ကြာလှပေါ့
မုန်းတတ်ခဲ့တာ
ဝတ်ကျေတန်းကျေ
အလာပ သလာပ
ဝတ်ကျေတန်းကျေ
ပြုံးပြ မဲ့ကြ
ဝတ်ကျေတန်းကျေ
ငိုကြ ရီကြ
ဝတ်ကျေတန်းကျေ
ပြောကြ ဆိုကြ
အားနာမှုတွေ
ဝတ္တရားတွေနဲ့
ဒီအရေခြုံတွေ
တလွှာချင်းစီ ဆွဲခွာ ဖြတ်ထုတ်
ရင်ဘတ်ဟောင်းလောင်းနဲ့
အပေါ်ယံတွေ
အပေါ်ယံ အခွံနဲ့
ရင်ခွင်ဗလာတွေ
တစိမ့်စိမ့်ထိုင်တွေး
တစိမ့်စိမ့်ထိုင်ငေး
ရေးရေးလေးတောင် ပေါ်မလာတဲ့ အဖြေ
တခါတခါ
ကိုယ့်အတွေး ကိုယ်မေ့
လောကကြီးနဲ့ အဆက်အသွယ် ပြတ်/ဖြတ်
အကျင့်ပါပြီး ခေါင်းထဲရောက်ရောက်လာတတ်တာက
လူတွေ အခွံ ဖြစ်နေရတဲ့ အကြောင်း
ရင်ခွင် ဗလာ ဖြစ်နေရတဲ့ အကြောင်း
PS. ပေါက်ကွဲခြင်း မဟုတ်ပါ .. ခုလည်း ပေါက်ကွဲမနေပါ .. စိတ်ကူးပေါက်သလို တွေးတွေး ရေးရေးပါပဲ ..း)) ခုတလောက အလုပ်ထဲမှာ ဆိုက်ထဲ ဆင်းဆင်းနေရပါတယ် .. အသားတွေလဲ မဲကုန်ဘီး( .. လူတွေနဲ့ ဆက်ဆံတဲ့အခါ တခါတလေ စိတ်အခန့် မသင့်တာနဲ့ စိတ်ထဲ ဘ၀င်မကျတာနဲ့ ဒီလိုပဲ ဟိုလျှောက်ခြစ် ဒီလျှောက်ခြစ်လိုက်တာပါ .. ကိုယ်တိုင်လည်း လိုအပ်ရင် လိုအပ်သလို မရီပြချင်လည်း ရီပြဖြစ်ပါတယ် .. မပြောချင်တဲ့လူနဲ့လဲ ပြောဖြစ်ရပြန်ပါတယ် .. အဲလိုလုပ်ရတာ သူများတွေတော့ မသိဘူး ကိုယ့်စိတ်မှာတော့ အရမ်းကို ပင်ပန်းပါတယ် .. စိတ်မပါတဲ့ အလုပ်ကို လုပ်ရတာကိုး .. ကိုယ့်အပေါ်ကိုလည်း စိတ်ထဲကအတိုင်း မဟုတ်ပဲ စိတ်ထဲက မပါပဲ ပြုံးပြ ရယ်ပြကြတဲ့လူတွေကို သူတို့ တော်တော် ပင်ပန်းရှာမှာပဲ ဆိုပြီး သနားမိနေပါတယ် .. ဒီလောက်ပါပဲ .. ကျန်တာ သိပ် ထွေထွေ ထူးထူး မရှိပါ ..
Saturday, February 27, 2010
Wednesday, February 17, 2010
ကျမနှင့် ချစ်သော ........
