Friday, October 14, 2011

စိတ်ဒဏ်ရာ

"သားကြီးရေ .. သားကြီး .. မီရေ သားကြီး ဘယ်ရောက်နေတာလဲကွာ .. ခေါ်လိုက်ပါဦး .. ကိုယ်သွားရမယ့် အချိန် နီးနေပြီ .."

"ကို့သားကြီး ခုနကတော့ ခြံထဲတွေ့တာပဲ .. ခဏလေး မီသွားကြည့်လိုက်ဦးမယ် .."

"ဝါးးးးး .."

"အမလေး သားရေ လန့်သွားတာပဲ .. ဘယ်တွေသွားနေတာတုန်း .."

"သား ကျောင်းဝန်းထဲက ဇီဇ၀ါပန်း သွားခူးနေတာ မေမေ .. ဖေဖေ့ဖို့ .. ရော့ ဖေဖေ .. ပြန်လာရင် သားဖို့ မုန့်နဲ့ အရုပ် ၀ယ်ခဲ့နော် .."

"ဟား .. ဟုတ်ပါပြီဗျာ .. ငါ့သားက ဘာအရုပ် လိုချင်တုန်း .."

"လေယာဉ်ပျံ .. ဖေဖေ ခုမောင်းမယ့် လေယာဉ်ကြီး သားလိုချင်တာ .."

"အမလေး အဖေတူသား .. ဟွန်း .." မေမေက ခပ်ပြုံးပြုံးနဲ့ သားအဖနှစ်ယောက်ကို မျက်စောင်းထိုးတယ် ..

"ဒါမှ ငါ့သားကွ .. သား ဖေဖေ့လို လေယာဉ်ပျံကြီး မောင်းချင်ရင် စာကို ကြိုးစားရမယ်နော် .. မေမေ့ကိုလည်း ဂရုစိုက် .. ညီလေးကိုလည်း ကူထိန်းပေးနော် .."

"ဟုတ် .."

"လိမ္မာလိုက်တဲ့ ငါ့သားကြီး .. ဖေဖေကြီးကို မွှေးမွှေးပေးပါဦး .."

ကျနော် စိတ်လိုလက်ရ မွှေးမွှေးပေးလိုက်တော့ ဖေဖေ့မျက်နှာ ပြုံးလို့ .. မေမေ့ကလည်း ပျော်လို့ .. ကျနော့်ညီလေးကတော့ ပုခက်ထဲမှာ အိပ်မောကျနေလေရဲ့ ..

"ကဲ .. ကိုသွားတော့မယ် .. အစစ ဂရုစိုက်နော် မီ .."

"ဟုတ်ကဲ့ပါ ကို .. စိတ်ချပါ .."

အဲဒီအချိန် မေမေ့မျက်နှာမှာ စိုးရိမ်စိတ်တချို့ ယှက်သန်းနေတာ ကျနော် ဂရုပြုမိပါတယ် .. ကျနော်လည်း ဖေဖေ့ကို စိတ်ပူတယ်လေ .. သားလည်း ဖေဖေနဲ့ လိုက်ချင်တယ်လို့ ပြောချင်တယ် .. ဒါပေမယ့် ကျနော်လိုက်ခွင့် မရှိမှန်းလည်း သိနေပါတယ် .. ဒါပေမယ့် ဖေဖေမောင်းတဲ့ လေယာဉ်ပျံကြီး ကျနော် အရမ်းစီးချင်တယ် ..

----------

ကျနော် အခု ကောင်းကင်ပေါ်က တိမ်တွေကို အနီးကပ်မြင်နေရတယ် .. လေယာဉ်ပေါ်မှာ ဖေဖေရယ် မေမေရယ် ကျနော်ရယ် .. ဖေဖေ့လေယာဉ်ကြီးက တိမ်တွေကို ၀င်တိုက်လိုက် .. တိမ်တွေက လေယာဉ်ကို ၀င်တိုက်လိုက်နဲ့ .. တိမ်တွေကို အနီးကပ်မြင်ရတာ အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ် .. လေယာဉ်ပျံပေါ်ကနေ ဟိုးမြေပြင်ကို လှမ်းကြည့်ရင် အားလုံးက ပိစိကွေးလေးတွေ .. ကျနော် အရမ်းပျော်နေတယ် .. ဖေဖေရယ် မေမေရယ် ကျနော်ရယ် ..

