Sunday, January 18, 2009
အချစ်နဲ့ အတ္တ
`ဘာ .. နင်ငါ့ကိုဘာပြောလိုက်တာ.. မဟုတ်သေးပါဘူး .. နင်ဘာဖြစ်နေတာလဲ .. နင်နေမကောင်းဘူးလား .. ငါ့ကိုစိတ်ဆိုးနေတာလား .. ငါဘာမှားလို့လဲ ..´
`မဟုတ်ဘူး နင်ဘာမှမမှားပါဘူး .. မှားတာက ငါ.. ငါပြင်မလို့မရတဲ့ အမှားကို ကျူးလွန်မိခဲ့တယ် .. ´
`မဟုတ်ပါဘူး .. နင်ငါ့ကို စတာမဟုတ်လား .. နင့်ကိုမပြောဘဲ ငါသူငယ်ချင်းတွေနဲ့ခရီးထွက်သွားတာကို မကျေနပ်လို့ နင်အခုလိုပြောတာမဟုတ်လား .. နင်နောက်နေတယ်ဆိုလည်း ငါ့ကို ဒီလိုချည်းတော့ မနောက်ပါနဲ့ဟာ .. ´
`မဟုတ်ဘူး .. ငါအခုတကယ်ပြောနေတာ ..´
`သြော် .. ဒါဆို ငါ့သူငယ်ချင်းတွေပြောတာ အမှန်ပဲပေါ့နော် .. ဟုတ်လားဟင် .. နင့်မှာ ငါ့အပြင် တခြားတွဲနေတဲ့မိန်းကလေး ရှိတယ်ဆိုတာ တကယ်ပေါ့နော် .. နင်သူ့ကို တကယ်ချစ်တာပေါ့ .. ဟုတ်လား .. ငါ့ကိုပြောပြစမ်းပါဦး.. ငါ့ကိုသူငယ်ချင်းတွေကလာလာပြေကြတယ် .. နင့်ကို တွေ့ခဲ့တယ်ပေါ့ .. ငါမယုံခဲ့ဘူး .. ခု နင်ကိုယ်တိုင်ကပြောလာပြီဆိုတော့ .. နင်ပြောတာကိုနားထောင်ချင်တယ် .. ´
`မဟုတ်ဘူး မောင် ..´
`ဘာ မောင် ဟုတ်လား .. သြော် .. ဒါက နင့်ရဲ့ အချစ်သစ်ကလေး ခေါ်တဲ့နာမည်ပေါ့လေ .. ဟုတ်ပါဘီ .. ဆက်ပြောပါ ..´
`ဆောရီးဟာ ..´
`မဟုတ်ပါဘူး .. ရပါတယ် .. ဆက်ပြောပါ .. ငါခံနိုင်ရည်ရှိပါတယ် ..´
`ငါရဲ့ အချစ်ဦးတစ်ယောက်ရှိတယ်လေ .. သူက ငါ့ကို မောင်လို့ခေါ်ခဲ့ဘူးတယ် .. အခုတစ်ယောက်ကလည်း ငါ့ကို မောင်လို့ခေါ်တယ် .. နင်ကိုငါခေါ်ခိုင်းတာ နင်ဘယ်လိုမှမခေါ်ခဲ့ဘူးလေ´
`ဘာလဲ အဲဒါနင်ငါ့ကို ဖြတ်ရတဲ့ အဓိက အကြောင်းပြချက်လား´
`မဟုတ်ပါဘူး .. ငါနင့်ကိုချစ်ပါတယ် ..ဒါပေမယ့် နင်က မလိုက်ရောနိုင်တာတွေ သိပ်ကိုများတယ်ဟာ .. နင့်ကို ငါ အစပိုင်းက သိပ်ချစ်ခဲ့တယ် .. ဒါကြောင့်လည်း ငါ့အမေနဲ့တွေ့ပေးမလို့ဆိုပြီး ငါနင့်ကိုခေါ်ခဲ့တယ်လေ.. နင်လိုက်ခဲ့လား .. နင်က မိန်းမတစ်ယောက်ရဲ့ သိက္ခာ တန်ဖိုးဆိုတာတွေ တွင်တွင်ပြောပြီး .. ငြင်းခဲ့တယ် .. ပစ္စည်းတစ်ခုရဲ့တန်ဖိုးဆိုတာ .. အဲဒီပစ္စည်းကိုပိုင်ဆိုင်တဲ့သူတစ်ယောက်ကသတ်မှတ်တာ .. ငါတို့လက်ထပ်ဖို့ထိစဉ်းစားပြီးချစ်ခဲ့တာပဲ .. ငါ့တို့ မိဘတွေသိထားတာ .. ဆွေမျိုးတွေသိထားတာ ဘာဖြစ်လဲ .. နင်ဘာဖြစ်နေတာလဲ .. နင်က ငါနဲ့သွားပြီလာပြီဆိုလည်း လူတွေ့မှာ လူသိမှာသိပ်ကြောက်တယ် .. နင်ငါ့ကိုတကယ်မှမချစ်ပဲ .. နင်ကလူသိမခံနိုင်ဘူးပေါ့ .. ငါအမြဲတမ်းမေးတယ် .. ငါ့ကိုချစ်လားဆိုရင်လည်း ဘယ်သူရှိလို့ ဘယ်ဝါရှိလို့နဲ့ နင် အဒီစကားလေး တစ်ခွန်းတောင် ငါ့အတွက် မပေးနိုင်ဘူး .. အဲဒါလောက်လေးနဲ့ နင်က သိက္ခာမရှိတဲ့ တန်ဖိုးမရှိတဲ့ မိန်းမဖြစ်ရောလား နင် အရမ်း အတ္တကြီးတယ် .. နင့်ဘက်ပဲနင်ကြည့်တယ် .. ငါနင့်ကိုစိတ်ကုန်တယ် ..´
`ငါတတ်နိုင်သလောက်နင့်အပေါ်လိုက်လျောခဲ့ပါတယ် .. နင်မကျေနပ်ရင် ငါ့ကိုပြောပေါ့ .. ငါလည်းစဉ်းစားထားပြီးသားပါ .. နင့်ရဲ့မိဘတွေကိုတွေ့ဖို့ ..´
`တော်ပါတော့ဟာ .. နင်က နင့်ကိုယ်နင်ချစ်တာ .. နင့် အတ္တကိုနင်ချစ်တာ ..နင်ချစ်တာငါမဟုတ်ဘူး .. နင့်ကိုယ်နင် .. ငါ သူ့ကို လက်ထပ်တော့မယ်.. သူက သူ့ကိုယ်သူထက်ငါ့ကိုပိုချစ်နိုင်တယ် ´
` ငါဝမ်းသာပါတယ် .. နင်လက်ထပ်မှာ ပျော်စရာပေါ့ .. ငါအခုကျနေတဲ့မျက်ရည်တွေက နင့်ကြောင့်မဟုတ်ဘူး .. ငါ့အတွက် .. နင်သိပြီးသားပဲ ငါက သိပ်အတ္တကြီးတဲ့မိန်းမဆိုတာ .. နင်တို့အတွက် စိတ်ရင်းနဲ့ဆုမတောင်းပေးနိုင်တာတော့ခွင့်လွှတ်ဟာ .. ငါသွားတော့မယ်´
သူမ နောင်တမရပါဘူး .. သူမလှည့်ထွက်ခဲ့ပေမယ့် ရင်ထဲမှာပြောချင်တဲ့စကားတွေအများကြီးပဲ .. ဒါပေမယ့် ပြောဖို့ မကြိုးစားတော့ဘူး .. ငါနင့်ကိုသိပ်ချစ်ပါတယ် .. ဒါပေမယ့် တခြားမိန်းမတစ်ယောက်နဲ့ ပြိုင်မချစ်နိုင်ဘူး .. အဲဒါ ငါ အတ္တကြီးတာလား .. ငါမပေးနိုင်တဲ့အရာတွေ နင်သူ့ဆီက ရလို့ ငါအနားက ထွက်သွားတာ ငါဝမ်းမနည်းဘူး .. အဲဒါကရော ငါ မာနကြီးတာလား .. နင်ပြောသလို ငါ့က အတ္တကြီးတဲ့ မာနကြီးတဲ့ မိန်းမတစ်ယောက် .. ဒါပေမယ့် အဲဒါ ငါ့ အတွက် မရှိမဖြစ်ဘူး .. အဲဒီအရာ နှစ်ခုကပဲ ငါ့ဘ၀ကို ကာကွယ်ပေးနိုင်မှာလေ .. ဒါပေမယ့် နင်လည်းစဉ်းစားပါ .. နင်ရော အတ္တနဲ့ ဘယ်လောက်ကင်းကွာနေလို့လဲ ..
