Wednesday, July 7, 2010

ကျမနှင့် အလုပ် (၁)

တချို့လူတွေ ရေးသလို ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ရေးချင်တော့ ဘယ်က စရေးရမလဲ အရင် စဉ်းစားရပါတယ် .. ဘာလို့ဆိုတော့ နမူနာ ပြစရာ လောက်လောက်လားလား အတွေ့အကြုံဆိုလို့ ဘာမှမှ မရှိတာ .. အချိန်တန်လို့ အလုပ်တွေ လုပ်ဖြစ်ခဲ့တာပဲ ရှိတော့ ကိုယ်က ဆရာလုပ်ပြီး အငယ်တွေအပေါ်ကို ငါ့တုန်းက ဘယ်လိုလုပ်ခဲ့တာ ဘယ်လိုနမူနာယူရမယ်လို့ ပြောမရ ဖြစ်နေတယ်လေ .. :P

စကားလုံး ကြီးကြီးတွေနဲ့ ဆရာကလည်း သိပ်လုပ်ချင်ပါတယ် .. အမ၀မ်းကွဲတွေကဆို "မီးငယ် နင်က အကြီးလား ငါက အကြီးလား"လို့ အမြဲတမ်းမေးခံရပါတယ် .. :D

အစ်မတယောက်ဆို "မီးငယ် ငါ ၁၀တန်း တက်မှ နင်လူဖြစ်တာနော်" လို့ ပြောလေ့ရှိတယ် .. ဒါလည်း ပြောပြောပါပဲ .. ကိုယ်တိုင်ကတော့ စကားလုံးကြီးကြီးတွေ သုံးရင်း ဆရာလုပ်မြဲပါပဲ .. :D (၀ါသနာကိုး :P)

ခုလည်း အရင်က အကြောင်းတွေကို သတိတရနဲ့ ပို့စ်တပုဒ် ရေးချင်လာပြန်ပါပြီ .. မလန့်သွားပါနဲ့ဦး .. ဆရာလုပ်မှာ မဟုတ်ပါဘူး .. :P

မိုးခါး အသက် ၁၆ နှစ်မှာ တက္ကသိုလ် ပထမနှစ် စတက်ပြီပေါ့ .. အဝေးသင်ဆိုတော့ သိတဲ့အတိုင်း ကျောင်းလေး အနီးကပ် ၁၀ ရက်သွားတက် ကျန်တာက အိမ်မှာ ပျင်းပျင်းရှိ စာအုပ်ဖတ် အခွေကြည့် သူငယ်ချင်းတွေနဲ့ အလေလိုက် ဒါတွေနဲ့ပဲ အချိန်ကုန်နေတဲ့ အချိန်ပေါ့ .. ပထမနှစ်ပြီးတော့ ဒုတိယနှစ် တက်ခါနီးမှာ အဒေါ် အပျိုကြီးက သူ့ရုံးမှာ နေ့စားအနေနဲ့ အလုပ်ဝင်ခိုင်းပါတယ် .. တူမလုပ်တဲ့လူ အလေလိုက်နေတာ ကြည့်မရဘူးထင်ပါတယ် .. :P ဒီလိုနဲ့ ၁၈နှစ်ထဲမှာ ရုံးအလုပ် စလုပ်ဖြစ်ခဲ့ပါတယ် ..

ရန်ကင်းက မြန်မာ့ဂုန်လျှော်(ရုံးချုပ်)မှာ နေ့စားပေါ့ .. ငယ်တုန်းကတော့ ဘာပဲ လုပ်လုပ် ပျော်စရာတော့ ကောင်းနေတာပါပဲ .. အပူအပင်မရှိပေမယ့် တာဝန်ဆိုတာကိုတော့ အနည်းငယ် နားလည်ခဲ့တဲ့နေရာပါ .. ဒါပေမယ့် ပျော်နေတာပါပဲ ..

