Friday, June 11, 2010

ရနံ့တခုနှင့် စွဲလန်းခြင်း ပြဿနာ

ရနံ့တချို့ကို ကျမ မုန်းပါသည် ..

ဥပမာ - ဂတ်စ်အိုးမှ ဆိုးဝါးစွာထွက်ပေါ်လာတတ်သော ဂတ်စ်နံ့ .. ထိုအနံ့ကို ကျမ မနှစ်သက်သော ဒူးရင်းသီးအနံ့နှင့် ဆင်တူသည်ဟုလည်း ကျမ စွပ်စွဲတတ်သေးသည် .. အချို့ပန်းများ၏ ထုံအီအီ အနံ့များ .. ရေမွှေးနံ့ ပြင်းပြင်းများ နှင့် ဓါတ်ဆီ အနံ့ .. ထို့အပြင် အင်းစက်ပိုးမွှားကောင်များ၏ အနံ့များ ဆိုးဝါး ညစ်ပတ်သော အနံ့များ ထိုအရာများကို နံသည်ဟု သတ်မှတ်၍ ကျမ စွဲစွဲမြဲမြဲ မုန်းပါသည် ..

လွန်ခဲ့သော နှစ်အချို့အတွင်းမှာ ကျမ ရနံ့တခုကို ရရှိခဲ့သည် .. ထိုရနံ့သည် ကျမ၏ ဘေးတွင်လည်း တစိုက်မတ်မတ်ရှိခဲ့သေးသည် .. ထိုရနံ့ကို ကျမ စွဲလန်းချိန် နှစ်ချို့ခဲ့သည် .. ထုံအီမူးဝေစေသော ထိုရနံ့နောက်ကို တကောက်ကောက်လိုက်မိသည်အထိ ကျမ စွဲလန်းခဲ့ဘူးပါသည် ..

ထိုရနံ့ကို အခြားနေရာတွင် ရရှိခဲ့ပါက စွဲလန်းဖို့ မသေချာခဲ့ပါ .. တစုံတယောက်နှင့် ပတ်သက်၍ တဖြည်းဖြည်း ရင်းနှီးကာ နှစ်သက်လာခဲ့သည် .. ပြီး ပို၍ စွဲလန်းလာခဲ့သည် .. ထိုရနံ့သယ်ဆောင်သူကို ကျမ၏ နံဘေးတွင် ရှိနေစေချင်ခဲ့သည် ..

စွဲလန်းခြင်းဆိုသော အရာသည် အချိန်ဘယ်လောက်ကြာကြာ စွဲမြဲတည်ရှိမယ် ကျမ ကောင်းစွာ မခွဲခြားနိုင်ခဲ့ပါ .. ကျမ စွဲလန်းနှစ်သက်ဖူးသော ထို ရနံ့ကိုလည်း ဘယ်လောက် ကြာကြာ စွဲမြဲနှစ်သက်နိုင်လိမ့်မယ် မသေချာခဲ့ပါ .. သို့ပေမယ့် ကုန်လွန်ခဲ့သော အရင်အချိန်ကာလ တခုမှာတော့ ထိုရနံ့သည် ကျမ၏နံဘေးတွင် အသေအချာ တည်ရှိနေခဲ့လေသည် ..

ရက်စွဲတချို့ ပုံမှန် ကုန်လွန်ခဲ့သည် .. အရာအားလုံးသည်လည်း ပုံမှန်ဟု ဆိုနိုင်သည် .. ကျမအတွက် ပုံမမှန်ခြင်း တခုက ကျမ နှစ်သက်သော ရနံ့နှင့် ဝေးကွာနေခြင်းပင် .. ထို ရနံ့နှင့် ပိုင်ရှင်ကို ကျမ လွမ်းဆွတ်စွာ သတိရနေခဲ့သည် .. နောင် အချိန်အတိုင်းအတာ တခုထိလည်း ကျမ သတိရနေဦးမည် .. ကျမ ထိုရနံ့နှင့် ဝေးကွာခဲ့သည်မှာ ကျမအထင် နှစ်ဝက်စွန်းစွန်း ရှိနေခဲ့ပြီ ..

