ဒီက ကားတွေပေါ် ရထားတွေပေါ်မှာ အစားစားခွင့် ရေသောက်ခွင့် မရှိ .. သို့ပေမယ့် တခါတရံ ပုန်းပုန်းဝှက်ဝှက် ပေါ်ပေါ်တင်တင် စားသောက်နေသူများကိုလည်း မြင်တွေ့ရလေ့ရှိသည် .. ကျမဘေးနားက အန်တီကြီးကတော့ သူပုံမှန်စားနေသလိုပဲ သစ်သီးကို တဂွက်ဂွက် ၀ါးစားနေသည် ..
စစချင်းကတော့ နေရာလွတ်တွေ အများကြီးရှိနေပါရက်နဲ့ ကျမဘေးနားလာထိုင်သဖြင့် စိတ်ထဲ အင်တင်တင် ဖြစ်သွားမိသည် .. ကျမက ကိုယ့်အတွေးနဲ့ ကိုယ်ကိုး .. ဒီကြားထဲ အိတ်ထဲနှိုက်ရင်း ကျမကို တိုးလားထိုးလားဖြစ်တော့ စိတ်ထဲ သိပ်မကြည်ချင်တော့ .. မျက်လုံးထောင့်က မြင်ရတာတော့ ဆံပင်တွေ တခေါင်းလုံးဖြူဖွေးနေလျက် အဖွားအိုတဦး .. ကျမ စိတ်မှန်း အသက်အားဖြင့် ၅၀ ၆၀ ပေါ့ .. အိတ်ထဲမှ သစ်သီးတလုံးထုတ်ပြီး တဂျွတ်ဂျွတ် အသံမြည်အောင်ပါ စားလာတော့ ကျမစိတ်ထဲ အနှောင့်ယှက်ဖြစ်မိတာ ၀န်ခံရမည် .. ဒါပေမယ့် မတတ်နိုင် ကိုယ်က ဒေါင့်ရောက်နေသည်ကိုး ..
ကျမက ဇီဇာကြောင်တယ် .. တယောက်ယောက်က နင် သိပ်ဇီဇာကြောင်တယ် ပြောလာရင် ကျမ နာလေ့မရှိ .. လက်ခံမိသည် .. အဟုတ်ပင် ကျမ ဇီဇာ တော်တော် ကြောင်ပါသည် ..
ဒီက တချို့တရုတ်တွေ စကားပြောလျှင် သွားကြားမှ တံတွေးတွေ ထွက်လာတော့မတတ် ပြောလေ့ရှိသူမျိုးနှင့် စကားပြောရလျှင် ကျမ စိတ်အနှောင့်အယှက် ဖြစ်သည် .. ကျမ ခေါင်းပေါ်မှ ကျော်၍ စကားပြောလျှင် ခေါင်းကို တံတွေးတွေ စင်မလားဟူသောအတွေးဖြင့် စိတ်အနှောင့်ယှက် ဖြစ်တတ်သည် .. ထမင်းစားရင်း စကားတွေ အများကြီး ပြောလာပါက ထိုသူရဲ့ တံတွေးတွေ ဟင်းခွက်တွေထဲ ၀င်မလားအတွေးနဲ့ စိတ်အနှောင့်ယှက် ဖြစ်တတ်ပြန်သည် .. ထိုအရာများသည် ကျမရဲ့ ဇီဇာကြောင်ခြင်း အစိတ်အပိုင်းမျှသာ ..
ဘေးနားက အန်တီကြီး တဂျွတ်ဂျွတ် ပလပ်ပလပ်နှင့် စားနေသည်မှာလည်း ကျမ စိတ်အနှောင့်ယှက် ဖြစ်လာသည် .. တဖြည်းဖြည်းနဲ့ သစ်သီးတလုံးလုံးကို ပတ်ချာလည်ကိုက်ရင်း ၀ါးစားနေသောအန်တီကြီးကို မှန်ထဲမှ မြင်ရင်း ကြည့်ရင်း ကျမ စိတ်တွေ တမျိုးပြောင်းလာခဲ့သည် .. တွေးစရာတွေ ဖြစ်လာခဲ့သည် .. တဖြည်းဖြည်း စားနေသော အန်တီကြီးကို ကြည့်နေရင်း သနားစိတ် ဖြစ်လာခဲ့သည် ..
လမ်းပေါ်တွင် ညဘက် ၁၁နာရီ ကျော် အထိ ဒီ အန်တီကြီး အစားမစားရသေးတာလား .. တော်တော် ဆာနေလို့များ သူစားနေတာလား .. သူ့မှာ စားစရာ ဒါပဲရှိတာလား .. ဒီသစ်သီးက သူ့ရဲ့ ညစာများ ဖြစ်နေမလား .. စိတ်ထဲက သစ်သီးစားချင်လို့ စားနေတာဖြစ်ပါစေ ဆုတောင်းမိသည် .. ဆာလောင်နေလွန်းသော သူတယောက်အတွက် ထိုသစ်သီးတလုံးသည် ဘယ်အတိုင်း အတာထိ ဆာလောင်မှုကို ပြေပျောက်စေနိုင်မလဲ ..
ထို အန်တီကြီးသည် ခုချိန်ထိ လမ်းပေါ်မှာ ဘာလို့ ရောက်နေတာလဲ .. အလုပ်ကများ ပြန်လာတာလား .. ဘာအလုပ်လုပ်တဲ့သူဖြစ်မလဲ .. သူ အခု အစာစားနေသော လက်တွေက သန့်ရှင်းပါ့မလား .. သစ်သီးကရော ..
