သိပ်မကြာခင် ကာလတခုမှာ ရန်ကုန်ကို အလည်ခဏ ပြန်ခဲ့ပါတယ် .. ရန်ကုန်မြေက ကိုယ်နဲ့ စိမ်းမသွားသလို မိသားစု ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကလည်း နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ပါတယ် .. အချိန် သိပ်နည်းလွန်းပေမယ့် ပျော်ရွှင်ခဲ့ရတာပါပဲ .. အချိန်လုပြီး သွားလာနေရင်းက ရယ်မောနေခဲ့ရပါတယ် .. အဲ .. မရီနိုင်တဲ့ အချိန် မပျော်နိုင်တဲ့ အချိန်ကတော့ လေဆိပ်ရဲ့ အ၀င်နဲ့ အထွက် အချိန်လေးပါပဲ ..
လူတိုင်း ကြုံရမှာပါ .. ရန်ကုန်လေဆိပ်က ၀န်ထမ်းတွေရဲ့ ကြိုဆိုပုံ ..
ဒီတခေါက် ရန်ကုန် ခဏပြန်ရတာ ခဏဆို ဆိုသလောက် အတော် စိတ်ကသိကအောက်ဖြစ်ရတဲ့ အဖြစ်တွေ ကြုံရပါတယ် ..
ရန်ကုန်လေဆိပ်ကိုရောက်ပြီဆိုရင်ပဲ ကိုယ့်ကို လာကြိုနေမယ့် အဖေ အမေနဲ့ သူငယ်ချင်းတွေရဲ့ ပုံရိပ်ကို ကာဆီးထားတဲ့ မှန်တွေကြားက လိုက်ရှာဖြစ်ပါတယ် .. ဟော တွေ့ပါပြီ .. ပျော်ရွှင်စွာနဲ့ လက်ပြနှုတ်ဆက်နေတဲ့ အဖေနဲ့ အမေ .. ကိုယ့်စိတ်ကလည်း အမြန်ဆုံးသာ အပြင်ကို ထွက်ချင်နေတော့တာပေါ့ .. ကိုယ့် ပတ်စ်ပို့ထဲမှာလည်း ၁၀တန်လေးက ငြိမ်ငြိမ်သက်သက်နဲ့ ပါလာလေရဲ့ ..
စပြီး တန်းစီပါပြီ .. လ၀က ကို ဖြတ်ဖို့ပေါ့ .. စစ်ဆေးမယ့် လူကြီးရဲ့ အခြေအနေကို ကြည့်လိုက်တာ သိပ်တော့ အခြေအနေ မဟန်ဘူးလို့ ထင်လိုက်ပါတယ် .. မျက်နှာကို တွေ့မိရုံနဲ့ ပါဝါပြမယ့်ပုံ ပေါက်နေလို့ပါ .. ဒါပေမယ့် မတတ်နိုင်ဘူးလေ .. ဒီနေရာကို ဖြတ်မှသာ ကိုယ်လိုရာကို ရောက်မှာကိုး .. တန်းစီနေရင်း နောက် ဂိတ်ပေါက်တခုပါ ထပ်ဖွင့်ပြီး ဒီဘက် လာကြ ဒီဘက် လာကြဆိုတော့ ကိုယ်လည်း အပြေးလေး သွားတန်းစီလိုက်ပါတယ် .. ကိုယ့်ရှေ့မှာ လူက ၃ယောက်လောက်ရှိပါတယ် .. ဒီလိုနဲ့ စိတ်ကို ရှည်ရှည်ထားရင်း တရွေ့ရွေ့ ကိုယ်က ထိပ်ဆုံးရောက်သွားပါတယ် .. ရှေ့က လူ ပြီးတော့ ကိုယ့်အလှည့်ထင်ပြီး သွားမယ်အလုပ်မှာ ခဏနေဦး ..
စပယ်ရှယ် ရှိတယ် တဲ့ ..