ရုတ်တရက် ဖေဖေ ကျနော့်ကို ကြည့်တယ် .. ပြီးတော့ ဖေဖေ့မျက်လုံးတွေမှာ မျက်ရည်တွေလား .. ကျနော့်ခေါင်းကို တချက် သပ်တယ် .. ပြီးတော့ ..

"သား မေမေ့ကို ဂရုစိုက်နော် မေမေ့စကားနားထောင်ပြီး ညီလေးကိုလည်း ကူထိန်းပေးနော် .. ဖေဖေစိတ်ချမယ်နော်သား .. စာကိုလည်း ကြိုးစား .."

"ဟုတ် ဖေဖေ .."

ပြီးတော့ ဖေဖေ ခလုတ်တခုနှိပ်လိုက်တယ် .. ခလုတ်နှိပ်လိုက်တာနဲ့ ကျနော်တို့ စီးနေတဲ့ လေယာဉ်ကြီး နှစ်ခြမ်းကွဲသွားတယ် ..

"ဖေဖေ .. ဖေဖေ .. သားတို့ကို မခွဲသွားပါနဲ့ .. ဖေဖေ .. ဖေဖေ ......."

ဖေဖေ ကျနော့်ကို ကြည့်နေတယ် .. မျက်ဝန်းမှာ မျက်ရည်တွေလား .. နှုတ်ခမ်းတွေက  တခုခုပြောချင်နေတာလား ..

"ဖေဖေ သားကို ပြန်လာခေါ်ပါ .. ဖေဖေ ......... ဖေဖေ ........."

ဝုန်း ............

"ဖေဖေ .. ဖေဖေ .. ဖေဖေ ......"

ကျနော့မျက်စိရှေ့မှာ ဖေဖေရှိနေတဲ့ လေယာဉ်က တစစီ ပေါက်ကွဲထွက်သွားတယ် .. ကျနော် ဖေဖေ့ကို တစာစာအော်ခေါ်ရင်း မျက်ရည်တွေ ထိန်းမနိုင်သိမ်းမရ ကျလာတယ် .. ကျနော် အသက်ရှုကျပ်လာတယ် .. ကျနော့်ရင်ဘတ်ကို တယောက်ယောက်ဖိထားတယ် ..

"အား ......"

တဆတ်ဆတ်တုန်နေတဲ့ ရင်နဲ့ ကျနော့်တကိုယ်လုံး ချွေးတွေ ရွဲနစ်ပြီး နိုးထလာခဲ့တယ် ....

ဖေဖေ့ရဲ့ နောက်ဆုံးမှာစကားကို နားမှာကြားနေရင်း .. မျက်ရည်တွေ သွင်သွင်ကျရင်း ကျနော့်နှုတ်ခမ်းက စကားလုံးတခု ထွက်ကျလာခဲ့တယ် .. "ဖေဖေ .."

ခုလိုမောဟိုက်ပြီး နိုးထလာတဲ့ မနက်ခင်းပေါင်းများစွာကို ကျနော် အလွန်မုန်းတီးလှပါတယ် .. ဖေဖေဆုံးပါးပြီးနောက်ပိုင်း ကျနော့အခု အသက် ၂၀အထိ ခုလို ဆိုးဝါးလှတဲ့ အိပ်မက်ဆိုးပေါင်းများစွာကို ပိုင်ဆိုင်ခဲ့တယ် .. နောက်ဆုံးမှာ ဖေဖေက တနည်းနည်းနဲ့ ပျောက်ကွယ်သွားခဲ့တယ် .. နောက်ဆုံးတော့ ကျနော်တို့ပဲ ကျန်ခဲ့တယ် ဖေဖေ ..

