Thursday, February 23, 2012

နှလုံးသားဖြင့် ခံစားစေ

တခန်းလုံးလည်း နှံနေပြီ .. မနက်က ဖတ်လက်စ စာအုပ် စားပွဲပေါ်မှာတင်ထားခဲ့တာ ခု ဘယ်လိုမှ ရှာမရတော့ .. ရှာမရတဲ့အဆုံး ကော်ဖီအရင်ဖျော်မယ်ဆိုတဲ့ စိတ်နဲ့ မီးဖိုချောင်ကို ထွက်လာလိုက်တယ် .. ကံများဆိုးချင်တော့ ကျမသောက်နေကျ ကော်ဖီခွက်ပါ ပျောက်ချင်းမလှပျောက်လို့ .. အဲလိုဆိုတော့ ကျမရဲ့ ဒေါသဒီဂရီလည်း တရိပ်ရိပ် တက်လို့ နေပြီပေါ့ .. ဇိုးဇိုးဇတ်ဇတ်အကျင့် ရှိတဲ့အတိုင်း အငယ်မ အခန်းဘက်ကို ခြေဦးလှည့်လိုက်တယ် .. တံခါးကိုဖွင့်လိုက်တော့ အငယ်မက ကွန်ပျူတာရှေ့မှာ .. ဘေးနားမှာတော့ တွေ့ပါပြီ .. ကျမရဲ့ စာအုပ် .. ကြမ်းပြင်ပေါ်ကျတော့ ကျမသောက်နေကျ ကျမရဲ့ ကော်ဖီခွက် ..

“ဗုန်း ..”

စိတ်တိုတိုနဲ့ စာအုပ်ကိုကိုင်ပြီး စားပွဲပေါ်ပိတ်ရိုက်ပစ်လိုက်တယ် .. အငယ်မက မျက်စိပေကလပ် ပေကလပ်နဲ့ ကြည့်လို့ ..

“နင့်ကို ငါ ဘာပြောထားလဲ .. ငါ့ပစ္စည်းတွေ ကိုင်တာမကြိုက်ဘူး ပြောတာလဲ အကြိမ်ကြိမ်ရှိနေပြီ .. ငါ့ပစ္စည်းမှ နင် တော်တော်ကြိုက်တယ် ဟုတ်လား .. ကင်းကင်းကို မနေနိုင်ဘူး .. စည်းကမ်းကလည်း မရှိ .. ငါ့ခွက်ကို သုံးလည်းသုံးသေးတယ် .. ကြမ်းပေါ်ချထားရလား .. တောက် ..”

ကျမအသံကြားလို့ မမကြီးက အခန်းထဲ အပြေးတပိုင်းဝင်လာခဲ့တယ် ..

“ဟဲ့ .. အော် .. ဘယ်လိုဖြစ်ကြတာလဲ နင်တို့ဟာကလည်း လူကြားမကောင်း သူကြားမကောင်း .. မိန်းကလေးတန်မယ့် အော်နေရလား .. တောက်ကလည်း ခေါက်လိုက်သေးတယ် .. အလတ်မနော် ..”

“အေး မကြီး နင်ကငါ့ပဲ အပြစ်ပြော .. ငါ ငါ့ပစ္စည်း သူများကိုင်တာ သုံးတာမကြိုက်ဘူး အကြိမ်ကြိမ်ပြောတယ် .. အငယ်မ အမြဲတမ်းယူသုံးတယ် .. ပြီးကျ စည်းကမ်းက မရှိဘူး .. ပြောတော့ ပြောတဲ့လူအပြစ်ဖြစ်ရော .. တော်တော်ကောင်းတယ် ..”

မေမေပါ ရောက်လာပြီး ..

“သမီးလတ်ရယ် .. အငယ်လေးက မသိလို့ယူတာပဲ .. သူက ငယ်သေးတော့ ဘယ်သိပ်နားလည်ပါ့မလဲ .. ညီအစ်မချင်းချင်းပဲဟာကို ဒီတဗိုက်ထဲက ထွက်လာပြီးတော့ .. ကဲကဲ အငယ်လေး မလတ်ခွက်ကို ပြန်သွားဆေးပေးလိုက် ..”

“မလိုဘူး မဆေးနဲ့ နင်ဆေးလည်း ဖြစ်သလိုဆေးပြီး ဂျီးချောင်းက ဒီတိုင်း .. နောက် ငါ့ခွက်ယူသုံးမယ်မကြံနဲ့ .. မကြိုက်ပါဘူး အတန်တန်ပြောထားရက်နဲ့ ..”

