မြန်မာနိုင်ငံရဲ့ မြို့တွေ များစွာထဲကမှ မြို့လေးတမြို့ပေါ့ ..
ဟိုးအရင်တုန်းက အဲဒီမြို့လေးမှာ နတ်မြင်းပျံကြီးရှိသတဲ့ .. ရန်သူတွေ လာရောက်တိုက်ခိုက်ပြီဆိုရင် မြင်းကြီးက ဟီလိုက်တာနဲ့ အဲဒီမြို့လေးဟာ ကောင်းကင်ကို ပျံတက်သွားသတဲ့ .. အဲလို မြို့လေးက ကောင်းကင်ပေါ်ပျံတက်သွားတော့ ရန်သူတွေဟာလည်း မြို့လေးကို တိုက်ခိုက်လို့ မရတော့ပဲ အမြဲတမ်း တပ်ခေါက်ပြန်ကြရသတဲ့ .. ဒီလိုနဲ့ အခေါက်ခေါက်အခါခါဖြစ်လာတဲ့ အခါ ရန်သူ လူဆိုးတွေက တန်ခိုးရှိတဲ့ ပညာရှင်ကြီးတဦးကို သွားမေးသတဲ့ .. သူတို့ သွားသွားပြီးတိုက်တိုင်း မြို့က ကောင်းကင်ပေါ် ပျံပျံတက်သွားတာကို ဘယ်လိုတားဆီးရမလဲပေါ့ .. ဒါနဲ့ ပညာရှိကြီး က မြို့ကြီးပျံတက်မသွားနိုင်အောင် မြို့ကြီးရဲ့ ပတ်ပတ်လည်ကို သံကြိုးတွေနဲ့ တွဲထားလို့ အကြံပေးလိုက်သတဲ့ .. ဒီလိုနဲ့ ရန်သူတွေဟာ မြို့လေးရဲ့ ပတ်ပတ်လည်မှာ သံကြိုးတွေနဲ့ အရင်တွဲ ပြီးတော့မှ မြို့လေးကို လာရောက် တိုက်ခိုက်ကြသတဲ့ .. အဲဒီအချိန်မှာ နတ်မြင်းပျံကြီးက ဟီပေမယ့် မြို့လေးကတော့ ပျံမတက်နိုင်တော့ဘူးတဲ့ကွယ် .. အဲလိုမျိုး သံတွေကို တွဲပြီး သိမ်းပိုက်ထားတဲ့ မြို့ မို့လို့ သံတွဲလို့ နောက်လူတွေက ခေါ်ဝေါ်ကြတယ်တဲ့ .. ပုံပြင်လေးကတော့ ဒါပါပဲကွယ် .. :P
(ပြောပြတဲ့ အစ်မက သံတွဲသူပါ .. သူလည်း ကြားဖူးနားဝပေါ့ .. သူပြောပြောချင်းကိုယ်က မေးခွန်းထုတ်ပါတယ် .. ဒါဆို သံတွဲက အဆုံးမှာ ရန်သူတွေလက် ကျသွားတာပေါ့ ဟုတ်လား လို့ ဆိုတော့ .. အဲ့အစ်မကလည်း အင်းးးးး ပေါ့ လို့ ဖြေးဖြေးလေးလေး ဆိုလာပါတယ် .. :D)
ကျမ စလုံးကို မလာခင် ၁နှစ် ၂နှစ် အလိုလောက်မှာ မေကြီးက သံတွဲကို တာဝန်ကျပါတယ် .. ဒီတော့ ကျမတို့ မိသားစုလည်း သံတွဲကို ရောက်ရပြီပေါ့ ..
ရခိုင်ပြည်နယ်ရဲ့ မြို့တော်တခုဖြစ်တဲ့ သံတွဲမြို့လေးကို ရန်ကုန်ကနေ ညနေဘက် ၅ နာရီ ထွက်တဲ့ကားနဲ့ သွားမယ်ဆို မနက်ကို ၇နာရီ ၈နာရီ ပတ်ဝန်းကျင်လောက်ရောက်ပါတယ် ..