စပယ်ရှယ် ၃ယောက် ရှေ့ထွက်လာပါ တဲ့ .. ဟော ကိုယ့်နောက်က လူ သုံးယောက်က ရှေ့တက်သွားပါလေရော .. အင်း .. ဒါလည်း အတွေ့အကြုံတမျိုး ယူတတ်ရင် ပညာရပါတယ် .. :P
ကဲ တကယ်ပဲ ကိုယ့်အလှည့် ရောက်လာပါပြီ .. စာရွက်တွေပြ လိုတာတွေပေးပြီး အခွန်စာရွက် ဆောင်ထားတာကို မေ့ခဲ့ပါတယ် .. ယူဖို့ လုံးဝကို သတိမရတာပါ .. :D .. ဒါပေမယ့် ငွေမျက်နှာ တယ်ကြီးသကိုး .. ရှေ့လူတွေလောက်တော့ အဟောက်မခံလိုက်ရပါဘူး .. ဒါပေမယ့် ဒီဖောင်း လုပ်ဖို့မှာ ထပ်တစ်ပြန်ပါတယ် .. တပတ်အတွင်း အ၀င်အထွက်လုပ်ရင် ဒီဖောင်းမလို လို့ ဒီမှာ ကြားခဲ့တော့ မေးလိုက်မိပါတယ် .. သေချာအောင် .. အဲဒီမှာ တခါ လက်ချာ ထပ်ရိုက်ခံရတယ်ပေါ့ .. ဒီက လူတွေ အမှတ် မှားနေပါတယ်တဲ့ .. ၁ရက်ပဲ ကိုယ့်မြေကို နင်းနင်း ၂ရက်ပဲ နင်းနင်း ဒီဖောင်းလိုပါသတဲ့ .. ပြီးတော့ လိပ်စာကဒ်တကဒ် ထုတ်ပေးပါတယ် .. အဲဒီမှာ သွားလုပ်ပါတဲ့ .. ဒါ အတတ်နိုင်ဆုံးကူညီလိုက်တာပါတဲ့ .. ကျေးဇူးတင်ဖို့ ကောင်းပါတယ် .. :P .. ဒီလိုနဲ့ ယူစရာရှိတာ ယူပြီး အိတ်တွေရွေးဖို့နေရာကို သွားပါတယ် .. ပစ္စည်းတင်ဖို့ လှည်းရှာတာ မတွေ့ပါ .. ဒီလိုနဲ့ အထုပ်တွေအရင် ဆွဲချလိုက်ပါတယ် .. ပြီးတော့ လှည်းရှာပုံတော် ထွက်ပါတယ် .. ဘုရားစူး မတွေ့ပါ .. တယောက်ယောက်မေးဖို့ လိုက်ရှာတော့ ယူနီဖောင်းနဲ့ ခန့်ခန့်ကြီးရပ်နေတဲ့လူ တွေ့ပါတယ် .. သွားမေးပါတယ် .. ပြန်ပြောတာကတော့ ..
လှည်းလား .. အင်း .. ကုန်ပြီထင်တယ် အစ်မ .. တဲ့ .. တော်တော် အံ့သြစရာကြီးပေါ့ .. လေယာဉ်ကွင်းမှာ ပစ္စည်းသယ်တဲ့ လှည်း ကုန်သွားသတဲ့ .. ဒီလို ခေတ်မှီ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံတကာ အဆင့်မှီ လေဆိပ်ကြီးပါ ..း)
အထက်ပါ အဖြစ်အပျက်ကတော့ ရန်ကုန်လေဆိပ်ကြီး ၀န်ထမ်းတွေ နွေးထွေးစွာ ကြိုဆိုလိုက်ပုံပါပဲ ..
ခု ဆက်မှာကတော့ ရန်ကုန်မြို့ပြကြီး အကြောင်းပါ ..