ဒီလိုပါပဲ .. အလတ်ဆိုတဲ့အတိုင်း ကျမက အလယ်မှာ လတ်နေတာပဲ များတယ် .. အမေက မကြီးကို သမီးကြီးမို့ အားကိုးသလို အငယ်မကျတော့ အငယ်ဆုံးလေးဆိုပြီး တော်ရုံမပြော အလိုလိုက်တယ် .. တော်ပါပြီ .. ကိုယ့်ဘ၀ကိုယ်ပဲ စိတ်ကုန်ပါတယ် ..

စိတ်ရှုပ်ထွေးစွာနဲ့ သူငယ်ချင်းတွေအိမ်သွားမယ် စိတ်ကူးပြီး လမ်းထွက်လာလိုက်တယ် .. ကံမကောင်းဘူးဆို ဆက်တိုက်ဆိုတာ ကျမအတွက်တော့ အမှန်ပဲ .. သူငယ်ချင်းအိမ်သွားတော့ ဒင်းက မရှိဘူး မြို့ထဲသွားတယ်တဲ့ .. (စိတ်ရှုပ်ပါတယ်ကွာ)

စာအုပ်အငှားဆိုင်ဖက်သွားရင်း အသုပ်စုံဆိုင်တွေ့တော့ ကျမ၀င်ထိုင်ပြီး အစုံသုပ်တပွဲမှာလိုက်တယ် ..

“အစ်မကြီး .. မုန့်ဖိုး ..”

အသံကြားရာ လှည့်ကြည့်လိုက်တော့ ညစ်တီးညစ်ပတ် စုတ်တီးစုတ်ဖတ် ကောင်လေးတယောက် .. အသက်ကတော့ ၁၁နှစ် ၁၂နှစ်လောက်ထင်မိရဲ့ .. ကျောင်းစိမ်းအဖြူက ညစ်ထေးနေတယ် .. ဘောင်းဘီအအကွက်ကလည်း ဂျီးအထပ်ထပ်နဲ့ .. ဆံပင်ကို ကြည့်တော့ ဖုန်အလိမ်းလိမ်းနဲ့ အရောင်ကိုက ဖုန်ရောင်ထနေခဲ့တယ် .. ခြေထောက်မှာစီးထားတဲ့ ဖိနပ်က လူကြီးဆိုက် စင်ကြယ်ဖိနပ်ကိုမှ ဖင်က ပြတ်ထွက်နေတယ် .. ခန္ဓာကိုယ်မှာ ဂျီးလက်လေးသစ်နဲ့ .. ဖြန့်ထားတဲ့လက်ကို ကြည့်မိတော့ လက်သည်းတွေရှည်နေသလို လက်သည်းကြားမှာလည်း ဂျီးတွေ မဲညစ်လို့ .. ကိုယ်နံ့ချဉ်စုတ်စုတ်ကလည်း ရသေးတယ် ..

စိတ်ရှုပ်နေတဲ့သူကိုမှ အလိုက်ကန်းဆိုးမသိ မုန့်ဖိုးလာတောင်းနေတဲ့ကောင်လေးကိုကြည့်ရင်း သူ့ကိုယ့်က အနံ့ကြောင့်လည်းပါမယ် .. ကျမခေါင်းတွေကိုက်တက်လာတယ် ..

“မရှိဘူး မရှိဘူး သွား”

ပြောလိုက်တာတောင် ပေကပ်ကပ် ဆက်ရပ်နေသေးတယ် ..

“အစ်မကြီး .. မုန့်ဖိုးပေး” “အစ်မကြီး မုန့်ဖိုးပေး”

ဆက်တိုက်ဆိုသလို ရေရွတ်နေတဲ့ကောင်လေးကို ကြည့်ရင်း ..

“ဟဲ့ .. နင့်ကို မရှိဘူးလို့ ပြောနေတယ် .. သွားတော့ ..”

လေသံမာမာပြောလဲ ကောင်လေးက မသွားသေး ..

“ဟဲ့ .. ပြောနေတာ နားမလည်ဘူးလား .. ကောင်းကောင်းပြောနေတယ် .. သွားတော့သွား ..”

မှာထားတဲ့အသုပ်လာချရင်း ဆိုင်ရှင်ကပါ ..

“ကောင်လေး .. ဈေးဝယ်ကို စိတ်ညစ်အောင် .. သွားတော့သွားသွား .. ရော့ .. ဒီမှာ အကြော် ယူသွား .. နောက် လာလာမရှုပ်စမ်းနဲ့ ..”

