ဆံစမှစ
စိမ့်စိမ့်ကြည့်ကာ
ချစ်နေတော့လည်း ကဗျာ
လွမ်းလွမ်းဆွေးဆွေး
နွေတေးသီရာ
ဥသြကလည်း ကဗျာ
ညို့ညို့မှိုင်းမှိုင်း
မိုးသားသွားရာ
တိမ်ဆန်တာလည်း ကဗျာ
ငိုကြွေးမြည်တမ်း
စိတ်စွဲလန်းကာ
အိပ်မက်ရာလည်း ကဗျာ
ပြုံးပျော်ရွှင်လန်း
ဘ၀င်ပန်းတို့
ပွင့်လန်းရာလည်း ကဗျာ
အသိဥာဏ်လင်း
မျှော်လင့်ခြင်းတို့
ပေးစွမ်းရာလည်း ကဗျာ
Tuesday, February 28, 2012
Thursday, February 23, 2012
နှလုံးသားဖြင့် ခံစားစေ
တခန်းလုံးလည်း နှံနေပြီ .. မနက်က ဖတ်လက်စ စာအုပ် စားပွဲပေါ်မှာတင်ထားခဲ့တာ ခု ဘယ်လိုမှ ရှာမရတော့ .. ရှာမရတဲ့အဆုံး ကော်ဖီအရင်ဖျော်မယ်ဆိုတဲ့ စိတ်နဲ့ မီးဖိုချောင်ကို ထွက်လာလိုက်တယ် .. ကံများဆိုးချင်တော့ ကျမသောက်နေကျ ကော်ဖီခွက်ပါ ပျောက်ချင်းမလှပျောက်လို့ .. အဲလိုဆိုတော့ ကျမရဲ့ ဒေါသဒီဂရီလည်း တရိပ်ရိပ် တက်လို့ နေပြီပေါ့ .. ဇိုးဇိုးဇတ်ဇတ်အကျင့် ရှိတဲ့အတိုင်း အငယ်မ အခန်းဘက်ကို ခြေဦးလှည့်လိုက်တယ် .. တံခါးကိုဖွင့်လိုက်တော့ အငယ်မက ကွန်ပျူတာရှေ့မှာ .. ဘေးနားမှာတော့ တွေ့ပါပြီ .. ကျမရဲ့ စာအုပ် .. ကြမ်းပြင်ပေါ်ကျတော့ ကျမသောက်နေကျ ကျမရဲ့ ကော်ဖီခွက် ..
“ဗုန်း ..”
စိတ်တိုတိုနဲ့ စာအုပ်ကိုကိုင်ပြီး စားပွဲပေါ်ပိတ်ရိုက်ပစ်လိုက်တယ် .. အငယ်မက မျက်စိပေကလပ် ပေကလပ်နဲ့ ကြည့်လို့ ..
“နင့်ကို ငါ ဘာပြောထားလဲ .. ငါ့ပစ္စည်းတွေ ကိုင်တာမကြိုက်ဘူး ပြောတာလဲ အကြိမ်ကြိမ်ရှိနေပြီ .. ငါ့ပစ္စည်းမှ နင် တော်တော်ကြိုက်တယ် ဟုတ်လား .. ကင်းကင်းကို မနေနိုင်ဘူး .. စည်းကမ်းကလည်း မရှိ .. ငါ့ခွက်ကို သုံးလည်းသုံးသေးတယ် .. ကြမ်းပေါ်ချထားရလား .. တောက် ..”
ကျမအသံကြားလို့ မမကြီးက အခန်းထဲ အပြေးတပိုင်းဝင်လာခဲ့တယ် ..
“ဟဲ့ .. အော် .. ဘယ်လိုဖြစ်ကြတာလဲ နင်တို့ဟာကလည်း လူကြားမကောင်း သူကြားမကောင်း .. မိန်းကလေးတန်မယ့် အော်နေရလား .. တောက်ကလည်း ခေါက်လိုက်သေးတယ် .. အလတ်မနော် ..”
“အေး မကြီး နင်ကငါ့ပဲ အပြစ်ပြော .. ငါ ငါ့ပစ္စည်း သူများကိုင်တာ သုံးတာမကြိုက်ဘူး အကြိမ်ကြိမ်ပြောတယ် .. အငယ်မ အမြဲတမ်းယူသုံးတယ် .. ပြီးကျ စည်းကမ်းက မရှိဘူး .. ပြောတော့ ပြောတဲ့လူအပြစ်ဖြစ်ရော .. တော်တော်ကောင်းတယ် ..”
