စာအုပ်ဖတ်တယ်ဆိုတာ ကိုယ့်အတွက် ရန်ကုန်မှာတော့ လုပ်ရိုးလုပ်စဉ်ပါပဲ .. အပြင်မှာ သွားငှားဖတ်ရင် ဖတ် .. အိမ်မှာတွေ့တဲ့စာအုပ် ဖတ်ရင် ဖတ် .. ဒီလိုနဲ့ စာဖတ်ခြင်းက ကိုယ့်အတွက် မစိမ်းနေပါဘူး .. ဒီရောက်ပြီးတော့ အီးဘွတ်တွေလည်း ဖတ်ဖြစ်ပါတယ် .. ဒါပေမယ့် အပျော်ဖတ်တွေက များပါတယ် .. အကြောင်း အမျိုးမျိုးပြပြီး စာ,အလေးတွေ မဖတ်မိဘူးပေါ့ .. ခုတော့ စာတွေ ပြန်လိုက်ဖတ်နေပါပြီ .. စာတွေထဲက အသိအမြင်တွေ လေးနက်လာဖို့ ကြိုးစားမိအောင် ကိုယ့်ကိုကိုယ် သတိပေးတဲ့ အနေနဲ့ပေါ့ .. ပေါ့ပေါ့လေး နေနေတယ်လို့လည်း ကိုယ့်ကိုကိုယ် သုံးသပ်မိနေပါတယ် ..
ကိုယ့်အသက် ၁၈ နှစ်လောက်က စပြီး ဆရာတော် ဦးဇောတိက စာအုပ်တွေနဲ့ ရင်းနှီးလာခဲ့ပါတယ် .. ဒါကလည်း ဘုရားစင်အောက်က ဗီဒိုကို အခွေရှာရင်း စမွှေမိတာက စတာပါပဲ ..
အရင် ဖေကြီး သင်္ဘောလိုက်တုန်းက မေကြီး ပို့ပို့ပေးထားတဲ့စာအုပ်တွေထဲမှာ ဆရာတော် ဦးဇောတိကစာအုပ်တွေ များပါတယ် .. တခါတလေ ဘာရယ်မဟုတ်ပဲ ဖတ် .. တခါတလေ စိတ်မကြည် စိတ်ညစ်နေလို့ ဖတ် .. အဲလိုနဲ့ ဆရာတော်ရဲ့ စာအုပ်တွေနဲ့ ရင်းနှီးလာခဲ့ပါတယ် .. ဆရာတော်ရေးတဲ့ အကြောင်းအရာတွေက လူ့ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ပြီး ဖတ်ရတာ လေးပင်မနေပါဘူး .. နားလည်လွယ်ပါတယ် .. တခါတလေ စိတ်မတည်ငြိမ် စိတ်အလိုမကျတွေများလာရင် ဆရာတော်စာအုပ်တွေဖတ်ရင်းနဲ့ပဲ စိတ်ထားတတ်ဖို့ ကြိုးစားခဲ့ရပါတယ် .. ဒီလိုနဲ့ လူတွေနဲ့ သဟဇာတဖြစ်လာခဲ့တယ်လို့ ကိုယ့်ကိုကိုယ် မြင်မိပါတယ် .. ပြီးတော့ မကောင်းတာ ကောင်းတာ ကောင်းကျိုး ဆိုးကျိုးတွေကိုလည်း နားလည် လက်ခံလာနိုင်ခဲ့ပါတယ် ..
လူတိုင်း စိတ်ဓါတ်ကျဘူးမှာပါ .. စိတ်ဓါတ်ကျတဲ့အခါ နည်းမျိုးစုံနဲ့ စိတ်သက်သာဖို့လည်း ကြိုးစားဘူးကြမှာပါ .. ဘယ်လိုနည်းမျိုးနဲ့ စိတ်ဓါတ်ကျတာ စိတ်ညစ်တာဟာ ပျောက်ကွယ်လျော့ပါးသွားမလဲ .. ???
ကိုယ်တိုင်လဲ စိတ်ဓါတ် ခဏခဏ ကျလို့ ခဏခဏကိုပဲ ပြန်ပြန်ကောက်တင်ရပါတယ် .. :D နည်းမျိုးစုံပေါ့ .. တခါတလေ စိတ်ထင်တိုင်း သူငယ်ချင်းတွေနဲ့ လျှောက်သွား .. တခါတလေ သီချင်းတွေနားထောင် ရုပ်ရှင်တွေကြည့် .. ဒါပေမယ့် ဒါတွေက ခဏပဲ စိတ်သက်သာသွားစေပါတယ် .. တကယ်တမ်း စိတ်ထားတတ်ဖို့ စိတ်ကိုပြင်ဖို့ကတော့ စာတွေဖတ်မှ ရပါတယ် .. အဓိက စိတ်ညစ်တဲ့အချိန် စိတ်ထွက်ပေါက်မရှိတဲ့ အချိန် ဖတ်မိတာကတော့ ဆရာတော်ကြီးတွေရဲ့ စာအုပ်တွေပဲများပါတယ် .. ခလုတ်ထိမှ အမိတ ဆိုသလိုပေါ့ .. စိတ်ညစ်တော့မှ ဘုရား တရား သတိရတတ်တာပါ .. ပျော်နေတဲ့အချိန်မှာတော့ မေ့မေ့နေတတ်ပါသေးတယ် ..
