Thursday, April 13, 2023

ကျေးဇူးတင်တဲ့စိတ်

 ဒီနေ့ ငယ်တုန်းက ကိုယ့်ကို ထိန်းပေးခဲ့တဲ့ အဒေါ် အမေ့ ညီမက ကိုယ့်ကိုလာပြီး ကိုယ့်အဖေအမေက စလို့ ကိုယ့်ကိုပါ ကျေးဇူးတင် အမှတ်ရနေကြောင်း လာပြောတယ် .. အဲဒီ အချိန်မှာ ခံစားလိုက်ရတာက ရင်ထဲ နွေးသွားတဲ့ ခံစားမှုပဲ .. ကိုယ်ကလဲ တပြန် ငယ်တုန်းက ထိန်းကျောင်းပေးခဲ့ ချစ်ခင်ပေးခဲ့တာတွေ အတွက် ကျေးဇူးသိပ်တင်ကြောင်းနဲ့ အဖေနဲ့ အမေ ကိုဗစ် ဒဏ်ခံရတုန်းက အဒေါ် နဲ့ ညီအစ်မတွေ မိသားစုက ကြည့်ရှု စောင့်ရှောက်ကူညီပေးခဲ့တာတွေကို အမြဲ သတိရ ကျေးဇူးတင်နေကြောင်း အပြန်အလှန် ပြော ဖြစ်ကြတယ် .. သိပ်ကို ကြည်နူးကျေနပ် စရာကောင်းတဲ့ ခံစားချက်ပဲ .. မြန်မာနှစ်သစ်ကူးမှာ ကြည်နူးစရာတွေနဲ့ ကြိုဆိုလိုက်ပါတယ် .. 

အဲဒီကနေ ဆက်စပ်တွေးမိတာက ကျေးဇူးတင်စိတ်နဲ့နေရတာ ကောင်းလိုက်တာပေါ့ .. ကျေးဇူးတရားတွေကို တစိမ့်စိမ့် တွေးရင် ကြည်နူးလာရတာ .. 

တကယ်တမ်းစဥ်းစားကြည့်တော့လဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စရာတွေများလိုက်တာ .. အနီးအဝေးလူပုဂ္ဂိုလ်တွေ မိသားစု, ဆွေမျိုးသားချင်းတွေ, သူငယ်ချင်း မိတ်ဆွေတွေ, ဆရာတွေ ဒါတွေက ကိုယ်နဲ့ လူချင်း ပေါင်းသင်းဆက်ဆံကြပြီး ကျေးဇူးတင်ရတာ .. ခုဆို အွန်လိုင်းကနေ သင်ဆရာ မြင်ဆရာတွေ ပါရှိလာပါရော .. အဲလို ကမ္ဘာကို ကွန်ပျူတာကနေ ပတ်ပြီး သင်တန်းတွေ သင်ခွင့်ရတာ, ဘွဲ့ ဒီဂရီတွေ ယူခွင့်ရတဲ့ အခြေအနေကလဲ ကျေးဇူးတင်စရာ .. အဲလို လွယ်လွယ်လေး သင်ခွင့်ရဖို့ ပစ္စည်းတွေ application တွေ ရှိနေတာ တီထွင်ပေးကြ ထုတ်လုပ်ပေးကြသူတွေကလဲ ကျေးဇူးတင်စရာ .. အဲဒီ ပစ္စည်းတွေနဲ့ပဲ ကမ္ဘာအနှံ့ရောက်နေတဲ့ ချစ်ခင်ရသူတွေဆို ဆက်သွယ်ခွင့် မြင်တွေ့ခွင့်ရတာလဲ ကျေးဇူးတင်စရာ ..‌ ခွေးလေး ကြောင်လေးတွေက အစ သစ်ပင်တွေအပါ သဘာဝ လောကကြီးကိုလဲ ကိုယ့်စိတ်ငြိမ်းချမ်းရာတွေ ခံစားမိစေလို့ ကျေးဇူးတင်ရပြန်တာ ..

မိဘတွေ မောင်နှမ သားချင်းတွေ ကျန်းမာနေတာ .. သူငယ်ချင်း မိတ်ဆွေ ကောင်းတွေ ရှိနေတာ .. ချစ်ရတဲ့ မိသားစုနဲ့ အတူရှိနေခွင့်ရတာ .. ကိုယ့် အပေါ် ချစ်ခင်ကြသူတွေ ပေါများတာ .. အိုး .. အသက်ရှုတိုင်း ကျေးဇူးတင်စရာတွေ ပြည့်နေတာပဲ .. အထူးသဖြင့် ကျေးဇူးတင်တတ်တဲ့စိတ်ကို ထားတတ်အောင် သင်ကြားပေးတဲ့ ဆရာတွေကိုလဲ သိပ်ကျေးဇူးတင်ရတာပါပဲ .. ကျေးဇူးဆိုတာ စိတ်ထဲ ဒီတိုင်း တင်နေရတာထက် ကာယကံရှင် ကို ကိုယ်တိုင် ဖွင့်ဟ ကျေးဇူးတင်ရတာ ၂ဦး၂ဖက်လုံးအတွက် အင်အားတွေ ပေးစေလို့ ထုတ်ဖော် ကျေးဇူးတင်ကြပါလို့ ဒီပို့စ်လေးနဲ့ တိုက်တွန်းချင်ပါတယ်ရှင် .. ကိုယ်လဲ ခုထက်ပိုပြီး ကျေးဇူးတရားတွေ ဆင်ခြင်ရင်း ထုတ်ဖော် ပြောသွားမယ်လို့ ဆုံးဖြတ်ထားပါတယ် .. 

နှစ်သစ်မှာ ကျေးဇူးတရားနဲ့ နားလည်မှုတွေ ပိုမိုထားရှိနိုင်ကြပါစေ .. 

No comments:

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...