အဲဒီအချိန် နေ့စားဆိုတာ တရက်ကို ၁၀၀ ရတဲ့ အချိန်ပေါ့ .. မိုးခါး လခထုတ်ရင် ၁၈၀၀ ၂၀၀၀ (စလုံးမဟုတ်ပါ .. မြန်မာကျပ် :P) ရပါတယ် .. အဲဒီလခကလဲ ကိုယ့်ဟာကိုယ် လ္ဘက်ရည်ဆိုင်သွား ဟိုဟာဝယ်ဒီဟာဝယ်နဲ့ လောက်ကို မလောက်ပါဘူး .. အဒေါ်ကလည်း စိတ်မလေအောင်ဆိုပြီးပဲ အလုပ်ထဲသွင်းပေးခဲ့တာပါ .. တကယ်လဲ အဲဒီအချိန်က ပျော်ဖို့လည်း ကောင်းသလို လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးပါ တတ်ခဲ့တဲ့ နေရာပါ ..

တချို့ကတော့ ပြောတယ် .. အချိန်ကုန်တယ် .. ပိုက်ဆံမရဘူးပေါ့ ဆိုပြီးတော့ .. ဒါပေမယ့် ခုချိန် ပြန်စဉ်းစားကြည့်တော့ အကျိုးတော့ ရှိခဲ့ပါတယ် .. စိတ်လေမယ့် အချိန် မရှိလိုက်ဘူး .. အလုပ်တခုရှိနေတယ် .. အချိန်တန်ရင် အလုပ်တက်ရတယ် .. ပြီးတော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်သွားတယ် .. လူကြီး လူငယ် ရာထူး အကြီးအငယ် အစုံပေါ့ ..

နေရာတိုင်းမှာ လူစုံတွေ့နိုင်ပါတယ် .. ပိုက်ဆံမရှိတဲ့ အသိုင်းအ၀ိုင်းမို့ အသိဥာဏ် စိတ်ဓါတ် ဆင်းရဲနိမ့်ကျမယ်လို့ ထင်ရင် မှားပါမယ် .. ဒီလိုပဲ ပိုက်ဆံချမ်းသာတဲ့ လူတွေချည်းရှိလို့ ဒီအသိုင်းအ၀ိုင်းဟာ အသိဥာဏ် စိတ်ဓါတ် အဆင့်အတန်းမြင့်မယ်လို့ ပြောလို့မရပြန်ပါဘူး .. နေရာတိုင်းမှာ အုတ်ရောရော ကျောက်ရောရောတွေ အများကြီးပါ .. အဓိက က ကိုယ်ပေါင်းသင်းရမယ့်သူရဲ့ အကျင့်နဲ့ စိတ်ဓါတ်ကို အရင်သိထားသင့်ပြီး ကိုယ်က အလိုက်အထိုက်ပေါင်းသင်းတတ်မှသာ ရန်မများမှာ ဖြစ်တယ်လို့ အဲဒီရုံးက သင်ကြားပေးလိုက်ပါတယ် ..

မိုးခါးအကျင့်ကလဲ လူတယောက်နဲ့ တွေ့ပြီဆိုရင် ကိုယ့်စိတ်ထဲက ခံစားရသလို ဆက်ဆံမိလိုက်တာ များပါတယ် .. များသောအားဖြင့်ကတော့ စိတ်ရှင်းရှင်းနဲ့ ပြောဆိုဆက်ဆံနိုင်ပေမယ့် တချို့တလေကျတော့ ဘယ်လိုမှ စိတ်ထဲ မနှစ်မြို့တာမျိုးလည်း ဖြစ်တတ်ပါတယ် .. အလုပ်မ၀င်ခင်ကဆို ကိုယ် အော်ချင် အော်လိုက်တာမျိုး မကြည်တာကို မကြည်သလို တုန့်ပြန်တာမျိုးလုပ်မိတတ်ပါတယ် .. အလုပ်ဝင်ပြီးနောက်ပိုင်း ကင်းသွားတာမျိုးမဟုတ်ပေမယ့် နည်းတော့ နည်းသွားပါတယ် .. တဖြည်းဖြည်း ထိန်းချုပ်နိုင်လာတယ် .. လူတိုင်းဟာ ကိုယ့်စိတ်အတိုင်း ဆက်ဆံလို့မရကြောင်း ဟန်ဆောင်သင့်တဲ့နေရာ ဟန်ဆောင်သင့်ကြောင်း နားလည်လာခဲ့ပါတယ် ..

