Tuesday, April 21, 2009

ထာဝရချစ်သူ (၂)

ထာဝရချစ်သူ (၁)

ကျမမျက်လုံးတွေေ၀၀ါးစွာနဲ့ မငိုဘူးထိန်းထားတဲ့ကြားက မျက်ရည်ပေါက်တွေ ပါးပြင်ပေါ်လိမ့်ဆင်းသွားတယ် .. မျက်ရည်တွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်တယ် .. မပျော့ညံ့စမ်းနဲ့ မိယွန်း ..

"ယွန်း ရန်ကုန်ပြန်ရောက်နေပြီလား .. မောင် ယွန်းကို အရမ်းသတိရနေတာ .. ယွန်းမောင့်ဆီဖုန်းဆက်တော့ မောင်ဝမ်းသာလိုက်တာ .." သြော် .. အရမ်းသတိရနေလို့ ၁နှစ်လောက် အသံမကြားလူမမြင်နေတာပေါ့နော် ..

"ယွန်း .. မောင်ယွန်းနဲ့တွေ့ချင်တယ် .. ယွန်းလာနိုင်မလားဟင် .." ယွန်းကို ချည်နှောင်ချင်တုန်းလား မောင်ရယ် .. စကားလုံးတွေနဲ့ မချည်နှောင်ပါနဲ့တော့ .. နောက်တခါဆိုရင် ခံနိုင်ရည်ရှိတော့မှာမဟုတ်ဘူး .. ယွန်းကို လွတ်လပ်ခွင့်ပေးပါတော့ ..

စိတ်ထဲက ငြင်းဆန်နေမိပေမယ့် တကယ်တန်း လက်တွေ့မှာတော့ မောင့်စကားတွေကိုတော့ ဥပက္ခာမပြုနိုင်ခဲ့ဘူး .. မောင့်စကားအခွန်းတိုင်းအပေါ် အလေးအနက်ထားပြီး တွေးပေးနေတတ်တုန်း .. မောင်နဲ့ ပတ်သက်တိုင်း ထိန်းချုပ်မှုမဲ့ခဲ့ရတာ မောင်နဲ့တွေ့ချိန်က စလို့ပေါ့ .. ကျမဘယ်တော့မှ မောင့်ပေါ်ထားတဲ့ခံစားချက်က ပြောင်းလဲသွားလိမ့်မှာ မဟုတ်ဘူးမောင် ..

"ယွန်း မောင်ပြောတာကြားရဲ့လား .. မောင့်ကိုစိတ်ဆိုးနေတုန်းလားဟင် .. မောင်ယွန်းကိုလာတွေ့ချင်တယ် .. သိပ်လွမ်းတာပဲ ယွန်းရယ် .." ယုံကြည်ရမှာလားမောင်ရယ် .. ကျမစိတ်ဓါတ်ကိုက ပျော့ညံ့လွန်းပါတယ် .. အနက်ရောင်ကို မြင်တွေ့နေပါရက်နဲ့ ဒါအဖြူပါလို့ မောင်ပြောနေရင်တောင် ကျမလိုက်ဖြူမိမလားပဲ .. အိုး ကျမ နုံအလိုက်လေခြင်း ..

"မောင် သိပ်နေနိုင်တာပဲနော် .." တုန်ရီနေတဲ့အသံကိုထိန်းရင် ပြောမိလိုက်တယ် ..
"ဒီလိုမဟုတ်ဘူး ယွန်း .. မောင် တွေ့ရင် အေးအေးဆေးဆေးရှင်းပြချင်တယ် .. မောင် ညနေ ယွန်းကိုလာတွေ့မယ်နော် .."
"အင်း .." ငြင်းဆန်မယ်စဉ်းစားရင်းက ခေါင်းညိမ့် လိုက်ရောမိပြန်တယ် .. ကိုယ့်ကိုယ်လည်း စိတ်ပျက်မိပါရဲ့ ..


။ ။ ။ ။ ။

သွေးသွေးကိုပြောပြမိတော့ အပြစ်တင်စကားတွေကြားရတယ် .. သွေးသွေးမေးတယ် .. "နင်သူ့ကို ယုံကြည်သလားတဲ့ .." ပြန်ဖြေဖို့အဖြေ ကျမမှာ မရှိခဲ့ဘူး .. နောက်ဆုံးတော့လည်း ကျမခေါင်းမာမှုကို သွေးသွေး အလျှော့ပေးခဲ့ရတယ် .. "စိတ်ကို သိပ်တော့နှစ်မထားနဲ့ မိရွှေယွန်း .. နင်မမှတ်သေးဘူးလားတဲ့ .." ကျမ ပြတ်သားချင်ပါတယ် .. ဒါပေမယ့် ..