Saturday, January 17, 2009
Wrong again
Wrong again
(tommy lee james/cynthia weil)
From the day we met
You made me forget
All my fears
Knew just what to say
And you kissed away
All my tears
I knew this time I had finally found
Someone to build my life around
Be a lover and a friend
After all my heart had put me through
I knew that it was safe with you
And what we had would never end
Wrong again
Everybody swore
They�d seen this before
We�d be fine
And you�d come to see that you still loved me
In good time
And they said there�s nothing you can do
It�s something that he�s going through
It happens to a lot of men
And I told myself that they were right
That you�d wake up and see the light
And I just had to wait �til then
Wrong again
And it seemed to me the pain would last
My chance for happiness had passed
And nothing waited �round the bend
I was sure I�d never find someone
To heal the damage you had done
And my poor heart would never mend
Wrong again
Wrong again
သီချင်းဒေါင်းချင်ရင်
Wrong again
တင်ဇာမော်ရဲ့
မှားပြန်တယ်
Thursday, January 15, 2009
ခုမြင် ခုပျောက်
အလုပ်သမားတွေအနေနဲ့ နှစ်သစ်ကူးပိတ်ရက်အတွက် အပြင်လျှောက်လည်မယ်ဆိုပြီး ပျော်ရွှင်နေမယ့်သူတွေရှိသလို မနက်ဖြန်ပိတ်ရက်မှာ အနားယူမယ်ဆိုပြီး အားတင်းနေသူတွေလည်းရှိမှာပါ .. ကျမဆိုရင်လည်း နောက်နေ့ပိတ်ရက်ဆိုရင်ကို စိတ်ထဲမှာ ပျော်နေတတ်ပါတယ် .. ဘာမှမဟုတ်လည်း အလုပ်မသွားရဘူးဆို ပျော်နေတာပါပဲ .. ကျောင်းတက်တုန်း အရွယ်က ကျောင်းပိတ်ရက်ဆို ပျော်သလိုမျိုးပေါ့ .. နောက်ရက်အတွက် တွေးပြီးပျော်ရွှင်နေသူတွေထဲကမှာ ကံဆိုးခဲ့သူနှစ်ယောက် အကြောင်းပြောချင်ပါတယ် ..
၂၀၀၈ခုနှစ် ၃၁ ရက်နေ့ နေ့လည်ပိုင်းမှာ ကျမဘေးနားမှာရှိတဲ့ မန်နေဂျာရဲ့ အလန့်တကြားအော်လိုက်သံကိုကြားလိုက်ရတယ် ..
ကျမတို့လှမ်းမြင်နေရတဲ့ နေရာမှာတင် ဆိုက်ထဲက ကရိန်းတစ်ခုက ခါးလည်က ကျိုးကျတာပါ .. ပရောဂျက်မန်နေဂျာက စလို့ လူကြီးတွေအကုန် ဆိုက်ထဲဆင်းသွားကြတယ် .. ကျမတို့လည်း ရုံးခန်းထဲကနေ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ကြည့်နေတာပေါ့ .. ဘယ်သူတွေဘယ်လိုထိသွားလဲဆိုတာလည်း မသိရသေးဘူး ..
မတော်တဆဖြစ်တဲ့နေရာစီက ပြန်လာတဲ့လူတွေဆီက နောက်မှပြန်ကြားရတာက တရုတ် အလုပ်သမားနှစ်ယောက် ခြေထောက်တစ်ယောက်တစ်ဖက်ဆီ ထိသွားတယ်တဲ့ .. ကြေသွားတယ်တဲ့ ..
တရုတ်ပြည်က လာပြီး အလုပ်လုပ်ကြတဲ့သူတွေက ဒီအလုပ်ကိုရဖို့အတွက် ငွေ သောင်းဂဏန်းအထိ အကုန်ခံပြီး လာလုပ်ကြသူတွေရှိတယ် .. တစ်ယောက်နဲ့တစ်ယောက် နှုန်းချင်းတော့ မတူကြဘူး .. ပြီးတော့ အရမ်းလည်း ပင်ပန်းကြတယ် .. ဆိုက်ထဲမှာ အလုပ်လုပ်ကြရတဲ့သူတွေကို အရမ်းကိုယ်ချင်းစာတယ် .. စင်ကာပူနေက အရမ်းပြင်းတယ် .. အခုနေခြစ်ခြစ်တောက်ပူနေရင်းကို မိုးက ၀ုန်းဆိုရွာချချင် ချတာမျိုး .. ဆိုက်ထဲက အလုပ်သမားတွေက နေဒဏ် မိုးဒဏ် တော်တော်ခံကြရတယ် ..
ဘယ်သူပဲဖြစ်ဖြစ် သူများနိုင်ငံကိုလည်းလာရတယ် .. ပင်ပင်ပန်းပန်းလည်း လုပ်ရတယ် .. မိသားစုနဲ့လည်း ခွဲခွာလာရတယ် .. ဘယ်သူခွဲချင်မလဲနော် .. ဒါပေမယ့်လည်း မဖြစ်တဲ့အကြောင်းတွေကြောင့် သူများနိုင်ငံကိုလာ စွန့်စွန့်စားစား အလုပ်လုပ်ကြရတယ် .. အဲလိုလူတွေထဲကမှ ကံတရားက မကောင်းဖြစ်ပြီး ခုလိုထိခိုက်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ ကိုယ်တိုင်နာကျင်ခံစားရသလို (အခန့်မသင့်ရင် ဒုက္ခိတတောင်ဖြစ်သွားနိုင်တာမျိုး) ကိုယ့်ကိုမှီခိုနေတဲ့မိသားစုအတွက်လည်း ရှေ့ရေးဘယ်လိုကောင်းနိုင်တော့မလဲ .. ဆုံးရှုံးမှုတစ်ခုပါပဲ ..
အဲလိုအဖြစ်မျိုးတွေ မြင်ရ ကြားရတဲ့လူတောင် စိတ်မကောင်းဖြစ်ရင် စိတ်ညစ်ရရင် ပတ်သက်နေတဲ့ သူတို့ မိသားစုဆို ဘယ်လောက်တောင် ပူပန်သောကရောက်နေကြမလဲ ..
ခုနောက်ဆုံးကြားမိတာတော့ နှစ်ယောက်တည်းက တစ်ယောက်က အခြေအနေဆိုးတယ်တဲ့ .. တဆင့်ပြန်ပြောသူ ပြသလောက်တော့ တစ်ကိုလုံးလည်း ကုန်နေပြီ .. လက်ရယ် ခါးရယ် တင်ပါးရယ် ပေါင်ရယ် ခြေထောက်က ကရိန်းပိလို့ ကြေတယ်ဆိုတာနဲ့ သူပြတာနဲ့ဆို တကိုယ်လုံး ရစရာတောင် မရှိတော့ဘူး .. ကရိန်းကြီးရဲ့ ၀ိတ်နဲ့ ကျမတော့ ဆက်မတွေးရဲတော့ဘူး .. စိတ်ထဲကနေပဲ အမြန်ဆုံး သက်သာပျောက်ကင်းပါစေပဲ ဆုတောင်းပေးရတော့မှာပဲ ..
ကိုယ့်ကံတရားက ရှေ့မှာဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ အာမခံချက် မပေးနိုင်ဘူး .. ကိုယ့်မျက်တောင်တစ်ခါခတ်ချိန်အတွင်းမှာ လှပတဲ့မြင်ကွင်းတစ်ခုက အကျဉ်းတန် အရုပ်ဆိုးသွားနိုင်သလို .. ကိုယ့်မျက်စိသာပြန်မပွင့်ခဲ့ရင် အဲဒီလှပတဲ့မြင်ကွင်းကို ထပ်မြင်ခွင့်ရချင်မှ ရတော့မှာ ..
Monday, January 12, 2009
မြင်ကွင်းတစ်ခုနောက်က အတွေး
"ဘာလုပ်ဖို့လဲ .."
"ဘာမှတော့မဟုတ်ဘူး .. အပျော်ပေါ့ .."
သြော် .. တော်တော်ကောင်းကြတဲ့လူတွေနော် .. ကိုယ်ပျော်ဖို့အတွက် သူများအသက်နဲ့ရင်းရတယ်လို့ .. ဒီလိုလုပ်တော့ ဘယ်လိုများပျော်ဖို့ကောင်းလို့လဲ .. အသက်ကိုလုပြေးနေတဲ့ သတ္တ၀ါတွေကို ကြည့်ရတာပျော်ဖို့ကောင်းတာလား .. မသေမရှင် ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတဲ့ သတ္တ၀ါတွေကို ကြည့်ရတာ ပျော်ဖို့ကောင်းနေတာလား ..