အစိုးရ ရုံးဆိုတာလဲ သိကြတဲ့အတိုင်း အလုပ်က တော်တော်ပါးပါတယ် .. စစချင်း ကိုယ့်အထက် လူကြီးက အန်တီကြီးပါ .. အရမ်းအေးပြီး သဘောလည်းကောင်းပါတယ် .. (သဘောမကောင်းတဲ့ ပြောရရင် စိတ်ပုပ်တယ် ပြောလို့ရတဲ့ အန်တီတွေလည်း တွေ့ရပါတယ် .. ဒါပေမယ့် ကိုယ်နဲ့ တိုက်ရိုက် မဆက်ဆံရတော့ မပြောတော့ပါဘူး .. :D) အဲဒီရုံးမှာ ဘယ်လိုအလုပ်မျိုး လုပ်ရလဲဆိုတော့ ၀န်ထမ်းတွေကို ဆန်ပေးတယ် ဆီပေးတယ်ဆို စာရင်းမှတ်ရတာမျိုး .. အန်တီခိုင်းတဲ့ စာရင်းလေး နဲနဲပါးပါးလုပ်ပြီး များသောအားဖြင့် အပေါ်ထပ် အောက်ထပ် လျှောက်လည် လျှောက်သွားပြီး လျှောက်စားနေတာပေါ့ .. ငယ်လည်းအငယ်ဆုံးဆိုတော့ ပစားပေးခံရသေးတယ် .. မန်နေဂျာ တူမဆိုပြီးလည်း ကိုယ့်ရှေ့ဆို အကောင်းချည်းပေါ့ .. နောက်ကွယ်မှ အတင်းပြောတာ တပိုင်း .. :D အဲဒီ မိုးခါးရဲ့ အထက်လူကြီး အန်တီက ဘယ်လောက်အေးလဲဆို ဘယ်သူ့ကို မဆို ခိုင်းတာတောင် ချော့ပြီးခိုင်းတတ်တဲ့သူမျိုးပါ .. မိုးခါး အမေအတိုင်းပဲ .. သမီးလေး ဒါလေးလုပ်ပေးနော် ဆိုပြီးတော့ပေါ့ .. ပြီးကျတော့ ဘာကြောင့် ကိုယ့်မှ ခိုင်းရတယ်ဆိုတာမျိုး ပါသေးတယ် .. တကယ်ဆို အထက်လူကြီးပဲ ဒါလုပ်ဆို ရပေမယ့် အဲဒီအန်တီက အဲလိုမဟုတ်ခဲ့ဘူး .. တသက်နဲ့တကိုယ် အထက်လူကြီးဆိုးလို့ဆိုပြီး စိတ်ညစ်ရတာ မရှိဘူးဘူး .. အဲဒီအလုပ်ကတော့ အဒေါ်ရဲ့ ကျေးဇူးပါ .. အဲဒီအက်ဒမင်ဌာနမှာ နှစ်ဝက်လောက် ဆန်ပေးလိုက် ဆားပေးလိုက် ဆီပေးလိုက် ပြီး ရောင်းစားလိုက် ပြီးတော့ တဖက်က အဝေးသင် ကျူရှင်ပြေးတက်လိုက်နဲ့ အချိန်တွေ ကုန်ခဲ့ပါတယ် .. လူတွေအကြောင်းလည်း သိတန်သလောက် သိပြီးတော့ပေါ့ ..း))

နောက်တော့ အဒေါ်ကျေးဇူးနဲ့ပဲ ကွန်ပျူတာ တတ်လား တတ်ရင် ကွန်ပျူတာခန်းပို့မယ်ဆိုပြီး ကွန်ပျူတာခန်း ရောက်ပြန်ပါတယ် .. ဖေကြီးပြောဘူးသလို အသိပညာ အတတ်ပညာတခုကို ကိုယ်သိတယ် တတ်တယ်ဆိုတာ ဘယ်တော့မှ အလကား မဖြစ်ဘူးတဲ့ .. တချိန်ချိန်မှာ သက်ဆိုင်တဲ့အလုပ်တခုနဲ့ မတွေ့ရ မကြုံရ မလုပ်ရဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးတဲ့ .. ဒီတော့ ကိုယ် ဘာရနိုင်လဲ ကိုယ်ရနိုင်သလောက်ကို ယူထားရမယ်တဲ့ .. ခုလည်း ကွန်ပျူတာသင်တန်းလေးတက်ထားတဲ့ ကျေးဇူး အစ်မတွေ ဆိုင်မှာ သွားရင်း ရှုပ်ရင်း မြန်မာစာလည်း ရိုက်တတ် ရိုက်ဖူးတဲ့ ကျေးဇူးကြောင့် ပိုပြီး သက်သာတဲ့ အလုပ်မျိုး နေရာမျိုး ထပ်ရောက်ခဲ့တယ်လို့ ဆိုနိုင်မယ် ထင်ပါတယ် ..