ချိုင့်တွေ ခွက်တွေ ပေါများတဲ့ လမ်းမတွေ .. ပင်ပန်းနွမ်းနယ်စွာနဲ့ သွားလာ လှုပ်ရှားနေတဲ့ မြို့ပြ လူထု .. မြို့နယ်တိုင်းမှာ ဆိုင်းဘုတ်တွေပေါ် နေရာယူနေကြတဲ့ မဲပေးခံ ပုဂ္ဂိုလ်များရဲ့ ပုံများ .. အဲ မီးတော့ လာနေတယ် .. :D .. မိုးမရွာပါ .. ကြေးအိုးတစ်ပွဲ ၃၀၀၀ လောက် ဖြစ်နေပြီလို့လည်း သူငယ်ချင်းတွေ ပြောကြတယ် .. တချို့နေရာတွေပါ (မသောက်ဖြစ်ခဲ့ပါ) .. သြော် ရောက်တဲ့ အချိန် အင်တာနက် သုံးမရပါ .. ရွှေတိဂုံဘုရားကြီးပေါ်မှာတော့ လူတွေ စည်ကားနေတာပါပဲ .. မဲဆွယ်တယ်ဆိုပြီး စာရွက်တရွက် အိမ်ပေါ်ရောက်လာတယ် .. ဒါနဲ့ ဖေကြီးကို မေးလိုက်မိတယ် .. ဒီလူကြီးက ဘာတွေလုပ်လို့ ထောက်ခံမဲပေးရမှာလဲလို့ .. ဖေကြီးက ပြန်ဖြေပါတယ် .. သူလည်း မသိဘူးတဲ့ .. တအိမ်လုံးက လူတွေလည်း သိတဲ့ ပုံ မပေါ်သလို စိတ်ဝင်စားသူလည်း အတော်နည်းပါတယ် .. ဆိုင်ရာ လူတွေက လွဲရင်ပေါ့ .. အင်းး .. စိတ်မကောင်း ဖြစ်မိတာက လူတွေရဲ့ ညှိုးငယ်တဲ့ မျက်နှာနဲ့ မွဲခြောက်ခြောက် ကိုယ်ရောင်ကိုယ်ဝါတွေပါပဲ .. ဒါကြောင့်လည်း နားလည်လာတယ် .. အူမတောင့်မှ သီလစောင့်နိုင်လိမ့်မပေါ့ ..
ကဲ တတိယပိုင်း လာပါပြီ .. အပြန်ခရီး လေဆိပ် အတွေ့အကြုံပေါ့ ..
ရန်ကုန်လေဆိပ်ကြီးကို ရောက်တာနဲ့ အ၀င်ဝရောက်တာနဲ့ တယောက်က အနားလာလိုက် ..
အစ်မ စင်ကာပူလား .. ၀န်ဆောင်ဖို့ ငှားဦးမလားနဲ့ လာပါတော့တယ် .. ကိုယ်လည်း စိတ်ပေါက်ပေါက်နဲ့ မလိုပါလို့ ပြောလိုက်ပါတယ် .. ဒါပေမယ့်လည်း ရေစက်က ဆုံလာလေတော့ မဗိုက် တယောက်နဲ့ ဆုံပါလေရော .. ကဲ ရှိစေတော့ .. အိမ်ကလည်း လုပ်လိုက်ပါတဲ့ .. မလိုပဲ ကြာနေမှာတွေ မဖြစ်စေချင်လို့ပါ .. အဲ့အစ်မက ဖြည့်စရာစာရွက်ဖြည့်ပေး ဟိုဟာပြော ဒီဟာပြောနဲ့ ကီလိုချိန်တဲ့ဆီရောက်ပါတယ် .. ချိန်ပါတယ် .. ပိုပါတယ် .. ဒါပေမယ့် လျှော်ပါတယ် .. ဒီလိုနဲ့ အပေါ်ထပ်တက်လာပါတယ် .. မမြင်ချင်တဲ့ မျက်နှာတွေ ထပ်မြင်ရပြန်ပါတယ် .. အတော် အကုသိုလ်များပါတယ် .. ဒီလိုနဲ့ တန်းစီပါတယ် .. ကိုယ့်မှာ ဒီဖောင်း မပါပါ .. အင်တာနက်ကျနေတော့ ဒီဖောင်းလည်း လုပ်မရပါ .. ဒါပေမယ့် အ၀င်မှာ သူတို့ ပေးလိုက်တဲ့ ဆိုင်က ချလံ ပါပါတယ် .. မဗိုက်ကလည်း အရင်ဝင်ကြည့်ပေါ့တဲ့ .. မရမှ လူကြီးနဲ့ တွေ့ပါတယ်တဲ့ .. ယုံစားမိတဲ့သူ အမှားပါ .. တကယ်ဆို တတန်းကြီး စီပြီးမှ အစပြန်ရောက်ရတာ အတော် စိတ်လေဖို့ ကောင်းတဲ့ ကိစ္စပါ ..