မေမေပါ ရောက်လာပြီး ..
“သမီးလတ်ရယ် .. အငယ်လေးက မသိလို့ယူတာပဲ .. သူက ငယ်သေးတော့ ဘယ်သိပ်နားလည်ပါ့မလဲ .. ညီအစ်မချင်းချင်းပဲဟာကို ဒီတဗိုက်ထဲက ထွက်လာပြီးတော့ .. ကဲကဲ အငယ်လေး မလတ်ခွက်ကို ပြန်သွားဆေးပေးလိုက် ..”
“မလိုဘူး မဆေးနဲ့ နင်ဆေးလည်း ဖြစ်သလိုဆေးပြီး ဂျီးချောင်းက ဒီတိုင်း .. နောက် ငါ့ခွက်ယူသုံးမယ်မကြံနဲ့ .. မကြိုက်ပါဘူး အတန်တန်ပြောထားရက်နဲ့ ..”
ဒီလိုပါပဲ .. အလတ်ဆိုတဲ့အတိုင်း ကျမက အလယ်မှာ လတ်နေတာပဲ များတယ် .. အမေက မကြီးကို သမီးကြီးမို့ အားကိုးသလို အငယ်မကျတော့ အငယ်ဆုံးလေးဆိုပြီး တော်ရုံမပြော အလိုလိုက်တယ် .. တော်ပါပြီ .. ကိုယ့်ဘ၀ကိုယ်ပဲ စိတ်ကုန်ပါတယ် ..
စိတ်ရှုပ်ထွေးစွာနဲ့ သူငယ်ချင်းတွေအိမ်သွားမယ် စိတ်ကူးပြီး လမ်းထွက်လာလိုက်တယ် .. ကံမကောင်းဘူးဆို ဆက်တိုက်ဆိုတာ ကျမအတွက်တော့ အမှန်ပဲ .. သူငယ်ချင်းအိမ်သွားတော့ ဒင်းက မရှိဘူး မြို့ထဲသွားတယ်တဲ့ .. (စိတ်ရှုပ်ပါတယ်ကွာ)
စာအုပ်အငှားဆိုင်ဖက်သွားရင်း အသုပ်စုံဆိုင်တွေ့တော့ ကျမ၀င်ထိုင်ပြီး အစုံသုပ်တပွဲမှာလိုက်တယ် ..
“အစ်မကြီး .. မုန့်ဖိုး ..”
အသံကြားရာ လှည့်ကြည့်လိုက်တော့ ညစ်တီးညစ်ပတ် စုတ်တီးစုတ်ဖတ် ကောင်လေးတယောက် .. အသက်ကတော့ ၁၁နှစ် ၁၂နှစ်လောက်ထင်မိရဲ့ .. ကျောင်းစိမ်းအဖြူက ညစ်ထေးနေတယ် .. ဘောင်းဘီအအကွက်ကလည်း ဂျီးအထပ်ထပ်နဲ့ .. ဆံပင်ကို ကြည့်တော့ ဖုန်အလိမ်းလိမ်းနဲ့ အရောင်ကိုက ဖုန်ရောင်ထနေခဲ့တယ် .. ခြေထောက်မှာစီးထားတဲ့ ဖိနပ်က လူကြီးဆိုက် စင်ကြယ်ဖိနပ်ကိုမှ ဖင်က ပြတ်ထွက်နေတယ် .. ခန္ဓာကိုယ်မှာ ဂျီးလက်လေးသစ်နဲ့ .. ဖြန့်ထားတဲ့လက်ကို ကြည့်မိတော့ လက်သည်းတွေရှည်နေသလို လက်သည်းကြားမှာလည်း ဂျီးတွေ မဲညစ်လို့ .. ကိုယ်နံ့ချဉ်စုတ်စုတ်ကလည်း ရသေးတယ် ..
စိတ်ရှုပ်နေတဲ့သူကိုမှ အလိုက်ကန်းဆိုးမသိ မုန့်ဖိုးလာတောင်းနေတဲ့ကောင်လေးကိုကြည့်ရင်း သူ့ကိုယ့်က အနံ့ကြောင့်လည်းပါမယ် .. ကျမခေါင်းတွေကိုက်တက်လာတယ် ..
