ခုချိန်က ရန်ကုန်မှာသာဆို ဆောင်းရာသီလို့ သတ်မှတ်ခေါ်ဝေါ်ကြမယ့် အချိန်ပေါ့ ..
ကျမသာ ရန်ကုန်မှာ ရှိနေမယ်ဆိုရင် ဒီဇင်ဘာ မနက်စောစောတွေမှာ ဖေကြီးက အတင်းနှိုးလို့ နှိုးရမယ့် မနက်တွေနဲ့ ပြည့်နေမှာပဲ .. အိပ်ရာထဖို့ အပျင်းထူတတ်တဲ့ ကျမနဲ့ မနက်စောစောဆို ကိုယ့်သားသမီး ကိုယ့်ဇနီးနဲ့ လမ်းထလျှောက်ချင်တတ်တဲ့ ဖေကြီးတို့ရဲ့ မနက်စောစော နောင်ဂျိန် အချိန်တွေပေါ့ .. တခါတလေလည်း စိတ်လိုလက်ရ .. တခါတလေလည်း မှုန်ကုတ်ကုတ် မနက်ခင်းတွေကို ဖြတ်သန်းရလိမ့်မယ် ..
တချို့ရက်တွေကျတော့ သူငယ်ချင်းတွေနဲ့ ချိန်းပြီး ကန်တော်ကြီးတပတ် လမ်းလျှောက်ကြ ပြေးကြ ကြက်တောင်ရိုက်ကြ .. ဒီလိုအချိန်ဆို ကန်တော်ကြီးပတ်ပတ်လည်မှာလည်း ကားသွားရခက်လောက်အောင် လူတွေနဲ့ ပြည့်ကျပ်နေကြလိမ့်မယ် .. ရန်ကုန်မှာသာ ကျမ ရှိနေမယ်ဆို ဒီလူအုပ်စုထဲ ပါနေနိုင်တယ် ..
ဆောင်းတွင်း မနက်ခင်း အထူးသဖြင့် ဒီဇင်ဘာလမှာ လမ်းလျှောက်လို့ကောင်းတဲ့ နေရာတိုင်းလိုလို လူတွေပြည့်နေတတ်တယ် .. ဒီလိုပဲ မနက်စောစောထ ဆော့ကစားပြီးတာနဲ့ မုန့်ဆိုင်တွေမှာလည်း လူတွေ ပြည့်နေလိမ့်မယ် ..
တချို့ကတော့ ပုံမှန် ကျန်းမာရေးလိုက်စားတဲ့အနေနဲ့ လမ်းတွေလျှောက်ကြတယ် .. တချို့ကျတော့ အဖော်ကောင်းလို့ .. တချို့ကျတော့ ကောင်မလေးတွေကို ပိုးပန်းဖို့ မနက်စောစောထ ဇာတ်လမ်းရှာကြလိမ့်မယ် .. ဘာပဲ ဖြစ်ဖြစ် ဒီဇင်ဘာရဲ့ မနက်ခင်းတိုင်းက တခြားလတွေထက်တော့ အသက်ဝင်တာ မြန်နေကျပဲ ..
ချမ်းချမ်းစီးစီးမြူတွေကြားမှာ လက်တွဲထားကြတဲ့ ချစ်သူတွေလည်း ရှိမယ် .. တချို့ကတော့ ကြိုးစားဆဲ .. တချို့ကျတော့ မိသားစု အလိုက် ..
ကျမကတော့ လမ်းလျှောက်ခေါ်ပြီဆို လျှောက်ပြီး အပြန် ဘာစားကြမှာလဲ ဆိုတာက စမေးတယ် ..