ကျမတို့ စီးလာတဲ့ ကားပေါ်က ဆင်းဆင်းချင်းပဲ မေကြီးတို့ ရုံးက ၀န်ထမ်းတွေက အသင့်စောင့်ကြိုနေကြပါတယ် .. မေကြီးက အမျိုးသမီးလည်း ဖြစ် နှစ်ရှည်နေရမယ့် အခြေအနေမို့ မေကြီးရဲ့ ပစ္စည်းတွေက အများကြီးပါပဲ .. ကားဂိတ်ကနေ ရုံးရှိတဲ့ နေရာကို သုံးဘီးဆိုင်ကယ်လေးတွေနဲ့ ပစ္စည်းတွေ သယ်ရပါတယ် .. လူလည်း လိုက်ပေါ့ .. :D
အဲဒီမနက်ခင်း ရောက်ရောက်ချင်း ပစ္စည်းတွေချပြီး ရုံးရှိရာကို မသွားသေးပဲ ဒေသခံတွေက အဲဒီက လ္ဘက်ရည်ဆိုင်တခုမှာ မနက်စာ ကျွေးပါတယ် .. ကျမကို ဘာစားမလဲဆိုတော့ မိနုကို ကြည့်ပြီး နွားနို့ရတယ်ဆိုတာနဲ့ နွားနို့သောက်မယ်ပြောလိုက်ပါတယ် .. နယ်ဘက်က နွားနို့ဆိုတော့ ရန်ကုန်ထက်ပိုစစ်မယ်လဲ ထင်တာကိုး .. (တကယ်ကတော့ သိပ်မကွာပါဘူး .. လ္ဘက်ရည်ဆိုင်က နွားနို့ဆိုတော့) .. ကျမ ဖေကြီးကလည်း နွားနို့တဲ့ .. ဒီလိုနဲ့ စောင့်နေရင်း နွားနို့ခွက် လာချပေးပါတယ် .. ခွက်လေးက သေးသေးလေးရယ် .. ဒါနဲ့ အကြီးမရှိဘူးလားမေးတော့တာပေါ့ .. (ရောက်ရောက်ချင်းဆောက်နဲ့ ထွင်းတာတော့ မဟုတ်ပါဘူး .. မိုးခါးက ကော်ဖီတို့ နွားနို့တို့ဆို ခွက်ကြီးကြီးနဲ့ များများသောက်တတ်တဲ့လူ မို့ပါ .. :D) ဒါနဲ့ စားပွဲထိုးက ကောင်တာကို လှမ်းမှာပါတယ် .. နွားနို့ တိုင်ကီနဲ့ တဲ့ .. :P (တိုင်ကီဆိုပြီး သိပ်လည်းမကြီးပါဘူး .. မတ်ခွက် ဆိုက်ပေါ့ .. :P) ဂလိုနဲ့ မနက်စာကို နွားနို့ကို တိုင်ကီနဲ့ သောက် အဲဒီက အစ်မတွေက ကောင်းတယ်ပြောတဲ့ ပဲပလာတာကို စားပြီး ၀မ်းဖြည့်ခဲ့ရပါတယ် ..
သံတွဲမြို့မှာ နံတော် ဆံတော် အံတော် ဆိုပြီး ဘုရား ၃ဆူ ရှိပါတယ် .. ဘုရား ၃ဆူလုံးကို တောင်ထိပ်တွေမှာ တည်ထားပါတယ် .. နံတော်တောင်က အမြင့်ဆုံးဖြစ်ပြီး အံတော်တောင်က အနိမ့်ဆုံးပါ .. မေကြီးရုံးက အံတော်ဘုရားတောင်ခြေမှာ ရှိပါတယ် .. ကျမရောက်သွားတဲ့ အချိန်မှာ အံတော်ဘုရားအနီးမှာ ရပ်တော်မူဘုရားကြီးတဆူကို တည်လက်စပါ .. ခုတော့ ပြီးလောက်ပြီပေါ့ ..
သံတွဲမြို့မှာ စားစရာအနေနဲ့ သတိအရဆုံးကတော့ ရခိုင်မုန့်တီနဲ့ ငါးနီတူလှော်သုပ် ပါ .. (ခုပြောရင်းတောင် သရေကျတယ် .. :D) ရခိုင်မုန့်တီဖတ်တွေက အဲ့မှာ ကြီးပါတယ် .. နန်းကြီးတယ်ပေါ့ .. ကျမကတော့ အမျှင်သေးသေးကို ပိုကြိုက်ပါတယ် .. ဒါပေမယ့် အဲဒီက မုန့်တီကတော့ အရမ်းစားလို့ ကောင်းပါတယ် .. ကျဲကျဲ ချိုချိုပေါ့ .. ပြီးတော့ ငါးနီတူလေးတွေကို လှော်ပြီး သုပ်တာပါ .. ငရုပ်သီးစိမ်းနဲ့ စပ်စပ်ကလေး အရမ်းကောင်း .. (ရှလွတ်) ကင်းမွန်ဆိုလည်း အကောင်ကြီးကြီးတွေ .. ပုဇွန်ဆိုလည်း လတ်လတ်ဆတ်ဆတ်နဲ့ပေါ့ ..