“မရှိဘူး မရှိဘူး သွား”
ပြောလိုက်တာတောင် ပေကပ်ကပ် ဆက်ရပ်နေသေးတယ် ..
“အစ်မကြီး .. မုန့်ဖိုးပေး” “အစ်မကြီး မုန့်ဖိုးပေး”
ဆက်တိုက်ဆိုသလို ရေရွတ်နေတဲ့ကောင်လေးကို ကြည့်ရင်း ..
“ဟဲ့ .. နင့်ကို မရှိဘူးလို့ ပြောနေတယ် .. သွားတော့ ..”
လေသံမာမာပြောလဲ ကောင်လေးက မသွားသေး ..
“ဟဲ့ .. ပြောနေတာ နားမလည်ဘူးလား .. ကောင်းကောင်းပြောနေတယ် .. သွားတော့သွား ..”
မှာထားတဲ့အသုပ်လာချရင်း ဆိုင်ရှင်ကပါ ..
“ကောင်လေး .. ဈေးဝယ်ကို စိတ်ညစ်အောင် .. သွားတော့သွားသွား .. ရော့ .. ဒီမှာ အကြော် ယူသွား .. နောက် လာလာမရှုပ်စမ်းနဲ့ ..”
ဆိုင်ရှင်က ပြောပြောဆိုဆိုနဲ့ ဆိုင်မှာရှိနေတဲ့ ပဲကြော်တခု ပေးလိုက်တယ် .. ဆက်ပြီး ..
“ဒီလိုပဲ ညီမရယ် .. ဘယ်က ဘယ်လို ကလေးတွေ ရောက်ရောက်လာတယ် မသိဘူး .. ဈေးဝယ်တွေတော့ အနှောင့်ယှက်ဖြစ်တာ အမှန်ပဲ .. သနားတော့လည်း သနားစရာပါ ..”
ဆိုင်ရှင်အစ်မက ညည်းညူသလို တယောက်တည်းစကားပြောသလိုနဲ့ ညည်းပြောလေးပြောသွားခဲ့တယ် .. ကျမလည်း စားနေရင်း ကလေးရဲ့ လက်ကြားက ဂျီးချောင်းနဲ့ တကိုယ်လုံးပေရေနေတဲ့ပုံရော သူ့အနံ့ချဉ်စူးစူးရောကြောင့် သိပ်များများမစားနိုင်ပဲ ပိုက်ဆံရှင်းပြီး ထွက်ခဲ့လိုက်တယ် .. ဆိုင်ကိုကျော်ပြီး နောက်ဖေးလမ်းကြားတနေရာ အရောက်မှာ ..
ဘုတ် .. အင့် ..
“၀ါးးးးးးးးးးးးးးး”
ကျမကို ကလေးတယောက် အပြေးလာတိုက်လိုက်ပြီး သူ့အရှိန်နဲ့သူ ပစ်လဲသွားခဲ့တယ် .. တပြိုင်နက်ထဲ ကလေးရဲ့ ငိုသံစူးစူးပါပေါ်ထွက်လာခဲ့တယ် ..
“ဟာ .. ငါဒီနေ့ တော်တော်ကံဆိုးတာပဲ .. ဘယ်လိုကလေးတွေလဲမသိဘူး .. ဟူးးး”
လဲကျသွားတဲ့ ကလေးကို ထူပေးမယ်စိတ်ကူးပေမယ့် ညစ်ပတ်နေတဲ့ သဏ္ဍာန်ကြောင့် ကျမ တွန့်ဆုတ်နေမိတယ် .. အဲဒီအချိန်မှာပဲ
“ညီမလေး ညီမလေး ..” အသံနဲ့ အတူ ကလေးတယောက် တဲအိမ်လေးထဲက ပြေးထွက်လာတယ် .. တဲအိမ်လို့သာ အလွယ်ခေါ်လိုက်ရတာ .. တကယ်တမ်းကျတော့ နောက်ဖေးလမ်းကြားနားမှာ တာလဘတ်စနဲ့ ဟိုဘက်ဒီဘက် မိုးကာအောင်သိုင်းထားထဲ့ အသိုက်အမြုံလေး တခုသာ .. ထွက်လာတဲ့ ကလေးကို ကြည့်လိုက်တော့ ခုနက ဂျီးလက်လေးသစ်နဲ့ ကလေး .. သူ့ ညီမလေးဆိုတဲ့ ကလေးလေးကို ကောက်ချီပြီး သူ့တဲအိမ်လေးရှိတဲ့နေရာကိုထွက်သွားလိုက်တယ် ..