။ ။ ။ ။ ။

ကားသံကြားလို့ မောင်လာပြီဆိုတာ သိလိုက်တယ် .. ကားပေါ်က ဆင်းလာတဲ့ မောင့်သွင်ပြင်က သိပ်ကိုလန်းဆန်းနေတယ် .. မောင်က အမြဲ ရွှင်လန်းတက်ကြွနေတတ်သူလေ ..

"ယွန်း .." မောင့်လေသံက ၁နှစ်နီးပါးခွဲခွာထားခဲ့တဲ့ ချစ်သူကို ခေါ်ပုံနဲ့မတူပဲ သိပ်နူးညံ့နေတယ် .. ကျမမျက်နှာကို စေ့စေ့ကြည့်လို့ မောင်က "ယွန်းကို သိပ်ချစ်တာပဲ .. ယွန်းကို သိပ်လွမ်းနေတာ .. ယွန်း မျက်နှာဘာလို့ ညှိုးနေတာလဲ .. မောင့်ကိုခုလိုတွေ့ရတာ မပျော်ဘူးလား .."
"သွေးသွေးက မောင့်ကို ကောင်မလေးနှစ်ယောက်နဲ့တွေ့တယ်ပြောတယ် .."
"ဟင် .. မဖြစ်နိုင်တာ .. မောင် ရန်ကုန်မှာ မရှိတာကြာပြီ ယွန်းရဲ့ .. ဒါကြောင့် ယွန်းနဲ့ အဆက်အသွယ် ပြတ်သွားတာ .. မောင့်အကိုဖြစ်ပါလိမ့်မယ် .. မောင့်မှာ ချစ်သူ ရည်းစားဆိုလို့ ယွန်းပဲရှိတာလေ .. ဒါကို ယွန်းသိသားပဲ .." ဟုတ်ပါတယ် .. မောင့်မှာ ချစ်သူဆိုလို့ ကျမတယောက်ပဲရှိတာ .. မောင်က လူရှုပ်လူပွေတယောက်မဟုတ်ဘူးဆိုတာတော့ ကျမယုံကြည်တယ် .. ကျမအပေါ်ထားတဲ့စိတ်က သာမန်သူငယ်ချင်း မိန်းကလေးတွေ ထက်ပိုတယ်ဆိုတာလည်း ကျမသိနေတယ် .. ဒါပေမယ့် အဲဒီမောင့်ခံစားချက်က ကျမအပေါ်ထားတဲ့အချစ်လားဆိုတာတော့ မသေချာခဲ့ဘူး .. ကျမစိုးရိမ်ပူပန်နေရတာလည်း အဲဒီအကြောင်းပဲ ..

တရက်တော့ မောင်ပြောလာတယ် ..
"ယွန်း ယွန်းကိုမောင် သိပ်ချစ်တာသိလား .."
"မောင့်ကို ယွန်းသိပ်ချစ်တာရော မောင်သိရဲ့လား .." မောင့်မေးခွန်းကို ပြန်မေးခွန်းထုတ်မိတော့
"သိတာပေါ့ .. ဒါကြောင့်လည်း ယွန်းကိုမောင်က ပိုပိုချစ်လာရတာ .." ကျမ သိပါတယ် .. မောင်ကျမကိုချစ်တာ ကျမက မောင့်ကိုသိပ်ချစ်နိုင်လွန်းလို့ဆိုတာ .. နာကျင်မိပေမယ့် ကျေနပ်လိုက်ပါတယ် ..

။ ။ ။ ။ ။
ခုတလော ကျမ အစာစားရင် သိပ်နင်တာပဲ .. လည်ပင်းက အစ်နေသလိုခံစားနေရတတ်တယ် .. ဆေးခန်း သွားမယ် သွားမယ်နဲ့ မသွားဖြစ်နိုင်သေးဘူး ..