ဒီနေ့ မနက် ရုံးလာတဲ့လမ်းမှာ လူတစ်ယောက် ငှက်ပစ်နေတယ် .. မီးပွိုင့်မိလို့ ကားခဏရပ်ထားတုန်းမှာ မြေပေါ်ကို ငှက်တစ်ကောင်က ဖုတ်ကနဲ ကျလာတယ် .. နောက်လည်း ဝေးဝေးမှာ ပြုတ်ကျလာတာတွေမြင်ရတယ် .. မနက်စောစော ဒီမြင်ကွင်းမျိုးမြင်လိုက်ရတာ စိတ်ထဲမောသွားတယ် ..
ကျမကတော့ ကိုယ်တိုင်လည်း အသားနာမှာ ကြောက်တတ်သူပီပီ သူများကိုလည်း နာကျင်အောင် မလုပ်ရဲဘူး .. ငယ်ငယ်တုန်းကတော့ ဘာမှမသိခင် ခြင်ဆိုလည်း လိုက်ရိုက်တာပဲ .. ကိုယ့်မကိုက်လည်း လိုက်ရိုက်တယ် .. လိုက်ဖမ်းလို့ မိရင်ပျော်တာကိုး .. ခုနောက်ပိုင်းတော့ သိသိကြီးနဲ့ သေအောင်လုပ်ဖို့ သိပ်မရဲတော့သလိုပဲ .. အရင်တုန်းကဆို မတော်တဆ ပုရွက်ဆိတ်တစ်ကောင်ကို ပွတ်မိလိုက်လို့ မသေမရှင်ဖြစ်နေရင် ပိုနာမယ်ဆိုပြီး မြန်မြန်သေအောင်သတ်လိုက်တယ် .. :P မြန်မြန်ဝဋ်ကျွတ်အောင်လေ ..
နောက်တော့ သိလာတာက သတ္တ၀ါတွေအားလုံးက ကိုယ့်အသက်သေမှာကို အကြောက်ဆုံးပဲတဲ့ .. နောက်ဆုံးမျှော်လင့်ချက်လေးကိုတောင် မစွန့်လွှတ်ချင်ကြဘူးတဲ့ .. နောက်ဆုံးချိန်ထိ ရှင်သန်ဖို့ကြိုးစားချင်ကြတယ်တဲ့ .. စာအုပ်တွေနဲ့ ဘုန်းဘုန်းတွေရဲ့ တရားတွေမှာ ဖတ်ဖူးမှတ်ဖူးလာတယ် ..
အသိဆိုတာရှိနေရင်တောင် အဲဒီအသိကို လက်တွေ့ကျင့်သုံးနိုင်ဖို့က တော်တော်ခက်သေးတာပဲ .. ခုနောက်ပိုင်း ခြင်တွေ ပုရွက်ဆိတ်တွေကို လက်နဲ့ ဖျစ်ညစ်မသတ်ရဲပေမယ့် .. ပုရွက်ဆိတ်က ပန်းကန်မှာကပ်နေတာမျိုးဆိုရင်တော့ ရေနဲ့လောင်းချသေးတယ် .. :P .. သူတို့ကိုခါနေရတာ အလုပ်ရှုပ်တာကိုး .. ဒီလောက်မှစိတ်မရှည်တာ ..
ဘာပဲဖြစ်ဖြစ် နောက်ပိုင်း ဘယ်သတ္တ၀ါ ဘယ်အင်းဆက်ဖြစ်ဖြစ် ကျမ ရည်ရွယ်ချက်ရှိရှိ မသတ်ရဲတော့ဘူး .. (စိတ်မထင်ရင် မထင်သလို ပုရွက်ဆိတ်ကို ရေနဲ့လောင်းချတာကလွဲရင်ပေါ့ ..)
ပြောချင်တာက .. အပျော်ဆိုပြီး ငှက်ပစ်တာ ငါးဖမ်းတာတွေကို ကျမကတော့ ၀ါသနာမပါသလို ဒါကို ပျော်စရာလို့လဲမထင်ဘူး .. ၀မ်းရေးအတွက် ရှာဖွေစားသောက်ကြရတာဆိုတာက လွဲရင်ပေါ့ ..
သတ္တ၀ါရယ်လို့ ဖြစ်လာရင် ကိုယ်ပြုဖူးတဲ့ ကုသိုလ် အကုသိုလ်အကျိုးတွေကို ခံစားနေရတာပဲလေ .. ဘယ်သူမပြု မိမိမှုပဲပေါ့ .. တစ်ခါတစ်လေကျတော့လည်း စဉ်းစားမိတယ် .. ကိုယ့်ရဲ လောဘ လျှာအရသာခံဖို့အတွက်လေးတစ်ခုအတွက် သူများအသားကို အရသာရှိရှိချက်စားနေတာ တရားမှတရားရဲ့လားလို့ ..
Sunday, January 11, 2009
မေကြီးအမှတ်တရ
သမီးအကျင့်အတိုင်း ဘယ်နေ့ဟာ ဘာနေ့ဆိုတာ ခုထိမသိတတ်သေးပါဘူး .. သတိမထားတတ်သေးပါဘူး .. ဒီနေ့မနက် သူငယ်ချင်းဆီက message ၀င်လာတယ် .. ဒီနေ့ ပြာသိုလပြည့်နေ့ အမေများနေ့တဲ့ ..
------------------
အမေတဲ့ စာလုံးလေးနှစ်လုံးနောက်မှာ အဓိပ္ပါယ်တွေ သက်ရောက်မှုတွေ အများကြီး ..
အမေတဲ့ စာလုံးလေးနှစ်လုံးနောက်မှာ တာဝန်ယူမှုတွေ မေတ္တာတရားတွေ အများကြီး ..
အမေတဲ့ စာလုံးလေးနှစ်လုံးနောက်မှာ သားသမီးအတွက် ပူပန်မှုတွေ စိုးရိမ်မှုတွေ အများကြီး ..
အမေတဲ့ စာလုံးလေးနှစ်လုံးနောက်မှာ သောကတွေ မျှော်လင့်ချက်တွေ အများကြီး ..
ဒီနေ့ အမေများနေ့မှာ သမီးတစ်ယောက်အနေနဲ့ အမေ့ကို သားသမီးတွေနဲ့ အတူ နှစ်တွေ အကြာကြီး အတူနေနိုင်ဖို့ .. ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး သာသနာပြုနိုင်ဖို့ သမီး ဆုတောင်းပေးပါတယ် ..
စိတ်မှန်းနဲ့ပဲ ကန်တော့လိုက်ပါတယ် ..း)
PS. လိမ္မာတယ်နော် :D
Wednesday, January 7, 2009
အဆုံးသတ် ၁၃
ငယ်စဉ်ကတည်းကကြောက်ရွံ့ခဲ့ရတဲ့အရာတွေထဲမှာ ကိန်းဂဏန်းတွေလည်းပါခဲ့တယ် .. ဂဏန်းသင်္ချာနဲ့ပတ်သက်ပြီး အကျိုးမပေးတဲ့အပြင် ကျွန်မသိပ်ကြောက်ရတဲ့ ကိန်းဂဏန်းတစ်လုံး ..
နံပါတ် ၁၃ တဲ့ .. ၁၃ ဂဏန်းဟာ ကျွန်မအတွက်ကံဆိုးစေတဲ့ဂဏန်း .. ကျွန်မရဲ့ဘ၀ ကျွန်မရဲ့တစ်သက်တာမှာ ကံဆိုးခြင်းတွေကိုသာ သယ်ဆောင်လာပေးတဲ့နေ့ရက်တိုင်းဟာ ၁၃ ရက်နေ့ ဖြစ်နေတတ်တယ် ..
၁၃.၄.၁၉၉၈ ရက်လေးကတော့ တစ်ရက်တည်းပါပဲ .. အဲဒီနေ့ကစလို့ ကျွန်မရဲ့ ကံကြမ္မာက စုန်းကဝေမတစ်ကောင် အဆက်မပြတ် ကြိမ်စာတွေကိုရွတ်ဆိုနေသလို ကျွန်မအတွက် ကြမ္မာဆိုးတွေစတင်ခဲ့တဲ့နေ့ တစ်နေ့ ဖြစ်ခဲ့တယ် ..
တိုက်ဆိုင်စွာ အဲဒီနေ့ကလည်း ကျွန်မရဲ့ ၁၃နှစ်မြောက်မွေးနေ့ဖြစ်ခဲ့ပြန်တယ် ..
ကျွန်မရဲ့ ၁၃ နှစ်ပြည့်တဲ့နေ့မှာ မွေးနေ့ပွဲကို ဖေဖေပြန်မရောက်လာခဲ့ဘူး ..
ကျွန်မရဲ့မွေးနေ့ပွဲဟာ မေမေတို့ ဖွားဖွားတို့ရဲ့ ငိုသံတွေနဲ့ အဆုံးသတ်ခဲ့ရတယ် ..
& & & & & & & & &
ဖေဖေမရှိတော့တဲ့နောက်ပိုင်း ကျွန်မအတွက် မွေးနေ့ပွဲဆိုတာပါ လိုက်ပါသေဆုံးခဲ့တယ် ..
