်သလို မခံစားပဲနေလို့ရတဲ့ တခြားနိုင်ငံက သတင်းတွေအတွက်တောင် စိတ်မကောင်းဖြစ်ကြရတယ် .. ခံစားတတ်သူတွေ ကိုယ်ချင်းစာတတ်သူတွေကိုး .. ကိုယ်သာ စစ်ဒဏ်ကို ပါဝင်ခံစားနေရသူတဦး ဖြစ်ခဲ့ရင် .. ကိုယ့်ရဲ့ ချစ်ခင်သူ တဦးဦး စစ်ထဲမှာ ပါဝင်နေခဲ့ရင် ဘယ်လောက်တောင် ပူဆွေးသောကရောက်ကြရမလဲ .. ကောင်းကွက်တကွက်မှာ ရှာမရတဲ့ စစ်ပါပဲ ..

ငယ်တုန်းက မသိတာတွေ ခု လက်တွေ့သိရတယ် .. မမြင်ဘူးတာတွေ လက်တွေ့မြင်ရတယ် ကြားရတယ် .. ဒါက ကိုယ်မွေးဖွားရာ ကိုယ်ချစ်ခင် တွယ်တာရာ မြေမှာတဲ့ ..

ခုချိန် ကြောက်လန့်တကြား သေနတ်ကျဉ်ဆံတွေကြားမှာ အသက်လု ပြေးလွှားနေရသူတွေ ဘယ်လောက်များနေပြီလဲ .. ကိုယ့်ချစ်ခင်သူတွေနဲ့ ခွဲခွာ ကွဲကွာကြရလို့ နာကြင်ခံစားနေရသူတွေ ဘယ်လောက် များနေပြီလဲ .. ဒါ ကိုယ့်မြေပေါ်မှာ ဖြစ်နေတာတဲ့ .. ကိုယ့် သွေးချင်းတွေ အချင်းချင်း ပစ်လို့ ခတ်လို့ ကိုယ်ရော စိတ်ပါ နာကြင်အောင် လုပ်နေကြတယ်တဲ့ ..

များနေပါပြီ .. ပြည်သူတွေ ကိုယ့်ဗိုက်တောင် ကိုယ်မ၀လို့ ကိုယ်ရောင်ကိုယ်ဝါ ညှိုးညှိုးငယ်ငယ်နဲ့ လူဘုံအလယ်မှာ မတင့်တယ်နိုင်တာ နှစ်ပေါင်း ဘယ်လောက်တောင် ကြာနေပြီလဲ .. ပြည့်စုံ ပျော်ရွှင်ခြင်းဆိုတဲ့ စကားလုံးကို စကားလုံးအဖြစ်နဲ့တောင် သတိမရနိုင်ကြတာ ဘယ်လောက်ကြာနေပြီလဲ .. ဒီလိုပဲ တရက်တရက် မှောင်မှောင်လာလိုက်တဲ့ ဘ၀တွေ .. လူမွှေးလူတောင် မပြောင်တဲ့ အဖြစ်တွေ .. အတော်လေးကို ရင်နာစရာကောင်းပါတယ် ..

အူမမတောင့်လို့ သီလမစောင့်နိုင်သလို ကမ္ဘာမီးလောင်လို့ သားကောင်ချနင်းရတဲ့ ဘ၀တွေ ..

မြင်ရတဲ့ သတင်းတွေ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ် .. ယောင်္ကျား မိန်းမ လူမမယ် သက်ကြီးရွယ်အိုတွေ ပြေးလွှားနေကြရတယ် .. ပိုင်ဆိုင်မှုလေး မရှိမဲ့ ရှိမဲ့ကို ပစ်ထားခဲ့ရတယ် .. ဘယ်လိုရှေ့ဆက် ရှင်သန်ကြမလဲ .. အစတည်းက တဲက ယဲ့ယဲ့ .. အားးးးးးး .. တွေးရင်း တော်တော် မွန်းကြပ်ပါတယ် ..

တတ်နိုင်တာ တခုပဲ ရှိတယ် .. မေတ္တာပို့နေဖို့ပါပဲ .. အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက်နာကြင်ခြင်း ကင်းကြပါစေ .. ဘေးအန္တရာယ် ကင်းရှင်းကြပါစေ .. လုံခြုံတဲ့ ဘ၀ အေးချမ်းတဲ့ဘ၀တွေ အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေ ..