“ဟူး .....”
သက်ပြင်းချရင်း ခြေလှမ်းမယ်အလုပ် ..
“ဟိဟိဟိ .. ခစ်ခစ်ခစ် ..”
ရီသံကြားလို့ ကြည့်မိတော့ အစောက အာပြဲနဲ့ ငိုတဲ့ကလေးလေး .. သူ့အကို ကောင်လေးက ပြောင်လိုက် နောက်လိုက်နဲ့ ရှေ့မှာလုပ်ပြတော့ ညီမလေးလုပ်သူက တခစ်ခစ် .. သတိထားကြည့်လိုက်မိတော့ ကောင်လေးလက်ထဲမှာ ခုနက ဆိုင်ရှင်ပေးလိုက်တဲ့ ပဲကြော်ကို ကိုင်လို့ တဂျွတ်ဂျွတ်ဝါးဟန်လုပ်ပြတယ် .. သူ့ညီမလေးက လိုက်လု .. သူက မပေးဘူး စားပလိုက်ပြီ ကုန်သွားပြီဆိုတဲ့ပုံလုပ်ပြလိုက် .. ၀ှက်လိုက် ပြန်ပြလိုက် ပြန်ကိုက်စားပြလိုက် .. ပဲကြော်ကို အောက်ချလိုက် .. သူ့ညီမလေးရဲ့ ပေရေနေတဲ့ နှပ်တွေသုပ်ပေးလိုက် .. တကိုယ်ထဲ ဖျော်ဖြေလို့ .. အဲဒီအချိန်မှာ ..
“ဝေးးး မမပြန်လာပြီကွ” လို့ ကောင်လေးက လက်ခုပ်တီးပြီး အော်လိုက်တယ် .. ညီမလေးက လှည့်ကြည့်ပြီး လက်ခုပ်လိုက်တီးရင်း ဟေးးးး လို့ အော်ပြန်တယ် ..
သူတို့ကြည့်တဲ့နေရာကို ကြည့်လိုက်တော့ အသက် ၁၃ ၁၄နှစ်လောက်အရွယ် မိန်းကလေးတယောက် .. သူ့လက်ထဲမှာ အထုပ်တထုပ် .. လက်ထဲက အထုပ်လေးကိုပြပြီး အဲဒီမိန်းကလေးက တဲထဲဝင်သွားခဲ့တယ် .. ပြီးတော့ ညစ်စုတ်စုတ်မျက်နှာလေးတွေကို မွှေးမွှေးပေးလိုက်သေးတယ် .. အနည်းငယ် သံဂျီးကိုက်နေတဲ့ ကြွေရည်သုတ် ပန်းကန်လေးထဲ အထုပ်လေးကို ဖြည်ထည့်လိုက်တော့ အထုပ်လေးထဲက ထမင်းရယ် ဟင်းပေါင်းစုံရယ် ရောထည့်ထားတာတွေ ထွက်ကျလာခဲ့တယ် .. ကောင်လေးကလည်း သူရထားတဲ့အကြော်လေးကို ထမင်းပုံလေးပေါ်တင်လိုက်တယ် .. ပြီးတော့ ဟက်ဟက်ပက်ပက်ပြုံးရင်းသူ့အစ်မကို တလှည့် သူ့ ညီမလေးကို တလှည့် ကြည့်နေတယ် .. အစ်မကြီးလုပ်သူက ထမင်းတလုတ် လုပ်လိုက် .. မောင်ကိုခွံ့လိုက် နောက်တလုတ် လုပ်လိုက် ညီမလေးကို ခွံ့လိုက် တလှည့်စီလုပ်နေတော့ ကောင်လေးက သူ့အလှည့်အခွံမှာ သူ့အစ်မလက်ကို ကိုင်ပြီး အစ်မဖက်လှည့် စားခိုင်းတယ် .. ရီလိုက် မောလိုက် စလိုက် နောက်လိုက် .. မောင်နှမတွေရဲ့ ထမင်းဝိုင်း ..