ကဲ တွေ့ပါပြီ .. လ၀က က အရာရှိကြီးနဲ့ .. ဘယ်မလဲ ဒီဖောင်းတဲ့ .. အမ် .. အင်တာနက် မရဘူးလေ .. သူတို့ ပြောတဲ့ဆိုင်ကို သွားတယ်လေ .. (ပုံမှန် ၃၀၀၀ ကို ၅၀၀၀ ပေးလုပ်ခဲ့ရတာနော်) .. မရပါတဲ့ လူကြီးနဲ့ တွေ့ပါတဲ့ .. လက်မှတ် မပါလို့ လို့ ပြောပါတယ် .. ဘာတတ်နိုင်မလဲ လေ .. ကိုယ်က သွားပတ်သက်မိအောင် နေတာကိုး .. လူကြီးအခန်းကို သွားပါတယ် .. လူကြီး မရှိပါဘူး .. လူလေးတွေပဲ ရှိပါတယ် .. စောင့်ရပါတယ် .. မလာမချင်းပေါ့ .. ကိုယ့်လိုပဲ ဒုက္ခသယ်တွေ တဖွဲဖွဲ ရောက်လာပါတယ် .. အကိုကြီး တယောက်ဆို ကိုယ့်ရှေ့ လေယာဉ်နဲ့ လိုက်ဖို့ပါ .. လူကြီး မရှိတော့ စောင့်နေရပါတယ် .. တော်တော်နဲ့လည်း မလာပါ .. အဲအကိုကြီးက စိတ်ပူလို့ ပြောတော့ မပူနဲ့တဲ့ .. လေယာဉ်က သူတို့ ခွင့်ပြုမှ ထွက်လို့ရတာတဲ့ .. သြော .. တော်တော်ပါဝါ မြင့်ကြတာပဲ .. ဒါကြောင့်မို့ ဒီလို ဒီလို ဒီလိုနိုင်တာပေါ့နော် .. :P
ဒီလိုနဲ့ လူကြီးလာပါပြီ .. ကိုယ့်နောက်မှ လာပေမယ့် ကိုယ့်ရှေ့လေယာဉ်နဲ့လိုက်မယ့် အကိုကြီးကို ဦးစားပေးလိုက်ပါတယ် .. သူ့ပြဿနာက ပတ်စ်ပို့ သက်တမ်း ၆လ မကျန်လို့တဲ့ .. ဒီဖောင်း ပါပါတယ် .. ဒါပေမယ့် ထွက်ခွင့်မပေးဘူးဆိုပြီး ဖြစ်နေတာပါ .. အခွန်ဆောင်တဲ့ စာရွက်တောင်းပါတယ် .. မဆောင်ရသေးဘူးပေါ့ .. ဟုတ်တယ်လေ သက်တမ်းပဲ တိုးရခါနီးပြီ မဆောင်ပဲလဲ နေလို့မရတာ လူတိုင်း သိတဲ့ ကိစ္စ .. ဟင်းး .. ခက်နေပါပြီ .. ဘာညာ ဘာညာနဲ့ ပွားပြီး လက်မှတ်ထိုးပေးလိုက်ပါတယ် ..
ကိုယ့် အလှည့် .. ဘာဖြစ်သလဲဆိုတော့ ကိုယ့်မှာ ဒီဖောင်းမပါတဲ့ ကိစ္စ .. ချလံပါတယ် .. မရဘူးတဲ့ .. အဲ့ဆိုင်က ဖုန်းဆက်ထားမယ်ပြောတယ် ဆိုတော့ မဆက်ဘူးလေတဲ့ .. ဒီတော့ ကိုယ့်ဘက်က ပျက်ကွက်တာမို့ နောက်နေ့မှ ပြန်ပေါ့တဲ့ .. လုပ်ပုံ လုပ်ပုံ .. နောက်ဆုံးတော့လည်း သြ၀ါဒ ခံ .. ပါဝါပြတာ ခံပြီး .. လက်မှတ်ကလေးတခု ရလာပါတယ် .. ကိုယ်လည်း ၀တ်ကျေတန်းကျေ ကျေးဇူးတင်ပါတယ်ပြောမိတော့ .. အိတ်ပါလားတဲ့ .. အမ် .. အိတ်ပါတယ် ဆိုတော့ အဲဒီအိတ်ထဲ ကျေးဇူးတွေ ထည့်ပေးလိုက်မလို့တဲ့ .. များနေတယ်ဆိုပဲ .. အေးလေ သူတို့လိုချင်တဲ့ အဲ့ကျေးဇူးတွေမှ မဟုတ်ပဲ .. အသုံးတည့်တဲ့ ရေပဲ လိုချင်တာ ဟတ်လား .. နောက်ဆုံးတော့ မချိသွားဖြဲနဲ့ အောင်မြင်စွာ ထွက်ခွာလာခဲ့ပါတော့လေသတည်း ပေါ့ ..
