Monday, January 5, 2009

၂၀၀၈ ကို ဆန်းစစ်ကြည့်ခြင်း

၂၀၀၈ ခုနှစ်ကတော့ အတိတ်မှာကျန်ခဲ့ပြီ .. အဖေကပြောဘူးတယ် .. ညအိပ်ရာဝင်ပြီဆို နှဖူးပေါ်လက်တင်ပြီး ဒီနေ့တစ်နေ့တာရဲ့ ဖြစ်စဉ်ကို ပြန်စဉ်းစားကြည့် .. ဒီနေ့အတွက် ကိုယ့်ရဲလုပ်ရပ်က အပေါင်းလက္ခဏာပြသလား အနှုတ် လက္ခဏာပြလား ..

လူကြီးတွေက များသောအားဖြင့်ပြောတတ်ကြတယ် .. ရက်တစ်ရက်ကုန်သွားပြီဆိုရင် ကိုယ့်အတွက် ပညာရသလား ဥစ္စာရလား ကုသိုလ်ရသလားတဲ့ .. အနည်းဆုံးတော့ အကျိုးတစ်ခုရှိသင့်ပါတယ်တဲ့ .. ကျွန်မက ခေါင်းအုံးပေါ်ခေါင်းချတာနဲ့ အိပ်ပျော်တတ်တဲ့သူဆိုတော့ နေ့တိုင်းမစဉ်းစားမိဘူး .. ခုတော့ နှစ်တစ်နှစ်ကူးသွားခဲ့ပြီ .. ဒါကြောင့် ကျန်ခဲ့တဲ့ ၂၀၀၈ ကကျွန်မအတွက် ဘယ်လိုကောင်းကျိုးနဲ့ ဆိုးကျိုးတွေရှိခဲ့ပါလိမ့် .. နှဖူးပေါ်လက်တင်ပြီးစဉ်းစားမလား .. ခုတော့ ကျွန်မ ကီးဘုတ်ပေါ်လက်တင်ပြီး စဉ်းစားနေပါတယ် .. :P

ကျန်ခဲ့တဲ့ ၂၀၀၈ ကို ပြန်ဆန်းစစ်လိုက်တော့ -
၂၀၀၈ ခုနှစ်က ကျွန်မအတွက် ကောင်းသောပြောင်းလဲခြင်းတွေ ကြုံတွေ့ရတဲ့နှစ်လို့ ဆိုရပါမယ် .. ကောင်းသောပြောင်းလဲခြင်းတွေထဲမှာ ဆုံးရှုံးလိုက်ရတဲ့ အရာတွေလည်းပါပါတယ် .. ဒါပေမယ့်လည်း တစ်ခုလိုချင်ရင် တစ်ခုပေးရတာက လောကရဲ့ သဘော သဘာဝတစ်ခုပဲလေ ..

၂၀၀၈ ခုနှစ် မတ်လ ၁ ရက်နေ့မှာ ကျွန်မ မွေးကတည်းက နေလာခဲ့တဲ့ ရန်ကုန်မြို့တော်ကို ခွဲခွာပြီး စင်ကာပူရဲ့ ရင်ငွေ့ကို ခိုလှုံခဲ့ရတယ် .. နွေးထွေးတဲ့ မိသားစုနဲ့ ခွဲခွာပြီး အေးစက် ပျင်းရိဖွယ်ကောင်းတဲ့ လူမျိုးခြားတွေရဲ့ အကြည့် စိမ်းတွေအောက်ကိုရောက်ခဲ့တယ် ..