ကျမတို့တွေအပေါ်ကို လွှမ်းခြုံထားတဲ့ တိမ်မဲတွေ အမြန်ဆုံးကင်းရှင်းပြီး ကောင်းကင်ကြီး ကြည်လင်လာပါစေ .. အားလုံးပဲ ကိုယ်ချင်းစာစိတ်လေးတွေ မွေးနိုင်ပြီး အမှန်တရား အမြန်ဆုံး အနိုင်ရရှိပါစေ ..

အားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ .. အမှန်တရားကို မြင်ပြီး လက်ခံလာနိုင်ကြပါစေ ..

Saturday, November 6, 2010

၂၀၁၀ အိမ်အပြန်

သိပ်မကြာခင် ကာလတခုမှာ ရန်ကုန်ကို အလည်ခဏ ပြန်ခဲ့ပါတယ် .. ရန်ကုန်မြေက ကိုယ်နဲ့ စိမ်းမသွားသလို မိသားစု ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကလည်း နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ပါတယ် .. အချိန် သိပ်နည်းလွန်းပေမယ့် ပျော်ရွှင်ခဲ့ရတာပါပဲ .. အချိန်လုပြီး သွားလာနေရင်းက ရယ်မောနေခဲ့ရပါတယ် .. အဲ .. မရီနိုင်တဲ့ အချိန် မပျော်နိုင်တဲ့ အချိန်ကတော့ လေဆိပ်ရဲ့ အ၀င်နဲ့ အထွက် အချိန်လေးပါပဲ ..

လူတိုင်း ကြုံရမှာပါ .. ရန်ကုန်လေဆိပ်က ၀န်ထမ်းတွေရဲ့ ကြိုဆိုပုံ ..

ဒီတခေါက် ရန်ကုန် ခဏပြန်ရတာ ခဏဆို ဆိုသလောက် အတော် စိတ်ကသိကအောက်ဖြစ်ရတဲ့ အဖြစ်တွေ ကြုံရပါတယ် ..

ရန်ကုန်လေဆိပ်ကိုရောက်ပြီဆိုရင်ပဲ ကိုယ့်ကို လာကြိုနေမယ့် အဖေ အမေနဲ့ သူငယ်ချင်းတွေရဲ့ ပုံရိပ်ကို ကာဆီးထားတဲ့ မှန်တွေကြားက လိုက်ရှာဖြစ်ပါတယ် .. ဟော တွေ့ပါပြီ .. ပျော်ရွှင်စွာနဲ့ လက်ပြနှုတ်ဆက်နေတဲ့ အဖေနဲ့ အမေ .. ကိုယ့်စိတ်ကလည်း အမြန်ဆုံးသာ အပြင်ကို ထွက်ချင်နေတော့တာပေါ့ .. ကိုယ့် ပတ်စ်ပို့ထဲမှာလည်း ၁၀တန်လေးက ငြိမ်ငြိမ်သက်သက်နဲ့ ပါလာလေရဲ့ ..

စပြီး တန်းစီပါပြီ .. လ၀က ကို ဖြတ်ဖို့ပေါ့ .. စစ်ဆေးမယ့် လူကြီးရဲ့ အခြေအနေကို ကြည့်လိုက်တာ သိပ်တော့ အခြေအနေ မဟန်ဘူးလို့ ထင်လိုက်ပါတယ် .. မျက်နှာကို တွေ့မိရုံနဲ့ ပါဝါပြမယ့်ပုံ ပေါက်နေလို့ပါ .. ဒါပေမယ့် မတတ်နိုင်ဘူးလေ .. ဒီနေရာကို ဖြတ်မှသာ ကိုယ်လိုရာကို ရောက်မှာကိုး .. တန်းစီနေရင်း နောက် ဂိတ်ပေါက်တခုပါ ထပ်ဖွင့်ပြီး ဒီဘက် လာကြ ဒီဘက် လာကြဆိုတော့ ကိုယ်လည်း အပြေးလေး သွားတန်းစီလိုက်ပါတယ် .. ကိုယ့်ရှေ့မှာ လူက ၃ယောက်လောက်ရှိပါတယ် .. ဒီလိုနဲ့ စိတ်ကို ရှည်ရှည်ထားရင်း တရွေ့ရွေ့ ကိုယ်က ထိပ်ဆုံးရောက်သွားပါတယ် .. ရှေ့က လူ ပြီးတော့ ကိုယ့်အလှည့်ထင်ပြီး သွားမယ်အလုပ်မှာ ခဏနေဦး .. စပယ်ရှယ် ရှိတယ် တဲ့ .. စပယ်ရှယ် ၃ယောက် ရှေ့ထွက်လာပါ တဲ့ .. ဟော ကိုယ့်နောက်က လူ သုံးယောက်က ရှေ့တက်သွားပါလေရော .. အင်း .. ဒါလည်း အတွေ့အကြုံတမျိုး ယူတတ်ရင် ပညာရပါတယ် .. :P

