Monday, June 14, 2010

အတိတ် ပုစ္ဆာ

ဒီနေရာလေးကိုပဲ ကျမ ရောက်လာခဲ့ပြန်ပြီ ..

ဦးတည်ချက် မရှိပဲ သွားလာလိုက်တဲ့ အခါတိုင်း အညို့ခံထားရသူတယောက်လို ဒီနေရာဆီပဲ ရောက်ရောက်လာဖြစ်တယ် .. ဒီနေရာကို ရောက်တိုင်းလည်း ကျမတို့ (အရင်တချိန်ကတော့ ကျမတို့ပေါ့လေ .. ခုတော့ ကျမ တယောက်တည်း ..) အတူထိုင်ဖူးတဲ့ ခုံလေးမှာ ကျမ ထိုင်ဖြစ်တယ် ..

ဟိုးအရင်တည်းက ဖက်ဖူးစိမ်းရောင် ခုံတန်းလေးက ခုလည်း ဖက်ဖူးစိမ်းရောင်လေးနဲ့ သစ်လွင်နေတယ် ..

ဒီနေ့တော့ ထိုင်နေကျ နေရာမဟုတ်တဲ့ ခုံတန်းလေးကို မြင်သာယုံနေရာလေးတနေရာမှာ ကျမ ထိုင်နေလိုက်တယ် .. ဒီ ခုံတန်းလေးမှာ ဘယ်သူတွေများ လာထိုင်လိမ့်ဦးမလဲ .. ချစ်သူနှစ်ဦးလား သူငယ်ချင်းမလေးနှစ်ယောက် ဖြစ်မလား .. အသင့်ပါလာတဲ့ စာအုပ်တအုပ်ကို ဖတ်ရင်း ဘာရယ်မဟုတ်ကျမ စောင့်ဆိုင်းနေလိုက်တယ် ..

ကျမ နားထဲ မိန်းကလေးတယောက်ရဲ့ ငိုသံလား ..

အသံလာရာ ခုံတန်းလေးဆီ လှမ်းကြည့်မိတော့ မိန်းကလေးတယောက်က ငိုနေတယ် .. ဘေးနားက ကောင်လေးကတော့ သုန်သုန် မှုန်မှုန်နဲ့ ထိုင်နေတယ် .. ပုံစံက မိန်းကလေး အငိုတိတ်အောင်တောင် ချော့ဖို့ အင်အားမရှိတော့တဲ့ ပုံစံမျိုး ..

ကောင်လေးက "ကိုယ်လည်း ဘယ်လက်ခံချင်မလဲကွာ .. ဒါပေမယ့် အိမ်က အကုန်စီစဉ်ပြီးမှ ကိုယ် သိလိုက်ရတယ် .. ကိုယ်သိတဲ့အချိန်မှာ အားလုံးက လွန်နေပြီ .."

မိန်းကလေးဆီက ငိုသံက လွဲပြီး ဘာစကားသံမှ ထွက်မလာခဲ့ဘူး .. မိန်းကလေး ဆက်တိုက်ငိုတယ် .. ကောင်လေး ပုခုံးကိုလည်း မမှီဘူး .. တယောက်တည်း တသိမ့်သိမ့် ငိုတယ် .. အားရအောင် ငိုတယ် ..

ခဏကြာတော့ ကောင်လေးက ကောင်မလေး ခေါင်းကို သူ့ပုခုံးပေါ်ဆွဲမှီခိုင်းတယ် .. ဒါပေမယ့် မိန်းကလေး တွန်းဖယ်ခဲ့တယ် .. ပြီးတော့ မိန်းကလေးက မျက်ရည်မှန်သမျှ သူ့လက်ခုံနဲ့ သုတ် သူ့ကိုယ်သူ ပြုပြင်ယူလိုက်ပြီး စကားပြောဖို့ အားယူလိုက်တယ် .. ပြီးတော့ ..