- "သမီး အပျိုကြီး လုပ်မယ်ဆိုရင် တသက်လုံး ဖေကြီးက ရှာကျွေးထားမှာပေါ့" (ဆိုလိုတာက ယောကျာင်္းရရင်တော့ တာဝန်ထပ်ယူတော့မယ် မထင်နဲ့ပေါ့ .. :P)
"သမီး ဘာလုပ်ချင်လဲ .. သမီး လုပ်ချင်တာကို ဖေကြီးက ရှိသမျှ အကုန် ကုန်ချင်ကုန်ပါစေ ဖြစ်အောင် လုပ်ပေးမယ်" (ကျမ အရှုံးရမယ်ဆိုရင်တောင် ဘေးနားမှာ အမြဲတမ်း အားပေးနေမယ့် ဖေကြီးပေါ့ ..း))
"သမီးကို ဖေကြီးက ယုံပြီးသား" (ကျမ မဟုတ်တာ မလုပ်နိုင်အောင် ချုပ်တဲ့ စကားပေါ့ .. :D)
"သမီး အဆင်ပြေသလို စိတ်တိုင်းကျ လုပ်ပါ .. ဖေကြီးတို့က ရတယ် .." (လုပ်မယ့် အလုပ်တိုင်း အပေါ်ကို မစွက်ဖက်ပဲ ယုံကြည်မှုပေးတဲ့ ဖေကြီးပေါ့ ..း))
"သမီး နေကောင်းရဲ့လား .. ကျန်းမာရေး ဂရုစိုက်ပါ .. ကျန်းမာရေးက အရေးကြီးဆုံးပဲ .." (အမြဲတမ်း ဖုန်းဆက်တာနဲ့ သတိပေးနေကျ စကားတခွန်းပေါ့ ..း))
"အဆုံးစွန် .. သားသမီး အတွက်ဆိုရင် ဘာမှ မလုပ်နိုင်တော့လို့ လမ်းဘေးမှာ အထုပ်သယ်ရမယ် ဆိုရင်တောင် သားသမီးကို မသိစေရဘူး .. သားသမီးတွေ မျက်နှာငယ်ရမယ့် အဖြစ်မျိုး သူများ လက်ညှိုးထိုးခံရမယ့် အလုပ် ဘယ်တော့မှ မလုပ်ဘူး .." စသည်ဖြင့် ........
ကျမက အဖေ့သမီးတဲ့ .. ဖေကြီးက သမီးကြီးမို့ ပိုတယ် .. ယုံတယ် .. ငယ်ငယ်တည်းကပါ .. ကျမကလည်း ဖေကြီးကို အရမ်းကပ်တယ် .. ကျမအတွက် တိုင်ပင်ဖော် တိုင်ပင်ဖက် .. နွေးထွေးတဲ့ ရင်ခွင်တစုံ .. အကာအကွယ်ပေးမယ့် လက်နှစ်ဖက် .. သယ်ပိုးပေးမယ့် ပုခုံးနှစ်ဖက် .. သယ်ဆောင်သွားပေးမယ့် ခြေတစုံ .. ဖေကြီးမှာ ရှိတယ် .. အင်အားတွေ နဲပါးလာပြီ ဆိုပေမယ့်ပေါ့ .. သားသမီးအတွက် လွတ်လပ်မှုတွေ ဆုံးရှုံးတယ် .. လုပ်ပိုင်ခွင့်တွေလည်း ဆုံးရှုံးတယ် .. ဒါပေမယ့် ဒါ ငါ့သားသမီးအတွက်ဆိုတာနဲ့တင် ကျေနပ်တယ် ..
- စကားကို သိပ် ချိုချိုသာသာ မပြောတတ်ပေမယ့် စကားတွေမှာ ကျမအတွက် စေတနာတွေ ပျော်ဝင်နေတယ် ဆိုတာ သိတယ် ..စကားတွေက ပုံမှန်ပေမယ့် မေတ္တာတရားရဲ့ နွေးထွေးမှုကို ခံစားရတယ် .. စကားလုံး အလှတွေနဲ့ သိပ် တီတီ တာတာ မပြောတတ်ပေမယ့် မျက်ဝန်းတစုံမှာ ကျမအတွက် ချစ်ခြင်းတွေ ရှိနေတယ်ဆိုတာလည်း ကျမခံစားလို့ရတယ် .. သူ့မှာ ကျမကို အားပေးတတ်တဲ့ လက်တစုံ ရှိတယ် .. စိတ်ညစ်မှုတွေကို ဖြေဖျောက် ပြောဆို ပေးနိုင်တဲ့ နှုတ်ခမ်း တစုံ ရှိတယ် .. ရိုးသားစွာနဲ့ ချစ်ခင်တတ်တဲ့ စိတ် ရှိတယ် ..
တယောက်ကို တယောက် အကျိုးအမြတ်တွေ မတွက်ချက်ပဲ ချစ်တယ် .. ကျမအိပ်မက်ထဲက ပန်းရောင် အိမ်လေးမှာ သူနဲ့ကျမ အတူတူ ပန်းတွေ ပျိုးတယ် .. စိမ်းလန်းမယ့် သစ်ပင်တွေ စိုက်တယ် .. ငါးလေးတွေ မွေးတယ် .. အစာကျွေးတယ် .. သစ်သီးတွေ ခူးတယ် .. (ဘယ်လိုလဲ ကြည်နူးဖို့ ကောင်းတယ်ဟုတ် ..း)) ဆက်မက်ဦးမယ် .. အဲလို အိပ်မက် လှလှလေးတွေ .. အိပ်ရေး ပျက်ချင် ပျက်ပါစေ ..း)
- အပြန်အလှန် အားပေးကြတယ် .. အချိန်ပြည့်မဟုတ်ပေမယ့် တတ်နိုင်သလောက် .. အချိန်ကြာလေ အဖြူရောင် သံယောဇဉ်တွေနဲ့ ရင်းနှီးမှုတွေ ကူညီမှုတွေ အားပေးစကားတွေနဲ့ ကျမတို့ ရှေ့ဆက်ကြတယ် ..
