Sunday, June 5, 2011

ငပလီ

ငပလီလို့ ပြောလိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ အလှပဆုံး ကမ်းခြေတခုဆိုတာ လူတိုင်း သိကြပါတယ် .. အရင်ကဆို ငပလီဆိုတာ ကြားပဲ ကြားဖူးတယ် .. မရောက်ဘူးခဲ့ဘူး .. အကယ်၍မေကြီးသာ သံတွဲမှာ တာဝန်မကျခဲ့ရင် ခုချိန်ထိ ရောက်ဖြစ်လိမ့်မယ်လည်း မထင်ပါဘူး .. သွားရေးလာရေး စရိတ်ကြီးတာရော နေစရိတ်ကြီးတာရော ဝေးလံတာရောကြောင့်ပေါ့ ..

ဒါပေမယ့် လွန်ခဲ့တဲ့ ၅နှစ်က ကံအားလျော်စွာ မြန်မာနိုင်ငံရဲ့ အလှဆုံးကမ်းခြေကို ခြေချခွင့်ရခဲ့ပါတယ် ..

ကမ်းခြေကို ခြေချလိုက်တာနဲ့ ဘယ်ကမ်းခြေနဲ့မှ မတူနဲ့ သဲရဲ့ နူးညံ့ခြင်း ရေရဲ့ ကြည်လဲ့ခြင်း သန့်ရှင်းခြင်းကို စတင် ခံစားခဲ့ရတယ် ..

တကယ်ပါ .. ငပလီရဲ့ သဲဟာ ကျမရောက်ဖူးသမျှ ကမ်းခြေတိုင်းရဲ့ သဲတွေထဲ အနူးညံ့ဆုံးပါပဲ .. သန့်တယ် နုတယ် .. ရေတွေဟာဆိုလည်း ပြာလဲ့ကြည်ဆင်းနေတာ .. ကမ်းမမြင်ရတဲ့ ပင်လယ်ကြီးဟာ တမျှော်တခေါ်ပေါ့ ..

----------
သံတွဲက အစ်မတွေက ငပလီလိုက်ပို့မယ်ဆိုတဲ့ မနက်မှာ စိတ်ထဲ အရမ်းကို ပျော်နေမိတယ် .. ငပလီဆိုတာ ရုပ်ရှင်ထဲသာ မြင်ဘူးတာကိုး .. နေရာအသစ်ဖြစ်သလို နိုင်ငံကျော် ကမ်းခြေကြီးလည်း ဖြစ်တယ် ..

မနက် နေနဲနဲ ထွက်စပြုတည်းက ကျမတို့ တမိသားစုလုံး ၃ဘီးဆိုင်ကယ်လေးနဲ့ သံတွဲမြို့က ထွက်ခွာလာခဲ့တယ် .. ဖေကြီးရယ် မေကြီးရယ် ကျမရယ် အဒေါ်ရယ် သံတွဲသူ အစ်မနှစ်ယောက်ရယ် .. ဆိုင်ကယ်မောင်းတဲ့ ဦးလေးကြီးရယ်ပေါ့ .. သွားတဲ့လမ်းတလျှောက် စိမ်းညို့ညို့ တော်အုပ်တွေနဲ့ စိုက်ခင်းတွေရယ် တောင်တန်းတွေရယ် .. မှတ်မှတ်ရရ အဲ့ဒီနေရာ ရောက်ရင် သိပ်အေးတဲ့ နေရာတခုရယ် .. (အဲဒီက ပန်းဂေါ်ဖီစိုက်ခင်းတွေ နေရာပါ .. စိမ့်ပြီး အေးတယ် .. တောင်အောက်မှာ ရှိတယ် .. နာမည်ပြောပေမယ့် ကျမ မေ့သွားခဲ့ပြီ .. တခြားနေရာတွေထက်ပိုအေးပါတယ်တဲ့ ..)

ရောက်ခါနီးပြီဆိုတဲ့ အချိန်မှာ ဟိုတယ်ကြီးတွေ စမြင်ရပါတယ် .. တဖြည်းဖြည်းနဲ့ ကျမတို့ တည်းမယ့် နေရာ ရွာလေးထဲက မေကြီးတို့ ရုံးတွေနဲ့ အဆက်အစပ်ရှိတဲ့ အန်တီ အပျိုကြီးရဲ့ရုံးကို ရောက်လာခဲ့ပါတယ် .. ရွာထဲဆိုတော့ ဟိုတယ်တွေ ရှိတဲ့နေရာနဲ့တော့ နဲနဲလှမ်းပါတယ် .. ဒါပေမယ့် နောက်ဖေးကနေ ဆင်းလိုက်တာနဲ့ ကမ်းခြေပါပဲ ..