ခုတင်ဘေး ခုံပေါ်က ကျနော့ဒိုင်ယာယီလေးကို ဆွဲယူလိုက်တယ် .. ပြီးတော့ ကျနော် စာကြောင်းတွေ ချရေးလိုက်တယ် ..

ဖေဖေ

ဖေဖေခု ဟိုး ကောင်းကင်ပေါ်မှာလားဟင် .. သားတို့ကို မေ့နေပြီပေါ့နော် .. ဒါမှမဟုတ် ဖေဖေသားတို့ကို သတိရနေတုန်းလား .. ပြီးတော့ ဖေဖေတယောက်တည်းဆို ပျင်းနေမှာပဲနော် .. ဖေဖေ့ကို သနားလိုက်တာ .. ဖေဖေ တယောက်တည်းဆိုလည်း မကြောက်နဲ့နော် .. သား ခု ဆေးဖော်နေတယ် .. အဲဒီဆေးအောင်ရင် သား ဖေဖေဆီ လာတွေ့မယ် .. အဲဒီအခါကျ သားကို ဖေဖေမောင်းတဲ့လေယာဉ်ကြီး ပေးစီးပါနော် ..

ဖေဖေ့ကို အရမ်းချစ်တယ် .. အရမ်းလည်း သတိရတယ် .. ဖေဖေနေကောင်းပါစေ ..

ဒိုင်ယာရီစာအုပ်ကို ပိတ်လိုက်ပြီး နေရာတကျ ပြန်ထားလိုက်တယ် .. ပြီးတော့ ကုတင်အောက်မှာ ဖွက်ထားတဲ့ ဂမ္ဘီယစာအုပ်တအုပ်ကို ယူပြီး ဖတ်လက်စ စာကို ဆက်ဖတ်နေလိုက်တယ် .. ပြီးတော့ ကျနော့မှတ်စုစာအုပ်တအုပ်ကို ယူပြီး ဆေးနည်းတွေ လိုက်မှတ်လိုက်တယ် .. ကျနော့် စာအုပ်ထဲမှာ ဆေးနည်း ပုတီးစိပ်နည်း ဖိုထိုးနည်း အစုံပဲ ရှိတယ် .. ကျနော်ရဲ့ ဆေးအောင်ရင် ကျနော့ ဖေဖေကို ခဏဖြစ်ဖြစ် တွေ့ရမယ် .. အတွေးထဲမှာတင် ကျနော် တက်ကြွလာတယ် .. ဒါပေမယ့် ဆေးဖော်ဖို့က ပစ္စည်းတွေလည်း အများကြီးလိုသေးတယ် .. မေမေမသိအောင်လည်း လုပ်ရသေးတယ် ..

မေမေ .. မေမေနဲ့ မတွေ့တာတောင် ကြာနေခဲ့ပြီ .. မေမေ အဆင်မှပြေရဲ့လား .. မေမေ့ကို သတိရတာနဲ့ မေမေ့ဘေးက အရက်သမားလူကြီးကိုပါ မြင်ယောင်လာခဲ့တယ် .. ဒီလူကြီး မေမေ့ကို နှိပ်စက်နေသေးလား .. မေမေ့ကိုလည်း သနားလိုက်တာ .. မေမေ့ဆီ သား အမြန်ပြန်လာမှာပါ .. ဒီကလူတွေ မသိအောင် သားထွက်လာခဲ့မယ် .. သား ဒီက လွတ်တာနဲ့ မေမေ့ကို လာခေါ်မယ် .. ပြီးရင် ဖေဖေရှိတဲ့နေရာကို သားရယ် မေမေရယ် ညီလေးရယ် လိုက်သွားမယ် .. မေမေ စိတ်မပူနဲ့နော် ..