ကဲ တကယ်ပဲ ကိုယ့်အလှည့် ရောက်လာပါပြီ .. စာရွက်တွေပြ လိုတာတွေပေးပြီး အခွန်စာရွက် ဆောင်ထားတာကို မေ့ခဲ့ပါတယ် .. ယူဖို့ လုံးဝကို သတိမရတာပါ .. :D .. ဒါပေမယ့် ငွေမျက်နှာ တယ်ကြီးသကိုး .. ရှေ့လူတွေလောက်တော့ အဟောက်မခံလိုက်ရပါဘူး .. ဒါပေမယ့် ဒီဖောင်း လုပ်ဖို့မှာ ထပ်တစ်ပြန်ပါတယ် .. တပတ်အတွင်း အ၀င်အထွက်လုပ်ရင် ဒီဖောင်းမလို လို့ ဒီမှာ ကြားခဲ့တော့ မေးလိုက်မိပါတယ် .. သေချာအောင် .. အဲဒီမှာ တခါ လက်ချာ ထပ်ရိုက်ခံရတယ်ပေါ့ .. ဒီက လူတွေ အမှတ် မှားနေပါတယ်တဲ့ .. ၁ရက်ပဲ ကိုယ့်မြေကို နင်းနင်း ၂ရက်ပဲ နင်းနင်း ဒီဖောင်းလိုပါသတဲ့ .. ပြီးတော့ လိပ်စာကဒ်တကဒ် ထုတ်ပေးပါတယ် .. အဲဒီမှာ သွားလုပ်ပါတဲ့ .. ဒါ အတတ်နိုင်ဆုံးကူညီလိုက်တာပါတဲ့ .. ကျေးဇူးတင်ဖို့ ကောင်းပါတယ် .. :P .. ဒီလိုနဲ့ ယူစရာရှိတာ ယူပြီး အိတ်တွေရွေးဖို့နေရာကို သွားပါတယ် .. ပစ္စည်းတင်ဖို့ လှည်းရှာတာ မတွေ့ပါ .. ဒီလိုနဲ့ အထုပ်တွေအရင် ဆွဲချလိုက်ပါတယ် .. ပြီးတော့ လှည်းရှာပုံတော် ထွက်ပါတယ် .. ဘုရားစူး မတွေ့ပါ .. တယောက်ယောက်မေးဖို့ လိုက်ရှာတော့ ယူနီဖောင်းနဲ့ ခန့်ခန့်ကြီးရပ်နေတဲ့လူ တွေ့ပါတယ် .. သွားမေးပါတယ် .. ပြန်ပြောတာကတော့ .. လှည်းလား .. အင်း .. ကုန်ပြီထင်တယ် အစ်မ .. တဲ့ .. တော်တော် အံ့သြစရာကြီးပေါ့ .. လေယာဉ်ကွင်းမှာ ပစ္စည်းသယ်တဲ့ လှည်း ကုန်သွားသတဲ့ .. ဒီလို ခေတ်မှီ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံတကာ အဆင့်မှီ လေဆိပ်ကြီးပါ ..း)

အထက်ပါ အဖြစ်အပျက်ကတော့ ရန်ကုန်လေဆိပ်ကြီး ၀န်ထမ်းတွေ နွေးထွေးစွာ ကြိုဆိုလိုက်ပုံပါပဲ ..

ခု ဆက်မှာကတော့ ရန်ကုန်မြို့ပြကြီး အကြောင်းပါ ..