ဘယ်လိုနေရာ ရောက်ရောက် ပြဿနာဆိုတာ ရှာရင် တွေ့တာပါပဲ .. ကိုယ် မရှာလည်း ကိုယ့်ကို လာရှာပြန်ပါတယ် .. ဒါပေမယ့် ကိုယ့်အတွက် ဒါက ပြဿနာမဟုတ်ပါလားလို့ လက်ခံလိုက်ရင် ကိုယ့်ဘက်မှာ ပြဿနာ မရှိတော့ပါဘူး ..

မိုးခါးမျက်စိရှေ့က ရုံးအလုပ်မှာ လူတွေက စကားတွေရှုပ်ကြတယ် .. အမျိုးသမီးတွေ များတဲ့အတွက် ပြီးတော့ နောက်တခုက အလုပ်တွေ များမနေတဲ့အတွက် စကားတွေပိုပြောကြပြီး စကားတွေ ရှုပ်ကြတယ် .. ပြဿနာတွေရော အစုံပေါ့ .. တချို့က ငွေရေးကြေးရေး တချို့က လူမှုရေး စီးပွားရေး လူငယ်တွေကျတော့ အချစ်ရေးပေါ့ .. တော်တော်စုံပါတယ် .. ပြဿနာကို လက်ခံထားတဲ့လူတွေ အတွက်တော့ ပြသနာတွေ ပုံလို့ပေါ့ .. အရေးမပါတာတွေလည်း ပြဿနာတွေ တက်လို့ .. ချိတ် ချိတ်ချင်း ဆိုတော့လည်း ချိတ်ကြပြန်ရော ..

နေရာတိုင်းမှာ လူဆိုး လူကောင်း တွဲနေပါတယ် .. တချို့ မသိမသာ တချို့ သိသိသာသာ .. သူ ဘယ်လိုလူဖြစ်နေ ဖြစ်နေ ကိုယ်နဲ့ အဆင်ပြေနေဖို့က ကိုယ့်အလုပ်ပါ .. ဒါကြောင့် ကိုယ့်အလုပ် ကိုယ်လုပ်တတ်ရမယ်ဆိုတဲ့ အသိလည်း ရလာပြန်ပါတယ် .. အားလုံးနဲ့ သဟဇာတဖြစ်အောင် နေဖို့ ကြိုးစားရင်းနဲ့ တခါတလေလည်း စိတ်တို ဒေါသထွက် ပြီးကျတော့ ဘာမှမဟုတ်ပါလားဆိုတဲ့ အသိဝင်လာဖို့ ကြိုးစားရပြန်ပါတယ် ..

လူတိုင်း အရာအားလုံး ပြည့်စုံ ဖူလုံနေဖို့ ခက်ခဲပါတယ် .. ဒါပေမယ့် လူတွေကြားထဲမှာ နေတတ်အောင် သင်ပေးလိုက်တာက ရှေ့က နေပြတဲ့ အဒေါ်ပါ .. အဒေါ်က အပျိုကြီးဆိုပေမယ့် ဇီဇာကြောင်ကြောင်နဲ့ လက်ပေါက်ကတ်တဲ့ အဒေါ်မျိုး မဟုတ်ခဲ့ဘူး .. စံပြအနေနဲ့ မိုးခါးရှေ့မှာ ရှိနေခဲ့တယ် .. ဒါကြောင့်လည်း ရုံးအလုပ်နဲ့ပတ်သက်တဲ့ ၀န်းကျင်မှာ နေတတ်လာရင်း လူတွေကိုလည်း မြင်တတ်လာသလို ပြဿနာကိုလည်း ရှောင်တတ်လာခဲ့ပါတယ် .. အဲဒီအတွက် မိုးခါး အဒေါ်ကို အရမ်းကျေးဇူးတင်မိပါတယ် ..

