Tuesday, June 15, 2010

သံလျင်မြို့

ငယ်တုန်းတည်းက ရင်းနှီးခဲ့ရတဲ့မြို့တမြို့ပါပဲ ..

သံလျင်မြို့နဲ့ပတ်သက်ပြီး မှတ်ဥာဏ်တွေကတော့ .. ဗိုလ်ချုပ်ရွာ .. ကျိုက်ခေါက်ဘုရား .. ကျောက်တန်းဘုရား .. အဖွားဒေါ်ခြူ .. ရှင်မွေ့နွန်းနဲ့မင်းနန္ဒာ .. ငမိုးရိပ်ချောင်းနဲ့ တံတား .. စသည်တို့ပါပဲ ..

ဗိုလ်ချုပ်ရွာက ဖေကြီးဘက်က ဖိုးဖိုးကြီးရဲ့ ချက်မြုပ်ပေါ့ .. ကြားဘူးနေတာတော့ ဖိုးဖိုးကြီးက သူကြီးသားဆိုလား သူကြီးမြေးဆိုလားပါပဲ .. အိမ်မှာ ဓါးကြီးတလက်ရှိတယ် .. ဘယ်လိုခေါ်တယ်ဆိုတာတော့ မေ့ပြီ .. ထမင်းစားပွဲရဲ့ အပေါ်နားကျကျမှာ တန်းလန်းဆွဲထားလေရဲ့ .. အဲဒါ အိမ် အဟောင်း ၁ထပ်ခွဲအိမ်လေးတုန်းကပါ .. ခုဆို ဘယ်နားရောက်နေမှန်းတောင် မသိတော့ဘူး .. ဖိုးဖိုးကြီးက ရွာမှာ မနေချင်လို့ စာသင် မြို့တက်ပြီး ရုံးစာရေးဝင်လုပ်ရာက အဖွားနဲ့တွေ့ .. အဖွားက မြို့သူ .. ဒီလိုနဲ့ ကိုယ်တွေပါ ရန်ကုန်မြို့သူဖြစ်ခဲ့တယ်ပေါ့ .. ဒါပေမယ့် သံလျင်ဆိုတာ အိမ်ဦးနဲ့ကြမ်းပြင်လို ၀င်လိုက်ထွက်လိုက်နဲ့ ငယ်တုန်းတည်းက တော်တော်ရင်းနှီးခဲ့ပါတယ် .. ဖေကြီးတို့ ဖိုးဖိုးကြီးတို့ ပြောတဲ့ ဇာတ်လမ်းလေးတွေနဲ့လည်း နားယဉ်နေခဲ့ပါတယ် ..

ငယ်တုန်းက လူကြီးတွေ သွားတိုင်းလိုက် ရောက်တဲ့နေရာ စားသောက်နဲ့ ပျော်ခဲ့တယ် .. အိမ်တွေကို လိုက်နှုတ်ဆက်ရင်း ဘယ်လိုအမျိုးတော်တယ်ပြောတိုင်း အူကြောင်ကြောင် ကြည့်ဘူးတယ် .. တရွာလုံးက လူတွေကို အမျိုးတွေပါလားလို့ မှတ်ထားလိုက်တယ် .. ခုနောက်ပိုင်းလည်း သံလျင် ဗိုလ်ချုပ်ရွာက တရားစခန်းကြောင့် လစဉ်ရောက်ဖြစ်နေသေးတယ် .. ကိုယ်တိုင်မဟုတ်ရင်တောင် အိမ်က လူကြီးတွေ ရောက်တယ်ဆိုတာ ကြားကြားနေတယ် ..

ကျိုက်ခေါက်ဘုရားကတော့ သံလျင်ကို ရောက်တိုင်း မရောက်မဖြစ်လိုကို သဘောပိုက်ပြီး ရောက်ဖြစ်တယ် .. မုခ်ပေါင်းစုံကနေလည်း အတက် အဆင်းလုပ်ဘူးတယ် .. အဲဒီက ဂေါပကတွေကလည်း အမျိုးတွေတဲ့ .. အမျိုးမဟုတ်လည်း တနည်းနည်းနဲ့ ပြောရင်း ဆိုရင်းကနေ သိကုန်ကြပြန်ရော .. ကျိုက်ခေါက်ဘုရားပေါ်ကနေ သံလျင်မြို့ကို ကြည့်ပြီး ဖေကြီးတို့ပြောတဲ့ ဟိုဘက်နားက အဘိုးတွေရဲ့ လယ်တွေ အဲဒီလယ်မှာ နွားက ဘယ်နှစ်ကောင်မွေးတာ ဘာညာဆိုတာလည်း သတိရနေတုန်းပဲ ..