နွားနို့က လ္ဘက်ရည်ဆိုင်မှာ သိပ်မကောင်းပေမယ့် လာပို့တဲ့ နွားနို့က အရမ်းကောင်းပါတယ် .. ပြီးတော့ ငပိပေါ့ .. ငပိက နီနီလေး(ပန်းရောင်ထနေတာ) ပါ .. လုံးဝ မငံပဲ အရမ်းချိုပါတယ် .. (ကျမ ကြားတာတော့ ရန်ကုန်က ငပိတွေက ပြန်ရောတာတဲ့ .. မစစ်ဘူး ဆိုပါတော့) ငပိ ငါးခြောက်တွေက လုံးဝ မငံပဲ အချိုကဲပါတယ် .. ပြီးတော့ ဆုံဆီ စစ်စစ်လည်း ရပါတယ် .. ဟင်းသီးဟင်းရွက်ကတော့ အရမ်းလတ်ဆတ်တာပေါ့ .. ပန်းပွင့်ကြီးတွေဆို အကြီးကြီးတွေ ဖြူဖွေးပြီး ဈေးကလည်း သက်သာပါတယ် .. ဒါကြောင့်လည်း တောရွာနေတဲ့လူတွေက ကျန်းမာတယ်ထင်ပါတယ် .. သူတို့က အစစ်ရနိုင်တယ်လေ .. မြို့ကြီးပြကြီးနေတဲ့လူတွေကတော့ ဘရမ်းနောက်လိုက်ရင်းကို အတုမိနေကြတာမဟုတ်လား ..
သံတွဲမြို့လေးမှာ နေစဉ်တလျှောက်လုံး အရမ်းစိတ်အေးချမ်းရပါတယ် .. ရုံးဝန်ထမ်းတွေကလည်း ဖော်ရွေကြသလို သဘောလည်း ကောင်းကြတယ် .. ပြီးတော့ သံတွဲမှာ ရေလည်း ကောင်းပါတယ် .. စီးတာတွေဘာတွေ မရှိပါဘူး .. နေတော့ ပြင်းသပေါ့ .. စက်ဘီးတစီးရှိရင် သံတွဲတမြို့လုံး ပတ်လို့ရပါတယ် ..
သံတွဲမှာ ရခိုင်စကားပြောတယ်ဆိုပေမယ့် အကုန်လုံးမြန်မာသံ ပီပါတယ် .. နဲနဲကွဲတာက သူတို့က စကားကို အဆုံးမသတ်ဘူးပဲပြောရမလားမသိဘူး .. ကျမတို့ မရဘူး လို့ ပြောရင် သူတို့က မရ ဆိုတာနဲ့ ရပ်သွားပါတယ် .. မေကြီးလည်း နောက်ပိုင်း မရ မသိ မဟုတ်ရ အဲလိုဖြစ်သွားတယ် .. နောက်က "ဘူး" တို့ "ပါ" တို့ မပါတော့ဘူး .. :D (ရခိုင်သူကြီး ဖြစ်သွားတာလေ ..)
ဒေသခံတွေက ဧည့်သည်ဖြစ်တဲ့ ကျမတို့မျက်နှာကိုပဲ ကြည့်နေခဲ့တယ် .. ဟိုစပ်စပ် ဒီစပ်စပ် ကျမကတော့ အဲဒီကနေ ဦးထုပ်ထိုးနည်း သင်ခဲ့ပါတယ် .. သိုးမွှေးပေါ့ .. ၁ချောင်းထိုး .. ဦးထုပ်တမျိုးပဲ တတ်ပါတယ် .. (တခြားဟာတွေ လာအပ်မစိုးလို့) .. :D သံတွဲက အစားအစာတွေက မထူးခြားပဲ အရမ်းစားကောင်းပါတယ် .. လတ်လတ်ဆတ်ဆတ်နဲ့ ဟင်းရွက်တွေက အသားတောင် မလိုပါဘူး ..