ချိုင့်တွေ ခွက်တွေ ပေါများတဲ့ လမ်းမတွေ .. ပင်ပန်းနွမ်းနယ်စွာနဲ့ သွားလာ လှုပ်ရှားနေတဲ့ မြို့ပြ လူထု .. မြို့နယ်တိုင်းမှာ ဆိုင်းဘုတ်တွေပေါ် နေရာယူနေကြတဲ့ မဲပေးခံ ပုဂ္ဂိုလ်များရဲ့ ပုံများ .. အဲ မီးတော့ လာနေတယ် .. :D .. မိုးမရွာပါ .. ကြေးအိုးတစ်ပွဲ ၃၀၀၀ လောက် ဖြစ်နေပြီလို့လည်း သူငယ်ချင်းတွေ ပြောကြတယ် .. တချို့နေရာတွေပါ (မသောက်ဖြစ်ခဲ့ပါ) .. သြော် ရောက်တဲ့ အချိန် အင်တာနက် သုံးမရပါ .. ရွှေတိဂုံဘုရားကြီးပေါ်မှာတော့ လူတွေ စည်ကားနေတာပါပဲ .. မဲဆွယ်တယ်ဆိုပြီး စာရွက်တရွက် အိမ်ပေါ်ရောက်လာတယ် .. ဒါနဲ့ ဖေကြီးကို မေးလိုက်မိတယ် .. ဒီလူကြီးက ဘာတွေလုပ်လို့ ထောက်ခံမဲပေးရမှာလဲလို့ .. ဖေကြီးက ပြန်ဖြေပါတယ် .. သူလည်း မသိဘူးတဲ့ .. တအိမ်လုံးက လူတွေလည်း သိတဲ့ ပုံ မပေါ်သလို စိတ်ဝင်စားသူလည်း အတော်နည်းပါတယ် .. ဆိုင်ရာ လူတွေက လွဲရင်ပေါ့ .. အင်းး .. စိတ်မကောင်း ဖြစ်မိတာက လူတွေရဲ့ ညှိုးငယ်တဲ့ မျက်နှာနဲ့ မွဲခြောက်ခြောက် ကိုယ်ရောင်ကိုယ်ဝါတွေပါပဲ .. ဒါကြောင့်လည်း နားလည်လာတယ် .. အူမတောင့်မှ သီလစောင့်နိုင်လိမ့်မပေါ့ ..

ကဲ တတိယပိုင်း လာပါပြီ .. အပြန်ခရီး လေဆိပ် အတွေ့အကြုံပေါ့ ..

ရန်ကုန်လေဆိပ်ကြီးကို ရောက်တာနဲ့ အ၀င်ဝရောက်တာနဲ့ တယောက်က အနားလာလိုက် .. အစ်မ စင်ကာပူလား .. ၀န်ဆောင်ဖို့ ငှားဦးမလားနဲ့ လာပါတော့တယ် .. ကိုယ်လည်း စိတ်ပေါက်ပေါက်နဲ့ မလိုပါလို့ ပြောလိုက်ပါတယ် .. ဒါပေမယ့်လည်း ရေစက်က ဆုံလာလေတော့ မဗိုက် တယောက်နဲ့ ဆုံပါလေရော .. ကဲ ရှိစေတော့ .. အိမ်ကလည်း လုပ်လိုက်ပါတဲ့ .. မလိုပဲ ကြာနေမှာတွေ မဖြစ်စေချင်လို့ပါ .. အဲ့အစ်မက ဖြည့်စရာစာရွက်ဖြည့်ပေး ဟိုဟာပြော ဒီဟာပြောနဲ့ ကီလိုချိန်တဲ့ဆီရောက်ပါတယ် .. ချိန်ပါတယ် .. ပိုပါတယ် .. ဒါပေမယ့် လျှော်ပါတယ် .. ဒီလိုနဲ့ အပေါ်ထပ်တက်လာပါတယ် .. မမြင်ချင်တဲ့ မျက်နှာတွေ ထပ်မြင်ရပြန်ပါတယ် .. အတော် အကုသိုလ်များပါတယ် .. ဒီလိုနဲ့ တန်းစီပါတယ် .. ကိုယ့်မှာ ဒီဖောင်း မပါပါ .. အင်တာနက်ကျနေတော့ ဒီဖောင်းလည်း လုပ်မရပါ .. ဒါပေမယ့် အ၀င်မှာ သူတို့ ပေးလိုက်တဲ့ ဆိုင်က ချလံ ပါပါတယ် .. မဗိုက်ကလည်း အရင်ဝင်ကြည့်ပေါ့တဲ့ .. မရမှ လူကြီးနဲ့ တွေ့ပါတယ်တဲ့ .. ယုံစားမိတဲ့သူ အမှားပါ .. တကယ်ဆို တတန်းကြီး စီပြီးမှ အစပြန်ရောက်ရတာ အတော် စိတ်လေဖို့ ကောင်းတဲ့ ကိစ္စပါ ..