& & & & & & & & &
၁၃.၄.၂၀၀၀ (ကျွန်မအားကိုးရာ မှီခိုရာ အရိပ်တစ်ခုနဲ့ ဝေးကွာသွားတဲ့နေ့)
ကျွန်မအသက် ၁၅နှစ်
ကျွန်မရဲ့ ဒုတိယ အားကိုးရာ ဖြစ်တဲ့ မေမေ နောက်တစ်အိုးတစ်အိမ်ထူထောင်ခဲ့တဲ့နေ့ပေါ့ ..
ကျွန်ဘ၀မှာ ဘယ်သူမှမရှိတော့ဘူး .. ကိုယ့်ကိုယ်ကိုယ်သာအားကိုးရတော့မယ်ဆိုတဲ့အသိစိတ်ကိန်းအောင်းခဲ့တယ် ..
နောက်တော့ ကျွန်မ မေ့မေ့ကို နားလည်ပေးနိုင်ခဲ့ပါတယ် .. မိန်းမသားဆိုတာ အားကိုးရှာတတ်တဲအမျိုးပဲလေ ..
& & & & & & & & &
၁၃.၄.၂၀၀၅ (ကျွန်မ အသက် ၂၀ ပြည့်ပြီ)
မွေးနေ့ပွဲတိုင်းကို ရင်တထိတ်ထိတ်နဲ့ တိတ်ဆိတ်စွာ ဖြတ်သန်းရင်းနဲ့ အသက်၂၀ ပြည့်မွေးနေ့မှာတော့ သူငယ်ချင်းတွေနဲ့ လျှောက်လည်ခဲ့တယ် .. အိမ်ပြန်ရောက်တော့ ပြသနာက ဆီးကြိုနေတယ်လေ ..
ပထွေးလုပ်သူနဲ့ ပြသနာအကြီးအကျယ်တက်ပြီး မေ့မေ့ မျက်ရည်တွေကိုကျောခိုင်းပြီး အိမ်ပေါ်က ဆင်းခဲ့တယ် ..
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တော့မယ်လို့ စိတ်ဆုံးဖြတ်ခဲ့တယ် ..
ကျွန်မနောက်ထပ်ဖြတ်သန်းရမယ့်နေ့ရက်တိုင်းက ခြောက်ကပ်မှု အထီးကျန်မှုတွေနဲ့ ကြိုဆိုနေတယ် ..
ကျွန်မအတွက် ပျော်ရွှင်မှုဆိုတဲ့အရာရဲ့ နောက်မှာ အမြဲတမ်း အငိုနဲ့ အဆုံးသတ်ခဲ့ရတာချည်းပဲ .. ဒါကြောင့် ကျွန်မပျော်ရမှာကြောက်လာတယ် .. ကျွန်မ မပျော်ရဲတော့ဘူး ..
& & & & & & & & &
ကျွန်မရဲ့မွေးနေ့တိုင်းမပျော်ရွှင်ဖို့ စိတ်ဆင်းရဲစွာနဲ့ ဖြတ်သန်းဖို့ ဘယ်နတ်ဆိုးကများ ကြိမ်စာတိုက်ခဲ့ပါလိမ့်နော် .. ကျွန်မဘ၀ကို နာကျည်းမှုတွေ နဲ့ သာဖြတ်သန်းခဲ့ရတယ် ..
မနက်ဖြန်ဆို ကျွန်မအသက် ၂၁ ပြည့်ပြီ .. ဘယ်လိုကံကြမ္မာဆိုးကများစောင့်ကြိုနေသေးလဲ .. ကျွန်မ ရင်ထိတ်စွာနဲ့ ကျော်ဖြတ်ရဦးမယ် ..
& & & & & & & & &
၁၃.၄.၂၀၀၆
နာရီက ည ၁၂ နာရီထိုးဖို့ကို တစ်ရွေ့ရွေ့ ခရီးဆက်နေတယ် .. ကျွန်မတိတ်ဆိတ်စွာ တစ်ယောက်တည်းအထီးကျန်စွာ ၁၃ ရက်နေ့ကုန်ဆုံးသွားဖို့ဆုတောင်းနေမိတယ် ..
ကျွန်မအိပ်ပျော်သွားတယ် ..
နောက်တစ်နေ့ သင်္ကြန်ရက်တွေကို သူငယ်ချင်းတွေနဲ့ ကုန်ဆုံးခဲ့တယ် .. အဲဒီပထမဆုံး လည်ဖြစ်တဲ့သင်္ကြန်မှာပဲ ကျွန်မအသည်းလေး အအေးမိသွားတယ် ..
ကျွန်မဘ၀အတွက် အရေးပါဆုံးလူတစ်ယောက်ကို ဘုရားသခင်က ကျွန်မရှေ့ပို့ပေးခဲ့တယ် ..
& & & & & & & & &
ကိုကိုနဲ့ ကျွန်မဆုံတွေ့ခဲ့ကြတယ် .. ထူးထူးဆန်းဆန်းမဟုတ်ပါဘူး .. ဒီလိုပဲ သင်္ကြန်မှာ နှလုံးသားချင်းခလုတ်တိုက်မိကြတယ်ပေါ့ ..
ကိုကိုနဲ့ခင်မင်ရင်းနှီးခဲ့တယ် .. နောက်တော့ တဖြည်းဖြည်းခင်မင်တာထက်ပိုခဲ့တယ် .. သံယောဇဉ်တွေ အထပ်ထပ်ရစ်နှောင်မိကြတယ် ..
နောက်မွေးနေ့တွေကြုံတိုင်းစိုးရွံ့ မိပေမယ့် ကိုကိုအနားမှာရှိတာကြောင့် ကံကြမ္မာနတ်ဆိုး မနှောင့်ယှက်နိုင်ခဲ့ဘူးထင်တယ် .. ပျော်ရွှင်ခဲ့ရတယ် ..
ကျွန်မကိုကို့ကိုယုံကြည်ကိုးကွယ်မိတယ် .. ကျွန်မဘ၀အတွက် အားကိုးရာဟာ ကိုကိုဆိုတာကိုလည်း ကျွန်မ နားလည်လိုက်တယ် .. တစ်ခုပဲမျှော်လင့်မိပါတယ် .. ကိုကိုသာကျွန်မအနား ထာဝရရှိနေခွင့်ပေးပါ ..
& & & & & & & & &
& & & & & & & & &
ကိုကို့ရဲ့ အချစ်တွေမှာ ပျော်မွေ့နေပြီး လှည့်စားတတ်တဲ့ ကံကြမ္မာကို ကျွန်မ မေ့နေတယ်လေ .. ဒါပေမယ့် တစ်နေ့မှာတော့ .. ကျွန်မရုံးပြန်တိုင်း မပျက်မကွက် အချိန်မှန်လာကြိုနေကျ ကိုကိုမရောက်လာတဲ့နေ့မှာတော့ ကျွန်မ စိတ်ပူပြီးကိုကို့ ဖုန်းကိုလှမ်းဆက်လိုက်တယ် .. ဆက်သွယ်မှုဧရိယာပြင်ပကိုရောက်နေတယ်တဲ့ ..စိတ်လေးလံစွာနဲ့အိမ်ကိုပြန်လာခဲ့တယ် .. အဲဒီနေ့ တစ်ညလုံးကိုကို့ဆီဖုန်းခေါ်လို့မရခဲ့ဘူး .. ပြက္ခဒိန် ကိုကြည့်မိတော့ ၁၃.၃.၂၀၀၇
& & & & & & & & &
နောက်တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်ဖုန်းဆက်ခဲ့တယ် .. ကိုကို့ကို ကားပေါ်မှာ ကောင်မလေးတစ်ယောက်နဲ့တွေ့ခဲ့တယ်တဲ့ .. ကျွန်မရင်တွေပူလှပြီ .. ဖုန်းလည်းဆက်လို့မရ .. ဘာတွေများဖြစ်နေတာလဲ ကိုကိုရယ် ..နေ့လည်ကျတော့ ကိုကိုဖုန်းဆက်တယ် .. သူ့အဖွားအသည်းအသန်ဖြစ်လို့ ဆေးရုံသွားနေရတယ်တဲ့ .. ကိုကိုဘာပြောပြော ကျွန်မယုံကြည်ပေးနေမှာပါ .. ကိုကို့ကို သိပ်ချစ်လို့ပေါ့ ..အဲဒီနေ့က ကျွန်မ တစ်ခွန်းတော့ပြောလိုက်တယ် .."ကိုကို ငယ်လေးကို ခွဲမသွားပါနဲ့နော် .. ကိုကိုခွဲသွားရင် ငယ်လေးသေမှာ" လို့ပြောတော့ကိုကိုက ဘယ်တော့မှခွဲမသွားဘူးလို့ ကတိပေးခဲ့တယ် .. ကျွန်မယုံကြည်နေပါတယ် ..