ဆိုင်ရှင်က ပြောပြောဆိုဆိုနဲ့ ဆိုင်မှာရှိနေတဲ့ ပဲကြော်တခု ပေးလိုက်တယ် .. ဆက်ပြီး ..

“ဒီလိုပဲ ညီမရယ် .. ဘယ်က ဘယ်လို ကလေးတွေ ရောက်ရောက်လာတယ် မသိဘူး .. ဈေးဝယ်တွေတော့ အနှောင့်ယှက်ဖြစ်တာ အမှန်ပဲ .. သနားတော့လည်း သနားစရာပါ ..”

ဆိုင်ရှင်အစ်မက ညည်းညူသလို တယောက်တည်းစကားပြောသလိုနဲ့ ညည်းပြောလေးပြောသွားခဲ့တယ် .. ကျမလည်း စားနေရင်း ကလေးရဲ့ လက်ကြားက ဂျီးချောင်းနဲ့ တကိုယ်လုံးပေရေနေတဲ့ပုံရော သူ့အနံ့ချဉ်စူးစူးရောကြောင့် သိပ်များများမစားနိုင်ပဲ ပိုက်ဆံရှင်းပြီး ထွက်ခဲ့လိုက်တယ် .. ဆိုင်ကိုကျော်ပြီး နောက်ဖေးလမ်းကြားတနေရာ အရောက်မှာ ..

ဘုတ် .. အင့် ..

“၀ါးးးးးးးးးးးးးးး”

ကျမကို ကလေးတယောက် အပြေးလာတိုက်လိုက်ပြီး  သူ့အရှိန်နဲ့သူ ပစ်လဲသွားခဲ့တယ် .. တပြိုင်နက်ထဲ ကလေးရဲ့ ငိုသံစူးစူးပါပေါ်ထွက်လာခဲ့တယ် ..

“ဟာ .. ငါဒီနေ့ တော်တော်ကံဆိုးတာပဲ .. ဘယ်လိုကလေးတွေလဲမသိဘူး .. ဟူးးး”

လဲကျသွားတဲ့ ကလေးကို ထူပေးမယ်စိတ်ကူးပေမယ့် ညစ်ပတ်နေတဲ့ သဏ္ဍာန်ကြောင့် ကျမ တွန့်ဆုတ်နေမိတယ် .. အဲဒီအချိန်မှာပဲ

“ညီမလေး ညီမလေး ..” အသံနဲ့ အတူ ကလေးတယောက် တဲအိမ်လေးထဲက ပြေးထွက်လာတယ် .. တဲအိမ်လို့သာ အလွယ်ခေါ်လိုက်ရတာ .. တကယ်တမ်းကျတော့ နောက်ဖေးလမ်းကြားနားမှာ တာလဘတ်စနဲ့ ဟိုဘက်ဒီဘက် မိုးကာအောင်သိုင်းထားထဲ့ အသိုက်အမြုံလေး တခုသာ .. ထွက်လာတဲ့ ကလေးကို ကြည့်လိုက်တော့ ခုနက ဂျီးလက်လေးသစ်နဲ့ ကလေး .. သူ့ ညီမလေးဆိုတဲ့ ကလေးလေးကို ကောက်ချီပြီး သူ့တဲအိမ်လေးရှိတဲ့နေရာကိုထွက်သွားလိုက်တယ် ..

“ဟူး .....”

သက်ပြင်းချရင်း ခြေလှမ်းမယ်အလုပ် ..

“ဟိဟိဟိ .. ခစ်ခစ်ခစ် ..”

ရီသံကြားလို့ ကြည့်မိတော့ အစောက အာပြဲနဲ့ ငိုတဲ့ကလေးလေး .. သူ့အကို ကောင်လေးက ပြောင်လိုက် နောက်လိုက်နဲ့ ရှေ့မှာလုပ်ပြတော့ ညီမလေးလုပ်သူက တခစ်ခစ် .. သတိထားကြည့်လိုက်မိတော့ ကောင်လေးလက်ထဲမှာ ခုနက ဆိုင်ရှင်ပေးလိုက်တဲ့ ပဲကြော်ကို ကိုင်လို့ တဂျွတ်ဂျွတ်ဝါးဟန်လုပ်ပြတယ် .. သူ့ညီမလေးက လိုက်လု .. သူက မပေးဘူး စားပလိုက်ပြီ ကုန်သွားပြီဆိုတဲ့ပုံလုပ်ပြလိုက် .. ၀ှက်လိုက် ပြန်ပြလိုက် ပြန်ကိုက်စားပြလိုက် .. ပဲကြော်ကို အောက်ချလိုက် .. သူ့ညီမလေးရဲ့ ပေရေနေတဲ့ နှပ်တွေသုပ်ပေးလိုက် .. တကိုယ်ထဲ ဖျော်ဖြေလို့ .. အဲဒီအချိန်မှာ ..

