Sunday, February 5, 2012

ငယ်ငယ်တုန်းကပေါ့ ...

၁၉၈၅ မေလ ၁၅ရက် ညနေ ၅နာရီမှာ ဂျမခန်နာ လို့ အမေတို့ ပြောပြောနေတာ ကြားဘူးတဲ့ ဆေးရုံမှာ မိုးခါးတယောက် အာပြဲနဲ့ အော်ငိုနေပါလိမ့်မယ် .. ကျမ ငိုသံကြောင့် မေကြီးလည်း ခံစားနေရတဲ့ ဝေဒနာတွေ သက်သာနေပြီး ဖေကြီးဆိုရင်လည်း ပြုံးပျော်ရွှင်လို့ ဘေးနားပတ်ပတ်လည်က အဒေါ်တွေ အမတွေလည်း ကြည်နူးလို့ ဖေကြီးကို မျက်စောင်းတထိုးထိုး ရှိနေပါလိမ့်မယ် .. အဲဒီအချိန်မှာပဲ ကမ္ဘာကြီးက ကျမဆိုတဲ့ လူသားတယောက်ကို ထမ်းပိုးလိုက်ပြီ .. အဖေနဲ့ အမေရဲ့ မျက်နှာမှာ ကြည်နူးမှုတွေ တွဲခိုလို့ ဒီသမီးဟာ သူတို့ကို ဒုက္ခပေးမယ့်သူလား သုခပေးမယ့်သူလားဆိုတာလည်း မသိ .. ဒီသမီးရဲ့ ကျေးဇူးသိတတ်မှုကို ခံယူရမလား ကျေးစွတ်ခံရမလားဆိုတာလည်း မသိ မိဘမေတ္တာအဟုန်တွေသာ တသွင်သွင် စီးဆင်းနေပါလိမ့်မယ် ..

ဖေကြီး ကိုရင်ဝတ်စဉ်က ပုံ (ဗိုလ်ချုပ်ရွာ)
မေကြီး ငယ်ငယ်က
မိုးခါး ပေါက်စန (ရွှေတောင် ဓါတ်ပုံတိုက်)

ငယ်ငယ်က မေကြီးညီမ အဒေါ်အငယ်က ကျမကို ထိန်းခဲ့တယ် .. မေကြီးပြန်ပြန်ပြောတဲ့ ကျမငယ်ငယ်က အကြောင်းမှာ ကိုယ့်ဟာကိုယ်သဘောကျမိတာက “သမီးက အမေကို ဒုက္ခမပေးဘူး .. မွေးဖွားရတာ လွယ်ကူတယ်” တဲ့ .. စကားပြောတတ်ပြီး နဲနဲသိတတ်တော့ တခုခုဆို “ကိုယ့်ဖာဖာ လုပ်မယ် ကိုယ့်ဖာဖာလုပ်မယ်”လို့ ပြောတယ်တဲ့ .. ကိုယ့်ဇွန်းခရင်းနဲ့ စားတတ်တဲ့အရွယ်ကျတော့ ခွံကျွေးတာသိပ်မလုပ်ရပဲ စားပွဲလေးနဲ့ ခုံလေးနဲ့ ပေါ်မှာ ပန်းကန်လေးချ ဇွန်းလေးတပ်ပေးလိုက်ရင် ကိုယ့်ဟာကိုယ်စားနေရော တဲ့လေ ..