သံတွဲမြို့လေးမှာ ဈေးရုံကြီးကြီး တခုပဲရှိပါတယ် .. အဲဒီမှာ အနွေးထည်တွေ ဂျာကင်တွေ (တချို့လည်း ဘေထုပ်) များပါတယ် .. ပြီးတော့ ထောင်ကြီးလည်း ရှိပါတယ် ..
သံတွဲမြို့လေးက လည်စရာပတ်စရာ ပျော်စရာရွှင်စရာ မရှိပေမယ့် အေးချမ်းလှတဲ့ မြို့လေးပါပဲ .. မနက်နဲ့ ညတွေမှာတော့ အေးတတ်ပြီး နေ့ခင်းဘက် နေထွက်ချိန်လောက်ပဲ ပူပါတယ် .. နေထွက်ချိန် နေပူထဲဆို ပူပြီး အရိပ်ထဲ ရောက်တာနဲ့ ပြန်စိမ့်စိမ့်ပြီး အေးတတ်ပါတယ် .. အဲဒီက ဒေသခံတွေကတော့ အမြဲ အနွေးထည်နဲ့ပါ .. ကျမကတော့ အအေးကြိုက်ကြိုက်နဲ့ အနွေးထည် မကပ်ဘူး .. ညအိပ်ရင်တောင် ဖေကြီးနဲ့ မေကြီး ကြားဝင် စောင်ထူထူခြုံပြီး အိပ်လိုက်တာပါပဲ ..
ဆိုးတာ တခုကတော့ (ထုံးစံအတိုင်း) မီး မရှိတာပါ .. ၁ရက်ခြားလောက်မှ တခါ အလှည့်နဲ့ ပေးပါတယ် .. ဒါတောင် မြို့ရဲ့စီစဉ်မှုနဲ့ပါ .. (ပြောတော့ပါဘူးလေ)
သံတွဲမြို့လေးက လည်စရာနေရာ မရှိပါဘူး .. စွဲမက်စရာ မရှိပါဘူး .. ထူးခြားမှုလည်း မရှိပါဘူး .. ဒါပေမယ့် ကျမ သံတွဲမြို့လေးကိုရော မြို့ခံတွေကိုရော သံယောဇဉ်ရှိနေဆဲပါပဲ .. စကားမစပ် .. ရောက်တုန်း ဖေကြီးနဲ့ ကျမ ထီထိုးလိုက်ပါသေးတယ် .. ဒါပေမယ့် မပေါက်ပါဘူး .. :D (သံတွဲစကားနဲ့ဆို .. ထီတော့ထိုးတယ် .. မပေါက် .. ပေါ့ :D)
ဒီ သံတွဲမြို့လေးကလည်း ကျမရင်ထဲက မြို့လေးတမြို့ပါပဲ .. အမှတ်တရ အလွမ်းပြေ အနေနဲ့ ရေးလိုက်တာပါ .. သံတွဲနားက ငပလီကိုတော့ နောက်ပို့စ်မှပဲ ဆက်ရေးပါတော့မယ် .. :D
ပျော်ရွှင်ဖွယ်နေ့လေးများ ပိုင်ဆိုင်ကြပါစေ ..း)
Saturday, May 21, 2011
Wednesday, May 11, 2011
နေ၀င်ချိန်
နေ့စဉ်နေ့တိုင်း သွားနေတဲ့ ခရီးဆိုပေမယ့် ဒီနေ့မှ ပိုမောနေသလို .. လမ်းမလျှောက်ပဲ ကားစီးမယ် စဉ်းစားလိုက်ပေမယ့် ရာသီဥတုသာယာနေသားပဲလေ ဆိုပြီး ဇွတ်မှိတ် လျှောက်ခဲ့တယ် .. မှတ်တိုင် နှစ်ခုကျော်လောက် ထိ ဖြည်းဖြည်းမှန်မှန်လျှောက်လာ လိုက်တာ ခုမှ လူက မောမှန်းမသိ မောလာခဲ့တယ် .. ကားဆက်စီးသွားလိုက်ရမလား စဉ်းစားမိတော့ နောက်ထပ် လျှောက်ရ နောက် ၄ ၅ မှတ်တိုင်လောက်သာ .. မထူးပါဘူးလေ .. ဒီတိုင်းလျှောက်သွားတာ ကောင်းပါတယ် .. ပိုက်ဆံလည်း ခြွေတာရာ ရောက်တာပေါ့ ..