အန်တီရဲ့ရုံးနဲ့ အိမ်က တ၀န်းထဲမှာပါ .. ရှေ့မှာ ရုံး နောက်နားမှာ လူနေဖို့ အိမ်ရှိပါတယ် .. အခန်းက ၃ခန်းပါ .. ၁ခန်းက အန်တီနေတာဖြစ်ပြီး ကျန်တဲ့ ၂ခန်းကို ကျမတို့ကို နေရာချပေးပါတယ် .. ရောက်တာနဲ့ ကျမကတော့ ရေထဲဆင်းဖို့ တပြင်ပြင်ပါပဲ .. ဘယ်နားကဆင်းရမှာလဲဆိုတာချည်း လိုက်မေးနေတာပါ .. :D

ဒါပေမယ့် ကျမ ကံမကောင်းဘူး .. လှိုင်းစီးချင်တာ အဲဒီချိန်မှာ လှိုင်းမရှိနေခဲ့ဘူး .. သေးသေးမှ သေးသေးလေးတွေ .. ဒါပေမယ့်လည်း ရေထဲဆင်းတယ် .. ရေးမကူးတတ်တဲ့ကျမကို အဒေါ်က ရေကူးနဲနဲသင်ပေးမယ် .. ကျမကတော့ မတတ်ပါဘူး .. မျက်လုံးဖွင့်မရ ပါးစပ်ထဲရေ၀င်တော့ ငံ .. ဒီလိုနဲ့ ပြန်သာ ပြန်သွားတယ် .. မတတ်ခဲ့ပါဘူး .. :D

တရက် ရွာထဲကနေ အစွန်နားက ရွာခံအစ်မနှစ်ယောက်ရဲ့ အသိတည်းခိုခန်းကိုသွားပြီးလည်ပါသေးတယ် .. အဲ့နေရာက ဟိုတယ်တွေနဲ့နီးလို့ ပိုစည်ပါတယ် .. ငါးနီတူလှော်သုပ်က အဲဒီမှာ အစ်မနှစ်ယောက် သုပ်ကျွေးတာပါ .. ခုပြော ခုသရေကျပါတယ် .. :D ရေထဲပြေးဆင်းလိုက် အစ်မတွေလုပ်ကျွေးတာ စားလိုက် ဇိမ်ကိုကျလို့ ..

ရေပေါ်ပြန်တက်ပြီး နားတဲ့အချိန် ကမ်းခြေလမ်းဆင်းလျှောက်ကြတယ် .. ရေသူမ အစစ်နားရောက်ပါတယ် .. အစစ်လို့ ပြောတာက အတုရှိလို့ပါ .. ဟိုတယ်တွေများတဲ့ဘက် အခြမ်းမှာ ရေသူမရုပ် အတု အသေးတခုရှိပါတယ် .. ရေသူမ အစစ်ရှိတဲ့ဘက်ကို လူတိုင်း လာလို့ မရပါဘူး .. လူကြီးတွေ တည်းခိုတတ်တဲ့နေရာမို့ပါ .. ကန့်သတ်နယ်မြေလို့ ဆိုင်းဘုတ် တင်ထားပါတယ် ..

ဒီနေရာကျ မိုးခါးကံကောင်းသွားတယ် .. လှိုင်းမစီးရပေမယ့် ကန့်သတ်နယ်မြေကို ကျော်လာတဲ့ထိ လာအော်မယ့်လူ တားမယ့်လူ မတွေ့ခဲ့ရဘူး .. ပုံမှန်ဆို အဲဒီမှာ အစောင့်ရှိပါတယ် .. တွေ့ရင် လာပြောတယ် .. ဒီလိုဆို ဆက်သွားလို့ မရတော့ဘူး .. (လူတန်းစား ခွဲခြားပုံများ .. ကိုယ့်ထဲလဲ လူကြီးပါပါတယ် .. ဖေကြီး အသက်က ၅၀ ကျော်နေပြီ .. :P)

ကျမတို့ ကန့်သတ်နေမြေ ကျော်လာသည့်တိုင်အောင် တားမြစ်ကန့်သတ်မယ့်လူ အရိပ်အရောင် မမြင်ရပါဘူး .. ဒီလိုနဲ့ သွားလာလိုက်တာ ထက်ထက်မိုးဦး စွန်လွှတ်ရင်း ကျောက်ဆောင်နဲ့ တိုက်မိလို့ ခြေထောက်ကွဲတဲ့နေရာကို ရောက်ပါလေရော .. (ရန်အောင်နဲ့ ရုပ်ရှင်လေ) အဲဒီနားက မျှော်စင်ဆိုပါတော့ အဲ့အပေါ်ကို တက်ကြတယ် .. နဲနဲတော့ ဟောင်းနေပြီ .. လူကြီး မရောက်လို့လားမသိဘူး ပြုပြင်မထားဘူး .. အဲဒီနားမှာ လေညှင်းလေး ဘာလေးခံ .. ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် ပြီးတော့ အောက်ပြန်ဆင်းလာ .. ရေသူမဆီ ချီတက်ကြတယ် .. ဒီလိုနဲ့ ရေသူမဆီရောက် ဘတ်ပုံလေး ဘာလေးရိုက် .. ပြီးတော့ အချိန်တန် အိမ်ပြန်ကြတယ် ..