မှတ်မှတ်ရရ ကျမရဲ့ ပထမဦးဆုံး သူငယ်ချင်းက မွန်မွန် တဲ့ .. သူငယ်တန်းကျောင်းစတက်တော့ အမေက ကျောင်းလိုက်ပို့တယ် .. ပြီး အခန်းကိုလိုက် နေရာချတော့ မွန်မွန်က ထိုင်နေရာကနေ ဘေးလေး နဲနဲရွေ့လို့ နေရာပေးတယ် .. ဒီလိုနဲ့ ကျမတို့ ၂ယောက် သူငယ်ချင်းဖြစ်သွားခဲ့တယ် .. အမက ကျောင်းမှာတုန်းက မွန်မွန်က အမြဲတမ်း အဆင့် ၁ ရတယ် .. ကျမက သူ့နောက်က အမြဲ အဆင့် ၂ .. အဆင့် ၁ ကို တခါပဲ ရဘူးတယ် .. :D မွန်မွန်ရဲ့ အိမ်က ကျမရဲ့ စားအိမ်သောက်အိမ် .. မွန်မွန်ရဲ့ အဖွား ဘွားမေချက်ကျွေးလို့ ငရုတ်ပွကြီးကို စစားဘူးပြီး ကျမ ကြိုက်သွားခဲ့တယ် .. မွန်မွန်နဲ့ ကျမ သူငယ်တန်းကနေ ၅တန်းထိ ကျောင်းတူတူနေခဲ့ပြီး ၆တန်းကျတော့ ကျမတို့ အိမ်ပြောင်းလိုက်ကြတယ် .. ချစ်တဲ့ ခင်တဲ့လူနဲ့ ပထမဆုံး ခွဲခွာခြင်းပါပဲ ..

ကျမက အဆော့သန်တယ် .. အိမ်ဟောင်းတုန်းက အိမ်ရှေ့ကားလမ်းမပေါ်ထွက်ထွက်ဆော့တယ် .. အိမ်မျက်စောင်းထိုးက ညီမတွေနဲ့ ကျမတို့ မောင်နှစ်မ၂ယောက် ထွက်ထွက်ဆော့တာပေါ့ .. မိုးချုပ်တဲ့ထိပါပဲ .. ဆော့နည်းက ထုတ်စီးထိုး ကြက်တောင်ရိုက် ဘောလုံးကန် ဖိနပ်ပစ် အစုံပါပဲ .. လွတ်လပ်ရေးနေ့ပွဲတုန်းက အာလူးကောက်တာ ဒုတိယ ဆုက ပိုက်ဆံပဲ .. ဘယ်လောက်ဆိုတာ မမှတ်မိတော့ဘူး .. :D မောင်လေးနဲ့ နှစ်ယောက်တည်းလည်း အိမ်ထဲမှာ ဆော့တယ် .. အမေ့ ဘရာစီယာတွေ ၂ယောက်သားလျှောက်ကောက်စွတ်ပြီး တောင်တက်ဝတ်စုံတို့ လေထီးတို့ ဆိုပြီး လုပ်သေးတာ .. ပြီးတော့ စက်ရုပ်လုပ်တမ်းဆော့ ခုန်တွေကနေ ခုန်ခုန်ချ .. ဒဏ်ရာလည်းရတာ ခဏခဏပေါ့ .. အဲဒီအချိန်က မီးလည်း တော်တော်ပျက်တယ် .. (ခုပျက်မပျက်တော့ မသိဘူး :P) အဲဒီအချိန်က တောင်ညွန့်ဆိုတာ မီးအပျက်ဆုံးရပ်ကွက်လားလို့တောင် ထင်ရတာလေ .. မီးပျက်တဲ့ညဆို မောင်နှမနှစ်ယောက် ခြေထောက်ကို နံရံမှာ ကပ်ထောင်ပြီး သီချင်းတွေ အော်ဆိုကြတာပဲ .. (ပြောရင်းနဲ့ မြင်ယောင် .. မြင်ယောင်ရင်း သတိရတော့ ဘာကို လွမ်းချင်မှန်း မသိ)