သူတို့မှာ ရင်ဘတ်ချင်း နားလည်ပေးနိုင်တဲ့ ခံစားချက် တစုံစီ ရှိတယ် .. သူငယ်ချင်း (၀ါ) မောင်နှမလို့ စိတ်ထဲက သတ်မှတ်ထားမိတယ် .. လူ သိပ်များများ မဟုတ်ပါဘူး .. ၃ယောက် ၄ယောက် ၅ယောက် .. ပြောတတ်တဲ့စကားက နင် စကားတွေ ပြောချင်ရင် ငါတို့ နားထောင်ပေးချင်တယ် .. ဒါပေမယ့် ကျမ အကျင့်အတိုင်း လုံးစေ့ပတ်စေ့ မပြောဖြစ်သေးပါဘူး .. မခင်လို့ မဟုတ်ပေမယ့် ကျမ အကျင့်ကိုက ..
တယောက်ကို တယောက် ဘာတွေရှိလဲဆိုတာ မတွေးပဲ သူဘာလိုလဲ ဆိုတာမျိုး .. သူ ဘာလုပ်နေလဲဆိုတာထက် အဆင်ပြေရဲ့လား ဆိုတာမျိုး .. ဘာပေးပါဆိုတာထက် ဘာလိုအပ်လဲ ဆိုတာမျိုး .. ဒီလိုမျိုး ပြောင်းပြန် အချိုးကျ ကြတယ် .. တချို့နဲ့ တခါတလေတော့လည်း ခပ်ဝေးဝေးကနေပဲ အားပေးစကားပြောရတယ် .. ဒါပေမယ့် သေချာတာ လုံးဝ အပေါ်ယံ မဟုတ်ဘူး ..
လှတယ် .. အရောင်စုံတွေနဲ့ အစီစီ အရီရီနဲ့ ပန်းတွေက ပွင့်လို့ .. လောကကြီးက လှပါတယ် .. တခါတလေ ခံစားဖို့ မေ့နေလို့သာ ..
ဗညားက ကျမ ခင်မင်မြတ်နိုးတဲ့ သူတွေတဲ့ .. ဗညားရေ ငါနောက်ကျသွားတယ် .. ဆောရီး ဗြောတီး ဟေ့ .. :P
Thursday, February 11, 2010
ဆုံးရှုံးခြင်း မှတ်တမ်း
မထင်မှတ်တဲ့အချိန်မှာ မထင်မှတ်တဲ့ ထောင့်က ရိုက်ချက်တခုကြောင့် ယိုင်လဲသွားရမတဲ့လား ..
ရုတ်တရက် ကြားလိုက်ရတဲ့ စကားလေးတခွန်းကြောင့် သူမ မိုက်ခနဲ တချက် ဖြစ်သွားရတယ် .. "ကို့ကို သူမဆီ ပြန်သွားခွင့်ပေးပါ" တဲ့လား ..
ကျမက သူ့အပေါ် လွမ်းဆွတ်နေတဲ့ အချိန်မှာ သူကတော့ ကျမမဟုတ်တဲ့ တခြားတယောက်ကို သတိရ တမ်းတနေပါတယ်တဲ့ .. ကျမရဲ့ စိတ်ကူး အိပ်မက်တွေမှာ သူနဲ့ နှစ်ကိုယ်တူဘ၀ဆိုတာကို တွေးတောနေချိန်မှာ သူကတော့ မတည်ဆောက်လိုက်ရတဲ့ အိပ်မက်ဟောင်းတခုကို ပုံဖော်လွမ်းဆွတ်နေခဲ့တယ်ပေါ့ .. ကျမရဲ့ အတွေးမှာ သူနဲ့ နီးဖို့ ကြိုးစားရင်း နီးစပ်ခွင့်ရတော့မယ်လို့ ပျော်ရွှင်နေမိချိန်မှာ သူကတော့ ဝေးကွာသွားခဲ့တဲ့ မျှော်လင့်ချက်တစုံတခုကို ရင်ဝယ်ပိုက်လို့ အပြေးအလွှား လိုက်လံ ဖမ်းဆုတ်နေခဲ့တာပဲ ..