သတိထားမိသည်က လွန်ခဲ့သော လတွေကထက် ကျမရဲ့ တမ်းတချိန်တွေ ကျဲပါးလာခဲ့သည် .. တိုက်ဆိုင်မှုနှင့် တချို့အချိန်များမှ လွဲ၍ ထို ရနံ့အကြောင်း ကျမ မေ့လာနိုင်ခဲ့ပြီ .. ဟုတ်သည် နောင်တွင် ယခုထက်ပို၍ ကျမ မေ့ရလိမ့်မည် .. နောက်နောင်များတွင် အလိုလိုနေရင်း ကျမ မေ့သွားလိမ့်မည် ..

တမ်းတရူးသွပ်စွာနှင့် စွဲလန်းဖူးပြီ .. ထို့အတူ ပျက်စီးခဲ့ဖူးပြီ .. ပြန်၍ အသစ်တခု ဖြစ်လာဦးမည် .. ကျမ ပြန်လည်၍ စွဲလန်းလိမ့်ဦးမည် ..

ever every စကားလုံးများ တွင်တွင်သုံးခြင်းကို ကျမ မုန်းသည် .. ထာဝရဆိုသော စကားကို ကျမ မယုံကြည်တော့ .. ထို ထာဝရသည်လည်း အချိန်အခါနှင့် စိတ်ခံစားမှုပေါ် လိုက်၍ ပြောင်းလဲတတ်သည် .. ကျမ လက်မခံချင်လည်း မရ .. ဒါသည် ပုံမှန်လည်ပတ်နေခြင်း ဖြစ်သည် .. ဒီအတွက် ဝမ်းနည်းစရာ မလိုသလို တွေ့ကြုံလာသမျှ လက်ခံတတ်ရုံသာ ..

လက်ခံတတ်ရမည် .. လက်လွှတ်တတ်ရမည် ..

လူတိုင်းအတွက် အချိန်ဆိုသော သမားကောင်း ရှိသည် .. ဝေဒနာမှန်သမျှ ထိုသမားကောင်းက ကုစားပေးလိမ့်မည် ..

နောက် ကျန်ရှိနေသော ဖြတ်သန်းရမည့် အချိန်များအတွက် မေ့သင့်သည်များကို မေ့ဖို့ ကြိုးစားရမည် .. တည်ဆောက်သင့်သည်များကို တည်ဆောက်ရမည် .. ပြုပြင်သင့်သည်များကို ပြုပြင်ရမည် ..

လောကကြီး ပုံမှန် လည်ပတ်နေသည် .. အံဝင်ခွင်ကျဖြစ်ဖို့ ကြိုးကို ကြိုးစားရလိမ့်ဦးမည် ..

13 comments:

chocothazin said...

လက်ခံတတ်ရမည် .. လက်လွှတ်တတ်ရမည် ..

လက်ခံလိုက်ပါမည်။ လက်တော့မလွှတ်ချင်ပါ။

လင်းခေတ်ဒီနို said...

နင်ဘာကိုဆိုလိုသွားခဲ့တယ် ဆိုတာ ငါသေချာနားမလည် ခဲ့ဘူးဟ . . . နင်တွေးတာ ငါလိုက်မနိင်ဘူးတော့ဘူးး))) ဒါပေမဲ့ ထာဝရ ဆိုတာ ယုံကြည်နိင်စရာ မရှိပါဘူး ထာဝရမမြဲတာ သေချာနေကြတာပဲ . . . . လက်ခံတတ်ရမယ် လက်ခံနိင်ရမယ် လက်လွတ်တတ်ရမယ် . . . ဒါအမှန်တရားပါပဲ . . .း))))))))) နင်တွေးလိုက် ရင်တော့ အထူးအဆန်းပါပဲ

johnmoeeain said...