ကျနော့ ပစ္စည်းတွေကို အနားမှာရှိတဲ့ အိတ်တခုတည်း စုပြုံထည့်လိုက်တယ် .. တံခါးပေါက်ကို သွားချောင်းကြည့်တော့ အစောင့်တွေ ဟိုဘက်ဒီဘက်လျှောက်နေတယ် ..

ကလင် .. ကလင် ..

ဘဲလ်သံနဲ့ အတူ ကျနော့ အခန်းတံခါးပွင့်သွားတယ် .. ကြည့်လိုက်တော့ လက်ထဲမှာ ဗန်းကို ကိုင်ရင်း လူတယောက်ဝင်လာတယ် .. ပြီးတော့ အသံချိုချိုနဲ့ ..

"သားရေ .. ဆေးသောက်ချိန်ရောက်ပြီ .. အိုး သားက လက်ထဲမှာ အိတ်ကြီးနဲ့ ဘယ်သွားမလို့လဲ .. အန်တီကို ပြောလေ .. အန်တီလည်း လိုက်ချင်တာပေါ့ .."

ကျနော် မသင်္ကာစွာနဲ့ ကြည့်ရင်း ..

"အန်တီက တကယ်လိုက်ချင်လို့လား .. သားက ဖေဖေမောင်းတဲ့ လေယာဉ်ကြီး သွားစီးမှာ .. မေမေနဲ့ ညီလေးကိုလည်း သွားခေါ်ရဦးမယ် .. အန်တီလိုက်ချင်ရင် မေမေ့ကို အရင်မေးပေးမယ် .. မေမေက လိုက်ဆို အန်တီလိုက်ခဲ့လေ .."

"တကယ်နော် သား .. ဒါဆို သားက ခရီးထွက်မှာပေါ့ .. ခရီးထွက်မယ်ဆို သားအားရှိဖို့ လိုတယ်သားရဲ့ .. ဗိုက်မဆာဘူးလား .. ဒီမှာ အန်တီ ထမင်းနဲ့ဟင်း ယူလာတယ် .. ပြီးရင် အားရှိအောင် ဒီဆေးလေးသောက် .. သား အားရှိပြီဆို အန်တီတို့ တူတူ သွားမယ် .. ဟုတ်ပြီလား .."

"ဟုတ် .."

ကျနော် ပျော်သွားတယ် .. ထမင်းနဲ့ဟင်းကို အားရပါးရစားပြီး ဆေးတွေလည်း ကျနော် သောက်လိုက်တယ် .. အန်တီကို ကြည့်လိုက်တော့ အန်တီမျက်ဝန်းတွေက မေမေ့လိုပဲ ကြင်နာမှုတွေနဲ့ ပြည့်နေတယ် ..

"စားကောင်းလား သား .. စားပြီးရင် ခဏအိပ်လိုက်ဦးနော် .. နောက် နဲနဲကြာရင် အန်တီ ထပ်လာခဲ့မယ် .. ဟုတ်လား .."

"ဟုတ် .."

ကျနော် ပြောရင်း အိပ်ရာပေါ်လှဲလိုက်တယ် .. လှဲနေရင်းပဲ ကျနော် ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားခဲ့တယ် .. အန်တီက ပစ္စည်းတွေသိမ်းပြီး ထွက်သွားတဲ့ ခြေသံကို မပီမပြင် ကြားနေရတယ် .. ပြီးတော့ တံခါးပိတ်သံ တိုးတိုး ..