ခုရက်ပိုင်း အလုပ်တွေသိပ်များတော့ အစားပျက်အသောက်ပျက် အလုပ်တွေ ပိနေမိတယ် .. လူကလည်း အားမရှိသလို ခံစားနေရပေမယ့် အလုပ်ကိုပဲ အာရုံကရောက်ပြီး ကိုယ့်ကိုယ်ဂရုမစိုက်နိုင်ခဲ့ဘူး .. တရက်တော့ ကျမဗိုက်ထဲက အရမ်းနာလာတယ် .. မဖြစ်တော့ဘူး .. ကျမ ဆေးခန်းသွားမှ ဖြစ်တော့မယ် ..

ညနေအလုပ်ကအပြန် မောင်လာကြိုရင်း တခါတည်းဆေးခန်းဝင်ပြဖြစ်တယ် .. ဆရာဝန်က စမ်းသပ်မှုတွေပြုလုပ်ပြီး အဖြေကိုမနက်ဖြန်လာယူဖို့ ချိန်းလိုက်တယ် ..

နောက်နေ့ ဆေးခန်းရောက်တော့ ..
"သြော် .. သမီး .. လာ .." ဒေါက်တာက စကားဆက်မပြောပဲ .. ကျမဆေးမှတ်တမ်းကို ကြည့်နေတယ် ..
"သမီး .. ဒေါက်တာတို့ ခုသံသယဖြစ်နေတာ .." ကျမ မျက်နှာကို ကြည့်ပြီး ဒေါက်တာက စကားကိုရပ်ထားလိုက်တယ် .. ကျမ ရင်တွေခုန်လှပြီ ..
"ဒေါက်တာ .. ဟို ခု ဘာတွေ့လို့လဲဟင် .."
ဒေါက်တာက ဂရုဏာသက်စွာကြည့်ရင်း ..
"သေချာအောင်ထပ်စစ်ဆေးသေးတာပေါ့သမီးရယ် .. ဆေးထိုးဆေးသောက်လုပ်ပြီး စောင့်ကြည့်သေးတာပေါ့ .. ခု ဆရာမတို့ ဆေးစစ်ချက်အရ သမီးမှာ အစာအိမ်ကင်ဆာဖြစ်နိုင်နေတယ် .. ကြိုးစားကြတာပေါ့ .. စိတ်ဓါတ်ကို လွှတ်မချလိုက်နဲ့နော် .. သမီး အခု အရမ်းလည်းအားနည်းနေတယ် .. အားရှိအောင် နေရမယ် .. ခုနည်းလမ်းတွေ ရှိလာနေပါပြီ .. နည်းမှန် လမ်းမှန်နဲ့ ကုသရင် .."
"တော်ပါတော့ ဒေါက်တာရယ် .." ကျမ စိတ်ဓါတ်တွေ ဟိုးအောက်ထိ ဆွဲချခံလိုက်ရသလိုပါပဲ .. ကျမအတွက် မျှော်လင့်ချက်ဆိုတာ ဘယ်နှစ်ရာနှုန်းလောက်များ ရှိမှာမို့လဲ .. ကျမ မျက်စိရှေ့တင် ကျမဦးလေးတယောက် အစာအိမ်ကင်ဆာရဲ့ ဝေဒနာတွေကို ခါးစည်း ခံစားသွားတာ ကျမမသိတာလိုက်လို့ .. ခုဆို ကျမက သေလူဖြစ်သွားပြီ .. ဘာလို့ ဒီလောက်ကံဆိုးရတာပါလိမ့် ..

။ ။ ။ ။ ။

ကျမ ကမ္ဘာမှာ အမှောင်တွေသာကြီးစိုးနေတယ် .. ကျမနိုးထလာတော့ တောအုပ်ကြီးတခုရှေ့မှာ .. သားရဲတိရစ္ဆာန်တွေရဲ့ အော်မြည်သံတွေကိုကြားနေရတယ် .. အနားမှာလည်း ဘယ်သူမှမရှိဘူး .. နောက်မှာတောအုပ်ကြီး တော့အုပ်ကြီးရှေ့မှာ ကျမတယောက်ထဲ .. ၀ံပုလွေတကောင် တောအုပ်ထဲက ထွက်လာတယ် .. ၀ံပုလွေအော်လိုက်သံက အားကိုးရာမဲ့နေတဲ့ကျမကို ပိုလို့ ကြောက်လန့်စေတယ် .. အတင်းကုန်းထပြီး ရှေ့တည့်တည့်ကို ပြေးထွက်လိုက်မိတယ် .. ကျမပြေးတာမြင်တော့ ၀ံပုလွေက ကျမနောက် ပြေးလိုက်လာတယ် .. ကျမလွတ်အောင်ပြေးမှဖြစ်မယ် .. ဘာလို့ ကျမတယောက်တည်းဖြစ်နေရတာလဲ .. ခုဘယ်ကိုရောက်နေတာလဲ ..