ထို အန်တီကြီးသည် ငယ်ရွယ်စဉ်က ကိုယ်ပိုင်ကား ကိုယ်တိုင်မောင်းရင်း အလုပ်တွေ တက်ချင် တက်ဘူးမည် .. သန့်ရှင်း သန့်ပြန့်စွာနှင့် လုပ်ငန်းခွင် ၀င်ချင် ၀င်ဘူးမည် .. အရာအားလုံ ပြည့်စုံကုံလုံနေသူ တဦးလည်း ဖြစ်ချင် ဖြစ်ဘူးမည် .. လူတကာကို မောက်မောက်မာမာ ပြောဘူးသူလည်း ဖြစ်ချင်ဖြစ်မည် .. ကျမလိုပဲ ဇီဇာကြောင်သူ တယောက်လည်း ဖြစ်ချင် ဖြစ်ဘူးမည် .. ဒါပေမယ့် ခု လက်ရှိ အချိန်မှာတော့ ည ၁၁ နာရီထိ လမ်းမပေါ် ရောက်နေသူ တဦး .. ဘတ်စ်ကားပေါ်မှာ သူမရဲ့ ညစာ ဖြစ်ချင် ဖြစ်မည့် သစ်သီးတလုံးကို မက်မက်မောမော ၀ါးစားနေသူ တဦး ဖြစ်နေခဲ့သည် ..
ကျမရော ဒီအသက်အရွယ်လောက် ရောက်သွားခဲ့တဲ့ အချိန်မှာ ဘယ်လို အခြေအနေမျိုးနဲ့များ ရှိနေမှာပါလိမ့် ..
ညစ်ပတ်ပေရေနေသော လူတဦးကို မြင်လိုက်လျှင် ထိုလူရဲ့ ဆိုးဝါးတဲ့ ကိုယ်နံ့ကို ရလိုက်လျှင် ကျမနှာခေါင်းရှုံ့မိသည်ဟု ၀န်ခံရဦးမည် .. ဒါပေမယ့် နောက်ပိုင်းမှာတော့ အတွေးတွေ ကပ်ပါလာပြန်သည် .. သနားစိတ်ဝင်လာသည် .. နှာခေါင်းရှုံ့မိခြင်းကို အားနာ ရှက်ရွံ့မိသည် ..
သူသည် ညစ်ပတ်ချင်လို့ ညစ်ပတ်နေသည်တော့ မဖြစ်နိုင် .. ဘယ်လိုအလုပ်တွေ လုပ်လို့ ညစ်ပတ်ပေရေနေပါသလဲ .. ကျမတို့ မသိနိုင် .. မညစ်ပတ် မနံစော်ချင်ပေမယ့် လုပ်ငန်းသဘောအရ ထိုသူ ညစ်ပတ်သည် .. သူ့ကိုယ်က ထွက်တဲ့ အနံ့ကြောင့်လဲ အများသူငှာ စီးတဲ့ ရထား ကားပေါ်မှာ သူ့ကိုယ်သူ သိမ်ငယ်စိတ် ရှက်ရွံ့စိတ် ဖြစ်မည် .. ဒါပေမယ့် သူသွားလိုသောခရီး ရောက်နိုင်ရန် သူသွားမှ ဖြစ်မည် .. ထို့ကြောင့်လဲ အများသူငှာ ငြိုငြင်မည် သိသော်လည်း ဒီခရီးကို ရှောင်ရှား၍ မရနိုင် အငြိုငြင်ခံပြီး သွားရမည်သာ ..
ညမိုးချုပ် ၁၀ နာရီ ၁၁ နာရီ ကျမတို့ လည်ပတ် ပျော်ပါးပြီး ပြန်တဲ့အချိန်မှာ အလုပ်ခွင်က ပင်ပင်ပန်းပန်း ပြန်ရသူတွေ ရှိသည် .. ထိုသူများ၏ မျက်နှာကို မြင်ပါက ကျမစိတ်တို့ လန်းဆန်းမှုတွေ လျော့ပါးကုန်တတ်သည် .. လူသားအားလုံးဟာ ကိုယ့်ရဲ့ ပြုခဲ့တဲ့ ကံအကြောင်းတရားတွေကြောင့် အကျိုးတရားတွေ လက်တွေ့ခံစားနေကြရသည် .. လောကကြီးက တရားပါသည်လေ ..
ဝန်ခံချက် - ကျမက ကိုယ့်ကိုကိုယ် ညှာလွန်းသည် .. သနားတတ်လွန်းသည် .. အိပ်ရေးလေး မ၀ရင်တောင် အသက်ထွက်တော့မတတ် ဖြစ်လေ့ရှိသည် .. ဒါပေမယ့် ပြင်ပလောကကြီးမှာ ကိုယ့်ထက် ပင်ပန်းဆင်းရဲလွန်းစွာ လုပ်ကိုင်စားသောက်နေရသူတွေကို မြင်မိချိန်မှာတော့ ကိုယ့်ကိုကိုယ် ရှက်မိသည် .. ဒါပေမယ့် ဒုံရင်းကတော့ ဖြစ်မြဲ .. ပြင်ရမည်ဆိုသည်ကို သိသည် .. မပြင်နိုင်သေး .. ကြိုးစားရဦးမည် ..