သံလျင်ရောက်တိုင်း ကျောက်တန်းကိုမရောက်ဖြစ်ဘူး .. ကျောက်တန်းသွားကြမယ်ဆို စီစဉ်ပြီးသွားမှ ရောက်ဖြစ်တယ် .. ကျောက်တန်းသွားလို့ မော်တော်စီးရတာ အရမ်းသဘောကျတယ် .. မရောက်ချင်ဘူး သွားတဲ့နေရာကို မော်တော်ပဲ စီးချင်နေတာ .. တခါတလေ မော်တော်မောင်းတဲ့လူက ပတ်သေးတယ် .. တချို့ကျ တန်းမောင်းတော့ ခဏလေးနဲ့ ရောက်ရောက်သွားတယ် .. ကျောက်တန်းရောက်ပြီဆို ဘုရားဖူးတာက ခဏ အပျော်ဆော့နေတာ ပိုများတယ် .. အိမ်နဲ့သွားရင် အမြဲတမ်း အမေနဲ့ အဒေါ်က စားဖို့ သောက်ဖို့ အိုးတွေခွက်တွေနဲ့ ထွက်လေ့ရှိတော့ ရောက်ရင် နေရာရှာ ထမင်းချိုင့်တွေဖွင့်ပြီး စားကြတာပဲ .. ပြီးရင် ပေါက်ပေါက်ဆုတ်ဝယ် ငါးစာကျွေး .. နောက်ထပ် သတိရနေတာ အိမ်သာပဲ .. သိတယ်မလား .. ဒိုးယိုပေါက် .. :P .. ခုတော့ တမျိုးဖြစ်လောက်ပါပြီ .. တခါကလည်း မောင်လေး ကျောင်းနားတုန်း ကျောက်တန်းသွားကြတယ် .. မောင်လေးက ငှက်ဖျားရှိတော့ လေလည်း တအားတိုက်ရော ငှက်ဖျားက ထရော .. ပြန်ပြေးရတော့တာပဲ ..

အဖွားဒေါ်ခြူဆိုတာ အဘွားတော့တော်တယ် ဘယ်လိုဘယ်ပုံစပ်ရတယ်တော့ မသိတော့ဘူး .. ယောဂီဝတ်နဲ့ ဆုံးသွားတာလည်း ကြာပေါ့ .. ဒါပေမယ့် အဖွားဒေါ်ခြူရဲ့ ပုံပန်းသဏ္ဍာန်ကို မြင်နေမိသေးတယ် .. ပိန်ပိန်ပါးပါး အညိုရောင် ယောဂီဝတ်စုံနဲ့ပဲ မြင်ဘူးလိုက်တဲ့ အဖွားပေါ့ .. မျက်နှာမှာ မှဲ့တွေနဲ့ အသက်လည်း အတော်ရှည်ပါတယ် .. လိုအပ်မယ်ထင်တာတွေ ၀ယ်ပြီး ရောက်သွားတိုင်း ရှိတာတွေ ချကျွေးတာ .. ကျမတို့ကတော့ ဇရပ်ရှေ့မှာ ဆော့ကြပေါ့ .. ပြန်ဖို့ ကားပေါ်တက်ပြီး ကားထွက်တာနဲ့ အဖွားတာ့တာလုပ်တဲ့ပုံက ကိုယ်တွေ ပုံမှန်လုပ်သလို လက်ကို ဝှေ့ယမ်းပြတာမဟုတ်ပဲ သွားတော့လို့ လက်ကို ခါပြသလိုဖြစ်ဖြစ်နေတာ .. အဲလိုနှုတ်ဆက်တိုင်းလည်း ကားပေါ်ရောက်နေတဲ့ မိုးခါးတို့ပြောနေကျက ဘယ်ချိန်တည်းက ပြန်စေချင်တယ် မသိဘူးပေါ့ .. သွားတော့ဆိုတာချည်းပဲ အတင်းနှင်နေတာပဲလို့ အချင်းချင်း အတင်းအုပ်တတ်တယ် ..