တော်တော်လွန်ခဲ့တဲ့အချိန်တုန်းကတော့ ကျမက ဖေကြီးနင်းတဲ့ စက်ဘီးနောက်က အချောင်လိုက်နေကျပေါ့ .. မနက်မိုးမလင်းသေးဘူး ဖေကြီးက လာနှိုးတယ် .. လမ်းလျှောက်မယ် .. လိုက်မလားတဲ့ .. ဒီလိုဆို ကျမက မျက်လုံးမဖွင့်ပဲ ပြန်မေးမယ် .. ဘာနဲ့သွားမှာလဲလို့ .. စက်ဘီးဆို လိုက်တယ် .. ခြေလျင်ဆို ဟင့်အင်းပဲ .. ဒီလို ကျန်းမာရေးလိုက်စားပုံများ .. :D
အဲဒီအချိန်တုန်းကပဲ လမ်းလျှောက်ပြီး ပြန်နေကျ လမ်းလေး စက်ဘီးစီးတဲ့ လမ်းလေး ဗိုလ်ချုပ်ပြတိုက်ရှိတဲ့ လမ်းလေးမှာလို့ ထင်တယ် .. အဖွားကြီးတယောက် ရောင်းတဲ့ မုန့်ဟင်းခါး ကျဲကျဲလေး အမြဲတမ်း စားနေကျ .. အဲဒီအချိန်ကတော့ ကျမတို့ မိသားစု စုံစုံလင်လင်ရှိနေခဲ့ကြတယ် .. ခုတော့ ..
အချိန်တွေလည်း သူ့ဟာသူ တရွေ့ရွေ့သွားနေတယ် .. ကျမတို့လည်း အချိန်ကို လိုက်ပြီး လှုပ်ရှားနေကြတယ် .. တချို့က ပျော်ရွှင်စွာ .. တချို့က စိတ်ညစ်ညူးစွာ .. တချို့က အထီးကျန်စွာ .. ဘယ်လိုပဲဖြစ်ဖြစ် တနေ့နေ့တော့ ရည်ရွယ်ချက်တွေ ပြည့်စုံပြီး ပျော်ရွှင်စွာ ဇာတ်သိမ်းကြလေသတည်းဆိုတဲ့ ခေါင်းစဉ်နဲ့ အဆုံးသတ်နိုင်ကြဖို့ မျှော်လင့်မိပါတယ် ..
27 comments:
ကြုံခဲ့ရင်တူတူလျောက်ကြမယ်လေ.... T
မမိုးခါးရေ ဟုတ်တယ်ဗျ...
ဒီဇင်ဘာနံနက်တိုင်းရဲ့ နှင်းမှုန်ဖွဲဖွဲမှာ လမ်းလျှောက်ပြီး မုန့်ဟင်းခါးစားရတာလောက် အရသာရှိတာ မရှိဘူးဗျာ...
ရန်ကုန်ဆောင်းကို လွမ်းလိုက်တာ...
လေးစားမှုဖြင့်
ညရဲ့ကောင်းကင်
ကျွန်တော်ငယ်ငယ်ကလည်း ကျွန်တော်တို့မိသားစု အဲလိုပဲဗျ။ ခုတော့ တကွဲတပြားစီနဲ့ အဖေနဲ့ အမေတော့ လျှောက်ဖြစ်ကြမလားမသိဘူး.......
ကျွန်တော်ကတော့ အပြန်မှာ ကောက်ညှင်းငချိပ်ပေါင်းပူပူလေးနဲ့ ဗယာကျော်နဲ့စားတယ်။ လွမ်းမိပါရဲ့။
ဆောင်ခံစားမှု လေးကို လာကြည့်သွားပါတယ်
မျှော်လင့်မိတာတွေ ပြည့်စုံပါစေ..ခင်ဗျာ
လေးစားစွာ
*.*.*
ခြေကျင်ရင် ခြေချောင်းလေးတွေ ကြားထဲ တံတွေးစွတ်။ ခြေလျင်ပါ။
တနေ့နေ့တော့ ရည်ရွယ်ချက်တွေ ပြည့်စုံပြီး ပျော်ရွှင်စွာ ဇာတ်သိမ်းကြလေသတည်းဆိုတဲ့ ခေါင်းစဉ်နဲ့ အဆုံးသတ်နိုင်ကြဖို့ မျှော်လင့်မိပါတယ် ..