ကျမ ကြည့်နေရင်းကို မျက်ဝန်းတွေ ရီဝေလာခဲ့တယ် .. ပါးပြင်က စိုစွတ်မှုကို သတိထားမိတော့ .. ဟုတ်တယ် .. ကျမ မျက်ရည်တွေကျနေခဲ့တယ် .. ဒီမျက်ရည်က ကလေးအပေါ်ကို မောက်မာလိုက်တဲ့ အတွက်လည်း ဖြစ်တယ် .. ကိုယ့် အစ်မ ညီမအပေါ် အပြစ်မြင်စိတ်တွေအတွက်လည်း ဖြစ်တယ် .. ကုန်ဆုံးသွားတဲ့ ခြောက်သွေ့ခဲ့တဲ့ အချိန်အတွက်လည်း ဖြစ်တယ် .. အဲဒီမျက်ရည်ကြားကမှ ကြည်နူးမိတဲ့ ပီတိဖြစ်မိတဲ့ အပြုံးကလည်း ခိုတွဲနေခဲ့တယ် ..
ထမင်းဝိုင်းက ကောင်လေးက ကျမသူတို့ကို ကြည့်နေမှန်း တွေ့သွားခဲ့တယ် .. စားနေတဲ့ထမင်းလုတ်ကနေ နှုတ်ခမ်းအပြင်ကိုပေပြီး ကပ်သွားတဲ့ ထမင်းစေ့လေးကို လက်တဖက်နဲ့သပ်တင်ရင်း ကျန်တဲ့လက်တဖက်က ကျမကို လက်လှမ်းပြနေတယ် .. ကျမလည်း ကြည်လင်စွာ ပြုံးပြရင်း လက်ပြန်ပြလိုက်မိတယ် ..
တဆက်တည်း ကျမခြေလှမ်းတွေ အိမ်ဖက် သွက်သွက် လှမ်းသွားလိုက်တော့တယ် ..

Tuesday, February 21, 2012
စကားပြောသော ......
တိမ်တွေရဲ့ အရောင်ဆင်းကို ကြည့်ပြီး မိုးသားအသွားအလာကို သိနိုင်တယ်
ကောင်းကင်ရဲ့ ကြည်လင်မှုကိုလိုက်ပြီး ရာသီဥတုအခြေအနေကို သိနိုင်တယ်
လူတွေရဲ့ စကားကိုလိုက်ပြီး ဒီလူရဲ့ အတွင်းစိတ်ကို ခန့်မှန်းရနိုင်တယ်
ဒီလူရဲ့ မျက်ဝန်းကို ကြည့်ပြီး ရိုးသားမှုကို အတိုင်းတာ တခုထိ ရှာဖွေတွေ့ရှိနိုင်တယ်
မျက်ဝန်းဟာ စိတ်ရဲ့ တံခါးပေါက်မို့ စိတ်တွေရှင်းလင်းကြောင်း မျက်ဝန်းနဲ့ သက်သေခံလိုက်ပါ
အကယ်၍များ မျက်ဝန်းတွေ မကြည်လင်နေခဲ့ရင် မျက်လုံးတွေ အသာမှိတ် တိတ်တိတ်လေးသာ နေနေလိုက်ပါ ..
Sunday, February 19, 2012
အလွဲများနဲ့ အသက်မ၀တဝ
နဲနဲမကဘူး
အလွဲတွေက များတယ် ...။
အချိန်တွေ လွဲ
နေရာတွေ လွဲ
အသက်ရှူတွေလည်း လွဲ ...။
စာသင်ခန်းထဲက ကလေး
လမ်းဘေးရောက်တယ်
အမှိုက်ကောက်တယ် ...။
တက္ကသိုလ်က မိန်းကလေး
ဘားရောက်တယ်
ကာရာအိုကေခန်းရောက်တယ် ...။
အရွယ်အရ တက်ကြွနေရမယ့် လူငယ်လေး
မျှော်လင့်ချက်မဲ့
မျက်ဝန်းတွေ အရောင်မဲ့ ...။
အဖိုး အဖွားတို့
တရားနဲ့ မျက်နှာချင်းဆိုင် ထိုင်နေရမယ့် အချိန်
လမ်းဘေးဈေးရောင်း ၀မ်းစာရှာရတယ် ...။
အသက်ရှင်မှုအတွက် ရုန်းကန်
လေထုတွေ နေရာလွဲသလား
အသက်ရှူရ မ၀ တ၀ရယ် ...။