----------

ကျမ တာဝန်ကျနေတဲ့ စိတ်ရောဂါကု ဆေးရုံမှာ သနားစရာ ကောင်းတဲ့ ကလေးတယောက်ရှိနေတယ် .. သူသိပ်လေးစား ချင်ခင်ရတဲ့ ဖခင်ဟာ တိုက်လေယာဉ်မောင်းတဲ့ ဗိုလ်ကြီးတယောက်ဖြစ်တယ် .. သူမူလတန်းအရွယ်မှာပဲ သူ့ရဲ့ ဖခင်ဟာ ဒဏ်ရာရ ရဲဘော်တွေကို သွားကယ်ဖို့ လေယာဉ်နဲ့ ထွက်လာရင်း တဖက်က ရန်သူတွေရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့တယ် .. ကလေးဟာ အဲဒီအချိန်တည်းက ဖခင်ပြန်အလာကို မျှော်လင့်ရင်း စောင့်စားနေခဲ့တယ် .. အိမ်ထောင်ရေး ကံမကောင်းတဲ့ မုဆိုးမ မိခင်ရဲ့ နောက်အိမ်ထောင်ကလည်း အဆင်မပြေဖြစ်ခဲ့တယ် .. စိတ်ဒဏ်ရာတွေနဲ့ ကလေးဟာ တဖြည်းဖြည်းကြီးပြင်းလာရင်း တက္ကသိုလ် ၀င်တန်းကို အောင်မြင်ခဲ့တယ် .. သူအဖြစ်ချင်ဆုံးကတော့ စစ်ဗိုလ်ကြီးတယောက်အဖြစ်ပဲ .. ကံဝဋ်ကြွေးကြောင့် ကံမကောင်းခဲ့သူကလေးဟာ ဗိုလ်ဝင်ခွင့်မှာလည်း ကျဆုံးခဲ့တယ် .. သူ့ရဲ့ မျှော်လင့်ချက်အိပ်မက်တွေ အားလုံးပြိုပျက်သွားချိန်မှာတော့ ..

သူလေးရဲ့ စိတ်တွေ အမြန်ဆုံး ပုံမှန်ဖြစ်လာဖို့ ကျမတို့ ကြိုးစားနေခဲ့တယ် .. ကလေးရယ် .. အမြန်ဆုံး ငြိမ်းချမ်းမှု တွေ့ပါစေကွယ် ..

10 comments:

မဒမ်ကိုး said...

ဖတ်ရတာတကယ်စိတ်မကောင်းဘူး.မိုးခါးရေ
ဘာလို့လဲဆိုတော့ ဒီရက်တွေမှာ မဒိုးကန် ကဘာ့ကြောင့်ဆိုတဲ့ပိုစ့်ကိုရေးပြီးတဲ့အချိန်မှာ ငယ်ဘ၀တွေကို အရမ်းပြန်သတိရနေခဲ့တယ် .
အဲဒီအဖေဆုံးလို့ငိုကြွေးနေတဲ့ သမီးလေးတွေကိုလဲပြန်မြင်ယောင်နေတယ် .
ဒိုးကန်တို့ အသိုင်းအ၀ိုင်းမှာ ကလေးငယ်တစ်ယောက် ဟာအဲလိုရှိနေခဲ့တယ် ဒါပေမယ့် သူ့အဖေကတော့ တိုက်လေယာဉ်မှုးမဟုတ်ခဲ့ဘူး. တပ်ခွဲမှုးဗိုလ်ကြီးတစ်ယောက်ပေါ့ .ရေစီးသန်တဲ့ သောင်းရင်းမြစ်ထဲ ကို ဒဏ်ရာအပြင်းအထန်နဲ့မျောသွားတာ သေသလားရှင်သလားတောင်မသိရအောင်ကို အလောင်းကိုရှာမတွေ့တော့ဘူး .အဲကလေးဟာ ခု အသက် ၂၀ အရွယ်နီးပါးရှိနေပေမယ့် မြစ်ကမ်းဘေးတွေကို မကြာခန သွားသွားမျှော်နေတတ်တယ်။ဒါပေမယ့် သူ့အမေကတော့ မောင်နှမလေး ၂ ယောက်ကို နောက်အိမ်ထောင်မထူပဲ ပြိုးထောင်ပေးခဲ့ရှာတယ် ။ ပိုစ့်လေးကကောင်းလို့စီမျောသွားလိုက်တာ ရင်ထဲမှာ စိတ်မကောင်းဖြစ်ကျန်ရစ်ခဲ့တယ်

ခင်တဲ့

မဒိုးကန်

Junemoe said...