"နင် ငါ့ကို လိမ်တယ် .. ငါတို့ကြားထဲမှာ ဒါတွေ မလိုအပ်ပါဘူး .. နင် သိပ်အထင်ကြီးတဲ့ ဆရာဝန်မမကို လက်ထပ်မယ်လို့ ပွင့်ပွင့် လင်းလင်း ပြောခွင့် ရှိပါတယ် .. ငါ သိနေခဲ့တာ ကြာပြီ .. ဒီအတွက်လည်း ပြင်ဆင်ပြီးသားပါ .. ငါ ခု ငိုတယ်ဆိုတာ ငါတို့ရဲ့ ပတ်သက်မှုအတွက် နောက်ဆုံးမျက်ရည်ပါ .. ငါ မောနေပြီ .. အတွေးတွေနဲ့ မောနေခဲ့တာ ကြာပြီ .. ခုတော့ ငါ သက်ပြင်းချလိုက်နိုင်ပြီ .. ထပ်မျှော်လင့်စရာ မရှိတော့တဲ့ ဇာတ်လမ်းအတွက် ငါ ဆုံးဖြတ်ပြီး အဆုံးလည်း သတ်နိုင်ပါပြီ .. အရင်နေ့တွေကတော့ ငါမောနေခဲ့တယ် .. ကြုံတွေ့လာမယ့် အနာဂတ်အတွက် ကြိုတွေးပြီး ပင်ပန်းနေခဲ့တယ် .. ဒီလောက်ဆို လုံလောက်သွားပြီ .. ငါတို့ နှစ်ယောက်လုံး ဘယ်သူမှ သာတယ် နာတယ် မရှိပါဘူး .. စိတ်တူကိုယ်တူ ငါတို့ အတူရှိနေခဲ့ဘူးပြီ .. တယောက်ကြောင့် တယောက် ပျော်ရွှင်ရတယ် .. အမှတ်တရ တခုအဖြစ်တော့ ငါ သိမ်းမထားချင်ဘူး .. ဒါပေမယ့် သေချာတာက လှပတဲ့ အတိတ်တခုပါပဲ .. ဒီအတွက် ငါ နင့်ကို ကျေးဇူးတင်ပါတယ် .. ငါတို့ အဆင်ပြေပြေ လမ်းခွဲကြတာပေါ့ .. သာယာတဲ့ ဘ၀တခု ပိုင်ဆိုင်နိုင်ပါစေ .. ဘာပြောချင်သေးလဲ .. ပြောစရာ မရှိတော့ရင် သွားနှင့်တော့မယ် ..

ကောင်လေးဆီက ဘာစကားသံမှ ထွက်မလာခဲ့ဘူး ..

မိန်းကလေး ပြောဆိုအပြီးမှာတော့ အရင် ထွက်သွားခဲ့တယ် ..

ကောင်လေး မျက်နှာမှာ တိမ်မဲတွေ စွဲထင်နေသလိုပဲ .. ဒါဟာ တွေဝေခြင်းလား .. နောင်တလား .. သူ ဘာကို မျှော်လင့်ခဲ့သလဲ .. သူ ရရှိသွားခဲ့တာ ဘာလဲ .. ကျမ အတွေးတွေနဲ့ ရှုပ်ထွေးနေခဲ့ပြီ ..

လွန်ခဲ့တဲ့ နှစ်တခုက ဒီခုံလေးမှာပဲ ချစ်သူနှစ်ဦး ခုလို အဖြစ်မျိုး ဖြစ်ပျက်ခဲ့တယ် .. ဒါပေမယ့် အဆုံးသတ်တော့ မတူခဲ့ဘူး ..

မိန်းကလေး မျက်ရည် ကျတယ် .. ကောင်လေးက ချော့ပါတယ် .. ဒါပေမယ့် ကောင်လေးဆုံးဖြတ်ချက်ကတော့ ပြောင်းမသွားခဲ့ဘူး ..

မိန်းကလေး မပြတ်သားခဲ့ဘူး .. ကောင်လေးကို တောင်းပန်ခဲ့တယ် .. ဒါပေမယ့် ကောင်လေးဆုံးဖြတ်ချက်ကတော့ ပြောင်းမသွားခဲ့ဘူး ..

နောက်ဆုံး ကောင်လေး ထွက်သွားခဲ့တယ် .. မိန်းကလေးကတော့ ကျန်ရစ်သူ .. ခုထိလည်း အတိတ်မှာ ပျော်မွေ့ချင်နေသေးသူ ..

အချစ်ဇာတ်လမ်းတခုရဲ့ အဆုံးသတ်မှာ အရှုံးအနိုင် ဆိုတာသာ ရှိခဲ့မယ်ဆိုရင် ကျန်ရစ်သူ မိန်းကလေးကတော့ အရှုံးတွေ ထပ်လို့ပေါ့ .. ဘယ်လိုလဲ ဆက်ပြီး အရှုံးခံနေဦးမလား ..