ယူတတ်ရင် ပညာရပါတယ် .. သတိထားမိရင် ကိုယ့်ရဲ့ လိုအပ်ချက်တွေ သိလာတယ်ပေါ့ .. နောက်တခါ မနေနိုင်ပဲ ထပ်ပြန်ရင် နည်းယူရတာပေါ့လေ .. ဒီစာကို ဖတ်မိတဲ့ မသိသေးတဲ့ သတိမေ့နေသူတွေကိုလည်း သတိပေးချင်ပါတယ် ..
ရန်ကုန်ပြန်မယ်ဆိုရင် -
- အခွန်ကို အပ်ဒိတ် ဖြစ်အောင် မဆောင်ထားရင် ၁၀ တန်လေးတွေ ပါပါစေ ..။ (အ၀င်ရော အထွက်ရော)
- မျက်နှာထားကို ပြုံးထားပါ ..။ သူတို့က ဓါတ်ပုံလည်း ရိုက်သေးတယ်လေ ..။
- သယ်စရာ လှည်း မရှိရင် အလွယ်သယ်နိုင်တဲ့ အိတ်မျိုး ဖြစ်ပါစေ ..။
- ရန်ကုန်မြေမှာ ၁ရက် နေနေ ၁နာရီ နေနေ ၀င်ပြီး ပြန်ထွက်ချင်တယ်ဆိုရင်တော့ ဒီဖောင်း ပါရပါမယ် ..။
- ပတ်စ်ပို့ သက်တမ်းဟာ အနည်းဆုံး ၆လ ရှိရပါမယ် ..။
- လေဆိပ်အထွက် ၀င်ဆောင်ခကတော့ ၁ယောက်ကို ၂၀၀၀ စီ ဖြစ်ပါတယ် ..။ လိုက်သယ်ပေးတဲ့လူက ၂၀၀၀ ကဒ်မှာ လိုတာ ဖြည့်ပေးတဲ့ သူအတွက် ၂၀၀၀ ..။ ကီလိုချိန်ပေးသူအတွက် ၂၀၀၀ ဖြစ်ပါတယ် ..။
- အကယ်၍များပေါ့ .. ကိုယ့်မှာ ဒီဖောင်း မပါဘူး ချလံပဲပါတယ်ဆို အချိန်မကုန်ရအောင် လူကြီးခန်းထဲ အလိုက်တသိဝင်ပြီး သြ၀ါဒ ခံလိုက်ပါ ..။
ဆန္ဒလေးပေါ့လေ .. ပြည်သူ့ဝန်ထမ်းမဟုတ်တဲ့ အစိုးရ၀န်ထမ်းတွေ .. မျက်နှာထားလေး ပြင်ပြီး ငါနဲ့ ဆက်ဆံလိုက်တဲ့လူတွေ စိတ်ချမ်းသာ အဆင်ပြေပါစေတော့ဆိုတဲ့ စေတနာလေး ရှိလာရင် တော်တော်ကောင်းမှာပဲ .. နှစ်ဦးနှစ်ဖက် အဆင်ပြေ စိတ်ချမ်းသာရတာပေါ့ ..
ကိုယ့်လိုပဲ ကြုံဘူးကြတဲ့လူတွေ ရှိမှာပါ .. ခုရေးထားတဲ့စာကို ပြန်ဖတ်မိတော့လည်း ဒေါသတွေ ပါနေပါတယ် .. တကယ်လည်း ကိုယ့် မြေ ကိုယ့် ရေ ကို ပြန်ဖို့ အရေး အတော့်ကို စိတ်လေပြီး စိတ်ပျက်လာရပါတယ် .. ဒါပေမယ့်လည်း .. ဒါပေမယ့်လည်း ပေါ့လေ ..
မှတ်ချက် = ပေါက်ကွဲတယ်ပဲ ဆိုချင်ဆို :P