ဘယ်မှာလဲ
ငါတို့ရဲ့ အိမ်မက်
ဘယ်မှာလဲ
ငါတို့ရဲ့ မျှော်လင့်ချက်
ဘယ်မှာလဲ
ငါတို့ရဲ့ တန်ရာ တန်ကြေး ...။
ပျောက်ဆုံးမှုတွေ လိုက်ရှာ
အချိန်တွေတော့ လျော့လိုက်လာတယ်
ငွေ့ငွေ့လေးပဲ လေကိုရှူသွင်းလိုက် ရှူထုတ်လိုက်
မှန်းဆ ရမ်းဆ လှမ်းလိုက်
စမ်းတ၀ါးဝါးလမ်းတွေ များဆဲ ...။
ဘယ်မှာလဲ
ဘယ်တော့လဲ
ဘယ်လောက်ကြာဦးမလဲ ...။

Thursday, February 16, 2012
Cameron Highlands (Malaysia) - 2
Cameron Highlands (Malaysia) ပထမပို့စ်မှာ အထင်လွဲစရာတွေ တော်တော်ဖြစ်သွားတယ် .. ဒီလိုပဲ စကားပြောသလို ကမ်မရွန်းလို့ ရေးလိုက်လို့ ကိုယ်ပဲ တခြားနိုင်ငံ ကူးသွားသလိုလို :P တကယ်ကတော့ အရင်နေရာဟောင်းလေးမှာပါပဲ .. :D
Malaysia ရဲ့ Cameron Highlands ကို ဆက်သွားရအောင် ..
လဘက်ခင်းတွေပြီးတော့ Rainforest ကို ဆက်သွားကြပါတယ် .. အပေါ်ကို တက်သွားလိုက်တာနဲ့ ပိုပြီးတော့ အေးစိမ့်လာတယ် .. (ကံဆိုးစွာနဲ့ အနွေးထည် မပါသွားပါ) ဒါပေမယ့် ကြိုက်တယ် .. ဒီလိုပဲ လျှောက်သွား .. လမ်းတွေက မိုးရွာပြီးစလိုပဲ အမြဲတမ်း စိုစွတ်နေတယ် .. မကျယ်တဲ့ တံတားလမ်းလေးတွေအတိုင်း လျှောက်ရတယ် .. မြင်ရတဲ့ မြင်ကွင်း တော်တော်များများက မှုန်မွှားနေတယ် .. ရေမှုန်ရေမွှားလေးတွေကပ်နေတယ် ..
အစဆုံးသွားတာတော့မဟုတ်ဘူး .. လိုက်ပို့တဲ့လူက ရပ်တော့ လှည့်တော့ဆိုတော့ ပြန်လှည့်ခဲ့ရတယ် .. အချိန်ကိုက် မိုးက ရွာသေး ..
ရောက်ပါပြီ .. ပန်းပျိုးခင်း အရောင်းဆိုင်လေးပါ .. ပန်းမျိုးစုံစုံ သစ်ပင်သေးသေးလေးတွေ စုံလင်ပါတယ် ..
ပန်းခင်း .. သိပ်တော့မလှဘူး .. မြင်းအီးစော်လိုလို နွားအီးစော်လိုလို နံသေးတယ်
စိုက်ခင်း (ခရမ်းချဉ်)
ခရမ်းချဉ်ခင်းပါ .. ချစ်ဖို့ကောင်းတယ်နော် .. အသီးလေးတွေကး)
စတော်ဗယ်ရီစိုက်ပျိုးခင်းပေါ့ .. ၀င်ပြီးအခင်းမှာကိုယ်တိုင် ဆွတ်လို့ရပေမယ့် မဆင်းခဲ့ဘူး .. (ပိုက်ပိုက်ကုန်မှာစိုးလို့) အပြင်မှာရောင်းတဲ့ စတော်ဗယ်ရီသီးကို ချောကလက်နှစ်ပြီးရောင်းတာ အရမ်းစားလို့ ကောင်းတယ် ..
ဆလပ်ရွက်စိုက်ခင်း .. ကြည့်လိုက်ရင် သိပ်လှတာပဲ .. သူငယ်ချင်းတွေကတော့ ကိုယ်တိုင်ဆွတ်ပြီး ၀ယ်ကြလေရဲ့ ..