ခုရက်ပိုင်း ဖတ်ဖြစ်တာတော့ ဆရာတော် ဦးဇောတိကရဲ့ "အသက်ရှင်လျက် ဘ၀သေနေသူ" စာအုပ်ပါ .. အောက်မှာ စာမြည်း ပေးထားပါတယ် ..း) ကိုယ်တိုင်ကတော့ မီးဝေးချိတ်ဆိုသလို စာအုပ်တွေနဲ့ ဝေးရင် ပြန်ပြန်မိုက်ချင်နေပါသေးတယ် .. (ခု လိမ်မာနေတယ်လို့လည်း မဆိုလိုပါဘူး :D) တတ်နိုင်သလောက်တော့ လိမ်မာဖို့ ကြိုးစားနေပါတယ် ..း)
အသက်ရှင်နေလျက် ဘ၀သေနေသူ
အသက် မသေခင်မှာ ဘ၀သေသွားနိုင်တယ်ဆိုတာကို အရင်တုန်းက မတွေးမိဘူး။ အခု ဘုန်းကြီး သတိထားပြီး ကြည့်တဲ့အခါမှာ ဘ၀သေနေသူတွေ တော်တော်များကြတာကို တွေ့ရတယ်။ တချို့တော့ ဘ၀သေနေတယ်လို့ မဆိုနိုင်ပေမယ့် ဘ၀မကျန်းမာလို့ ထိထိရောက်ရောက် ဘာမှ မလုပ်နိုင်တာကို တွေ့ရတယ်။ ခန္ဓာကိုယ် ကျန်းမာဖို့ အရေးကြီးသလို စိတ်ကျန်းမာဖို့လည်း အရေးကြီးပါတယ်။ ဘ၀ကျန်းမာဖို့လည်း အရေးကြီးပါတယ်။ လူ့အသိုင်းအ၀ိုင်းကြီး တစ်ခုလုံး ကျန်းမာဖို့လည်း အရေးကြီးပါတယ်။ အားလုံးဟာ ဆက်စပ်နေပါတယ်။
အသက်ရှင်နေသေးသ၍ ဘ၀မသေအောင် နေနည်းကို သေသေချာချာ လေ့လာဖို့ လိုမယ်လို့ ထင်ပါတယ်။ ဘုန်းကြီးက လမ်းစပဲ ဖော်ပေးလိုက်တာပါ။ ဆက်ပြီး ကိုယ့်ဥာဏ်နဲ့ကိုယ် ကိုယ့်အတွက် အဆင်အပြေဆုံး ဖြစ်အောင် ကိုယ့်ဘ၀ကို ပုံဖော်ပါ။ ဘ၀နေနည်းဆိုတာ ပုံသေနည်း မရှိပါဘူး။ အခြေအနေတွေဟာ အမြဲပြောင်းလဲနေသလို လုပ်ပုံ ကိုင်ပုံ စဉ်းစားပုံတွေကို အမြဲပြောင်းနေရမယ်။ ဘ၀ကို ပုံသေနည်းနဲ့ နေရင် ဘ၀သေသွားမယ်။
ခံယူချက်မရှိတဲ့ဘ၀ဟာ အသက်ဝင်တဲ့ဘ၀ မဖြစ်နိုင်ဘူး။ ခံယူချက်မရှိရင် ဘ၀မရှိဘူး။ ခံယူချက် မခိုင်မာရင် ဘ၀မခိုင်မာဘူး။ ခံယူချက် မရေရာရင် ဘ၀ မရေရာဘူး။ ကိုယ့်ခံယူချက် မရေရာရင် ကိုယ့်ကိုယ်ကိုကိုယ် ဘယ်လိုလူလို့ ပြောမလဲ။ ပြောစရာမရှိဘူး။ ငါ ဘယ်လိုလူလဲ။ ငါ ဘယ်လိုလူဖြစ်ချင်သလဲ ဆိုတဲ့ မေးခွန်းဟာ ဘ၀ကို ပီပီပြင်ပြင် အသက်ဝင်အောင် နေချင်တဲ့သူတိုင်း အမြဲမေးနေရမယ့် မေးခွန်း ဖြစ်တယ်။
ကိုယ်လုပ်တဲ့အလုပ်ဟာ အကျိုးရှိရဲ့လားလို့ မမေးတဲ့သူဟာ သူ့ဘ၀ကို အဓိပ္ပါယ်ရှိအောင် နေလို့ ရနိုင်မလား။ တိရစ္ဆာန်တွေဟာ အကျိုးရှိရဲ့လားလို့ မေးနိုင်တဲ့ ဥာဏ် မရှိဘူး။ လူသာလျှင် အကျိုးရှိရဲ့လားလို့ မေးနိုင်တယ်။ ဒါဟာ လူရဲ့ ထူးခြားမှုတစ်ခုဖြစ်ပါတယ်။ အဆင့်မြင်တဲ့ဘ၀ကို တကယ်နေချင်ရင် ငါလုပ်တဲ့အလုပ်ဟာ ဘာအဓိပ္ပါယ်ရှိသလဲ၊ အကျိုးရှိရဲ့လား၊ ဘယ်လောက် အကျိုးရှိသလဲ ဆိုတဲ့ မေးခွန်းတွေကို မေးရမယ်။