အင်းဘယ်လိုပြောရမလဲ အဲလိုပေါ့လေ ဟိုလေ အဲ
း)... ထုံးစံအတိုင်း.. ဟိုးအတိတ်က ပျော်စရာကိုတွေး... အခုလက်ရှိတစ်ယောက်တည်းဘ၀နဲ့ယှဉ်... စိတ်မညစ်ပါနဲ့ဗျာ.... နောက်အနှစ် ၁၀၀ လို့မှန်းကြည့်စမ်း... ကိုယ်အပါအ၀င် ကိုယ်နဲ့ချစ်သူခင်သူ တစ်ယောက်မှ အသက်ရှင်နေတော့မှာ မဟုတ်ဘူးလေ......
ငါ သတိရမိတယ် . . . . .
နံနက်ခင်းလေးမှာ...လမ်းလျှောက်ဖူးပါတယ်.... ချစ်သူလက်လေးကိုကိုင်ပြီးတော့တခါမှမလျှောက်ဖူးသေးဘူး.... ဟဲဟဲ လမ်းလျှောက်ပြီးတော့အစားအစာတခုခုကို မနက်ပိုင်းမှာစားလိုက်ရတာကလဲ စည်းစိမ်တမျိုးပဲဗျ...
လွမ်းစရာကြီး
ချမ်းချင်လိုက်တာ...
ကျောင်းတုန်းကပဲ မဖြစ်မနေ မနက်ခင်းလမ်းလျှောက်ဖူးတယ်။ ကိုယ့်ဘာသာကိုယ်တော့ ဘယ်တော့မှ ထမလျှောက်ဘူးး)
လွမ်းလိုက်တာ အစ်မရယ်...
ရန်ကုန်ဆောင်းကို သတိရသလို
ဆောင်းနှင်းတွေနဲ့ မှုန်မှိုင်းရီဝေနေမယ့်
ကျွန်တော်တို့မြို့က စိန်လုံ တောင်ပြာတန်းကြီးကိုလည်း
လွမ်းတယ်.....
အင်းးးး
ဒီမှာတော့ ..
ဘယ်နားမှာ နှင်း ရှိမှန်း တောင် သိဘူးးးး ....
ခေါက်ဆွဲပြုတ် တွေးခိုင်းသလို
နှစ် ၁၀၀ မတွေးပါနဲ့ မရယ် ...
နှစ် ၅၀ ပဲ တွေးးးး ((ဖြစ်နိုင်ပါတယ်))
ကံကောင်းထောက်မလို့ အသက်များရှည်နေခဲ့ပြီး
ကျန်းမာရေးများ ထောင်ထောင်မြည်နေခဲ့ရင်
အဲ့ အချိန်
ပျော်ရွှင်တဲ့ မိသားစုလေးမှာ
ချစ်ချစ် လက်ကို အတူ တွဲလို့
သားတွေ ၊ သမီးတွေ ၊
သမက်တွေ ၊ ချွေးမတွေ ၊
မြေးတွေ ၊ မြေးမလေးတွေ ၊နဲ့
စောစောထအိပ်လို့
စောစောထလို့
စောစော လမ်းလျှောက်ကြပါစို့ .... ဆိုပြီးးး
ပျော်ရွှင် ချင် ပျော်ရွှင်နေပါလိမ့်မယ် ...
ဟုတ်တယ် ဟုတ် ....း)
စောစောအိပ်လို့ 
စောစောထလို့ 
စောစော လမ်းလျှောက်ကြပါစို့  ...ဒင်း ဒေါင် ..ဒင်း ဒေါင် ...
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီဇင်ဘာ အားကစားလ ဆိုပြီး တနင်္ဂနွေ နံနက်ခင်း မိုးမလင်းသေးဘူး ၊ရပ်ကွက်တွေမှာ ကားတွေနဲ့ လှည့် စပီကာကြီးကနေ လွှင့်တဲ့ သီချင်းလေး ပြန်ကြားယောင် မိတယ် ..း) မိုးခါး ရေ ..
အင်းလျားကန်ဘောင်လည်း လူတွေ စည်ပါ့...လမ်းလျှောက်တာက နဲနဲ ..စားတာက များများ ပဲလေ ။ စားပြီး အိမ် ပြန်ရောက်တာနဲ့  နောက်တရေးထပ်အိပ် ..း)) ။
ခုတော့ ..း((
ငယ်တုန်းကတော့ ဆောင်းဆိုရင် အားကြိုးမာန်တက် အားကစားထလုပ် ဖြစ်တယ်။ ခုတော့ စောင်ထူထူထဲမှာပဲ ကွေးနေတာပဲ ကြိုက်တယ်။
လှပတဲ့ ဒီဇင်ဘာနေ့တွေ ပိုင်ဆိုင်နိုင်ပါစေ
ခင်မင်စွာနဲ့ ...