ဟိုတယ် အတွင်းခန်း .. ကိုယ့် စလုံးက အခန်းထက် ၅ဆလောက်ကျယ်တယ် .. ရောက်တော့ မပြန်ချင်ဘူး .. :D အေးစိမ့်ပြီး နေလို့ကောင်းတယ် .. အဲ ညကျတော့ သရဲ နဲနဲကြောက်တယ် .. :D တိတ်ဆိတ်ပြီး အေးစိမ့်နေလို့
ဟိုတယ်ခန်းကနေ အပြင်ဘက်ကို မျှော်ပြီး ရိုက်ထားတာ ..
ပတ်ပတ်လည် တောင်တွေဝိုင်းလို့ .. တောင်ကြီးတို့ မေမြို့တို့ သံတွဲတို့ သွားသတိရတယ် ..
ဟိုတယ်က တော်တော်ကြီးတယ် .. ကိုယ့်အခန်းက တခြားဖက်ဟိုတယ်ကို လှမ်းရိုက်ထားတာ ..
ဟိုတယ်ခန်းကနေ အောက်က ပန်းခြံကို မြင်ရပုံ
ညစာ steamboat
ဝပါတယ် .. သွားတာ စုစုပေါင်း ၆ယောက် .. ကြာဇံတွေ ခေါက်ဆွဲတွေ ကြက်ဥတွေ မကုန်လို့ အိတ်ကြီးကြီး သယ်လာမိရကောင်းသား တွေးမိသေး ..
ညဈေးက လမ်းဘေးမှာ ရောင်းတဲ့ အစာတွေ .. ဗိုက်တင်းနေတော့ မစားခဲ့ပါဘူး .. ကုန်ကြမ်းရှာရုံ
ဒါက ကော်ဖီချိန် .. တယောက်ကို ကော်ဖီ၁ခွက် မုန့်တခု ..
ဟိုတယ် တံခါးပေါက်
တည်းခဲ့သော ဟိုတယ်
ဟိုတယ် ပန်းခြံ
ဟိုတယ် ပတ်ဝန်းကျင်
ဟိုတယ် ပန်းခြံ
သူငယ်ချင်းတွေ လက်မှတ်ဝယ်မယ် ဆိုပြီး သွားဖြစ်လိုက်တဲ့ ခရီးလေးပါ .. စုစုပေါင်း ၆ယောက် သွားကြတယ် .. ၁ညအိပ် ၂ရက်ခရီး .. စလုံးက ပရိုမိုးရှင်းချတဲ့ ဆိုက်တွေကနေ၀ယ်ပြီး သွားတာပါ .. ပက်ကေ့ရှ်က အသွားအပြန်ကားခ ဟိုတယ်ခ မနက်စာ ၁ခါ ညစာ ၁ခါ ကော်ဖီချိန် ၁ခါ ပါပါတယ် .. အဲဒါကိုမှ စုစုပေါင်း ၉၀ကျော်ကျပြီး ကျန်တဲ့ အခင်းတွေသွားတာတော့ ကိုယ့်စရိတ်နဲ့ကိုယ်ပေါ့ .. (တန်တယ်နော် .. နဲနဲတော့ တန်တယ်လောက်လုပ်လိုက်ပါ) :D
ထပ်သွားချင်သေးတယ် .. ၁ခါရောက်ပြီးပေမယ့် အခွင့်ကြုံရင်ထပ်သွားဦးမယ် .. ရာသီဥတုကို အရမ်းကြိုက်လို့ပါ .. ပြီးတော့ အသီးအရွက်တွေ အရမ်းလတ်ဆတ်တယ် .. ပြောင်းဖူးမီးဖုတ် ၀ယ်စားတာ အရမ်းစားကောင်းတယ် .. တကယ့်စိတ်နဲ့ဆို အမြန်အမြန်နဲ့ လျှောက်မသွားချင်ဘူး .. ကိုယ့်စက်ဘီးလေးနဲ့ကိုယ် တနေရာသွားလိုက် နေချင်သလောက်နေလိုက် အဲလိုလုပ်ချင်တာ .. (စီးတတ်တာလိုက်လို့ :P)
နောင်များ အခွင့်အရေးလည်းရှိ ပိုက်ပိုက်လည်းရှိခဲ့ရင် ကျော်ပိုးအိတ်တလုံးလွယ် ခရီးတွေ လှည့်ထွက်ပစ်လိုက်ချင်တယ် ..
ကမ်မရွန်းဟိုက်လန်း ခရီးစဉ် ဤတွင်ပြီး၏ ...
