Monday, January 31, 2011

ကျမနှင့် အလုပ် (၂)

အတိတ်တွေကို ပြန်စဉ်းစားကြည့်မိရင် တချို့မှတ်ဥာဏ်တွေက သိပ် မဝေးသေးသလိုပါပဲ .. မနေ့တနေ့ကလို ခံစားချက်မျိုးလဲ ပြန်ရတတ်ပါသေးတယ် ..

ခုရက်ပိုင်း သတိရနေမိတာက အစိုးရ အလုပ်က ထွက်ပြီး သူငယ်ချင်းနဲ့ ဆိုင်အလုပ်လေးလုပ်ခဲ့တာကိုပါ ..

အစ်မ၀မ်းကွဲတွေက စလုံးကို အလုပ်လာလုပ်ဖို့ အဆင်သင့်ဖြစ်တဲ့အချိန်မှာပဲ အိမ်က ဆိုင်လေးဖြုတ်ပစ်ရမယ့် အတူတူ သမီးဆက်လုပ်ကြည့်မလားဆိုပြီး ဆိုင်လေးကို လက်လွှဲယူဖြစ်ခဲ့ပါတယ် .. ကိုယ့်အစ်မတွေဆိုင် ဖြစ်တာကြောင့် ဖောက်သည်တွေရှိပြီးသားဖြစ်တာက တကြောင်း ကိုယ်ကိုတိုင် ကျွမ်းကျင်ပြီး စိတ်ဝင်စားမိတာက တကြောင်း အကြောင်းကြောင်းတွေကြောင့် အစိုးရ အလုပ်က ထွက်ပြီး ဆိုင်လေး ဆက်ဖွင့်ဖြစ်ပါတယ် .. အစိုးရအလုပ်ကလည်း ၁နှစ်ခွဲတဲ့ အထိ နေ့စားပါပဲ ..

ကိုယ့် စိတ်ကိုက ကိုယ့်ခြေ ကိုယ့်လက်နဲ့ ကိုယ်ပိုင် ကိုယ်နိုင် လုပ်ချင်စိတ်လေး ရှိပါတယ် .. မလုပ်ခင်ကတော့ အတွေးတွေနဲ့ တက်ကြွပြီး သူငယ်ချင်း နှစ်ယောက် ပျော်ရွှင်နေတာပေါ့ .. တကယ်တမ်း လုပ်ငန်းခွင်ဝင်တော့ အခက်အခဲနဲ့ ပိုင်ဆိုင်ရတာတွေ ဆုံးရှုံးရတာတွေ ကြုံတွေ့ရတာပါပဲ ..

ရရှိရတာကတော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး .. လူပေါင်းစုံရဲ့ အလေ့အထတွေ စရိုက်တွေ အနီးကပ် လေ့လာခွင့်ရခဲ့ပါတယ် .. ဆုံးရှုံးရတာကတော့ လွတ်လပ်မှုပါ .. အလုပ်မစခင်က ကိုယ့်ဆိုင်ကိုယ် လွတ်လွတ်လပ်လပ်လို့ ထင်ခဲ့ပေမယ့် လက်တွေ့မှာ ကိုယ်သွားချင်တဲ့ နေရာ မသွားရ အချိန်မရှိလို့ ကိုယ်လုပ်ချင်တာ မလုပ်ရနဲ့ စိတ်ကသိကအောင့်လေးတွေ ဖြစ်ခဲ့ရပါတယ် .. အဓိကကတော့ သူငယ်ချင်းတွေနဲ့ မပျော်ရတာပေါ့ .. အရေးကြီးတဲ့ အစိတ်အပိုင်းမဟုတ်ပေမယ့် အဲဒီချိန်ကတော့ ဆုံးရှုံးမှုလို့ မြင်ခဲ့တာပါပဲ .. အစိုးရရုံးမှာက တက်လမ်းနည်းပေမယ့် ဆိုင်ဖွင့်ချိန်ထက် လွတ်လပ်ခွင့် ပိုရခဲ့ပါတယ် .. ကျောင်းလည်း တက်နေတုန်းကိုး ..