ကဲ တွေ့ပါပြီ .. လ၀က က အရာရှိကြီးနဲ့ .. ဘယ်မလဲ ဒီဖောင်းတဲ့ .. အမ် .. အင်တာနက် မရဘူးလေ .. သူတို့ ပြောတဲ့ဆိုင်ကို သွားတယ်လေ .. (ပုံမှန် ၃၀၀၀ ကို ၅၀၀၀ ပေးလုပ်ခဲ့ရတာနော်) .. မရပါတဲ့ လူကြီးနဲ့ တွေ့ပါတဲ့ .. လက်မှတ် မပါလို့ လို့ ပြောပါတယ် .. ဘာတတ်နိုင်မလဲ လေ .. ကိုယ်က သွားပတ်သက်မိအောင် နေတာကိုး .. လူကြီးအခန်းကို သွားပါတယ် .. လူကြီး မရှိပါဘူး .. လူလေးတွေပဲ ရှိပါတယ် .. စောင့်ရပါတယ် .. မလာမချင်းပေါ့ .. ကိုယ့်လိုပဲ ဒုက္ခသယ်တွေ တဖွဲဖွဲ ရောက်လာပါတယ် .. အကိုကြီး တယောက်ဆို ကိုယ့်ရှေ့ လေယာဉ်နဲ့ လိုက်ဖို့ပါ .. လူကြီး မရှိတော့ စောင့်နေရပါတယ် .. တော်တော်နဲ့လည်း မလာပါ .. အဲအကိုကြီးက စိတ်ပူလို့ ပြောတော့ မပူနဲ့တဲ့ .. လေယာဉ်က သူတို့ ခွင့်ပြုမှ ထွက်လို့ရတာတဲ့ .. သြော .. တော်တော်ပါဝါ မြင့်ကြတာပဲ .. ဒါကြောင့်မို့ ဒီလို ဒီလို ဒီလိုနိုင်တာပေါ့နော် .. :P

ဒီလိုနဲ့ လူကြီးလာပါပြီ .. ကိုယ့်နောက်မှ လာပေမယ့် ကိုယ့်ရှေ့လေယာဉ်နဲ့လိုက်မယ့် အကိုကြီးကို ဦးစားပေးလိုက်ပါတယ် .. သူ့ပြဿနာက ပတ်စ်ပို့ သက်တမ်း ၆လ မကျန်လို့တဲ့ .. ဒီဖောင်း ပါပါတယ် .. ဒါပေမယ့် ထွက်ခွင့်မပေးဘူးဆိုပြီး ဖြစ်နေတာပါ .. အခွန်ဆောင်တဲ့ စာရွက်တောင်းပါတယ် .. မဆောင်ရသေးဘူးပေါ့ .. ဟုတ်တယ်လေ သက်တမ်းပဲ တိုးရခါနီးပြီ မဆောင်ပဲလဲ နေလို့မရတာ လူတိုင်း သိတဲ့ ကိစ္စ .. ဟင်းး .. ခက်နေပါပြီ .. ဘာညာ ဘာညာနဲ့ ပွားပြီး လက်မှတ်ထိုးပေးလိုက်ပါတယ် ..

ကိုယ့် အလှည့် .. ဘာဖြစ်သလဲဆိုတော့ ကိုယ့်မှာ ဒီဖောင်းမပါတဲ့ ကိစ္စ .. ချလံပါတယ် .. မရဘူးတဲ့ .. အဲ့ဆိုင်က ဖုန်းဆက်ထားမယ်ပြောတယ် ဆိုတော့ မဆက်ဘူးလေတဲ့ .. ဒီတော့ ကိုယ့်ဘက်က ပျက်ကွက်တာမို့ နောက်နေ့မှ ပြန်ပေါ့တဲ့ .. လုပ်ပုံ လုပ်ပုံ .. နောက်ဆုံးတော့လည်း သြ၀ါဒ ခံ .. ပါဝါပြတာ ခံပြီး .. လက်မှတ်ကလေးတခု ရလာပါတယ် .. ကိုယ်လည်း ၀တ်ကျေတန်းကျေ ကျေးဇူးတင်ပါတယ်ပြောမိတော့ .. အိတ်ပါလားတဲ့ .. အမ် .. အိတ်ပါတယ် ဆိုတော့ အဲဒီအိတ်ထဲ ကျေးဇူးတွေ ထည့်ပေးလိုက်မလို့တဲ့ .. များနေတယ်ဆိုပဲ .. အေးလေ သူတို့လိုချင်တဲ့ အဲ့ကျေးဇူးတွေမှ မဟုတ်ပဲ .. အသုံးတည့်တဲ့ ရေပဲ လိုချင်တာ ဟတ်လား .. နောက်ဆုံးတော့ မချိသွားဖြဲနဲ့ အောင်မြင်စွာ ထွက်ခွာလာခဲ့ပါတော့လေသတည်း ပေါ့ ..