ဟာ...
ရင်ထဲနင့်ခနဲဖြစ်သွားတယ်ဗျာ
ကလေးရဲ့ ဘဝပေး ဝဋ်ကြွေးထင်ပါရဲ့...

ညီရဲ said...

ဖတ်ရင်း ဖတ်ရင်း စိတ်မကောင်း ဖြစ်မိတယ်...
တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ပြီးမှ ဖြစ်သွားတယ် ဆိုတော့ နှမြောဖို့ ကောင်းတယ်...
အမြန်ဆုံး ပြန်ကောင်းလာဖို့ ကို မျှော်လင့်မိပါတယ်...

ညိမ်းနိုင် said...

ဝဋ်ကြွေးလို့ပဲသဘောထားရမှာပဲဗျာ...သနားစရာပဲ...ဟူးးး
(စကားမစပ် ကျွန်တော့်ဆီမိုးခါးပို့စ်တွေအသစ်မတတ်ဘူး
ဗျ..၊ခုတောင် မသင်္ကာလို့လာကြည့်တာရယ်...လင့်ပြောင်း
သွားတယ်ထင်ပါ့...၊မဖတ်၇သေးတာတွေပါ ပြန်တ်သွား
တယ်ဗျိုးးးးးးးး)

ချော(အစိမ်းရောင်လွင်ပြင်) said...

အပြင်မှာ တကယ်ကိုဖြစ်တတ် တွေ့ရတတ်တဲ့ အဖြစ်အပျက်တွေနဲ့ နီးနီးစပ်စပ်ကို တူပါတယ်။
အဲဒီလို ကလေးတွေ တကယ်ကို ရှိပါတယ်။
မိဘကံမကောင်းတဲ့အပြင် ဘဝကံပါ မကောင်းရှာတဲ့ သနားစရာ ကလေးတွေပါ။။
အပြင်မှာ မြင်ရတိုင်းလည်း စိတ်မကောင်းဖြစ်မိတယ်
ဝတ္ထုထဲမှာ ဖတ်ရတိုင်းလည်း ဝမ်းနည်းမိတယ်

Anonymous said...

စိတ်မခိုင်ပါဘူး ဆိုမှ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

nyisaynaing said...

မင်္ဂလာပါ ....မိုးခါး
အင်း.မိုးခါးရဲ့.အရေးအသားတွေက ဟိုခုန်ဒီခုန်နဲ့ စာတွေလိုက်ဖတ်ရင်း အတွေးတွေနဲ့မျောပါသွားလိုက်တာ.နောက်ဆုံးကျမှပဲ.ဝမ်းနည်းစရာ ကောင်းတဲ့ ....အဖြစ်အပျက်လေးက စိတ်မကောင်းဘူးဗျာ.......မျှော်လင့်ချက်များစွာနဲ့အမြန်ဆုံး ပြန်ကောင်းလာနိင်ပါစေ.....

ခင်တဲ့
.....ညီစေနိင်

ကိုကိုမောင်(ပန်းရနံ့) said...

စိတ်မကောင်းစရာ အဖြစ်အပျက်တွေက အများကြီးဘဲနော်။ ဖတ်ရင်း စိတ်တွေတောင် နုံးခွေသွားတယ်။

ခင်မင်လျှက်

jasmine(တောင်ကြီး) said...

စာထဲမှာမျောသွားခဲ့ရတယ်
ကံဆိုးလှတဲ့ကလေးပါလား
သူ့ဘဝပေး ဝဋ်ကြွေးဖြစ်မှာပါလေ
ချစ်တဲ့ jasmine

Angelhlaing(May everybody be happy and healthy! said...

ရင်ထဲ နင့်လို့ပါပဲမမ...:( သနားပါတယ် ..အဲလိုကလေးငယ်တွေရဲ့ ဘဝတွေ...စိတ်ဒဏ်ရာတွေ ဆိုတော့ အပြင်ဒဏ်ရာထက် ပိုပြိး ထိခိုက်ခံစားရကြရတယ်လေ...

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...