အိုး .. ရှေ့မှာ ချောက်ကြီး .. ချောက်ကြီးအောက်မှာ ရေစီးသံ ခပ်ကြမ်းကြမ်းကို ကြားနေရတယ် .. နောက်ကိုလှည့်ကြည့်လိုက်တော့ ဟို ၀ံပုလွေ .. ရှေ့မှာချောက် .. ကျမတယောက်တည်း အားကိုးရာမဲ့လိုက်တာ .. သရေတမြားမြားနဲ့ ၀ံပုလွေက ရှေ့ကိုတိုးလာတယ် .. ကျမဆုံးဖြတ်ချက်ချလိုက်ပြီး ချောက်ထဲခုန်ဆင်းလိုက်တယ် ..

မျက်နှာပေါ် ရေမှုန်ရေမွှားလေးတွေလာစင်တာကို ခံစားလိုက်ရတယ် .. အားယူပြီးမျက်လုံးဖွင့်ကြည့်တော့ မောင်က ပြူတင်းပေါက်တွေကို လိုက်ပိတ်နေတယ် .. မိုးရွာတာပေါ့ ..

မောင်ကျမကိုလှည့်ကြည့်ပြီး ပြုံးပြတယ် .. မောင့်အပြုံးက မပီပြင်ပြီ .. မျက်လုံးတွေ နီရဲနေတာကြည့်ခြင်းအားဖြင့် မောင်ငိုထားတယ် .. မောင်စိတ်ဆင်းရဲနေပြီထင်တယ် ..
"ယွန်း နိုးလာပြီလား .. ယွန်း သိပ်အားနည်းနေတယ် .. ဗိုက်ဆာပြီလားယွန်း .."
"မဆာပါဘူး မောင်ရယ် .. ယွန်းအနားမှာ နေပါလား .."
မောင် ကျမနားလာပြီး ကျမရဲ့ အားနည်းပိန်ချိနေတဲ့လက်လေးတွေကို လာဆုပ်ကိုင်တယ် ..
"မောင် .. ယွန်းမရှိတော့ရင် .."
"ယွန်း .. မောင်တောင်းပန်ပါတယ် .. အဲလိုစကားမျိုးမပြောပါနဲ့ .." ပြောရင်း မောင်မျက်ရည်ကျတယ် .. ကျမ စိတ်မကောင်းလိုက်တာ .. ဒီလိုဆိုတော့လည်း မောင်က ကျမအပေါ်ချစ်သားပဲလို့ ကျေနပ်လိုက်မိသေးတယ် ..
"မောင် ယွန်းကို သိပ်ချစ်တယ် .. မောင် ယွန်းအပေါ် မကောင်းခဲ့ဘူး .. မောင် ယွန်းအပေါ် အပြစ်လုပ်မိတယ် .. မောင့်အပြစ်တွေပါ .. ဒီအပြစ်တွေအတွက် ဒဏ်ခံရမယ်ဆိုရင်တောင် ဒီလိုနည်းနဲ့တော့ မခံပါရစေနဲ့ .. မောင့် ရင်တွေကွဲတော့မယ် ယွန်းရယ် .. ယွန်းနဲ့ မဝေးချင်ဘူး .. ယွန်းရဲ့ မျှော်လင့်ချက်တွေကို ဥပက္ခာပြုခဲ့ဘူးတယ် .. မောင်ဖျက်ဆီးခဲ့ဘူးတယ် .. အားလုံးက မောင့်အပြစ်တွေပါ .. ဒီဒဏ်တွေကို မောင်တယောက်ပဲခံချင်တယ် .. ဒီလိုအဖြစ်မျိုးနဲ့တော့ အပြစ်မပေးလိုက်ပါနဲ့ ယွန်းရယ် .."
"အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြတာပဲမောင်ရယ် .. စိတ်ညစ်စရာတွေမပြောပါနဲ့တော့ .. မောင် ယွန်းကိုသိပ်ချစ်လား .. ဘယ်တုန်းက ချစ်သွားတာလဲ .."
"မောင် ယွန်းကို သိပ်ချစ်တယ် .. ဖြစ်နိုင်ရင် ယွန်းအစား မောင်ပဲခံလိုက်ချင်တယ် .. ယွန်းကို စချစ်ကတည်းက ချစ်ခဲ့တာ .. ယွန်းအပေါ် အနိုင်ယူလို့ရလို့ မောင် အနိုင်ယူခဲ့တယ် .. မောင်မတရားခဲ့ဘူးနော် ယွန်း .. ယွန်းကို ပြန်ဖြည့်ဆည်းပေးချင်တယ် .. ယွန်း မောင့်ကို ခွဲမသွားပါနဲ့နော် .."
"အင်းပါ မောင်ရယ် .. မောင့်ကို ခွဲမသွားပါဘူး .. မောင့်နားမှာ အမြဲတမ်းရှိနေမှာပါ .."