အတွေ့အကြုံဆိုပြီး ပြောပြချင်နေတော့ နောက်ဆက်တွဲ အလုပ်တွေကိုလည်း မျက်စိနောက်အောင် ဖတ်ရပါဦးမယ်လို့ ကြိုတင် အသိပေးရင်း .. ခုလို မရှိမယ့် ရှိမယ့် အတွေ့အကြုံလေးကို သည်းခံဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ..း))

21 comments:

Sein Lyan Tun said...

အခုတော့ ပြောတတ် ဆိုတတ် ပေါင်းသင်းတတ်

နေတတ် နေပြီးပေါ့.

ဟုတ်လား...။


အလုပ်မရှိတဲ့ချိန် ချောင်ကျတဲ့တနေရာလေးမှာ ခွေခွေလေး ခိုးအိပ်နေတာကျ ထည့်မရေးဘူးဟုတ်..။


း))))


ဘာပြောပြော ညီမက လိမ္မာတဲ့ သူတစ်ယောက်ဆိုတာယုံပါတယ်။ ဒါပေမယ့် ... အဟတ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ် လူတွေကြားထဲမှာ အဆင်ပြေပြေ နေထိုင်နိုင်ဖို့ သိပ်ကို ခက်ခဲပါတယ်..
လူတွေကြားထဲနေရင်ပြဿနာက အလိုလို ကိုယ့်ရှေ့ရောက်လာတတ်တာလဲ သိပ်မှန်ပါတယ်..
အဆင်ပြေပြေ နေတတ်အောင် သင်ပေးလိုက်တဲ့အဒေါ်ကို ချီးကျူးစရာပါဘဲ..
တို့ဘလော့လေး လင့်ပြောင်းသွားပြီနော်..
း)

Anonymous said...

ကိုဂျီးစိန်
အကိုတူလို့ ပြောချင်တာလား
အဟက် :P

မိုးခါး

သူကြီးမင်း (တုံးဖလား) said...

အပိုင်း ၁ တွေ ၂ တွေ စသဖြင့် လာတော့မယ်ထင်ပါ့။းဝ)
အတွေ့အကြုံများလေ အလုပ်လုပ်တတ်လေပါဘဲ ညီမရေ။

အခုလိုရေးတော့လဲ ဘ၀ဖြစ်စဉ်ဖတ်ရသလို သိရတာပေါ့။ ဗဟုသုတတစ်မျိုးပါဘဲ။ ကောင်းပါတယ်။

johnmoeeain said...

;)
အလုပ် အတွေ့အကြုံများနှင့် မိုးခါး...ဆိုပါလား !

ပထမဦးဆုံး အတွေ့အကြုံများနှင့် မိုးခါး မှ....
လက်ရှိအတွေ့အကြုံများနှင့် မိုးခါး.... အထိ ရေးမယ်ဟုတ်း)

noblemoe said...

အန်တီနှင်းက တကယ့်ကို စံပြအဒေါ်ပါပဲ ညီမရေးးးအန်တီကို ကြည့်ရင်တောင် စိတ်ထဲအေးချမ်းနေတာ နော်း)
သာယာချမ်းမြေ့ပါစေနော်
မိုး

Myue Myue said...

ငယ်ငယ်လေးနဲ့ အလုပ်လုပ်တာပေါ့.. တော်လိုက်တာ.. မ ဆို အလုပ်ဝင်တော့ ၂၅နှစ်တောင်ရှိပြီ.. ခုထက်ထိ လူတွေနဲ့အဆင်ပြေအောင် မပေါင်းတတ်သေးဘူး.. စိတ်ထဲမပါပဲ ပြုံးပြရတာကလဲ တကယ်ကိုအခက်..

မမ said...

ကွန်ပျူတာ ခန်းထဲမှာ ငိုက်တယ်(အိပ်တယ်) ဆိုတဲ့ အကြောင်းလဲ ပါဘူး...:D

ywartharlay-ytu said...