& & & & & & & & &
အဲဒီနောက်ပိုင်း အကြောင်းပြချက်အမျိုးမျိုးနဲ့ ကိုကို့ပျက်ကွက်မှုတွေများလာတယ် ..ကျွန်မရဲ့ စိုးရိမ်မှုဒီရေဟာလည်း ပိုမိုမြင့်တက်လာတယ် .. တစ်ယောက်တည်းရူးနေရတဲ့ရက်တွေ အိပ်မပျော်တဲ့ညတွေ .. အိပ်ပျော်သွားရင်လည်း အိပ်မက်ဆိုးတွေကြောင့်လန့်နိုးခဲ့ရတဲ့ညတွေ များလာတယ် ..ကိုကို့ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ပဲ ကျွန်မသံသယတွေကို မောင်းထုတ်ပစ်ခဲ့တယ် .. ကိုကိုကျွန်မကလွဲပြီး ဘယ်သူ့မှချစ်မှာမဟုတ်ဘူး .. နောက်တစ်နေ့မနက် အိပ်ရာနိုးတော့ ကျွန်မတစ်ကိုယ်လုံးကိုက်ခဲနေတယ် .. ဒီနေ့တော့ ကျွန်မရုံးသွားဖို့ မဖြစ်နိုင်တော့ဘူး .. ကိုကို့ဆီဖုန်းဆက်တော့ ကိုကိုဖုန်းပိတ်ထားပြန်တယ် .. ရင်မောလိုက်တာနော် ..နေ့လည်ကျတော့ အိမ်တရားခေါက်သံကြားလို့ အပြင်ထွက်ကြည့်တော့ ကိုကိုဖြစ်နေတယ် .. ကိုကို့ကို မြင်မှ ကျွန်စိတ်တွေဘယ်လိုဖြစ်မှန်းမသိဘူး .. တစ်ချိန်လုံးတင်းထားခဲ့သမျှ ကိုကို့ရင်ခွင်ထဲဝင်ပြီး ၀မ်းပမ်းတနည်းငိုမိတယ် .. ကျွန်မ ကိုကိုမရှိရင် သိပ်အားငယ်တာပဲ .. ညနေစောင်းကျတော့ ကမ်းစပ်ကို နှစ်ယောက်သား လမ်းလျှောက်ထွက်ခဲ့ကြတယ် .. ကိုကို့မျက်နှာမှာ သောက အရိပ်တွေ ကျွန်မ မြင်နေရတယ် .. ဘာမှန်းမသိပေမယ့် ကျွန်မခံစားရတာက .. ရင်တွေပူလိုက်တာ .."ကို ငယ်လေးကိုပြောစရာရှိတယ် .. ဟိုခုံလေးမှာ ခဏထိုင်ရအောင် .." ကျွန်မငြိမ်သက်စွာနဲ့ကိုကိုနောက်ကလိုက်ပါလာခဲ့တယ် ..ကျွန်မကိုလူတွေလှည့်လှည့်ကြည့်သွားကြတယ် .. ကျွန်မ ရင်ခုန်သံတွေသိပ်ကျယ်လို့ထင်တယ် ..
& & & & & & & & &
ကန်စပ်မှာထိုင်နေတာတော်တော်ကြာပြီ .. ကိုကိုကစကားမစသလို ကျွန်မလည်း ဘာစကားမှပြောမထွက်ခဲ့ဘူး .. ကျွန်မရင်တွေခုန်လှပြီကိုကိုရယ် ..ကိုကိုတစ်ခုခုကိုဆုံးဖြတ်ပြီးတဲ့ပုံနဲ့ ကျွန်မဘက်လှည့်ကြည့်တယ် .. ပြီးတော့
"ငယ်လေး .."
"ရှင် .. ကိုကိုပြောပါ .. ငယ်လေးနားထောင်နေပါတယ် .."
"ငယ်လေး ပိန်သွားတယ်နော် .."
"ထင်လို့ပါ .."
"ငယ်လေးကိုပြောစရာရှိတယ် .. ပြောဖို့လည်း စိတ်မကောင်းဘူး .. ကိုကိုအိမ်က သဘောတူစေ့စပ်ထားတဲ့ ၀ဒီဆိုတဲ့ မိန်းကလေးနဲ့ ကိုကိုလက်ထပ်ရတော့မယ် .. ငယ်လေးကို ကြိုမပြောခဲ့မိတာခွင့်လွှတ်ပါ .. ၀ဒီနဲ့က ငယ်လေးနဲ့မတွေ့ခင်ကတည်းက လူကြီးချင်းစေ့စပ်ထားတာ .. ၀ဒီ နိုင်ငံခြားကို ပညာတော်သင်သွားနေတုန်း ငယ်လေးကိုတွေ့ခဲ့တာ .. ကို့ကိုယ်ခွင့်လွှတ်ပါကွာ .."
"………….." ကျွန်မပါးစပ်က အာစေးကပ်သလို ဘာစကားလုံးမှ မထွက်ကျလာတော့ဘူး ..
"ကိုကိုငယ်လေးကိုချစ်ပါတယ် .. ဒါပေမယ့် ၀ဒီကိုပဲ လက်ထပ်ရလိမ့်မယ် .. ငယ်လေးကို စိတ်ထဲမှာ အမြဲတမ်း သတိရနေမှာပါ .. ကို ငယ်လေးကို သိပ်ချစ်ပါတယ် .. ပြောဖို့လည်းအကြိမ်ကြိမ်စဉ်းစားခဲ့ပါတယ် .. ကိုယ်ပြောမထွက်ခဲ့ဘူး .."
သြော် ကိုကိုရယ် ဒါက မိန်းမတစ်ယောက်ကို လမ်းခွဲခါနီး နှစ်သိမ့်တဲ့စကားလုံးဆိုတာ ငယ်လေးသိတာပေါ့ .. ကိုကိုက ကျွန်မကို လှည့်စားနေခဲ့တာပဲ .. ကိုကို့အကြင်နာတွေအားလုံးဟာအတုအယောင်တွေပဲ .. ဒီနောက်ပိုင်းလည်း ကိုကိုစကားတွေအများကြီးပြောခဲ့တယ် .. ကျွန်မ ကြားတစ်ချက် မကြားတစ်ချက် ကျွန်မ လောကကြီးနဲ့ အဆက်အသွယ် ခဏပြတ်သွားတယ် .. ကျွန်မသတိရတဲ့အချိန်မှာ ကျွန်မ ဆေးရုံပေါ်ရောက်နေပြီ .. ဘေးနားမှာ နပ်စ်မလေးတစ်ယော်ကလွဲပြီး ဘယ်သူမှမရှိဘူး .. ကျွန်မ အားငယ်လိုက်တာ ကိုကိုရယ် .. ကိုကို့ကိုပဲ တမ်းတနေမိတယ် .. ကိုကိုမရှိပဲ ကျွန်မဘ၀ကို ဘယ်လိုရှေ့ဆက်ရမလဲ .. တွေးရင်း မျက်ရည်ကျမိတယ် ..
& & & & & & & & &
ကျွန်မ ဆေးရုံမှာ ရှိနေတဲ့အချိန်တွေ .. ကိုကိုတစ်ရက်မှရောက်မလာခဲ့ဘူး .. ကျွန်မရင်ဘတ်က တဖြစ်ဖြစ်နဲ့ မီးတောက်နေသလိုပဲ .. ကျွန်မအသည်းတွေ ကျွမ်းတော့မယ် .. တစ်ယောက်တည်းရှိနေစဉ်တွေမှာ ကိုကို့အကြောင်းစဉ်းစားတိုင်း ရင်နာရတယ် .. ယုံကြည်မှုကို အလွဲသုံးစားသူတစ်ယောက်အဖြစ် ကိုကို့ကို မုန်းတီးနေမိတယ် .. ကျွန်မ မခံစားနိုင်တော့ဘူး .. ရူးတော့မယ် ..
& & & & & & & & &
၁၃.၄.၂၀၀၇
ဆေးရုံဆင်းခွင့်ရပြီတဲ့ .. ကိုကို့ကို ဆေးရုံအခန်းပေါက်ဝမှာတွေ့လိုက်တယ် ..
"ငယ်လေး .. ဆေးရုံဆင်းလို့ရပြီ .. ကိုယ်လိုက်ပို့ပေးမယ် .." ကိုကို့အပြုံးကတော့ အရင်လို နူးညံ့တုန်းပါပဲ .. မနူးညံ့တော့တာ ကျွန်မရဲ့ စိတ်ပဲ ..လမ်းတစ်လျှောက်လုံး ကိုကိုက ဘာမှမဖြစ်သလို စကားတွေရွှန်းရွှန်းဝေအောင်ပြောလာခဲ့တယ် .. အိမ်ရောက်တော့ ပစ္စည်းတွေချပြီးတာနဲ့ ..