။ ။ ။ ။ ။

ကျမတကိုယ်လုံးပေါ့ပါးလို့ .. ၀ါဂွမ်းတစလို လွင့်မြောနေမိတယ် .. မောင်ရော .. မောင့်ကို ကျမ လိုက်ရှာမိတယ် .. မောင့်မျက်လုံးတွေ နီနေတယ် .. မောင်ငိုနေတယ် .. မငိုပါနဲ့မောင်ရယ် .. ကျမ မောင့်နားမှာ ရှိနေသားပဲ ..

ပြီးပါပြီ
PS/ နှစ်ပိုင်းခွဲချင်လို့မဟုတ်ပဲ ညက ဘယ်လိုမှမတတ်နိုင်တော့လို့ နှစ်ပိုင်းဖြစ်သွားတာပါ .. သည်းခံပါရှင် :D

13 comments:

Welcome said...

သယ်ချင်း

ဇာတ်သိမ်းပိုင်းလေး လာအားပေးပါတယ်။
စာအရေးအသားကောင်းတာမို့
အစအဆုံး ထပ်ဖတ်ဖြစ်တယ်။

ဆက်လက်ရေးသားနိုင်ပါစေ
ခင်မင်လျက်

ကောင်းကင်ပြာ said...

ဇတ်သိမ်းမှာ ငိုရအောင်လုပ်တယ်၊ တော်တော်ဆိုးတဲ့ ညီမလေး

သီဟသစ် said...

မိုးခါးရေ..
အဲလိုကြီး ဇာတ်သိမ်းပစ်တာလား ဇာတ်ဆရာရဲ့..

ဖတ်ရတာ ကောင်းတယ်..

tg.nwai said...

မိုးခါးရေ.. ကောင်လေးကို နောင်တရစေချင်တာနဲ့ ကောင်မလေးကို စတေးလိုက်တာလားဟင်..ဒါကတော့ စာရေးဆရာမ ရက်စက်တယ်နော်..

Anonymous said...

သနားပါတယ်...
ဖတ်ကောင်းတယ်.. နောက်လည်းရေးဦးနော်

နွေးနေခြည်

သက်ပိုင်သူ said...

သနားပါတ.်.. ကိုယ်မဟုတ်တိုင်း ဇာတ်ကောင်တွေကို ရောဂါတွေ လိုက်ပေးရသလားဗျ

ဂျပန်ကောင်လေး said...

:( ငိုတောင်ငိုချင်လာပြီ

နွေးနွေးသဲမွန် said...

ကောင်းလိုက်တာ.... ဟွန့် ..ငိုချင်တယ်...အသိမ်းလေးရေးတာလှတယ်...

မေဒီဇာ said...

ငိုချင်ရာပီ... အီးဟီးဟီး ရွှတ်ဘတ် အဲတော့ စင်ကုန်ပီ ချော်တီး

မိုးခါး said...

အကုန်ငိုချင်လာပြီဆိုတော့ စိတ်တောင်မကောင်းဘူး ..
ငေါက်ကနဲ ထထိုင်ခိုင်းလိုက်ရင်ကောင်းမလား ....... ????????? :P

မဆုမွန် said...

သနားပါတယ်နော်...နှစ်ယောက်စလုံးအတွက်..

ဆောင်းနှင်းရွက် said...

အဟင့် ... အဟင့် ..။ ရှလွတ် ...>>>

lu said...

ရသ စာပေ၏ ရသ တစခု လို ပြော ရမှာ ပေါ့ နော့ ။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...