မေးခွန်းတွေ တွင်တွင် ထုတ်ရင်း သူမ လာရာလမ်းကို ပြန်လျှောက်နေခဲ့ပြီ .. မျက်နှာမှာတော့ သူမရဲ့ ညံ့ဖျင်းမှုအတွက် ရှက်ပြုံးတခုကို ဆင်ယင်ထားတယ် .. ပုစ္ဆာတပုဒ်ကို အဖြေရသွားတဲ့ ကျောင်းသားတယောက်နဲ့လည်း ဆင်တူပြန်တယ် .. အတွေးထဲမှာတော့ နောက်ချန်ခဲ့တဲ့ ခုံတန်းလေးဟာ သာမန် ခုံတန်းလေး အဖြစ်နဲ့သာ ..

12 comments:

ဆောင်းနှင်းရွက် said...

ကောင်းတာပေါ့ ...!

ထက်ထက်လို
နင်သွားလိုက်တော့လို့ ပြောစရာတောင်
လိုတော့ဘူးး ...
ဟီးးဟီးး

ဘာပဲဖြစ်ဖြစ်
သူသွားချင်မှတော့ သွားပါစေတော့ကွယ် ..!

ဒါကြောင့် ပြောတာပေါ့ ..

အချစ်ဆိုတာ အာာာာာာ လူးးးးးးးးး ... >>>

မမ said...

လှပတဲ့ အတိတ်တွေ ပဲ အားလုံး လက်ခံနိုင်ပါစေ....

noblemoe said...

ရေးလိုက်တိုင်းဒီလိုကြီးပဲ အပြင်မှာတော့ ညီမတို့ကိုကြည့်ရတာ အမြဲစိတ်ချမ်းသာစေတာ အမှန်ပါ။
သာယာချမ်းမြေ့တဲ့ဘဝကိုပိုင်နိုင်ပါစေနော်
မိုး

မိုးခါး said...

ဒါကြောင့်ပြောတာ မိုးခါးက ဘူချည်းပဲတဲ့ .. :D

စိတ်ကူးတည့်သလို ရေးလိုက်တာ .. အကြည်တော်လိုပြောရရင်လည်း ကိုယ်တိုင် မပေါင်းရမချင်း ဇာတ်ကောင်တွေလည်း ပေါင်းမပေးနိုင်ဘူး .. :P

ညီညီထွေး said...

အင်း.... စိတ်ကူးထဲက ညစ်သတ်ချင်နေတဲ့သူတွေကို ဇာတ်ကောင်အဖြစ် အသွင်ပြောင်းလိုက်တာလား... :P...

ခင်မင်တဲ့
ညီညီထွေး

မမ said...

ပေါင်းလိုက်ပါ ပေါင်းလိုက်ပါ....

( ကွန်မန့် လာပြန်တာ ခေတ်မှီအောင် :D)

chocothazin said...

အိုး... သူထွက်သွားရင် နောက်ကပြေးလိုက်ပေါ့။ ထားရစ်ခဲ့တိုင်း နေခဲ့ရမှာလား။
ဟဲဟဲ ငါ့ သယ်ရင်း မြန်မြန်ပေါင်းနိုင်ပါစေ။

ပိုးဟပ်လေး said...

လုပ်နဲလေ...
ကောင်းဘူး
ဝဋ်လိုက်တတ်တယ် :P
ပေါင်းပေးလိုက်ပါ....

မြတ်မွန် said...

ခါးခါးရေ..ဖတ်သွားတယ်..

သိင်္ဂါကျော် said...

တစ်ယောက်သွားတော့ နောက်တစ်ယောက် လာလိမ့်မပေါ့ကွယ်..

Angel Shaper said...

သွားပါစေပေါ့.... နောက်တစ်ယောက်... အဟက်...

Anonymous said...

ထွက်သွားချင်ပါတယ် ဆိုသူနောက်ကို ဇွတ်တရွတ် လိုက်ရင် သူ့ခမျာလဲ အလွတ်ရုန်းပြေးရမှာ ပိုပင်ပန်းမှာပေါ့..။

နောက်ပြီး လွတ်ရာကျွတ်ရာ အတင်းပြေးလို့ချောက်ထဲကျသွားရင် ဘယ်လိုလုပ်မလဲကွယ်..။

တစ်ခါတစ်ခါတော့ အမိဖမ်းလို့ရလာတဲ့အောင်နိုင်မှုထက် လွတ်ပေးလိုက်လို့ ကိုယ်ရောသူပါ ပျော်ရွှင်ရတာက လောကကြီးအတွက် လှပါတယ်..။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...