မိုးခါးဆိုင်လေးက အစ်မတွေ ရှိတုန်းကတော့ တော်တော်စုံစုံလုပ်ရပါတယ် .. ကွန်ပျူတာ စာစီ စာရိုက်၊ မိတ္တူ၊ ထီ၊ ဆေးဆိုင် စသည်ဖြင့်ပေါ့ .. ဆိုင်လေးက ကျဉ်းပါတယ် .. ဒါပေမယ့် အလုပ်ဖြစ်အောင်လုပ်ရတာ ထုံးစံမို့လား .. နောက်ပိုင်း တဖြည်းဖြည်းနဲ့ ရန်ကုန်မှာ မီးတွေပျက် အစိုးရရုံးတွေက နေပြည်တော်ကို ပြောင်းနဲ့ အရင်လိုလည်း အလုပ်က မကောင်းတော့ပါဘူး .. ဒီလိုနဲ့ အစ်မတွေလည်း ဆေးဆိုင်ဖြုတ် ထီဆိုင်ဖြုတ်နဲ့ပေါ့ .. စလုံးကို သွားခါနီးတာလဲ ပါတော့ မသွားခင်လေး အလုပ်ဖြစ်အောင် လုပ်သလောက်ပဲ ရှိတော့ပါတယ် .. အစ်မတွေ သွားရဖို့ သေချာတော့ ဆိုင်လေးကို မိုးခါးတို့ ဆက်ယူပြီး စမ်းလုပ်ကြည့်တာပါ ..

ဆိုင်ရှင် ဖွားဖွားကြီးနဲ့ ကိုယ်တိုင်က ရင်းနှီးပြီးသား ဖွားဖွားကြီးမှာလဲ သားထောက်သမီးခံ မရှိ ဆိုင်ငှားခလေးနဲ့ သူတို့ရဲ့ ကုန်စုံဆိုင်လေးနဲ့ ရပ်တည်ပါတယ် .. အဲဒီချိန် ဆိုင်ခန်းငှားခက ၆သောင်းပါ .. စာချုပ်ချုပ်ရင် ၆လ ၁နှစ် အဲလိုချုပ်ရပါတယ် ..

အဲဒီချိန်က ဆိုင်ထဲမှာ ကွန်ပျူတာ ၁လုံး မိတ္တူစက် ၁လုံးနဲ့ပေါ့ .. သူငယ်ချင်းက မိတ္တူဆွဲဖို့ တာဝန်ယူပြီး မိုးခါးက ကွန်ပျူတာပိုင်း တာဝန်ပါ .. လုပ်ရတဲ့ အလုပ်တွေက လမ်းထဲက YES တို့ YWCA တို့က စာအုပ်တွေ မိတ္တူဆွဲရတယ် .. အနားက အိမ်အကျိုးဆောင်တွေ ကုမ္ပဏီတွေတွက် လိုဂိုတွေ သတင်းစာထဲထည့်မယ့် ကြော်ငြာတွေ စည်ပင်က ဇယားတွေ တခြား ပို့စာတွေ ရိုက်ရပါတယ် .. စာမေးပွဲတွေနီးရင်တော့ ပိုအလုပ်ဖြစ်တာပေါ့ .. နေ့ရောညပါ အလုပ်မပြီးတတ်ပါဘူး .. ပတ်သက်ရတဲ့ လူတွေကတော့ အမျိုးမျိုးပေါ့ .. တချို့လည်း ရီစရာ တချို့လည်း စိတ်ပျက်စရာပါပဲ ..