ကျမ အိမ်ကနေ မှတ်တိုင်ပေါင်း ၈မှတ်တိုင်လောက်မှာ ဘုံကျောင်းတခုရှိတယ် .. မနက် အိပ်ရာနိုးပြီဆိုတာနဲ့ ပြင်ဆင်ပြီး ထွက်လာလိုက်တာပဲ .. အိမ်မှာနေလဲ ဘာမှမထူးသလို အိမ်မှာ ကျမ တယောက်တည်း ကျန်နေမှာကိုလည်း ဘယ်သူမှ မလိုလားကြဘူး .. ကျမ မီးတွေဘာတွေကိုင်တာ စိတ်မချဘူးတဲ့ .. ဒါတွေက ကျမ ငယ်နုစဉ်တည်းက ကျွမ်းကျင်လာတဲ့ အလုပ်တွေပါ .. အသက်နဲနဲရတော့ တခါတလေ နဲနဲပါးပါး မေ့တတ်တယ် .. ဒါကိုပဲ အိမ်က လူတွေက သီးမခံနိုင်ကြဘူးလေ .. တယောက်တည်းအိမ်မှာ ကျန်ခဲ့မယ်ဆို အိမ်က သမီးလုပ်သူက မီးတွေပဲလျှောက်ဖွင့်ထားမလား .. ဂက်စ်အိုးပဲ လျှောက်ဖွင့်မလား ပူရှာတယ် .. အသက်အရွယ်ကြီးနေတဲ့ အရွယ် အဘွားကြီးကို ငြိုငြင်ပြီပေါ့ .. ထားပါလေ .. ဖြစ်လာမှတော့ ဘာမှလည်း မတတ်နိုင်ပါဘူး .. သူတို့ အပြောအဆို လွတ်အောင် စိတ်ပူရ သက်သာအောင် အိမ်နားက ဘုံကျောင်းပဲ သွားနေတာ ကောင်းတယ်ဆိုပြီး မနက် အိပ်ရာထ သူတို့တွေ အလုပ်မသွားခင်ပဲ ထွက်လာလိုက်တော့တယ် ..
ကျမမှာ သား၁ယောက် သမီး ၁ယောက် ရှိတယ် .. သားက တခြားနိုင်ငံမှာ အခြေကျနေပြီ .. သမီးလုပ်သူနဲ့ သူ့ အမျိုးသားကတော့ ကျမတို့နဲ့ တူတူပေါ့ .. ကျမတို့ဆိုတာ အဖိုးကြီးရှိစဉ်ကတော့ ကျမတို့ပေါ့ .. ခုတော့ ကျမတယောက်ပဲ ကျန်တော့တယ် .. အဖိုးကြီးကတော့ လွန်ခဲ့တဲ့ ၁နှစ်လောက်ကပဲ ဆုံးပါးသွားပြီ .. သူ့အတွက်တော့ ငြိမ်းချမ်းသွားတာပေါ့ .. ကျမကသာ ..
သမီးလုပ်သူက ကျမတို့အတွက် အိပ်ဖို့ နေရာပေးတယ် .. ထမင်း ကျွေးတယ် .. တခါတလေ ထမင်းဖိုးပေးတယ် .. ဒီလောက် စောင့် ရှောက်ပေးတာပဲ ကျေးဇူးတင်နေရတယ် .. သူများတကာ သားသမီးတွေများဆို ဒီလိုလေးတောင် ထောက်ပံ့ မပေးဘူး .. စားချင်လည်း ရှာစားပဲ .. ခုတော့ ကျမ ကံကောင်းပါတယ်လေ ..
ဟိုအရင် အဖိုးကြီး ရှိစဉ်က စိတ်ညစ်လည်း အတူတူ သားသမီးတွေအတွက် ပျော်ရွှင် ဂုဏ်ယူရလည်း အတူတူ .. ခုတော့ ကျမမှာ စကား ပြောချင်ရင်တောင် ပြောရမယ့်လူ မရှိတော့ဘူး အဘိုးကြီးရေ .. ရှင်ကတော့ ငြိမ်းချမ်းပြီပေါ့လေ .. ကျမလည်း သိပ်မကြာတော့ဘူး ထင်ပါတယ် .. ဖြစ်နိုင်ရင်တော့ မြန်မြန်လိုက်ခဲ့ချင်ပြီရှင် ..