"ငယ်လေး .. ကိုကို နောက်အပတ်ထဲမှာ လက်ထပ်တော့မယ် .. ငယ်လေးကို တစ်ခါတည်း နှုတ်ဆက်ခဲ့တယ်နော် .. နောက်ဆို အခုလိုတွေ့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး .. ငယ်လေး ကိုကို့ကို နားလည်တယ်မလား .."
သြော် ကိုကိုက ကျွန်မကြောင့် သူနဲ့ဝဒီတို့ရဲ့ ဆက်ဆံရေးပျက်ပြားမှာ စိုးရိမ်နေပုံပဲ .. ဘယ်အချိန်က စပြီး ကိုကို့အတွက် ကျွန်မက အမှိုက်တစ်စ ဖြစ်သွားပါလိမ့်နော် .. ကျွန်မက အရှုပ်ထုပ်ပေါ့ .. ရင်နာလိုက်တာ .. ရင်ဘတ်ထဲကအောင့်အောင့်နေတာ ရောဂါကြောင့်ကို ကျွန်မထင်ခဲ့တာ .. ခုမှ သိတယ် .. ကိုကို့ကြောင့်ကိုး .. ကျွန်မရင်ထဲကတော့ ကိုကိုကရော ဘာလို့ ငယ်လေးကို နားမလည်ခဲ့တာလဲ .. လို့ပြောနေမိတယ် ..
"ကိုပြန်တော့မယ်နော် .. ၀ဒီကို ဈေးမှာ သွားကြိုပေးရဦးမယ် .." ပြောပြီးမှ ကိုကိုစကားမှားသွားသလို ၀ရံတာဖက်မျက်နှာလှည့်သွားတယ် ..ကျွန်မ ကိုကို့နောက်က သိုင်းဖက်လိုက်တယ် ..
"ခဏလေးပါကိုကိုရယ် .. ခဏလေးဒီအတိုင်းနေနေပါနော် .." ပြောရင်း ကျွန်မ မျက်ရည်တွေ အတားအဆီးမရှိကျလာခဲ့တယ် ..
& & & & & & & & &
ခဏနေတော့ ကျွန်မကပဲ ကိုကို့ကို သိုင်းဖက်ထားတဲ့ လက်တွေရုတ်လိုက်တယ် .. ပြီးတော့ ..
"ကိုကို ခဏလေးနော် .. ကော်ဖီလေးတော့သောက်သွားပါဦး .. ခဏလေးပါ .." ကိုကိုခေါင်းညိမ့်ပြတယ် ..ကျွန်မ နောက်ဖေးကိုဝင်ပြီး ကော်ဖီဖျော်လိုက်တယ် ..အိမ်ရှေ့ထွက်လာပြီး ကိုကို့ကိုကော်ဖီခွက်ပေးတဲ့လက်တွေ တုန်နေတယ် .. ကိုကိုလှမ်းယူပြီးပြုံးပြတယ် .. ကိုကို့မျက်နှာကအပြုံးကတော့ နွေးထွေးဆဲပါပဲ ..နောက်ဆုံးလက်ကျန်ကော်ဖီကို ကိုကို မော့ချလိုက်တယ် ..
"ကိုကိုသွားတော့မယ်နော် .." တဲ့တခါးဝအရောက်မှာ ကိုကိုယိုင်သွားတယ် .. ကျွန်မကိုလှည့်ကြည့်တယ် .. ကျွန်မရဲ့ အသိစိတ်ကင်းမဲ့နေတဲ့ မျက်လုံးတွေကိုမြင်ပြီး ကျွန်မကို ..
"မင်း ကော်ဖီထဲမှာ ဘာတွေထည့်ထားလဲ .." ကိုကိုကျွန်မဆီကိုလျှောက်လာတယ် .. ကျွန်မအနားမရောက်ခင်ပဲ ကြမ်းပြင်ပေါ်ကိုကို လဲကျသွားတယ် .. ကျွန်မ အသိပြန်ဝင်လာတယ် .. ကိုကို့ကိုလည်း အရမ်းစိုးရိမ်သွားတယ် ..
"ကိုကို .. ကိုကို .. " ကျွန်မ အဆက်မပြတ် ရေရွတ်နေမိတယ် ..
& & & & & & & & &
"ကိုကို .. ကိုကို .. "
"ငယ်လေး .. သတိရလာပြီလား .. "
"ကိုကို .. ကိုကိုမသေဘူးနော် .. "
"အာာ .. ငယ်လေးကလည်း ဘာတွေလျှောက်ပြောနေတာလဲ .. ငယ်လေး အဖျားကြီးပြီး သတိလစ်နေတာလေ .. ခုဆို တစ်ပတ်တောင်ရှိတော့မယ် .. ကိုကို့မှာ အဖွားနေမကောင်းတာတောင် မပြုစုအားဘူး .. ငယ်လေးဘေးမှာ တစ်ချိန်လုံးရှိနေတာ .. ငယ်လေး အရမ်းအားနည်းနေတယ် .. ကိုကို့အပြစ်တွေပါ .. အဖွားကိုဂရုစိုက်နေတာနဲ့ ငယ်လေးအပေါ်လစ်ဟင်းသွားတယ် .. ငယ်လေးခုလိုဖြစ်တာလည်း ကိုကို့ကြောင့် .. ကိုကို့ကို ခွင့်လွှတ်နော် .. ငယ်လေး ကို သိပ်ချစ်တယ် .. " ကိုကို့အနမ်းတစ်ပွင့် ကျွန်မနှဖူးပေါ် ဖွဖွလေး .."ကိုကို ငယ်လေးကို တစ်သက်လုံးခွဲမသွားပါနဲ့နော် .. ""ခုတစ်သက်လည်းမခွဲဘူး .. နောက်ဘ၀ဆက်တိုင်းလည်း ငယ်လေးနဲ့ တွေ့ပါစေလို့ ဆုတောင်းတယ် .. ငယ်လေးအတွက် ကိုကို လိုအပ်တယ် .. ကိုကိုသိတယ် .. ငယ်လေးနားက တစ်ဖ၀ါးမှ မခွာတော့ဘူးနော် .. "
& & & & & & & & &
တံခါးခေါက်သံတစ်ချက် ဖြည်းငြင်းစွာ ပေါ်လာပြီး တံခါးပွင့်သွားတယ် .. ဂျူတီကုတ်နဲ့ ဆရာဝန်မလေးတစ်ယောက် လက်ထဲမှာ ပန်းစီးတစ်စီးကိုင်လို့ မတ်တပ်ရပ်နေတယ် ..
ကိုကို က "နှင်း .. ၀င်လာလေ .." ပြီးတော့ ငယ်လေးဘက်မျက်နှာမူပြီး
"ငယ်လေး .. ဒါ ကိုကို့ညီမ ၀မ်းကွဲလေး .. ဒီဆေးရုံမှာ အလုပ်ဝင်နေတာလေ .. ဖွားဖွားကိုလည်း သူပဲ ပြုစု ပြီး တာဝန်ယူပေးနေတာပေါ့ .."
နှင်းဆိုတဲ့ မိန်းကလေးက မျက်နှာလေးပြုံးရွှင်စွာနဲ့ ..
"နှင်း လာလိုက်လို့ အနှောင့်အယှက်ဖြစ်သွားပြီထင်တယ် .. မွေးနေ့မှာ ပျော်ရွှင်ပါစေ ငယ်လေးရေ .." ဆိုပြီး လက်ထဲက ပန်းစည်းကမ်းလာတယ် ..
အို .. ဟုတ်သားပဲ .. အမှတ်တမဲ့ ပြက္ခဒိန်ကို လှမ်းကြည့်လိုက်တော့ ကျွန်မမွေးနေ့ (၁၃.၄.၂၀၀၇) တဲ့ .. ကျွန်မယုံကြည်လိုက်ပါပြီ .. ကျွန်မအတွက် ကံဆိုးခြင်းတွေ လွန်မြောက်ခဲ့ပြီ ..
တွဲပါလာသော အတွေးများ
စကားတစ်ခွန်းက တစ်မြို့လုံးပြာကျမယ့်အရေး လူတွေ သေကြေပျက်စီးရမယ့် အရေးကနေ ကာကွယ်ပေးနိုင်သလို .. သိပ်ရင်းနှီး သိပ်ချစ်ခင်ကြသူအချင်းအချင်း တစ်သက်မကျေနိုင်အောင် ရန်မက် ဖြစ်ပွားရတဲ့ အရေးတွေကိုလည်း တွေ့ရပါတယ် ..