အင်း...
တစ်ချို့ဆီက ရတတ်တဲ့ ရနံ့
တစ်ချို့ဆီက ရတတ်တဲ့ အတွေး
တစ်ချို့ဆီက ရတတ်တဲ့ အမြင်
...
မှတ်မှတ်ရရ
မေ့မေ့ပျောက်ပျောက်
မိန့်မိန့်မူးမူးနဲ့
တစ်ချို့ကို တစ်ရှိုက်မက်မက် တွယ်ငြိဆဲ
တစ်ချို့ကို တဒင်္ဂနဲ့ ပယ်မိဆဲ...
.....
များများတွေးမိတော့ များများတွေးဖြစ်သွားတယ် စစ်ရဲ့ :D

သူကြီးမင်း (တုံးဖလား) said...

အတိတ်သည် အဝေး၌မှုန်ဝါးဝါးကျန်ခဲ့ပြီ။
အနာဂါတ်သည် မှိုင်းပျပျရှိလှသည်။
ပစ္စုပ္ပန်သည်သာ ထွန်းတောက်ဝင်းပလျက် ရှိနေချေတော့သည်တကား။ ။

noblemoe said...

စာလာဖတ်ပါတယ် ညီမရယ်...
သာယာချမ်းမြေ့ပါစေနော်
မိုး

မမ said...

ကွမ်း နံ့ ထင်တယ်...

(အိုင် လဲ ဘာတွေးတွေး ဒီ အနံ့ ဆီပဲ စိတ်ရောက်နေတယ်)

ဇွန်မိုးစက် said...

်မဇွန်လည်း တစ်ယောက်သောသူနဲ့ ပတ်သက်ပြီး ရနံ့တစ်ခုကို စွဲလန်းဖူးတယ်။ ခုတော့လည်း အဲသည့်ရနံ့ ပျက်ပြယ်ခဲ့တာ ကြာပြီပဲ။

ဆောင်းနှင်းရွက် said...

စာသင်ခန်းထဲကနေ
ခိုးကြောင် ခိုးဝှက် ၊ ကမန်းကတန်း လာရတာမလို့...
နားလည် သလိုလို
နားမလည် သလိုလို ...
နောက် တစ်ခါ ထပ်လာခဲ့မယ် ... !!!!!

Maung Myo said...

နင်မုန်းတာတွေများနေတယ်း) မမုန်းတာဆိုလို့ မောင် တစ်ယောက်ပဲ ရှိတယ်ဟုတ် ငှဲငှဲ (တိနေတယ်လေ )

ချော(အစိမ်းရောင်လွင်ပြင်) said...

မှန်တာပေါ့
ဘယ်အရာမှ ထာဝရ တည်မြဲတယ်ဆိုတာမှ မရှိတာ
မနေ့က စွဲလန်းခဲ့တဲ့အရာတစ်ခုဟာ
ဒီနေ့မှာ စွဲလန်းချင်မှ စွဲလမ်းတော့မှာလေ..
ဖြစ်ချင်းပျက်ချင်းသဘောတရားကို နှစ်နှစ်ကာကာ ယုံကြည်မိတယ်..
ရေးထားတဲ့ အတွေးလေးတွေကို သဘောကျမိတယ်
လက်လဲ လက်ခံတယ်..

သိင်္ဂါကျော် said...

အချိန်ကြာလာတဲ့အခါ မေ့သင့်တာတွေ မေ့သွားမှာပါ..

ညီညီထွေး said...

တော်၏။း)))... အီးနံ့ကော စွဲလမ်းဖူးလား... ဟီးဟီး...


ခင်မင်တဲ့
ညီညီထွေး

မြတ်မွန် said...

တစ်ချို့ ရနံတွေက အရင်က စွဲစွဲလမ်းလမ်းကြိုက်ဖူးတဲ့ ရနံပေမယ့်..
တစ်ခါတစ်လေ လူကို မုန်းတီးစေတဲ့ ရနံလည်း ဖြစ်သွားတက်တယ်။ ကိုယ်တွေ့လို့ ဆိုရမလားပဲ။
ခံစားလို့မရတော့အောင် မုန်းတီးသွားတဲ့ ရနံဖြစ်ခဲ့ဘူးတယ်။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...