စောင့်ပြီးဖတ်ပါမယ်

စာသင်တာ အလုပ်တခုဆိုရင်တော့ ဆယ်တန်းဖြေပြီးနောက်တနှစ် စာသင်ဖြစ်တယ်

အဖွဲ့အစည်းနဲ့လုပ်တာဆိုရင်တော့ 98မှာ အလုပ်တခုဝင်ဖြစ်တယ်။

အခုဆိုအလုပ်တွေ မြန်မာပြည်မှာ ငါးခါပြောင်း၊ ဒီမြေမှာ နှစ်ခါပြောင်းပြီးခဲ့ပြီ။

နှစ်အနေနဲ့ဆိုရင်တော့ အတော်လေးကြာခဲ့ပြီ။

အတွေးတွေ ပေးစေတဲ့ပို့စ်လေးပဲ...

နေ၀သန် said...

ပြိးရင် ကျမနှင့် အအိပ် တွေ ဆက်လာတော့မယ်... :D:D

ခင်မင်တဲ့
နေ၀သန်

Ree Noe Mann said...

အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့ ငါ့နှမရ။
၁၈ ကျော်ကျော်ထဲက အလုပ်လုပ်နေတာ ဆိုတော့
အတွေ့အကြုံရတာပေါ့။
စိတ်မလေတော့ဘူးပေါ့ ငါ့နှမရယ်။

မျက်စိ အနောက်ခံပြီးတော့ စောင့်ဖတ်နေအုံးမှာပါ။

မေပယ်လ် said...

အော်..ဂလိုကြီးလား..
စာရေးကောင်းတော့ ဖတ်ရတာ
သာမန်အကြောင်းအရာပေမယ့်
အဆုံးထိ ဆွဲခေါ်သွားတယ်

chocothazin said...

နောက်ဆက်တွဲတွေ မျှော်နေမယ် မိုးခါးရေ

may16 said...

အလုပ် အတွေ့အကြုံကို လာဖတ်ပါတယ် ခါးခါးရေ

ဇွန်မိုးစက် said...

၁၈နှစ်ကတည်းက အလုပ်ဝင်ခဲ့သူမို့ မိုးခါးက အသက်နဲ့အမျှ ရင့်ကျက်နေတာကိုး။ လက်တွေ့ဘ၀ထဲက အတွေ့အကြုံတွေ စိတ်ဝင်စားတယ် မိုးခါးရေ။ စောင့်ဖတ်ပါ့မယ်နော်။

မြစ်ကျိုးအင်း said...

အကိုတို့ တုန်းက အဲဒီမတိုင်ခင်ထဲက အောက်ဆိုဒ် အပိုဝင်ငွေ ရှာတတ်နေပြီး)

ပိုးဟပ်လေး said...

အဟိ.. အလုပ်တစ် ဆိုတော့ တော်သေးတာပေါ့
အလုပ်သစ်ဆိုရင်....

ယွန်း said...

မမိုးခါးရဲ့  အလုပ်အတွေ့ အကြုံလေးတွေလာဖတ်ပါတယ်
နောက်ပိုစ့်တွေလည်း စောင့်မျှော်နေမယ်နော်

ခင်မင်စွာဖြင့်
ယွန်း

နှင်းပွင့်ဖြူ said...

လာရောက် အားပေးသွားပါတယ်...အရမ်း ကောင်းပါတယ်... နောက်ထပ် များများ ရေးပါဦးလို့ ... :)

Anonymous said...

သြ ညီမရယ်

အတွေ့အကြုံ ဆိုမှတော့ တွေ့ချင်ရာတွေ့ ကြုံချင်ရာကြုံ ပေါ့

ခင်တဲ့
ရွှေစင်

witch83 said...

အလုပ်ဆိုတာ အချိန်ကုန်တယ်၊ ပိုက်ဆံအရနည်းတယ် မရှိပါဘူး။ အကျိုးက တစ်ခုမဟုတ် တစ်ခုတော့ ရပါတယ်.. အနည်းဆုံးတော့ စိတ်မလေဘူး၊ ပေါင်းသင်းဆက်ဆံရေးပညာ တတ်သွားတယ် .. အလုပ် experience လည်း ရနိုင်တာပဲလေ.... အဲ့ဒီကနေ ကောင်းမွန်တဲ့နေရာကိုလည်း ပြောင်းခွင့်ကြုံနိုင်တာပေါ့....

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...