လမ်းလျှောက်ရင်ကျန်းမာရေးနဲ့ ညီညွတ်မှန်းတော့သိတယ် ဒါပေမယ့် အစောကြီးထရမှာ အရမ်းပျင်း :P
ညီမလေးမိုးခါးးး
ဆောင်းမနက်ခင်းတွေ သတိရအောင် လုပ်တယ်ဗျာ။
ငယ်ငယ်ကတော့ အဖေက မနက်အစောကြီး လာလာနှိုးပီး သားအဖတွေ လမ်းလျှောက် ထွက်ကြတယ်။
ပီးရင် နဲပြားနဲ့ မလိုင်ကို ဘာဘူကြီးဆိုင်မှာ ၀င်စားတယ်။
လူပျိုပေါက် ဖြစ်လာတော့ အဖေ နဲ့ မလိုက်ပဲ သူငယ်ချင်းတွေနဲ့ လိုက်တယ်။ မနက်စောစောထပြေးတဲ့ ကောင်မလေးတွေကို ပိုးတယ်။ ပြီးမှ အဖေနဲ့ ဘာဘူကြီး ဆိုင်မှာ ပြန်ဆုံပြီး သားအဖတွေ အတူ အိမ်ပြန်ကြတယ်။
ဒီစာလေး ဖတ်ပြီး ဆောင်းနှင်းမြူခိုးတွေ ဝေ နေတဲ့ နံနက်ခင်းတွေရယ်၊ ဖေ့ရဲ့ တက်ကြွ ကြည်နူးနေတဲ့ ခြေလှမ်းတွေရယ်ကို သတိရမြင်ယောင်မိတယ်။
ဖေကတော့ ခုချိန်ထိ မြို့ကလေးမှာ နံနက်ခင်းတွေတိုင်း တစ်ယောက်တည်း လမ်းလျှောက်ထွက်နေဆဲ။ ဖေ့ခြေလှမ်းတွေ ဟိုးအရင်ကလို တက်ကြွနေနိုင်ပါ့မလားးး....။
စာလေးတစ်ပုဒ်ရေးဖို့ အတွေးတွေ ရသွားပြီ ညီမလေးရေ... ကျေးဇူး...
ပျော်ရွှင်ပါစေ
အင်း
ဒို့များကြတော့လည်း တစ်ခါမှ လမ်းထမလျှောက်ဖြစ်ဘူး။ ကျောင်းတုန်းက မဖြစ်မနေလျှောက်ရမယ်ဆိုတုန်းကတော့ လျှောက်ဖူးတယ်။ ခဏပဲ။ ပြီးရင် ကားခိုးစီးပြီး သူများတွေကျွေးတဲ့ ကောက်ညှင်းပေါင်းစားပြီး လိုင်းကားနဲ့ပဲ ပြန်တယ်။ ဂလို။ ကျန်းမာရေးကိုလိုက်စားတာ။ သေကာမှသေရော။ ပျင်းတယ်။ ဆောင်းတွင်းမှာ မနက်စောစောလာနိုးလို့ကတော့ တွေ့ရာသင်းချိုင်း ဓါးမဆိုင်းပဲ။ ဒါတောင် စောင်ခြုံကွေးရတာ။ နွေးအောင် ထွေးထားမယ့်လူရှိလို့ကတော့လား လာမနှိုးနဲ့ အသက်ချင်းလဲပစ်လိုက်မယ်။
ငယ်ငယ်တုန်းက ကျူရှင်သွားဖို့ ဆောင်းမနက်တွေမှာ မြူတွေကြား အေးအေးနဲ့ သူငယ်ချင်းတွေ တအုပ်ကြီး လမ်းလျှောက်တာကို တအားသတိရမိတယ် မိုးခါးရေ..