ဒါပေမယ့် ကျွန်မကံကောင်းတယ်ပဲဆိုရမလား .. နေရေးထိုင်ရေးက အစ အလုပ်ကိစ္စ အဆုံး အစစ အရာရာ ချောချော မောမောဖြစ်ခဲ့တယ် .. အဲဒီအတွက်လည်း အမတွေကို ကျေးဇူးတင်မိတယ် .. အမတွေသာမရှိရင် အခုလောက်အဆင်ပြေချင်မှပြေမယ် .. အလုပ်ထဲမှာဆိုလည်း လုပ်ဖော်ကိုင်ဖက်တွေမှာ ကိုယ့်ကိုခြေထိုးမယ့်သူမရှိလို့ ကျေးဇူးတင်မိတယ် .. အတူတူအလုပ်လုပ်တဲ့ မြန်မာအကိုကြီးကလည်း အစစ မသိတာတွေကိုသင်ပေးတယ် .. တခြားလုပ်ဖော်ကိုင်ဖက်နဲ့ လူကြီးတွေအကုန်ကလည်း ကိုယ့်အပေါ်ကို ဖေးဖေးမမ ရှိလို့ ကျေးဇူးတင်ရသေးတယ် ..

ဒီကိုလာတဲ့လူတွေ အများစုက အလုပ်ရဲ့ ဒဏ် .. အလုပ်ပင်ပန်းတဲ့ ဒဏ်ထက် စိတ်ပင်ပန်းကြတာပိုများကြတယ် .. လုပ်ဖော်ကိုင်ဖက်တွေက မနာလိုဖြစ်လို့ ခြေထိုးခံရတဲ့လူတွေ .. အထက်လူကြီးမကောင်းလို့ ဒုက္ခရောက်ကြရတာတွေ ကြားနေတဲ့ထဲမှာ ကျွန်မက ကံလေးနည်းနည်းပိုကောင်းခဲ့လို့ ကံတရားကိုလည်းကျေးဇူးတင်တယ် .. ရန်ကုန်ကနေ ၀ိုင်းပြီး ဆုတောင်းပေးခဲ့ကြတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်တယ် .. ဒီကံတွေဆက်ကောင်းနိုင်အောင် ဘာသာတရားနဲ့ ပံ့ပိုးဖို့ကို ကျွန်မ မမေ့ဖို့တော့ သတိထားရမယ် ..

ခုတော့ ၂၀၀၉ ခုနှစ်ကို ကူးပြောင်းခဲ့ပြီ .. ကျွန်မလည်း တစ်နှစ်စာ ပိုပြီး ရင့်ကျက်ခဲ့ပြီ တွေးခေါ်နိုင်ပြီလို့တော့ ယူဆမိတယ် .. ကိုယ်ရှုံးခဲ့ဘူးရင် အရှုံးထဲက သင်ခန်းစာယူတတ်အောင် ဘ၀ဆိုတဲ့ ကျောင်းကြီးက သင်ပေးလိုက်ပြီ .. နောက်လည်း သင်ခန်းစာတွေ ကြုံတွေ့ရဦးမယ် .. အဲဒီအတွက်လည်း ပြင်ဆင်သင့်တာတွေ ပြင်ဆင်ရဦးမယ် ..

အားလုံးခြုံကြည့်လိုက်တော့ ၂၀၀၈ ခုနှစ်ဟာ ကျွန်မအတွက် နေပျော်တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ် .. ၂၀၀၉ ခုနှစ်ကိုလည်း နောင်တ ကင်းနိုင်သလောက်ကင်းကင်းနဲ့ ဖြတ်သန်းနိုင်ဖို့ မျှော်လင့် မိပါတယ် ..

2 comments:

Libratun said...

နောက်ဆုံးက ရေရင် တတိယနဲ့ စတုတ္ထ အပိုဒ်တွေကတော့ အတူတူပဲမိုးခါးရေ။ တော်တော်တူတာနော်....။ ဒါပေမယ့် အစ်မတွေတော့ မဟုတ်ဘူး။ အန်တီတွေ ဦးလေးတွေ။ အဲဒီကံတွေကို လည်း ထိန်းထားနိုင်တုန်းဘဲ ထင်ပါတယ်။
၂၀၀၉ လည်း ကုန်တော့မယ်၊ အောင်မြင်တဲ့ နှစ်တစ်နှစ် ဖြစ်ပါစေ။

ဏီ(န်)ကင်း said...

2010 အတွက်ပါဆုတောင်းပေးလိုက်ပါတယ်.. အဆင်ပြေပါစေဗျာ...

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...