လူဟာ တော်တော်ကို မေ့တတ်ပါတယ်။ သိပြီးသားပေမယ့် မေ့နေတတ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုကိုယ် မကြာခဏ သတိပေးရမယ်။ ဒီလို သတိပေးဖို့ပဲ စာကောင်း ပေကောင်းတွေကို ဖတ်ရတယ်။ ဘုန်းကြီးလည်း မနက်တိုင်း စာကောင်း တခုခုကို ဖတ်တယ်။ ကောင်းတဲ့ အတွေး ကောင်းတဲ့ သဘောထား ကောင်းတဲ့ စိတ်ကူးနဲ့ တနေ့တာကို စ,ဖို့ လိုတယ်။
ပညာသင်တာ ဘ၀ကို အကောင်းဆု့းနေနည်းကို ရှာတာ။ ဘွဲ့ လက်မှတ်တခု အောင်လက်မှတ်တခု ရဖို့လောက် ရည်ရွယ်ချက်နဲ့ ပညာသင်တာဟာ အင်မတန် အဆင့်နိမ့်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ စားဝတ်နေရေး အဆင်ပြေဖို့၊ ပေါင်းသင်း ဆက်ဆံရေး အဆင်ပြေဖို့၊ စိတ်ကျန်းမာရေး ကောင်းဖို့၊ ခန္ဓာကိုယ်ကျန်းမာရေး ကောင်းဖို့၊ ကိုယ့်ရဲ့ အကောင်းဆုံး အရည်အချင်းတွေကို အဆင့်မြင့်ဆုံးရောက်အောင် လုပ်ဖို့၊ ဘ၀ရဲ့ လေးနက်တဲ့ အဓိပ္ပါယ်ကို ရှာဖို့၊ အကောင်းအဆိုး အမှားအမှန်ကို ကိုယ့်ဥာဏ်နဲ့ကိုယ် ပိုင်းခြားပြီး သိနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေ အားလုံး ပါရမယ်။
ကိုယ့်ဘ၀မှာ အဆင်ပြေအောင် နေချင်တဲ့သူအတွက် သိရမယ့် အချက်တွေဟာ သိပ်မများပါဘူး။ နားလည်ဖို့လည်း မခက်ပါဘူး။ လုပ်ဖို့ပဲ လိုပါတယ်။ မလုပ်နိုင်သေးဘူးဆိုရင် ဘာဖြစ်လို့ မလုပ်နိုင်တာလဲဆိုတာကို ကိုယ့်ကိုယ်ကိုကိုယ် မေးပါ။ မေးပြီးရင် ရိုးရိုးသားသားဖြေပါ။
လူအထင်ကြိးတာ ခံရဖို့ ပစ္စည်းဥစ္စာ ချမ်းသာဖို့လောက် ရည်ရွယ်ချက်နဲ့ အပေါ်ယံလေး ရှပ်ပြီးတော့ ဘ၀ကို နေသွားရင် တနေ့မှာ ဘ၀ အဓိပ္ပါယ်မဲ့ပြီး စိတ်ဓါတ်ကျတဲ့ စိတ်ရောဂါကို ခံစားရလိမ့်မယ်။ ဘ၀မှာ သူ့သဘာဝ သူ့နိယာမဆိုတာ ရှိပါတယ်။ မြင့်မြတ်တဲ့ စိတ်ထားနဲ့ မြင့်မြတ်တဲ့ အသိဥာဏ်ကို မရရင် တကယ် ကျေနပ်စရာကောင်းတဲ့ ဘ၀ကို ရမှာ မဟုတ်ပါဘူး။
အသက်ဝင်နေတဲ့၊ ဘ၀ အဓိပ္ပါယ်ရှိတဲ့ ဘ၀၊ ပြည့်စုံတဲ့ ဘ၀ကို ရအောင် လုပ်နိုင်တဲ့သူ ဖြစ်ပါစေ။
ဆရာတော် ဦးဇောတိက (မဟာမြိုင် တောရ)
အသက်ရှင်နေလျက် ဘ၀သေနေသူ စာအုပ်မှ ဒါနပြုပါသည်။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ ..