ရုံးလုပ်ငန်းတွေရဲ့ အရှုပ်တွေ ပြဿနာတွေကိုလည်း တွေ့ရပါတယ် .. အောက်ခြေ ၀န်ထမ်းတွေရဲ့ မ၀ ၀မ်းစာကို ဖြစ်သလို ဖြည့်တင်းရတာလည်း မြင်ရပါရဲ့ .. ရာထူးလေး သေးသေးလေးနဲ့ လူတွေကို ဟောက်စားလုပ်ချင်သူတွေလည်း ပါပါသေးတယ် .. အဖြစ်အပျက်ကို မေ့သွားပေမယ့် "ဆိုင်ရှင် ခေါ်လိုက်" ဆိုတဲ့ ဘာမဟုတ်တဲ့ ရာထူးနဲ့ စည်ပင်က လူကိုလည်း မှတ်မိနေပါသေးတယ် .. မိုးခါးတို့က ဖြစ်လိုက်ပီဆို ၂ထပ်ရှိမှ မှတ်မိအောင် ထင်ပါရဲ့ ၂ခါ ၂ခေါက် အဲလိုမျိုး ဖြစ်တတ်ပါတယ် .. အဲဒီလူနဲ့လည်း ပြဿနာဖြစ်တာ ၂ခေါက်ပါပဲ .. လူပုံကိုတော့ မှတ်မိသေးတယ် .. အဖြစ်အပျက်ကိုတော့ မေ့သွားပြီ ..

ရုပ်ရှင်ရိုက်သလိုလို ပရိုဂျူဆာလိုလိုနဲ့ လူတယောက်လည်း ရှိပါသေးတယ် .. ကိုယ်တွေဆိုင်ကိုလာပြီး မင်းသမီးပဲ တင်ရိုက်တော့မလိုလိုနဲ့ပါ .. တော်တော်လေးလဲ ရီရပါတယ် .. အဲဒီချိန်ကတော့ မရီနိုင်ပါဘူး .. နှစ်ယောက်သား ဒေါသတွေ ထွက်လို့ပေါ့ .. ဟိုတခေါက် ရန်ကုန်ပြန်တုန်းကတောင် သီတာမှတ်တိုင်မှာ အဲလူကို တွေ့သေးတယ် .. :P

လမ်းထဲမှာ အဆိုတော်ပေါက်စတယောက် ရှိသေးတယ် .. အဲဒီချိန်မှာတင် သူက ကိုယ်တွေထက် အသက်ကြီးပါတယ် .. ဒါပေမယ့် သူက ကိုယ်တွေကို အစ်မတဲ့လေ .. မှတ်မှတ်ရရ သူက အမြဲတမ်း သူ့ရည်းစားစာတွေကို ကွန်ပျူတာနဲ့ လာစီတာပါ .. လက်ရေးစုတ်လို့တဲ့ .. တကယ်လည်း မနည်းဖတ်ရပါတယ် .. ပြီးတော့ ကာလာစက္ကူနဲ့ ထုပ်ခိုင်းပြီး ဒီဇိုင်းလည်း လုပ်ပေးရပါသေးတယ် .. တခါတလေးများ အမ ကြည့်ရိုက်လိုက်ပါဆိုတာက ပါပါသေးတယ် .. ချစ်ပုံများ မိန်းကလေးတွေ သတိပြုဖို့ပေါ့ .. :D ပုံမှန်စာတစောင် ၁၀၀ ၁၅၀ အချိန်မှာ သူ့စာတွေကတော့ ၃၀၀ လောက်တန်တဲ့ ဆိုင်ရဲ့ ဖောက်သည်ပေါ့ .. သူ့ကောင်းမှုနဲ့ သင်္ကြန်မှာ ဖရီးလက်မှတ် ၂စောင်ရပြီး သူငယ်ချင်း၂ယောက် သွားလိုက်သေးတယ် .. :D .. မိန်းကလေးတွေ မှတ်သားစရာ နောက်တခုပေါ့ .. သင်ပေးသွားပါသေးတယ် ..