ယူတတ်ရင် ပညာရပါတယ် .. သတိထားမိရင် ကိုယ့်ရဲ့ လိုအပ်ချက်တွေ သိလာတယ်ပေါ့ .. နောက်တခါ မနေနိုင်ပဲ ထပ်ပြန်ရင် နည်းယူရတာပေါ့လေ .. ဒီစာကို ဖတ်မိတဲ့ မသိသေးတဲ့ သတိမေ့နေသူတွေကိုလည်း သတိပေးချင်ပါတယ် ..

ရန်ကုန်ပြန်မယ်ဆိုရင် -
- အခွန်ကို အပ်ဒိတ် ဖြစ်အောင် မဆောင်ထားရင် ၁၀ တန်လေးတွေ ပါပါစေ ..။ (အ၀င်ရော အထွက်ရော)
- မျက်နှာထားကို ပြုံးထားပါ ..။ သူတို့က ဓါတ်ပုံလည်း ရိုက်သေးတယ်လေ ..။
- သယ်စရာ လှည်း မရှိရင် အလွယ်သယ်နိုင်တဲ့ အိတ်မျိုး ဖြစ်ပါစေ ..။
- ရန်ကုန်မြေမှာ ၁ရက် နေနေ ၁နာရီ နေနေ ၀င်ပြီး ပြန်ထွက်ချင်တယ်ဆိုရင်တော့ ဒီဖောင်း ပါရပါမယ် ..။
- ပတ်စ်ပို့ သက်တမ်းဟာ အနည်းဆုံး ၆လ ရှိရပါမယ် ..။
- လေဆိပ်အထွက် ၀င်ဆောင်ခကတော့ ၁ယောက်ကို ၂၀၀၀ စီ ဖြစ်ပါတယ် ..။ လိုက်သယ်ပေးတဲ့လူက ၂၀၀၀ ကဒ်မှာ လိုတာ ဖြည့်ပေးတဲ့ သူအတွက် ၂၀၀၀ ..။ ကီလိုချိန်ပေးသူအတွက် ၂၀၀၀ ဖြစ်ပါတယ် ..။
- အကယ်၍များပေါ့ .. ကိုယ့်မှာ ဒီဖောင်း မပါဘူး ချလံပဲပါတယ်ဆို အချိန်မကုန်ရအောင် လူကြီးခန်းထဲ အလိုက်တသိဝင်ပြီး သြ၀ါဒ ခံလိုက်ပါ ..။

ဆန္ဒလေးပေါ့လေ .. ပြည်သူ့ဝန်ထမ်းမဟုတ်တဲ့ အစိုးရ၀န်ထမ်းတွေ .. မျက်နှာထားလေး ပြင်ပြီး ငါနဲ့ ဆက်ဆံလိုက်တဲ့လူတွေ စိတ်ချမ်းသာ အဆင်ပြေပါစေတော့ဆိုတဲ့ စေတနာလေး ရှိလာရင် တော်တော်ကောင်းမှာပဲ .. နှစ်ဦးနှစ်ဖက် အဆင်ပြေ စိတ်ချမ်းသာရတာပေါ့ ..

ကိုယ့်လိုပဲ ကြုံဘူးကြတဲ့လူတွေ ရှိမှာပါ .. ခုရေးထားတဲ့စာကို ပြန်ဖတ်မိတော့လည်း ဒေါသတွေ ပါနေပါတယ် .. တကယ်လည်း ကိုယ့် မြေ ကိုယ့် ရေ ကို ပြန်ဖို့ အရေး အတော့်ကို စိတ်လေပြီး စိတ်ပျက်လာရပါတယ် .. ဒါပေမယ့်လည်း .. ဒါပေမယ့်လည်း ပေါ့လေ ..

မှတ်ချက် = ပေါက်ကွဲတယ်ပဲ ဆိုချင်ဆို :P

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...