Wednesday, May 11, 2011

နေ၀င်ချိန်

နေ့စဉ်နေ့တိုင်း သွားနေတဲ့ ခရီးဆိုပေမယ့် ဒီနေ့မှ ပိုမောနေသလို .. လမ်းမလျှောက်ပဲ ကားစီးမယ် စဉ်းစားလိုက်ပေမယ့် ရာသီဥတုသာယာနေသားပဲလေ ဆိုပြီး ဇွတ်မှိတ် လျှောက်ခဲ့တယ် .. မှတ်တိုင် နှစ်ခုကျော်လောက် ထိ ဖြည်းဖြည်းမှန်မှန်လျှောက်လာ လိုက်တာ ခုမှ လူက မောမှန်းမသိ မောလာခဲ့တယ် .. ကားဆက်စီးသွားလိုက်ရမလား စဉ်းစားမိတော့ နောက်ထပ် လျှောက်ရ နောက် ၄ ၅ မှတ်တိုင်လောက်သာ .. မထူးပါဘူးလေ .. ဒီတိုင်းလျှောက်သွားတာ ကောင်းပါတယ် .. ပိုက်ဆံလည်း ခြွေတာရာ ရောက်တာပေါ့ ..

ကျမ အိမ်ကနေ မှတ်တိုင်ပေါင်း ၈မှတ်တိုင်လောက်မှာ ဘုံကျောင်းတခုရှိတယ် .. မနက် အိပ်ရာနိုးပြီဆိုတာနဲ့ ပြင်ဆင်ပြီး ထွက်လာလိုက်တာပဲ .. အိမ်မှာနေလဲ ဘာမှမထူးသလို အိမ်မှာ ကျမ တယောက်တည်း ကျန်နေမှာကိုလည်း ဘယ်သူမှ မလိုလားကြဘူး .. ကျမ မီးတွေဘာတွေကိုင်တာ စိတ်မချဘူးတဲ့ .. ဒါတွေက ကျမ ငယ်နုစဉ်တည်းက ကျွမ်းကျင်လာတဲ့ အလုပ်တွေပါ .. အသက်နဲနဲရတော့ တခါတလေ နဲနဲပါးပါး မေ့တတ်တယ် .. ဒါကိုပဲ အိမ်က လူတွေက သီးမခံနိုင်ကြဘူးလေ .. တယောက်တည်းအိမ်မှာ ကျန်ခဲ့မယ်ဆို အိမ်က သမီးလုပ်သူက မီးတွေပဲလျှောက်ဖွင့်ထားမလား .. ဂက်စ်အိုးပဲ လျှောက်ဖွင့်မလား ပူရှာတယ် .. အသက်အရွယ်ကြီးနေတဲ့ အရွယ် အဘွားကြီးကို ငြိုငြင်ပြီပေါ့ .. ထားပါလေ .. ဖြစ်လာမှတော့ ဘာမှလည်း မတတ်နိုင်ပါဘူး .. သူတို့ အပြောအဆို လွတ်အောင် စိတ်ပူရ သက်သာအောင် အိမ်နားက ဘုံကျောင်းပဲ သွားနေတာ ကောင်းတယ်ဆိုပြီး မနက် အိပ်ရာထ သူတို့တွေ အလုပ်မသွားခင်ပဲ ထွက်လာလိုက်တော့တယ် ..

ကျမမှာ သား၁ယောက် သမီး ၁ယောက် ရှိတယ် .. သားက တခြားနိုင်ငံမှာ အခြေကျနေပြီ .. သမီးလုပ်သူနဲ့ သူ့ အမျိုးသားကတော့ ကျမတို့နဲ့ တူတူပေါ့ .. ကျမတို့ဆိုတာ အဖိုးကြီးရှိစဉ်ကတော့ ကျမတို့ပေါ့ .. ခုတော့ ကျမတယောက်ပဲ ကျန်တော့တယ် .. အဖိုးကြီးကတော့ လွန်ခဲ့တဲ့ ၁နှစ်လောက်ကပဲ ဆုံးပါးသွားပြီ .. သူ့အတွက်တော့ ငြိမ်းချမ်းသွားတာပေါ့ .. ကျမကသာ ..