အဖိုးကြီး ရှိတုန်းကတော့ အိမ်ကနေ ဘုံကျောင်းထိ လမ်းဟာ သိပ်မရှည်ခဲ့သလိုပဲ .. တယောက်နဲ့ တယောက် တွဲ ရင်ထဲက စကားတွေပြော ရန်ဖြစ်ချင်လည်း ဖြစ်ပေါ့ .. ဒီလိုပဲသွားလိုက်ရင် မောမှန်းမသိ ရောက်သွားတာပဲ .. ခုတော့ တယောက်တည်းလည်း ဖြစ် စကားပြောဖော်လည်း မရှိ .. ဟင်း .. လူကလည်း မောချင်သလို .. ကျုပ် ရှင်မရှိတာ အသားမကျသေးဘူးထင်ရဲ့ .. ရှင်ကတော့ တနေရာရာကနေ ကြည့်ရင်း ဒီမိန်းမ ခုမှ ငါမရှိတော့ ငါ့တန်ဖိုးသိတယ်လို့ များတွေးနေမလားပဲ ..
မောလည်း မောလှပြီ .. ဒီနေ့မှ ဒီလမ်းက ပိုများရှည်နေသလားမသိ .. အင်း .. လှမ်းတော့ မြင်နေရပါပြီ .. ဖြည်းဖြည်းချင်း လျှောက်မှ ..
အဖိုးကြီးရယ် .. ကျမ မနေ့ညက စိတ်မကောင်းစရာတခု ဖြစ်သွားသေးတယ်တော့ .. ရှင့် သမီးလေ .. ကျုပ် ရေချိုးနေတာ ရေပူပိတ်ပစ်တယ်တော့ .. ကျုပ်လည်း ရေချိုးတာ နဲနဲတော့ ကြာသွားပါတယ် .. အ၀တ်လေးနဲနဲ လျှော်လိုက်တာပါတော် .. အဲဒါ ဘာမပြော ညာမပြောနဲ့ ရေပူခလုတ်ပိတ်လိုက်တော့ ကျုပ် အသက်အရွယ်နဲ့ ရေအေးအေးဆို သိပ်ခံနိုင်ရည် မရှိတော့ဘူးတော့ .. ရှင်မရှိတော့ ကျုပ် ပိုအားငယ်လိုက်တာ .. ရှင်ကတေ့ ဒီဒုက္ခတွေ ဘယ်သိတော့မလဲလေ ..
ကျမ ကျန်းမာရေး ခုတလော သိပ်မကောင်းဘူး .. ရာသီ နဲနဲ အပြောင်းအလဲဖြစ်ရင် လူက ချမ်းစိမ့်စိမ့်နဲ့ .. ကိုယ်လက်ကိုက်သလို ခေါင်းမူးသလို အားမရှိသလိုပဲတော် .. ရှင်သာရှိရင် ကျမကို ဂရုတစိုက် ဆေးသောက်ဖို့ သတိပေးဦးမှာ .. ခုတော့ ကျုပ်တယောက်တည်း အိပ်ရာထဲသာ ခွေနေလိုက်ပါတော့တယ်တော် .. အိပ်နေရင်း စဉ်းစားမိသေးတယ် .. ရှင်သာ ခုချိန် လာခေါ်ရင် ကျုပ် ငေါက်ခနဲ ထလိုက်လာမိမှာတော့ ..
အင်း .. ကျောင်းတော့ ရောက်ပြီ .. ရှင့်အကြောင်း တွေးလာလိုက်တော့ ရောက်မှန်းတောင် မသိလိုက်ဘူး .. ဒါလည်း ခပ်ကောင်းကောင်းပဲ
သြော .. ကျောင်းထဲမှာ လူတွေ ကန်တော့ထားတဲ့ မုန့်တွေ အများကြီးပါလား .. အိမ်ဖို့နဲ့ နေ့ဖို့ ညစာ သွားယူထားဦးမှ .. ဟိုမှာ အဖိုးကြီးကြိုက်တဲ့ နဂါးမောက်သီးတွေပါလား .. ယူပြီး အဖိုးကြီးအုတ်ဂူနား သွားဦးမှ ..
