Saturday, January 8, 2011

အိပ်မက်ရာသီ

ဒီလို ရာသီမျိုးပါပဲ ..

နှင်းတွေ ရှိမယ် .. အေးမြစွတ်စိုတဲ့ မနက်ခင်းတွေ ရှိမယ် .. ညနေခင်းတွေ နေ၀င်စောမယ် .. နှင်းထုက အမှောင်ထုကို အဖော်ပြုမယ် .. မြူတွေဆိုင်းတဲ့ မနက်နဲ့ ညနေခင်းတွေ ရှိမယ် .. ညနေဘက်ဆို ကလေးတွေရဲ့ စီစီညံညံသံတွေ ကြားရမယ် .. မနက်ခင်းတွေမှာ စောစော အိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြဖို့ သတိတွေ ပေးနေကြမယ် .. ဒီလို အချိန်ရာသီမျိုးပါပဲ .. ကျမရဲ့ အိပ်မက်တွေက အခန်းတံခါးကို ဖြည်းဖြည်း ညင်သာ တိုးဝင်လာလေ့ ရှိတယ် ..

လွန်ခဲ့တဲ့ ၄နှစ် .. ဒီလို အချိန်မျိုးကစလို့ ကျမ အိပ်မက်တွေ မက်တတ်လာခဲ့တယ် .. ညနေခင်း မြူတွေအောက် ကန်ဘောင်နံဘေးမှာ စကားတွေ တီးတိုးပြော ရှေ့ရေးတွေ တိုင်ပင်ခဲ့ကြတယ် .. အိပ်မက်တွေ လက်တွေ့ အကောင်ထည်ဖော်မယ်လို့ စိတ်ကူးညနေခင်းတွေ ရောင်ခြည် ဖြာနေခဲ့တယ် ..

မနက်ဖက်ဆို တယောက် အမော တယောက် မျှယူလို့ နှင်းစိုစိုထဲ လက်တွဲ မြဲခဲ့ဘူးတယ် .. ပါးစပ်ထဲက အငွေ့တွေ ထွက်အောင်လုပ်ပြီး အကြောင်း မရှိ ရယ်မောပျော်ရွှင်ခဲ့ဘူးသလို နှာသီးဖျား နားရွက်ဖျားလေးတွေ အေးနေတာကို တို့ထိ ဆော့ကစားပြီး ပြေးလွှား အော်ဟစ်ခဲ့ဘူးတယ် .. ဒီလိုနဲ့ ကျမ အိပ်မက်ရာသီတွေ အလေ့ကျ ပေါက်ရောက်လာခဲ့ရတယ် ..

သူ့ အပြုံးဟာ
ကျမအတွက် ရာသီစာ
ရပ်တည်မှုတွေအတွက်
ခွန်အားတွေ ပေးခဲ့တယ် ..။

ကျမကို ဆိုးတယ်တဲ့ .. နင်သိပ်ဆိုးတယ်လို့ သူက ပြောလေ့ရှိတယ် .. အဲလိုမဟုတ်ပါဘူး .. ကျမက လူရွေးပြီး ဆိုးပါတယ် .. အထူးသဖြင့် ကျမ ချစ်ခင်ရတဲ့ ကျမကို ချစ်တဲ့သူတွေ အပေါ်တွင်မှပါ .. ပြီးတော့ ကျမက မလိမ္မာလို့ ဆိုးတာလည်း မဟုတ်ပြန်ပါ .. လိမ္မာပြီး ဆိုးတာ .. ပြောရမယ်ဆို ချစ်စနိုးနဲ့ ဆိုးတတ်တဲ့ ကျမပါ ..

ကျမ ဂျစ်တိုက်တဲ့အခါ စိတ်မရှည်ပဲ တခါတလေ အော်ထုတ်လေ့ရှိတယ်လေ .. အကယ်၍ ကျမ မျက်နှာညိုသွားတဲ့အခါ မနေနိုင် မထိုင်နိုင် မချော့တတ် ချော့တတ်နဲ့ စကားတွေ လျှောက်ပြောလိမ့်မယ် .. အဲ .. ဒီလိုနဲ့ပဲ ..

ရက်တွေက လ
လတွေက နှစ်
ရာသီတွေ လည်ပတ်လို့
သံယောဇဉ်တွေ တိုးခဲ့တယ် ..။

ညီမလေး .. နင် လိမ္မာပါတယ်ဟာ .. ဒီစကားတခွန်းပဲ နောက်ဆုံး ရခဲ့တယ် .. အကြောင်းပြချက်ကတော့ ဘ၀ရဲ့ ရှေ့ရေးတဲ့ .. ကောင်းပါပြီလေ .. ယုံကြည်စွာနဲ့ လက်သင့်ခံလိုက်ပါ့မယ် .. တခြားရွေးစရာလမ်းလည်း ရှိမှ မရှိခဲ့ပဲ ..