ပျော်အောင်နေပါဗျာ....း)
ဆောင်းရာသီအလွမ်းလေးပေါ့လေ..။ ကိုယ့်မှာတော့ မိုးလား ဆောင်းလား နွေလား လို့တောင်မသိရတဲ့နေရာ ရောက်နေရပါပေါ့လား..
ဆောင်းရိပ်မှုန်ရီ
ညတွေဆီမှာ
လရောင်နဲ့ ကြယ်
ခပ်မှိန်မှိန်လေး အလင်းဝယ်
ချမ်းလို့လဲမကုန်
လွမ်းလို့လဲ ရင်ခုန်နေရပါတော့တယ်..။
မမိုးခါးက Wut Yee လား။ အင်း ဒီဇင်ဘာကို ကျနော်လည်း ချစ်တယ်ဗျ။ ငယ်ငယ်က မနက်အစောကြီး ထပြေးတတ်တာကို သတိရတယ်။ မှောင်မှောင်နဲ့ သရဲခြောက်တယ်ဆိုတဲ့ နေရာရောက်ရင် အမြန်ပြေးရတာ အမော:-)
အင်း ... အစ်မက ဖေကြီးနဲ့ တခါတလေ လမ်းလျှောက်လေ့ရှိတယ် ... လွမ်းတောင်ပြန်လွမ်းသွားတယ် ညီမလေးရေ ...
ဟုတ်ပါ့ မိသားစုနဲ့နေတုန်းက ကောင်းသား။
ခု ပြန်သွားနေဆိုရင်လည်း အသက်ကကြီးပြီး
ဘာအလုပ်မှ မလုပ်သေးဘူး ကြိမ်းတာကို နားညီးခံနိုင်မှာ မဟုတ်ပြန်ဘူး။ ဟော ခက်ရော...။
မိုးခါးရေ
အပြန်ဘာစားမလဲ စဉ်းစားတာတော့ တူတယ်သိလား။ကျွန်မလည်း အဲလိုပဲ။ရည်ရွယ်ချက်တွေ အမြန်ဆုံးပြည့်ဝပါစေလို့ ဆန္ဒပြုလျက်..........
ဆောင်းရာသီ ထပြေးရတာ အင်မတန် မုန်းတာပဲ ။စောင်ခြုံပြီးကွေးရတာထက် ဘာပို ကောင်းပါ့မလဲ။ မနက်စောစောစီးစီး တခါမှ ထမပြေးဖူးဘူး။ ဒါပေမယ့် ညနေတိုင်း ဘောလုံး ကန်တယ်ဆိုတော့ အခြေအနေ အတူတူလောက်ပဲ ထင်တာပါပဲ
မနက်ထပြေးရတာ တော်တော်ကောင်းတဲ့ အရသာ။ ငှက်လေးတွေရှိတယ်၊ ဝေးဝေးက မှုန်ပြပြကောင်းကင်ကြီး မှာဝင်းလက်နေတဲ့ ရွှေတိဂုံဘုရားကြီး။ ကိုယ်လိုလေ့ကျင့်ခန်းလုပ်နေတဲ့သူတွေ၊ အေးအေးလူလူ လွမ်းစရာ။ ငါကတော့ ဆိတ်စွပ်ပြုတ်နဲ့ နံပြား။ ဒီမှာကတော့ မနက်မပြေးနိုင်လို့ ညဘက်တွေ ပြေးနေရတယ် အလုပ်ပြန်လာပြီး မှုန်သုန် လေးဖင့်နေတဲ့ ကားတွေလူတွေ ကြားမှာ။ ဘာပဲဖြစ်ဖြစ်ကောင်းပါသေးတယ်။ မလုပ်ဖူးသေးတဲ့ လုပ်ချင်တာတွေ လုပ်နိုင်နေတယ်။း)
ဟုတ်တယ်အခါးရာ နာတို့ ဆောင်းက ကဗျာဆန်တယ်
ဒီကဆောင်းက ကဗျာမဆန်ဘူး ဗွက်ထတယ် . . . :P
ဆောင်းနံနက်ခင်းတွေ မှာ ခံစားရတဲ့  အတိတ်ကိုလွမ်း
လိုက်တာ အခါးရာ . . .
Post a Comment