သမီးလုပ်သူက ကျမတို့အတွက် အိပ်ဖို့ နေရာပေးတယ် .. ထမင်း ကျွေးတယ် .. တခါတလေ ထမင်းဖိုးပေးတယ် .. ဒီလောက် စောင့် ရှောက်ပေးတာပဲ ကျေးဇူးတင်နေရတယ် .. သူများတကာ သားသမီးတွေများဆို ဒီလိုလေးတောင် ထောက်ပံ့ မပေးဘူး .. စားချင်လည်း ရှာစားပဲ .. ခုတော့ ကျမ ကံကောင်းပါတယ်လေ ..

ဟိုအရင် အဖိုးကြီး ရှိစဉ်က စိတ်ညစ်လည်း အတူတူ သားသမီးတွေအတွက် ပျော်ရွှင် ဂုဏ်ယူရလည်း အတူတူ .. ခုတော့ ကျမမှာ စကား ပြောချင်ရင်တောင် ပြောရမယ့်လူ မရှိတော့ဘူး အဘိုးကြီးရေ .. ရှင်ကတော့ ငြိမ်းချမ်းပြီပေါ့လေ .. ကျမလည်း သိပ်မကြာတော့ဘူး ထင်ပါတယ် .. ဖြစ်နိုင်ရင်တော့ မြန်မြန်လိုက်ခဲ့ချင်ပြီရှင် ..

အဖိုးကြီး ရှိတုန်းကတော့ အိမ်ကနေ ဘုံကျောင်းထိ လမ်းဟာ သိပ်မရှည်ခဲ့သလိုပဲ .. တယောက်နဲ့ တယောက် တွဲ ရင်ထဲက စကားတွေပြော ရန်ဖြစ်ချင်လည်း ဖြစ်ပေါ့ .. ဒီလိုပဲသွားလိုက်ရင် မောမှန်းမသိ ရောက်သွားတာပဲ .. ခုတော့ တယောက်တည်းလည်း ဖြစ် စကားပြောဖော်လည်း မရှိ .. ဟင်း .. လူကလည်း မောချင်သလို .. ကျုပ် ရှင်မရှိတာ အသားမကျသေးဘူးထင်ရဲ့ .. ရှင်ကတော့ တနေရာရာကနေ ကြည့်ရင်း ဒီမိန်းမ ခုမှ ငါမရှိတော့ ငါ့တန်ဖိုးသိတယ်လို့ များတွေးနေမလားပဲ ..

မောလည်း မောလှပြီ .. ဒီနေ့မှ ဒီလမ်းက ပိုများရှည်နေသလားမသိ .. အင်း .. လှမ်းတော့ မြင်နေရပါပြီ .. ဖြည်းဖြည်းချင်း လျှောက်မှ ..

အဖိုးကြီးရယ် .. ကျမ မနေ့ညက စိတ်မကောင်းစရာတခု ဖြစ်သွားသေးတယ်တော့ .. ရှင့် သမီးလေ .. ကျုပ် ရေချိုးနေတာ ရေပူပိတ်ပစ်တယ်တော့ .. ကျုပ်လည်း ရေချိုးတာ နဲနဲတော့ ကြာသွားပါတယ် .. အ၀တ်လေးနဲနဲ လျှော်လိုက်တာပါတော် .. အဲဒါ ဘာမပြော ညာမပြောနဲ့ ရေပူခလုတ်ပိတ်လိုက်တော့ ကျုပ် အသက်အရွယ်နဲ့ ရေအေးအေးဆို သိပ်ခံနိုင်ရည် မရှိတော့ဘူးတော့ .. ရှင်မရှိတော့ ကျုပ် ပိုအားငယ်လိုက်တာ .. ရှင်ကတေ့ ဒီဒုက္ခတွေ ဘယ်သိတော့မလဲလေ ..

ကျမ ကျန်းမာရေး ခုတလော သိပ်မကောင်းဘူး .. ရာသီ နဲနဲ အပြောင်းအလဲဖြစ်ရင် လူက ချမ်းစိမ့်စိမ့်နဲ့ .. ကိုယ်လက်ကိုက်သလို ခေါင်းမူးသလို အားမရှိသလိုပဲတော် .. ရှင်သာရှိရင် ကျမကို ဂရုတစိုက် ဆေးသောက်ဖို့ သတိပေးဦးမှာ .. ခုတော့ ကျုပ်တယောက်တည်း အိပ်ရာထဲသာ ခွေနေလိုက်ပါတော့တယ်တော် .. အိပ်နေရင်း စဉ်းစားမိသေးတယ် .. ရှင်သာ ခုချိန် လာခေါ်ရင် ကျုပ် ငေါက်ခနဲ ထလိုက်လာမိမှာတော့ ..