ငပလီရွာလေးမှာ ကျမတို့ ၂ညလောက် အိပ်ဖြစ်ခဲ့တယ် .. ကမ်းခြေတလျှောက် မနက်အစောရော ညနေစောင်းရော လမ်းတွေလျှောက်ခဲ့တယ် .. အရမ်းအေးချမ်းပါတယ် ..

စိတ်မအေးချမ်းစရာတော့ ကြားခဲ့ရသေးတယ် .. ကမ်းခြေတလျှောက်မှာ အုန်းပင်တွေရှိတယ် .. ရွာခံတွေရဲ့ ၀မ်းစာကို တဖက်တလမ်းက ကူညီဖြည့်တင်းပေးနေတဲ့ အုန်းပင်တန်းကြီးပေါ့ .. အဲဒီချိန်မှာ ကြားရတာက အဲဒီနေရာမှာ ဟိုတယ်ဆောက်မယ်တဲ့ .. ဒီတော့ အကယ်၍ ဒီပရောဂျက်ကြီး ဖြစ်ခဲ့ရင် ရွာလေးဟာ ပိုမိုတိုးတက်လာမလား ရွာသူရွာသားတွေပဲ စားဝတ်နေရေးကျပ်တည်းမလား .. ကျမကတော့ နှမြောတာပါပဲ .. ကောင်းကျိုးအနေနဲ့ ကြည့်ရင် ရှိကောင်းရှိမယ် .. ရာနှုန်းများများက စီးပွားရေးသမားတွေအတွက်ပါပဲ .. ရွာခံတွေအတွက်ကတော့ ရာနှုန်း တော်တော်နည်းပါလိမ့်မယ် ..

သစ်ပင်တပင်ကြီးထွားရှင်သန်လာဖို့ အချိန်ဘယ်လောက်ပဲ ပေးရ ပေးရ ခုတ်လှဲလိုက်ဖို့က နာရီပိုင်းပါ .. (စလုံးမှာ သစ်ပင်တပင်ခုတ်ဖို့ ဘယ်လိုအဆင့်တွေ ဖြတ်သန်းရတယ် ဆိုတာ နောက်တော့ ရေးဖြစ်မယ် ထင်ပါတယ် .. ကိုယ့်အလုပ်နဲ့ ဆက်စပ်နေလို့ပါ) ဒါကြောင့်လည်း နှမြောတတ်လာတယ် ထင်ပါရဲ့ ..

မနက်ခင်းတွေ ညနေစောင်းတွေမှာ အချိန်ကိုက် ၀င်လာ ထွက်သွားတဲ့ နေလုံးကြီး ၂ပတ်လည်ချိန် ညနေခင်းတခုမှ ကျမတို့ ငပလီရွာလေးကနေ လာလမ်းအတိုင်း ပြန်ခဲ့ကြတယ် .. ရိုးသားဖြူစင်တဲ့ ရွာခံတွေရဲ့ ဟန်မပါတဲ့ စကားတွေက လာခဲ့ဦးနော်တဲ့ .. နေပါဦးလားတဲ့ .. ကျမ မပြန်ချင်သေးပါဘူး .. ဒီလိုပဲ ဖေကြီးတို့ မေကြီးတို့လည်း မပြန်ချင်ကြသေးဘူး .. ဒါပေမယ့် နောက်နေ့ ရုံးဖွင့်ရက်မို့ ဆက်နေလို့ မရတော့ပါဘူး .. ကျမတို့ ပြန်ခဲ့ကြတယ် ..

အပြန်လမ်းဟာ အသွားတုန်းကလောက် ပျော်ရွှင်တက်ကြွမနေတာတော့ အမှန်ပဲ .. ဒီလိုပါပဲ ဆုံစည်းခြင်း ခွဲခွာခြင်း စည်းမှာ အခိုက်အတန့်အဖြစ် အနည်းအများတော့ ခံစားကြရတာပဲလေ .. နောက်တော့လည်း နေရာတကျ ပြန်ဖြစ်ခဲ့ကြတာပါပဲ ..

သံတွဲမြို့ရဲ့ အ၀င်မှာတော့ ထောင်ဝင်းကြီးကို မြင်နေရပါတယ် .. ညနေစာကို စားကောင်းတယ်ဆိုတဲ့ ဆိုင် ၀င်စားဖြစ်ခဲ့တယ် .. ဒီလိုနဲ့ ညနေစောင်းလို့ နေ၀င်ပြန်တယ် .. ကျမတို့ မေကြီးကို ထားခဲ့ပြီး ရန်ကုန်ကို ပြန်ရမယ့်ရက်လည်း တရက်ပိုနီးသွားခဲ့တယ် ..

**သံတွဲမြို့လေးက အပေါ်ကနေမိုးကြည့်လိုက်ရင် အပေါ်ကို ပျံတက်တော့မယောင် ပုံသဏ္ဍာန်ရှိတယ်ဆိုပါတယ် .. သံတွဲမြို့ ပို့စ်မှာ ရေးဖို့ မေ့သွားလို့ .. :D**

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...