နေကလည်း ပြင်းတယ်တော် .. ခေါင်းကလည်း ရိတ်တိတ်တိတ်နဲ့ .. သြော် .. အဖိုးကြီးအုတ်ဂူတောင် ဖုန်တွေ များနေပါ့လား .. သုတ်ဦးမှ ..
အမလေး .. ခေါင်းထဲက မိုက်ခနဲ မိုက်ခနဲ ဖြစ်နေပါလား .. အဖိုးကြီး အုတ်ဂူနား ခဏထိုင်နားဦးမှ ..
ဟင်း .. အဖိုးကြီးရေ .. ကျုပ် ရှင့်နောက် လိုက်လာရတော့မယ် ထင်ပါတယ် .. ကျုပ်လည်း သားသမီးက ပစ် ဂရုစိုက်မယ့်သူ မရှိတဲ့ ဘ၀ .. စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ ဘ၀ကနေ လွတ်တော့မယ်ထင်ပါရဲ့ ..
ကျမ မျက်ရည် မကျတော့ပါဘူး .. ကျစရာ မျက်ရည်လည်း မကျန်တော့ဘူး .. သားသမီးအတွက် လင်သားအတွက် ပူရ ပန်ရ မျက်ရည်ကျရနဲ့ ကျမအတွက်တော့ ထုံနေပါပြီ .. နေက ပြင်းလွန်းလို့ တကိုယ်လုံး ကျိန်းစပ်နေပေမယ့် နေရာက ရွေ့ဖို့ အားမရှိတော့ဘူး .. တချက်လှုပ်ဖို့ အသက်မထွက်မတတ် ပင်ပန်းနေတယ် .. အဖိုးကြီးရေ ရှင့်ဘေးနားမှာ ကျမ လဲလျောင်းလိုက်မယ် .. သတိမေ့သွားတာ ဖြစ်ဖြစ် အသက်ထွက်သွားတာ ဖြစ်ဖြစ် ကျမ ခု ခံနေရတဲ့ ဝေဒနာတွေ ပျောက်ကင်း သွားမယ် ..
ကျုပ်တော့ အသက်ရှုရတာ မ၀တော့ဘူး .. ပင်ပန်းလိုက်တာ ..
မျက်လုံးတွေ ကျိန်းလိုက်တာ .. အလင်းတွေ ဘယ်က ၀င်နေပါလိမ့် .. ဟင် .. အဖိုးကြီး .. ရှေ့မှာ အဖိုးကြီး မျက်နှာက ပြုံးလို့ လာဖို့ ခေါ်နေပါလား .. ဟင် .. လှည့်ထွက်သွားပြီ ..
ကျမ ကုန်းရုန်းထလိုက်တယ် .. ကျမ ခန္ဓာကိုယ်က ခုနကလို မဟုတ်တော့ပဲ ပေါ့ပါးနေပါလား .. ပေါ့ပေါ့ ပါးပါးဖြစ်သွားတဲ့ ခန္ဓာနဲ့ အဖိုးကြီးနောက် ပြေးလိုက် လိုက်တယ် ..
အဖိုးကြီးရေ ခဏလေးတော့ စောင့်ပါဦး ..

Monday, May 9, 2011
မဟာ ကျိန်သစ္စာရှင် ဘုရားကြီး
မဟာကျိန်သစ္စာရှင်ဘုရားကြီးကို တည်ထားတဲ့ ဘုန်းဘုန်း ပုံတူရုပ်ထုပါ ..
ဘုရားကြီးရဲ့ အတွင်းပိုင်း (ပြုပြင်ဆဲ ကာလ)
ဒီပုံတော်အတိုင်း ဆင်းတုတော် အကြီးကို ထုလုပ်ထားတာလို့ သိရပါတယ် ..
ဆရာတော်ကြီး ပုံတူ ..
ရန်ကုန်ပြန်တုန်းက ရောက်ခဲ့တဲ့ မြောက်ဥက္ကလာနားက ဘုရားကြီးပါ .. မဟာကျိန်သစ္စာရှင် ဘုရားကြီးလို့ ခေါ်ပါတယ် .. ဥာဏ်တော် အမြင့် ၁၀၈ ပေ မြင့်ပါတယ် .. မိုးခါး ရန်ကုန်ရောက်တုန်းက အပေါ်က ပုံတွေအတိုင်း အကြမ်းထည်ပဲ ပြီးပါသေးတယ် .. ကြားမိတာကတော့ အိပ်မက်အရ ဒီဘုရားကြီးကို တည်တာလို့ ကြားပါတယ် ..