အဆော့သန် အစားသောင်းကျန်းလို့ မောင်နှမနှစ်ယောက် ဒဏ်ရာတွေရလိုက် အမေရိုက်တာ ခံရလိုက် .. ကျမ အစားသောင်းကျန်းတာ အဒေါ်တိုက်မယ့် ကွေကာအုပ် ပူပူကို လှမ်းဆွဲလို့ ခုထိခေါင်းမှာ အနာရွတ် .. မောင်နှမနှစ်ယောက် လမ်းထိပ်က မုန့်ဟင်းခါးဆိုင်က ပါဆယ်ထုတ်ပြီးအပြန် ပြေးလွှားသွားတာ .. လမ်းဘေးက ခုတ်ထားတဲ့ အုန်းပင် အငုတ်ပေါ်တက်ခုန်ပျံပြီးအဆင်း ပြုတ်ကျပါရော .. မုန့်ဟင်းခါး ဟင်းရည် ပူပူတွေက မောင်မောင့်ကျောပေါ်ကို အကုန်ကျ .. သူ့ခမျာ “မေကြီးရေ ပူတယ် ပူတယ်”လို့ ငယ်သံပါအောင်အော်ရင်း အိမ်ကို ပြေးတာ .. (ခုပြောတော့ သနားစိတ်တ၀က် မျက်စိထဲပြန်မြင်ပြီး ရီချင်စိတ် တ၀က်) :D အိမ်အသစ်ပြောင်းပြီး လမ်းမပေါ်ထွက်ဆော့သေးတာပဲ .. ကြက်တောင်ရိုက် ဘောလုံးပစ် .. တရက်လည်း အဆော့ကောင်းတာ စက်ဘီးလာတာကို မမြင် .. မောင်မောင်က အပြေးလိုက် စက်ဘီးနဲ့ ငြိပြီး တရွတ်တိုက်ပါသွားတာ တကိုယ်လုံး ပွန်းပဲ့လို့ .. အိမ်း သေချာစဉ်းစားကြည့်မှ ကိုယ်ခံရတာသိပ်မရှိပဲ အငယ်ကောင်ချည်း ခံနေရတာပါလား .. :P

ငယ်ငယ်က အကြောင်းတွေ စဉ်းစားမိရင် ရီချင်သလို ငိုချင်သလို နှမြောသလိုပါပဲ .. ရေးရင်လည်း ပို့စ်ကတော့ ၀တ္တုရှည်ဖြစ်တော့မယ်ထင်ပ .. ပျော်စရာတွေ ၀မ်းနည်းစရာတွေ ဟာသတွေ .. သေချာတာတော့ အဲဒီအချိန်တွေက စိတ်ထားတွေ အပျော်တွေ ဘယ်လိုမှ ပြန်မရနိုင်တော့တာပဲ .. ပြန်တော့လည်း မငယ်ချင်တော့ပါဘူး .. စာတွေပြန်ကျက်ရမှာ ပျင်းတယ် .. :D

အနှစ်ကို ချုပ်လိုက်တော့ မိုးခါး ငယ်ငယ်က အဆော့သန်တယ် .. စာလည်း နည်းနည်းတော်တယ် .. ဥာဏ်နည်းနည်းကောင်းလို့ စာကျက်ပျင်းတယ် .. အမေရိုက်တာ ခဏခဏ ခံရတယ် .. ပေါင်တွင်းကျောဆွဲလိမ်ခံရတယ် .. ထိုင်ထလုပ်ခိုင်း ခံရတယ် .. အစားနည်းနည်းသောင်းကျန်းတယ် .. ကိုယ့်အားကိုယ်ကိုးချင်တယ် .. သူငယ်ချင်းမင်တယ် .. ကွဲသွားရင်တော့ သတိတရ သိပ်မရှိတတ်တော့ပေ .. :D

ဖဘမှာ ဘလော့ဂါ ကိုကို မမတွေက တဂ်လို့ ဒီကလည်း ရေးချင်ရက် လက်တို့ ရေးလိုက်ပါတယ် .. ဖတ်ပြီးသွားသူ မိတ်ဆွေအပေါင်းလည်း စိတ်ကူးလေးတွေ ရှိက ဂျစ်ခဲ့ကြတာလေးတွေကို ရေးပေးကြပါဦးလို့ .. ပျော်ပျော်ရွှင်ရွှင် အမှတ်တရပေါ့ .. နော့ ..း))

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...