အကြောင်းအရာခွဲ
ခရီးသွားမှတ်တမ်း,
ဒိုင်ယာရီ,
အမှတ်တရ
Cameron Highlands (Malaysia) - 1
သိပ်တော့ မကြာသေးပါဘူး .. ၂၀၁၁ ၇လပိုင်းတုန်းက သွားခဲ့တာဆိုတော့ အလွန်ဆုံးရှိမှ ၆လ ၇လပေါ့ .. :D .. တင်မယ် တင်မယ် ရေးမယ် ရေးမယ်နဲ့ အချိန်တွေဆွဲလာလိုက်တာ နှစ်သာကူးသွားပါတယ် ..
ကဲ .. ပုံတွေ ကြည့်ပြီး တူတူ သွားရအောင် ..
အေးချမ်းတဲ့ ရာသီဥတုကို နှစ်သက်တဲ့ ကျမအတွက်တော့ စိတ်အေးချမ်း ကြည်နူးစရာကောင်းတဲ့ ခရီးလေးပါပဲ .. နဲနဲတော့ ပင်ပန်းတယ် .. ရက်နည်းလို့ .. စိတ်ထဲရှိတဲ့အတိုင်းဆို အဲလိုနေရာမှာ ၁ပတ်လောက် သွားနေပစ်ချင်တာ .. လည်စရာ မရှိဘူး .. ဒါပေမယ့် အရမ်းသဘောကျမိတဲ့ နေရာလေးပါပဲ ..
မိုးခါးတို့ သူငယ်ချင်း ညီအစ်မတွေတစု ညဘက်စုပြီး ထိုင်းပလာဇာကို သွားကြတယ် .. မလေးကို သွားတဲ့ ကားက ညဘက် ၁၀နာရီလောက် စထွက်ပါတယ် ..
ကားအတွင်းပိုင်း မြင်ကွင်း .. (ကြောင်နဲ့ကြွက် ကြည့်နေသည် :D)
မနက်အစောပဲ မလေးကို စရောက်ပါတယ် .. မနက်အစောဆိုတော့ ဟိုတယ်ကိုလည်း ချက်အင်လို့ မရသေးပါဘူး .. မြင်နေရတဲ့ အဆောက်အဦးရဲ့ နောက်ဘက်က ဆိုင်လေးမှာပဲ ခေါက်ဆွဲသွားစားကြတယ် .. မြန်မာကောင်လေးတယောက် အလုပ်လုပ်နေတယ် ..

စီးလာတဲ့ ကား
မြို့ထဲသွားတဲ့ လမ်း
ဟိုတယ်ထဲ ၀င်မရတော့ လျှောက်သွားမယ်ဆိုပြီး ပက်ကေ့ဝယ်လိုက်ဖြစ်တယ် .. ခုမြင်နေရတဲ့ ကားနဲ့ လဘက်ခင်းကို စသွားပါတယ် .. ရောက်နေပါပြီ လဘက်ခင်းကို ..
ရောက်ပါပြီရှင် ..
ဟိုးတောင်ကုန်းတွေ အကုန်လုံး လဘက်ခင်းတွေပဲပေါ့ ..
ဟိုးတောင်ထိပ်မှာ မြူတွေနော် ..
မနက်စောစောမှာ မြူတွေဆိုင်းနေတဲ့ ကြားထဲက လဘက်ခင်း စိမ်းစိုစိုတွေ
လဘက်ရည် ဆိုင် နား
လဘက်ရည်ဆိုင် အစွန်း ..
စက်ရုံထဲလဲ ၀င်ပြီး ဟိုရိုက် ဒီရိုက်
လဘက်ရည် လဘက်ခြောက် ရောင်းတဲ့ နေရာ .. (ရောင်းတဲ့ထဲ ပုံထဲက ကလေးတော့ မပါပါဘူး :D)
နောက်နေ့ကျမှပဲ စတော်ဗယ်ရီခင်းရယ် တခြားအခင်းတွေရယ် rainforest ရယ် သွားကြတာပေါ့နော် .. ဒီနေ့တော့ နားလိုက်တော့မယ် .. တညလုံး ကားစီးထားတာ ပင်ပန်းသွားလို့ .. :D
အကြောင်းအရာခွဲ
ခရီးသွားမှတ်တမ်း,
ဒိုင်ယာရီ,
အမှတ်တရ
Subscribe to:
Posts (Atom)