အင်း .. ကျောင်းတော့ ရောက်ပြီ .. ရှင့်အကြောင်း တွေးလာလိုက်တော့ ရောက်မှန်းတောင် မသိလိုက်ဘူး .. ဒါလည်း ခပ်ကောင်းကောင်းပဲ

သြော .. ကျောင်းထဲမှာ လူတွေ ကန်တော့ထားတဲ့ မုန့်တွေ အများကြီးပါလား .. အိမ်ဖို့နဲ့ နေ့ဖို့ ညစာ သွားယူထားဦးမှ .. ဟိုမှာ အဖိုးကြီးကြိုက်တဲ့ နဂါးမောက်သီးတွေပါလား .. ယူပြီး အဖိုးကြီးအုတ်ဂူနား သွားဦးမှ ..

နေကလည်း ပြင်းတယ်တော် .. ခေါင်းကလည်း ရိတ်တိတ်တိတ်နဲ့ .. သြော် .. အဖိုးကြီးအုတ်ဂူတောင် ဖုန်တွေ များနေပါ့လား .. သုတ်ဦးမှ ..

အမလေး .. ခေါင်းထဲက မိုက်ခနဲ မိုက်ခနဲ ဖြစ်နေပါလား .. အဖိုးကြီး အုတ်ဂူနား ခဏထိုင်နားဦးမှ ..

ဟင်း .. အဖိုးကြီးရေ .. ကျုပ် ရှင့်နောက် လိုက်လာရတော့မယ် ထင်ပါတယ် .. ကျုပ်လည်း သားသမီးက ပစ် ဂရုစိုက်မယ့်သူ မရှိတဲ့ ဘ၀ .. စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ ဘ၀ကနေ လွတ်တော့မယ်ထင်ပါရဲ့ ..

ကျမ မျက်ရည် မကျတော့ပါဘူး .. ကျစရာ မျက်ရည်လည်း မကျန်တော့ဘူး .. သားသမီးအတွက် လင်သားအတွက် ပူရ ပန်ရ မျက်ရည်ကျရနဲ့ ကျမအတွက်တော့ ထုံနေပါပြီ .. နေက ပြင်းလွန်းလို့ တကိုယ်လုံး ကျိန်းစပ်နေပေမယ့် နေရာက ရွေ့ဖို့ အားမရှိတော့ဘူး .. တချက်လှုပ်ဖို့ အသက်မထွက်မတတ် ပင်ပန်းနေတယ် .. အဖိုးကြီးရေ ရှင့်ဘေးနားမှာ ကျမ လဲလျောင်းလိုက်မယ် .. သတိမေ့သွားတာ ဖြစ်ဖြစ် အသက်ထွက်သွားတာ ဖြစ်ဖြစ် ကျမ ခု ခံနေရတဲ့ ဝေဒနာတွေ ပျောက်ကင်း သွားမယ် ..

ကျုပ်တော့ အသက်ရှုရတာ မ၀တော့ဘူး .. ပင်ပန်းလိုက်တာ ..

မျက်လုံးတွေ ကျိန်းလိုက်တာ .. အလင်းတွေ ဘယ်က ၀င်နေပါလိမ့် .. ဟင် .. အဖိုးကြီး .. ရှေ့မှာ အဖိုးကြီး မျက်နှာက ပြုံးလို့ လာဖို့ ခေါ်နေပါလား .. ဟင် .. လှည့်ထွက်သွားပြီ ..

ကျမ ကုန်းရုန်းထလိုက်တယ် .. ကျမ ခန္ဓာကိုယ်က ခုနကလို မဟုတ်တော့ပဲ ပေါ့ပါးနေပါလား .. ပေါ့ပေါ့ ပါးပါးဖြစ်သွားတဲ့ ခန္ဓာနဲ့ အဖိုးကြီးနောက် ပြေးလိုက် လိုက်တယ် ..

အဖိုးကြီးရေ ခဏလေးတော့ စောင့်ပါဦး ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...