“ဝေးးး မမပြန်လာပြီကွ” လို့ ကောင်လေးက လက်ခုပ်တီးပြီး အော်လိုက်တယ် .. ညီမလေးက လှည့်ကြည့်ပြီး လက်ခုပ်လိုက်တီးရင်း ဟေးးးး လို့ အော်ပြန်တယ် ..

သူတို့ကြည့်တဲ့နေရာကို ကြည့်လိုက်တော့ အသက် ၁၃ ၁၄နှစ်လောက်အရွယ် မိန်းကလေးတယောက် .. သူ့လက်ထဲမှာ အထုပ်တထုပ် .. လက်ထဲက အထုပ်လေးကိုပြပြီး အဲဒီမိန်းကလေးက တဲထဲဝင်သွားခဲ့တယ် .. ပြီးတော့ ညစ်စုတ်စုတ်မျက်နှာလေးတွေကို မွှေးမွှေးပေးလိုက်သေးတယ် .. အနည်းငယ် သံဂျီးကိုက်နေတဲ့ ကြွေရည်သုတ် ပန်းကန်လေးထဲ အထုပ်လေးကို ဖြည်ထည့်လိုက်တော့ အထုပ်လေးထဲက ထမင်းရယ် ဟင်းပေါင်းစုံရယ် ရောထည့်ထားတာတွေ ထွက်ကျလာခဲ့တယ် .. ကောင်လေးကလည်း သူရထားတဲ့အကြော်လေးကို ထမင်းပုံလေးပေါ်တင်လိုက်တယ် .. ပြီးတော့ ဟက်ဟက်ပက်ပက်ပြုံးရင်းသူ့အစ်မကို တလှည့် သူ့ ညီမလေးကို တလှည့် ကြည့်နေတယ် .. အစ်မကြီးလုပ်သူက ထမင်းတလုတ် လုပ်လိုက် .. မောင်ကိုခွံ့လိုက် နောက်တလုတ် လုပ်လိုက် ညီမလေးကို ခွံ့လိုက် တလှည့်စီလုပ်နေတော့ ကောင်လေးက သူ့အလှည့်အခွံမှာ သူ့အစ်မလက်ကို ကိုင်ပြီး အစ်မဖက်လှည့် စားခိုင်းတယ် .. ရီလိုက် မောလိုက် စလိုက် နောက်လိုက် .. မောင်နှမတွေရဲ့ ထမင်းဝိုင်း ..

ကျမ ကြည့်နေရင်းကို မျက်ဝန်းတွေ ရီဝေလာခဲ့တယ် .. ပါးပြင်က စိုစွတ်မှုကို သတိထားမိတော့ .. ဟုတ်တယ် .. ကျမ မျက်ရည်တွေကျနေခဲ့တယ် .. ဒီမျက်ရည်က ကလေးအပေါ်ကို မောက်မာလိုက်တဲ့ အတွက်လည်း ဖြစ်တယ် .. ကိုယ့် အစ်မ ညီမအပေါ် အပြစ်မြင်စိတ်တွေအတွက်လည်း ဖြစ်တယ် .. ကုန်ဆုံးသွားတဲ့ ခြောက်သွေ့ခဲ့တဲ့ အချိန်အတွက်လည်း ဖြစ်တယ် .. အဲဒီမျက်ရည်ကြားကမှ ကြည်နူးမိတဲ့ ပီတိဖြစ်မိတဲ့ အပြုံးကလည်း ခိုတွဲနေခဲ့တယ် ..

ထမင်းဝိုင်းက ကောင်လေးက ကျမသူတို့ကို ကြည့်နေမှန်း တွေ့သွားခဲ့တယ် .. စားနေတဲ့ထမင်းလုတ်ကနေ နှုတ်ခမ်းအပြင်ကိုပေပြီး ကပ်သွားတဲ့ ထမင်းစေ့လေးကို လက်တဖက်နဲ့သပ်တင်ရင်း ကျန်တဲ့လက်တဖက်က ကျမကို လက်လှမ်းပြနေတယ် .. ကျမလည်း ကြည်လင်စွာ ပြုံးပြရင်း လက်ပြန်ပြလိုက်မိတယ် ..

တဆက်တည်း ကျမခြေလှမ်းတွေ အိမ်ဖက် သွက်သွက် လှမ်းသွားလိုက်တော့တယ် ..

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...