သာမန်လူအချင်းချင်းတောင် စကားတစ်ခွန်းနဲ့ သတ်ဟယ်ဖြတ်ဟယ် ဖြစ်သေးတယ်ဆိုတော့ ရှင်ဘုရင်လို ပုဂ္ဂိုလ်မျိုးရဲ့ စကားတစ်ခွန်းအတွက် လူတွေ သေရတယ် .. စစ်မက်တွေဖြစ်ရတယ်ဆိုတာတော့ သဘာဝကျတဲ့ အဖြစ်အပျက်တွေပဲလို့ ဖြေသိမ့်ရမလား .. အဲဒီခေတ်တုန်းက ရှင်ဘုရင်အနီးအပါး ခစားရတဲ့လူတစ်ယောက်အတွက် လူများတကာထက်သာတဲ့ အခွင့်ထူးတွေ ရရှိသလို ဘုရင်ရဲ့ ဓါးကလည်း ကိုယ့်လည်ပင်းနား တ၀ဲဝဲပဲလို့ ခံစားမိတယ် ..
အခုစာအုပ်မှာ ရှင်ဘုရင်တွေရဲ့ စိတ်ထားမြင့်မြတ်တဲ့အကြောင်း တည်ကြည်တဲ့အကြောင်း ဖြောင့်မတ်မှန်ကန်တဲ့အကြောင်းတွေ ဖတ်မိတော့ လေးစား ကြည်ညိုမိတယ် ..
ဘုန်းကံကြီးလို့ ရှင်ဘုရင်ဖြစ်လာပေမယ့် စောလူးမင်းတို့လို ကုလားကျမင်း(ခေါ်)အလယ်မင်းနရသိင်္ခ တို့လို မင်းဆိုးမင်းညစ်တွေ အသိဥာဏ်မရှိတဲ့မင်းတွေကို တွေ့မိ ဖတ်မိပြန်တော့လည်း စက်ဆုတ်မိတယ် ..
ပြန်ပြီးစဉ်းစားကြည့်မိလိုက်တော့ လူတိုင်း လူတိုင်းက ကိုယ့်သမိုင်းကိုယ်ရေးနေကြတာပဲ .. ကိုယ်လုပ်တာ ကောင်းရင် ကိုယ့်သမိုင်းကြောင်းကောင်းမယ် .. ကိုယ့် သမိုင်းကြောင်းကောင်းဖို့သာ ကိုယ့်တာဝန်ဖြစ်တယ် .. ရှေ့မှာ သမိုင်းတွင်ခဲ့တဲ့ သူတွေရဲ့အကြောင်းကို ဖတ်မိပြီး ဆင်ခြင်မိဖို့အရေးကြီးတယ် ..
ကျွန်မဆင်ခြင်မိတာကတော့ ..
- ဒေါသရှေ့ထားတဲ့အတွက် အမှားသာများတတ်တယ် ..
- အလွယ်တကူ ဆုံးဖြတ်ချက်ချမိတဲ့အတွက် နောင်တသာ ရတတ်တယ် ..
- စကားတစ်ခုပြောမယ်ဆိုရင် ကိုယ့်စကားက အကောင်းဘက်ဦးတည်နေရဲ့လား .. အမှန်တရားဖြစ်ရဲ့လား ဆိုတာ လေ့လာဆန်းစစ်ကြည့်သင့်တယ် ..
- ကျေးဇူးရှင်အပေါ် ကျေးဇူးမဆပ်နိုင်သေးရင်တောင်မှ ကျေးဇူးတော့မကန်းသင့်ဘူး ..
- အောင်မြင်မှုတစ်ခုအတွက် ရင်းနှီးရတယ် .. ပေးဆပ်ရတယ် .. အောင်မြင်မှုရဖို့ မလွယ်ကူပါဘူး .. ကိုယ့်အောင်မြင်မှု တည်မြဲဖို့ က ပိုပြီးခဲယဉ်းတယ် ..
- ကိုယ်သိနေတဲ့ အမှန်တရားအတွက် အမှန်တရားဘက်က ရပ်တည်ရဲသင့်တယ် .. မရပ်တည်နိုင်သေးရင်တောင် အမှန်တရားကို မျက်ကွယ်မပြုသင့်ဘူး ..
- ကိုယ့်ရဲ့နှုတ်ထွက်စကားအပေါ် တာဝန်ယူသင့်တယ် .. ကတိနဲ့ သစ္စာဆိုတာ လူတိုင်းရှိသင့်တဲ့ တည်သင့်တဲ့ အရာတစ်ခုလို့ ကျွန်မ ယုံကြည်တယ်လေ ..
Tuesday, January 6, 2009
ဟိုရောက် ဒီရောက် (၂)
သူမက ဆရာမလေးပါ တကသိုလ်ကကျူတာ ဆရာမလေးပေါ့ ။ သူ့အိမ်က ဒဂုံမှာ ။ ညနေဘက်တွေဆိုရင် ကျူရှင်ပြပြီး မြို့ထဲကနေ ဒဂုံကို ပြန်လေ့ရှိတယ် ။ တစ်ရက် ညနေ နေ၀င်ရီတရော အချိန်မှာ သူမ ဆူးလေကနေ ဒဂုံကို ပြန်ဖို့ ကားစောင့်နေတဲ့အချိန်ပေါ့ .... ညနေဘက် ရုံးဆင်းချိန်နောက်ပိုင်းဆိုတော့ လူတွေမှ အများကြီးပဲတဲ့ ။ ကားက ဂိတ်စဆိုတော့ ချက်ချင်းမထွက်ဘူးလေ .. လူကစောင့်သေးတာကိုး .. အဲဒီဆရာမလေးက ကားပေါ်မှာ နေရာရတော့ ထိုင်ပြီးစောင့်နေတုန်း ။ ကောင်လေးတစ်ယောက် အကျီစွပ်ကျယ်လေးနဲ့ နွမ်းနွမ်းဖတ်ဖတ် ကောင်လေးတစ်ယောက်က ကားအောက်ကနေ အဲဒီဆရာမလေးကို လှမ်းခေါ်လိုက်တယ် တဲ့ ..
ကောင်လေး - ဆရာမ
ဆရာမ - ဟင် .. ဘာကိစ္စရှိလို့လဲ သား
ကောင်လေး - ကျွန်တော့ မောင် ဘယ်သူပါပေါ့ .. ကျွန်တော့အိမ် ဖုန်းနံပါတ် က ဘယ်လောက်ဘယ်လောက်ပါ .. ဆရာမ အိမ်ပြန်ရောက်ရင် ကျွန်တော့် ရဲ့ အိမ်ကို ဖုန်းဆက်ပေးပါ ။ ကျွန်တော် ဒီကနေ မပြန်တတ်တော့လို့ .. ကျွန်တော့်ကို လာခေါ်ဖို့ပြောပေးပါနော် ..
ဆရာမ - အော် .. အေးအေး သား။ ဆရာမ ဖုန်းဆက်ပေးမယ်လေ ..
ကားကထွက်လာပါလေရော .. ဆရာမလည်း ကောင်လေးပေးလိုက်တဲ့ ဖုန်းနံပါတ်မှတ်ထားတဲ့ စာရွက်ကလေးကို မှတ်မှတ်ရရ ထည့်ပြီး လိုက်လာတာပေါ့ ..
သူဆင်းရမယ့် ကျောင်းကွေ့မှတ်တိုင်ရောက်တော့ သူကားပေါ်ကနေဆင်းတယ် ..
ပြီးတော့ ကောင်လေးဆက်ခိုင်းတဲ့ ဖုန်းကို လမ်းဘေးဖုန်းတစ်ခုကနေ သူခေါ်လိုက်တာပေါ့ ..
ဟိုဘက်က အဒေါ်ကြီးတစ်ယောက် ဖုန်းလာကိုင်တယ် ..
အဒေါ်ကြီး - ဟဲလို
ဆရာမ - ဟုတ်ကဲ့ .. အခုပြောနေတာ မောင် -- ရဲ့ အိမ်က ဟုတ်ပါတယ်နော် ..
အဒေါ်ကြီး - ဟုတ်ပါတယ် ။ ဘာကိစ္စရှိလို့ပါလဲ
ဆရာမ - အော် .. အဲဒီကလေးနဲ့ ကျွန်မ ဆူးလေ ကားမှတ်တိုင်မှာ တွေ့ခဲ့လို့ပါ .. သူက သူ့အိမ်ကို ဖုန်းဆက်ပေးပါဆိုလို့ .. အဲဒီကလေး အိမ်မပြန်တတ်လို့ သူ့ကို လာခေါ်ပေးပါတဲ့ ..
အဒေါ်ကြီး - ...................
အသံတိတ်နေရာကနေ အဒေါ်ကြီးငိုချလိုက်ပါတယ် .. အကြောင်းကတော့ အဲဒီကောင်လေးဟာ လွန်ခဲ့တဲ့ ၃ ရက်က အဲဒီကားဂိတ်မှာ ကားနှစ်စီးကြားညပ်ပြီးသေသွားခဲ့တာပါ .. ဆရာမလေးဖုန်းဆက်တဲ့နေ့ဟာ သူ့ကို အသုဘ ချပြီးပြန်လာကြတဲ့နေဖြစ်နေပါတယ် ...