တရက် .. ထုံးစံအတိုင်း စာလာရိုက်ပြီး ပြန်လာယူတဲ့အချိန်ပေါ့ .. ကိုယ်တွေကလည်း မေးလိုက်မိတယ် .. "ဟဲ့ .. နင်ဒီလောက် ရည်းစားတွေ အများကြီးထားနေတာ ဘယ်လိုများ ရည်းစားစကားပြောလဲ ဘယ်လိုအချိန်ပေးလဲ" ပေါ့ .. သူကလည်း ပြန်ပြောပါတယ် .. လက်ထပ်ဖို့ ချစ်တာ ဘာညာပေါ့ .. ဒီတော့ ဒီ၂ယောက်ကလည်း ထပ်မေးပါတယ် .. "ယူမယ်ဆိုတော့ ဘယ်တယောက်ယူမှာတုန်း" ပေါ့ .. "တကယ်လည်း မကြိုက်ပဲ ယူမယ် ပြောတာပဲလား" ပေါ့ .. ဆိုတော့ သူက "ဟာ အစ်မကလည်း ရည်းစားစကားပြောပြီး မယူဘူး နင့်ကို အပျော်ထားတာလို့ ပြောရင် ပါးရိုက်ခံရမှာပေါ့ .." တဲ့လေ ..

မိုးခါးတို့မှာ သူငယ်ချင်း ၄ယောက် ရှိပါတယ် .. အဲဒီ၎ယောက်က အားပြီဆို အဲဒီဆိုင်လေးမှာပဲ ဆုံရတယ် .. တခြားလည်း သွားလို့မှ မရတာကိုး .. အဲဒီတော့ မိန်းကလေးတွေ များတဲ့ ဆိုင်ကို ယောက်ျားလေးတွေလာတတ်တာထုံစံမို့ ဆိုင်က လူစည်တယ်ပြောရမှာပါပဲ .. ပိုးကြေးပန်းကြေး မုန့်တွေလည်း အများကြီး စားရပါတယ် .. ပျော်ဖို့လည်း ကောင်းပါတယ် .. ၀မ်းနည်းစရာက ဆိုင်ကရတဲ့ ၀င်ငွေနဲ့ ကိုယ်တွေ အသုံးစရိတ်က ဗုန်းတာ များနေတော့ ဆိုင် အရင်းပြုတ်ပါလေရော .. :D

တကယ်ကတော့ အဒီချိန် ရန်ကုန်မှာ မီးတွေ အရမ်းပျက်ပါတယ် .. နေ့လည် ၂နာရီလာ ၂နာရီပျက်နဲ့ပေါ့ .. ဒါတောင် နပ်မမှန်ချင်ပါဘူး .. အရမ်းကိုပျက်တဲ့ နှစ်ပါ .. မိုးတွေလည်း သဲကြီးမဲကြီးရွာပြီး ရေတွေလည်း လျှံပါတယ် .. ရုံးတွေလည်း နေပြည်တော်တွေပြောင်းနဲ့ အလုပ်တွေ အတော် ကမောက်ကမ ဖြစ်ပါတယ် .. ဒီလိုနဲ့ပဲ ဆိုင်သက်တမ်း ၁နှစ်ခွဲမှာ မိုးခါးတို့ ဆိုင်လေး ပိတ်လိုက်ပြီး မိုးခါးတယောက် လွတ်လပ်ရေး ပြန်ရသွားပါတော့တယ်ခင်ဗျား ... :D

(စာရေးဖို့ စိတ်မရောက်လို့ စိတ်ကူးပေါက်ရာ ရေးတင်ပါသည် .. :D)
ပြောရင်း ဆိုရင်း .. အဲ ရေးရင်း ရိုက်ရင်း ငါးဖယ် အစာသွပ် သွားသတိပြန်ပါပြီ .. ဆိုင်ကို ဗညားရှိန် ၀ယ်လာကျွေးတာပါ .. :D

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...