ဟိုနေ့က အိမ်ကို သတိရလို့ မေးကြည့်တော့ ဘုရားကြီး တည်နေတာ တော်တော်ပြီးစီးနေပြီလို့ သိရပါတယ် .. အဲဒါနဲ့ အိမ်ကို အပူကပ် ဓါတ်ပုံအတင်းရိုက်ခိုင်းပြီး ဘလော့ဂင်းတော့တာပါပဲ .. :D (မဖူးရသေးတဲ့သူတွေ ဖူးစေချင်တဲ့ စေတနာပါ :P)

ဖြည့်စွက် -
ဆ၇ာတော်ဘု၇ားကြီးကို အဓိဌာန်ဆ၇ာတော်ကြီးဆိုပြီး လူသိများပါတယ်။ ၇ခိုင်ပြည်နယ်စစ်တွေမြို့ မှဖြစ်ပါတယ်။ ဆ၇ာတော်ဘု၇ားကြီးထံတွင် သစ္စာဆိုပြီး ဆုတောင်းပါက ဆုတောင်းပြည့်ပါတယ်။ စင်္ကာပူနိုင်ငံသို့ မကြာခဏ ကြွေ၇ာက်လာတတ်ပါတယ်။ မေလ ၇ ၇က်နေ့ က စင်္ကာပူနိုင်ငံမှတဆင့် အမေ၇ိကန်နိုင်ငံသို့ ကြွချီသွားပါတယ်။ အမေ၇ိကန်နိုင်ငံတွင် ၀ါဆိုပါမည်။
စာဖတ်သူတဦး
(စာဖတ်သူတဦးမှ ဖြည့်စွက်ပြောပေးသွားတာပါ .. ခုလို သိရလို့ စာဖတ်သူကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ရှင် ..း))
Sunday, May 8, 2011
မျက်စိ တဖွင့်
ခပ်တင်းတင်း ဆွဲဆုတ်ခံရင်တခု
တခုခုနဲ့ ဖွင့်ဖို့တော့ လိုပြီ ..။
စကားတခွန်းလား
အသံတသံလား
ဆုံးဖြတ်ချက်တခုလား ..။
မျက်လုံးကို စုံမှိတ်
မှောင်တယ် ..။
မှိတ်ထားတဲ့မျက်ဝန်းတစုံ
အလင်းကို ဘယ်မြင်လိမ့်မလဲ ..။
အလင်းကို မြင်ဖို့
မျက်ဝန်းတွေ ဖွင့်လိုက်ပါ
လောကကြီးက လှတယ်
နေ့အလှနဲ့ နေ
ညအလှနဲ့ လ
အလင်းနဲ့ အလှကို ခံစားဖို့
စိတ်ရှင်းရှင်းနဲ့ မျက်ဝန်းတွေ ရဲရဲဖွင့်ကြည့်ပါ ..။
မြင်ပြီလား ..။
သူ့အလုပ်နဲ့ သူပျော်နေတဲ့ နေ့နဲ့ ညကို ..။

Sunday, May 1, 2011
နေပြည်တော်က လက်ရာများ
စာမရေးပဲ အပျင်းထူနေပြန်ပါပြီ .. :D
အဲဒါကြောင့် စာရေးဖို့ အရှိန်ပြန်ယူရင်း ရန်ကုန်ပြန်တုန်းက နေပြည်တော်ကိုလည်း ရောက်တုန်း ရွှေတိဂုံပုံတူ ဘုရားကြီးထဲက ပန်းပုပုံတွေကို ပြန်တင်ပေးလိုက်ပါတယ် .. ဘုရားရဲ့ ဇာတ်တော်တွေကို ထွင်းထုထားတဲ့ပုံတွေက အတော်လေး လက်ရာမြောက်ပါတယ် ..
ဆင်ဖြူထားတဲ့နေရာကိုလည်း သွားခဲ့ပါသေးတယ် .. ဒါပေမယ့် ရောက်တဲ့အချိန်က ဆင်တွေ အနားယူနေတဲ့အချိန်ဖြစ်လို့ မမြင်ခဲ့ရပါဘူး ..း))
Subscribe to:
Posts (Atom)