------------------------
တကယ်ဟုတ်မဟုတ်တော့မသေချာပါဘူး .. အမ၀မ်းကွဲတစ်ယောက် ကိုယ်တိုင်ခံလိုက်ရတာတော့ သေချာပါတယ် .. တစ်ယောက်ယောက်က လုပ်ကြံဇာတ်လမ်းခင်းတာ ဖြစ်နိုင်သလို အမှန်တကယ်လည်းဖြစ်နိုင်ပါတယ် .. အမကိုယ်တိုင်တော့ အဲဒီနေ့က အိမ်ကိုဘယ်လိုပြန်လာမိမှန်းတောင် မသိလိုက်ပါဘူးတဲ့ ..
မိုးခါး
Monday, January 5, 2009
၂၀၀၈ ကို ဆန်းစစ်ကြည့်ခြင်း
လူကြီးတွေက များသောအားဖြင့်ပြောတတ်ကြတယ် .. ရက်တစ်ရက်ကုန်သွားပြီဆိုရင် ကိုယ့်အတွက် ပညာရသလား ဥစ္စာရလား ကုသိုလ်ရသလားတဲ့ .. အနည်းဆုံးတော့ အကျိုးတစ်ခုရှိသင့်ပါတယ်တဲ့ .. ကျွန်မက ခေါင်းအုံးပေါ်ခေါင်းချတာနဲ့ အိပ်ပျော်တတ်တဲ့သူဆိုတော့ နေ့တိုင်းမစဉ်းစားမိဘူး .. ခုတော့ နှစ်တစ်နှစ်ကူးသွားခဲ့ပြီ .. ဒါကြောင့် ကျန်ခဲ့တဲ့ ၂၀၀၈ ကကျွန်မအတွက် ဘယ်လိုကောင်းကျိုးနဲ့ ဆိုးကျိုးတွေရှိခဲ့ပါလိမ့် .. နှဖူးပေါ်လက်တင်ပြီးစဉ်းစားမလား .. ခုတော့ ကျွန်မ ကီးဘုတ်ပေါ်လက်တင်ပြီး စဉ်းစားနေပါတယ် .. :P
ကျန်ခဲ့တဲ့ ၂၀၀၈ ကို ပြန်ဆန်းစစ်လိုက်တော့ -
၂၀၀၈ ခုနှစ်က ကျွန်မအတွက် ကောင်းသောပြောင်းလဲခြင်းတွေ ကြုံတွေ့ရတဲ့နှစ်လို့ ဆိုရပါမယ် .. ကောင်းသောပြောင်းလဲခြင်းတွေထဲမှာ ဆုံးရှုံးလိုက်ရတဲ့ အရာတွေလည်းပါပါတယ် .. ဒါပေမယ့်လည်း တစ်ခုလိုချင်ရင် တစ်ခုပေးရတာက လောကရဲ့ သဘော သဘာဝတစ်ခုပဲလေ ..
၂၀၀၈ ခုနှစ် မတ်လ ၁ ရက်နေ့မှာ ကျွန်မ မွေးကတည်းက နေလာခဲ့တဲ့ ရန်ကုန်မြို့တော်ကို ခွဲခွာပြီး စင်ကာပူရဲ့ ရင်ငွေ့ကို ခိုလှုံခဲ့ရတယ် .. နွေးထွေးတဲ့ မိသားစုနဲ့ ခွဲခွာပြီး အေးစက် ပျင်းရိဖွယ်ကောင်းတဲ့ လူမျိုးခြားတွေရဲ့ အကြည့် စိမ်းတွေအောက်ကိုရောက်ခဲ့တယ် ..
ဒါပေမယ့် ကျွန်မကံကောင်းတယ်ပဲဆိုရမလား .. နေရေးထိုင်ရေးက အစ အလုပ်ကိစ္စ အဆုံး အစစ အရာရာ ချောချော မောမောဖြစ်ခဲ့တယ် .. အဲဒီအတွက်လည်း အမတွေကို ကျေးဇူးတင်မိတယ် .. အမတွေသာမရှိရင် အခုလောက်အဆင်ပြေချင်မှပြေမယ် .. အလုပ်ထဲမှာဆိုလည်း လုပ်ဖော်ကိုင်ဖက်တွေမှာ ကိုယ့်ကိုခြေထိုးမယ့်သူမရှိလို့ ကျေးဇူးတင်မိတယ် .. အတူတူအလုပ်လုပ်တဲ့ မြန်မာအကိုကြီးကလည်း အစစ မသိတာတွေကိုသင်ပေးတယ် .. တခြားလုပ်ဖော်ကိုင်ဖက်နဲ့ လူကြီးတွေအကုန်ကလည်း ကိုယ့်အပေါ်ကို ဖေးဖေးမမ ရှိလို့ ကျေးဇူးတင်ရသေးတယ် ..
ဒီကိုလာတဲ့လူတွေ အများစုက အလုပ်ရဲ့ ဒဏ် .. အလုပ်ပင်ပန်းတဲ့ ဒဏ်ထက် စိတ်ပင်ပန်းကြတာပိုများကြတယ် .. လုပ်ဖော်ကိုင်ဖက်တွေက မနာလိုဖြစ်လို့ ခြေထိုးခံရတဲ့လူတွေ .. အထက်လူကြီးမကောင်းလို့ ဒုက္ခရောက်ကြရတာတွေ ကြားနေတဲ့ထဲမှာ ကျွန်မက ကံလေးနည်းနည်းပိုကောင်းခဲ့လို့ ကံတရားကိုလည်းကျေးဇူးတင်တယ် .. ရန်ကုန်ကနေ ၀ိုင်းပြီး ဆုတောင်းပေးခဲ့ကြတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်တယ် .. ဒီကံတွေဆက်ကောင်းနိုင်အောင် ဘာသာတရားနဲ့ ပံ့ပိုးဖို့ကို ကျွန်မ မမေ့ဖို့တော့ သတိထားရမယ် ..
ခုတော့ ၂၀၀၉ ခုနှစ်ကို ကူးပြောင်းခဲ့ပြီ .. ကျွန်မလည်း တစ်နှစ်စာ ပိုပြီး ရင့်ကျက်ခဲ့ပြီ တွေးခေါ်နိုင်ပြီလို့တော့ ယူဆမိတယ် .. ကိုယ်ရှုံးခဲ့ဘူးရင် အရှုံးထဲက သင်ခန်းစာယူတတ်အောင် ဘ၀ဆိုတဲ့ ကျောင်းကြီးက သင်ပေးလိုက်ပြီ .. နောက်လည်း သင်ခန်းစာတွေ ကြုံတွေ့ရဦးမယ် .. အဲဒီအတွက်လည်း ပြင်ဆင်သင့်တာတွေ ပြင်ဆင်ရဦးမယ် ..
အားလုံးခြုံကြည့်လိုက်တော့ ၂၀၀၈ ခုနှစ်ဟာ ကျွန်မအတွက် နေပျော်တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ် .. ၂၀၀၉ ခုနှစ်ကိုလည်း နောင်တ ကင်းနိုင်သလောက်ကင်းကင်းနဲ့ ဖြတ်သန်းနိုင်ဖို့ မျှော်လင့် မိပါတယ် ..
ဟိုရောက် ဒီရောက် (၁)
ဆရာမင်းလူရဲ့ ၀တ္တုတိုလေးတွေက ဖတ်ရတာ အပမ်းမကြီးပဲ အတွေးလေးတွေရစေတယ် .. ဆရာ နီကိုရဲရဲ့ စာအုပ်လေးတွေကလည်း စိတ်ပေါ့ပေါ့ ပါးပါးဖတ်လို့ကောင်းပြန်ရော .. ဆရာအကြည်တော်ကိုတော့ သူရဲ့ ကဝေပျို၏ နိဒါန်း ကစပြီး ရှာပြီးကိုဖတ်ဖြစ်တယ် .. ရန်ကုန်မှာကတည်းကပေါ့ ..
ခုတော့ ရန်ကုန်မှာလို စာအုပ်တွေကို အလွယ်တကူရှာဖွေဖတ်ဖို့ မလွယ်တဲ့အချိန်မှာ စာအုပ်တွေတင်ပေးတဲ့ ၀ပ်ဆိုက်တွေ သူငယ်ချင်းတွေကို တကယ်ပဲကျေးဇူးတင်မိတယ် ..
ဒီဆိုက်လေးကို လာလည်ဖြစ်တဲ့သူငယ်ချင်းတွေလည်း မိုးခါးခုဖတ်ပြီးတဲ့စာအုပ်လေးတွေ မဖတ်ရသေးဘူးဆို ၀င်ဖတ်သွားကြပေါ့ .. စိတ်ပြေလက်ပျောက် .. အားလုံးကတော့ သူများဆိုက်က ယူပြီး လင့်ထားတာချည်းပဲ .. :D