ရှင်မွေ့နွန်းနဲ့မင်းနန္ဒာ အကြောင်းကတော့ သိပ်နားထောင်လို့ ကောင်းတဲ့ ပုံပြင် ဒဏ္ဍာရီပဲ .. တော်တော်လည်း ကြိုက်တယ် .. အခေါက်ပေါင်းများစွာ ကြားဘူးတယ် .. ပြန်ပြောတိုင်းလည်း နားထောင်တယ် .. သနားတယ်ပေါ့ .. နားထောင်တိုင်း မျက်စိထဲပါ ပုံပေါ်လာသလိုပဲ .. မလက်တို ငမိုးရိပ်ရဲ့ ရန်သူက (မေ့တေ့တေ့ :P) အဲဒီဇာတ်ရဲ့ ဗီလိန်ပေါ့ .. သူ့ကို တော်တော်မုန်းတယ် .. မင်းသားလေးကို တော်တော်သနားတယ် .. မင်းသမီးလေးရောပေါ့ .. ဒါပေမယ့် မင်းသမီးလေးကြောင့် မင်းသားလေး ဘုန်းနိမ့်ပြီး ဒီဇာတ်လမ်းဖြစ်သွားတာဆိုတော့ မင်းသမီးလေးကို သိပ်တော့ မကြည်ဘူး .. သူများခိုင်းတိုင်း လုပ်လို့ .. ဇာတ်လမ်း အဆုံးမှာ မီးခိုးနှစ်ခု ပေါင်းသွားတယ်ဆိုတာကို မျက်စိထဲမြင်ပြီး နဲနဲ ကျေနပ်လိုက်သေးတာ .. သံလျင်မှာ ရှင်မွေ့နွန်းဘုရားဆိုပြီး ရှိတယ် .. တောင်ထိပ်လေးလိုပေါ်မှာ .. ကားနဲ့ဖြတ်သွားရင်းပဲ မြင်ဘူးတယ် .. တခါမှတော့ မရောက်ဘူးဘူး .. ကြားဘူးတာက အတွဲတွေ သွားရင် ကွဲတတ်တယ်တဲ့ ..

ငမိုးရိပ်ကတော့ ဇာတ်ပို့ပေါ့ .. ကြိမ်စင်္ကြာနဲ့ ရိုက်လိုက်တာနဲ့ ပေါ်ပေါ်လာတတ်တဲ့ မိချောင်းကြီး .. သူ့ခံတွင်းထဲ ငုံထားခံရတဲ့ မင်းသားလေး .. မင်းသားလေးနဲ့ မင်းသမီးလေးအတွက် သူက မြှားနတ်မောင် ခေါ်မလားပဲနော် .. ခံတွင်းထဲက ထုတ်လိုက်ပြီး သူ့သခင် မင်းသားလေး အသက် မရှိတော့တာ သိတော့ ဘယ်လောက်တောင် စိတ်မကောင်းဖြစ်ရှာမလဲပေါ့ .. တွေးတာ တွေးတာ .. :D

အရင်က သာကေတဘက်က တံတားမရှိသေးတော့ ငမိုးရိပ်တံတားကပဲ ဖြတ်ပြီး သံလျင်ကို သွားရတယ် .. တံတားပေါ်က ဖြတ်တိုင်း ရှင်မွေ့နွန်း မင်းနန္ဒာ ဇာတ်လမ်းနဲ့ အတူ ငမိုးရိပ် မိချောင်းကြီးပါ မြင်ယောင် သတိရတယ် .. မင်းသမီးလေးကို သွားတွေ့တိုင်း ဟိုဘက်ကမ်းကနေ ချောင်းကို ဖြတ်ဖို့ ငမိုးရိပ်ကိုစီးပြီး သွားတာပါလားပေါ့ .. စိတ်ကူးနဲ့ မြင်ယောင်ကြည့်မိတယ် .. ခုနောက်ပိုင်းမှာတော့ ငမိုးရိပ်တံတားကို မဖြတ်ဖြစ်တာ ကြာပါပြီ .. သံလျင်သွားတိုင်းလည်း သာကေတ တိုင်းရင်းသားကျေးရွာဘက်မှာရှိတဲ့ တံတားကပဲ ဖြတ်ဖြစ်တော့တယ် ..

အတိတ်တွေကလည်း ဝေေ၀၀ါးဝါး ဖြစ်ကုန်ပြီ .. ပုံရိပ်တွေကလည်း ကောက်ကြောင်းလိုက်ရ ခက်ခက် လာတယ် .. အရာဝတ္တုတွေက အစ လူတွေရဲ့ အကျင့်စရိုက် စာရိတ္တတွေ အဆုံး တဖြည်းဖြည်း ပြောင်းလဲလာလိုက်တာ အရင်က မိတ်ဆက်ပေးလိုက်တာနဲ့ ပြုံးရွှင်ပြီး ပြန်နှုတ်ဆက်တတ်တဲ့ အကျင့်တွေကနေ ခပ်မှန်မှန် ခပ်တန်းတန်းတွေ ဖြစ်ကုန်ပြီ .. သူဘာလဲ ငါဘာလဲ ဆိုသလိုမျိုးတွေ ဖြစ်ကုန်ပြီ .. ပကာသန ဂုဏ်တု ဂုဏ်ပြိုင်ဆိုတာကလည်း မရှိရင်ကောင်းမယ် ဆိုပေမယ့် လက်တွေ့မှာ ရှိကို ရှိနေတဲ့ အရာတွေ ဖြစ်နေပြန်တယ် ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...