အဲဒီနေ့က မျက်ဝန်းတွေ စိုခဲ့လား .. သတိမထားလိုက်မိဘူး ..

အဲဒီနေ့က ကတိတွေ အထပ်ထပ်တောင်းခဲ့လား ..ေ၀၀ါးနေခဲ့တယ် ..

အဲဒီနေ့က ငါတို့ နောက် ၄နှစ်ဆို ပြန်တွေ့ကြမယ် .. နင်ပြောခဲ့သလား .. အဲဒီအချိန် ငါ့ မှတ်ဥာဏ်တွေ နည်းနေခဲ့တယ် .. သေချာတာတခုက ငါ့မျက်နှာ ညို မညို ဂရုမစိုက် မျက်နှာလွှဲခဲ့တယ် ..

နာကျင်ချင်ခဲ့ပါရဲ့
ရယ်မောခြင်းတွေ
ပျော်ရွှင်ခြင်းတွေကို
အဆုံးသတ်ပြစ်ခဲ့ရက်သူ ..။

မျှော်လင့်ချင်ခဲ့ပါရဲ့
မျက်ဝန်းတွေ လင်းဖြာမယ့်နေ့
ရယ်မောသံတွေ အသက်ပါမယ့်နေ့
တကယ်ပဲ လိမ္မာချင်ခဲ့တဲ့သူ ..။

စောင့်မျှော်နေခဲ့ပါရဲ့
မျှော်လင့်ချက်တွေ တနင့်တပိုး
ယုံကြည်ချက်တွေကို ထုပ်ပိုး
ဆန္ဒတွေကို သိမ်းဆည်းခဲ့တဲ့သူ ..။

အချိန်တန်ခဲ့ပြီလား ..
တကယ် ပြန်ရောက်လာလိမ့်မလား ..
မြူတွေ တိမ်တွေ ပြန်လည်စုဝေးတဲ့ အခါ ..
အိမ်မက်ရာသီ တကျော့ပြန်လည်ခဲ့တဲ့အခါ ..

12 comments:

Sunny said...

ပြန်လည်ဆုံဆည်းနိုင်ပါစေ..

Anonymous said...

ဒါ တစ်ဖြေးဖြေး
လည်တံ ရှည်လာတဲ့
အကြောင်းကို ရေးထားတာ ပဲ .. :D

ဆောင်းတွင်းတောင်
ကုန်တော့မယ် သူက
ခုမှ တစ်ရေးနိုး
ဖီလင် လာနေတယ် ... B-)


ခင်မင်လျှက်
ဆောင်းနှင်းရွက်

Anonymous said...

နင့် လက် မကျသွားဘူး . . . ခံစားချက် တခုခု ရေးတဲ့နေရာမှာ နင်အရမ်းကောင်းတယ် သူငယ်ချင်း
ကဗျာတောင် နင်တော်တော်ရေးတတ်လာခဲ့ပြီးး)

အားပေးနေဦးမယ်ဝေးးးးးး

ကြည်သာ

Anonymous said...

်အရေးသားလေးမှာမျောသွားတယ်။
အိမ်မက်မဟုတ်တဲ့ခုလက်တွေ့ဘဝလေးမှာ အမြဲပျော်ရွှင်နိုင်ပါစေ...

သာယာချမ်းမြေ့ပါစေရှင်း
မိုး

Maung Myo said...

သူ့ အပြုံးဟာ
ကျမအတွက် ရာသီစာ
ရပ်တည်မှုတွေအတွက်
ခွန်အားတွေ ပေးခဲ့တယ် ..။

အဲ့နေရာ အကြိုက်ဆုံးပဲ heart ထိလို့ ။

Anonymous said...

သြော်...ကိုမိုးခါးမှာလဲ ခံစားဂျက်ကြီးနဲ့ပါလား
ဟတ်...စိတ်လျှော့ စိတ်လျှော့..အမရေ..:P

JohnMoeEain said...

အိမ်မက်ရာသီ တကျော့ပြန်လည်ခဲ့တဲ့အခါ,,,,

nice essay sis :)

နှင်းနဲ့မာယာ said...

မိုးခါးရေ
ခံစားသွားတယ်
ပြန်လာမှာပါ ...
အိပ်မက်ရာသီ တကျော့ပြန်လည်စေ......

နှင်းနဲ့မာယာ

Anonymous said...

အိမ်မက် မက်မနေနဲ့ ထတော့ ထတော့.....း)

ရုံးသွားရမယ်...

အားလူးကတ်တလိပ်လေး စားသွားဦး....:P

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရင်းနဲ့ ကိုယ်တိုင်ခံစားလိုက်ရသလိုဘဲ..
အရေးကောင်းလိုက်တာ..
အိပ်မက်တွေ အမြန်ဆုံး အသက်ဝင်လာပါစေ ညီမလေးရေ...

Anonymous said...

Nice!!

Libratun said...

ကောင်းချက်။ မှတ်တောင် မမှတ်မိဘူး။ အရမ်းကောင်းတယ်။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...