မတရားခဲ့ဘူး ..
ဆုံတွေ့ခဲ့တဲ့
ကံတရားတွေကစလို့
သူမကိုယ်တိုင်က ညံ့နေခဲ့တာပါ ..
နူးညံ့တဲ့ အပြုံးတခုကို ပိုင်ဆိုင်တဲ့ သူ့ကို စတွေ့တွေ့ချင်း ရင်ခုန်ခဲ့တဲ့ ကျမ အစတည်းက ရှုံးနိမ့်ခဲ့တာပါ .. ပိုဆိုးတာက သူ့အပြုံးကို ပိုင်ဆိုင်သူက ရှိနှင့်နေခဲ့ပြီ .. ဒါထက်ပိုဆိုးတာက ပိုင်ရှင်က ကျမ သူငယ်ချင်းတဲ့လေ ..
ရင်နာစရာပါပဲ
ဒဏ်ရာကို လူမသိ သူမသိကုစား
ကူကယ်ရာလည်း မရှိခဲ့ဘူး
ရေးလက်စ ဒိုင်ယာရီကို အဆုံးမသတ်ခင် မဟုတ်လည်း အဆုံးသတ်ပြီးတာနဲ့ မြင်ယောင်နေတဲ့ အပြုံးတခုကို အပြီးအပိုင် စွန့်လွှတ်လိုက်တော့မယ်ဆိုတဲ့ ခံစားချက်တခုနဲ့တင် သူမ ရင်တွေ နာကျင်နေတတ်ပြီလေ .. ဖြစ်သင့်တဲ့အရာတခုမို့ သူမ အဆုံးသတ်ဖြစ်အောင် ကြိုးစားရမယ် .. ကံတရားကိုသာ အပြစ်တင်လိုက်ပါ ..
လူမသိ သူမသိကျတဲ့
မျက်ရည်တွေအတွက်
ကိုယ်တိုင်လည်း အရှက်သည်းခဲ့ပြီ
ပိုင်ဆိုင်ခွင့်ရဖို့ မကြိုးစားပေမယ့်
လိုချင်စိတ်ရှိခဲ့တာ လူဆိုတဲ့ အတ္တကြောင့်ပါ ..
စိတ်ချပါ .. ကျမကလေ သူ့အပြုံးကို မြင်ယုံနဲ့ ကျေနပ်နေခဲ့တာတဲ့ .. တခါတလေတော့လည်း ပိုင်ဆိုင်ချင်မိတာပေါ့ကွယ် ..
မငိုပါနဲ့
တားခွင့်မရှိပေမယ့်
နှစ်သိမ့်ပေးခွင့်တော့ ရှိလိမ့်မယ် ..
ကျမ ကြိုးစားနှစ်သိမ့်ပေးမှာပေါ့ .. သူသာ လိုအပ်မယ်ဆိုရင်လေ .. သူ့မျက်ရည်တွေအတွက် စိတ်မကောင်းပေမယ့် ကျမစိတ်တွေ မဖြူစင်နေခဲ့ဘူး ..
အပြုံးတွေ ပြန်မြင်ခွင့်ရပေမယ့်
သူ့မျက်ဝန်းတွေ စိုလဲ့နေခဲ့တယ်
မသိချင်ယောင်ဆောင်နေခွင့်ပေးပါ ..
ခပ်ပြုံးပြုံးနေတတ်တဲ့ သူ့နှုတ်ခမ်းတွေ ကိုပဲ သတိထားမိတော့ သူ့မျက်ဝန်းက ၀မ်းနည်းမှုကို သတိမထားမိဘူး .. တမင် မသိချင်ယောင်ဆောင်တယ်လည်း ပြောနိုင်ပါတယ် .. ဒီလိုလည်း ကျမက အတ္တကို ရှေ့တန်းတင်တတ်ခဲ့တယ်လေ ..
အဖြေတခုက ရှေ့မှာ လှောင်ပြောင်လို့
အချိန်တချို့ကလည်း နောက်ကြောင်းပြန်လှည့်လို့
ငါကလည်း အရှုံးတွေ တပွေ့တပိုက်နဲ့ ..
ပြင်ဆင်ခွင့်ကို တောင်းဆိုခွင့်မရှိသူတယောက် အတွက် ပေးလာတဲ့ အရှုံးကိုပဲ တသက်စာ ..

Subscribe to:
Posts (Atom)