ကျမဆိုက်ထဲမှာ ၂၀၀၉ ကို ကူးခါနီး ၂၀၀၈ ရဲ့ နောက်ဆုံးရက်မှာ ဖြစ်ပွားခဲ့တာပါ ..
အလုပ်သမားတွေအနေနဲ့ နှစ်သစ်ကူးပိတ်ရက်အတွက် အပြင်လျှောက်လည်မယ်ဆိုပြီး ပျော်ရွှင်နေမယ့်သူတွေရှိသလို မနက်ဖြန်ပိတ်ရက်မှာ အနားယူမယ်ဆိုပြီး အားတင်းနေသူတွေလည်းရှိမှာပါ .. ကျမဆိုရင်လည်း နောက်နေ့ပိတ်ရက်ဆိုရင်ကို စိတ်ထဲမှာ ပျော်နေတတ်ပါတယ် .. ဘာမှမဟုတ်လည်း အလုပ်မသွားရဘူးဆို ပျော်နေတာပါပဲ .. ကျောင်းတက်တုန်း အရွယ်က ကျောင်းပိတ်ရက်ဆို ပျော်သလိုမျိုးပေါ့ .. နောက်ရက်အတွက် တွေးပြီးပျော်ရွှင်နေသူတွေထဲကမှာ ကံဆိုးခဲ့သူနှစ်ယောက် အကြောင်းပြောချင်ပါတယ် ..
၂၀၀၈ခုနှစ် ၃၁ ရက်နေ့ နေ့လည်ပိုင်းမှာ ကျမဘေးနားမှာရှိတဲ့ မန်နေဂျာရဲ့ အလန့်တကြားအော်လိုက်သံကိုကြားလိုက်ရတယ် ..
ကျမတို့လှမ်းမြင်နေရတဲ့ နေရာမှာတင် ဆိုက်ထဲက ကရိန်းတစ်ခုက ခါးလည်က ကျိုးကျတာပါ .. ပရောဂျက်မန်နေဂျာက စလို့ လူကြီးတွေအကုန် ဆိုက်ထဲဆင်းသွားကြတယ် .. ကျမတို့လည်း ရုံးခန်းထဲကနေ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ကြည့်နေတာပေါ့ .. ဘယ်သူတွေဘယ်လိုထိသွားလဲဆိုတာလည်း မသိရသေးဘူး ..
မတော်တဆဖြစ်တဲ့နေရာစီက ပြန်လာတဲ့လူတွေဆီက နောက်မှပြန်ကြားရတာက တရုတ် အလုပ်သမားနှစ်ယောက် ခြေထောက်တစ်ယောက်တစ်ဖက်ဆီ ထိသွားတယ်တဲ့ .. ကြေသွားတယ်တဲ့ ..
တရုတ်ပြည်က လာပြီး အလုပ်လုပ်ကြတဲ့သူတွေက ဒီအလုပ်ကိုရဖို့အတွက် ငွေ သောင်းဂဏန်းအထိ အကုန်ခံပြီး လာလုပ်ကြသူတွေရှိတယ် .. တစ်ယောက်နဲ့တစ်ယောက် နှုန်းချင်းတော့ မတူကြဘူး .. ပြီးတော့ အရမ်းလည်း ပင်ပန်းကြတယ် .. ဆိုက်ထဲမှာ အလုပ်လုပ်ကြရတဲ့သူတွေကို အရမ်းကိုယ်ချင်းစာတယ် .. စင်ကာပူနေက အရမ်းပြင်းတယ် .. အခုနေခြစ်ခြစ်တောက်ပူနေရင်းကို မိုးက ၀ုန်းဆိုရွာချချင် ချတာမျိုး .. ဆိုက်ထဲက အလုပ်သမားတွေက နေဒဏ် မိုးဒဏ် တော်တော်ခံကြရတယ် ..
ဘယ်သူပဲဖြစ်ဖြစ် သူများနိုင်ငံကိုလည်းလာရတယ် .. ပင်ပင်ပန်းပန်းလည်း လုပ်ရတယ် .. မိသားစုနဲ့လည်း ခွဲခွာလာရတယ် .. ဘယ်သူခွဲချင်မလဲနော် .. ဒါပေမယ့်လည်း မဖြစ်တဲ့အကြောင်းတွေကြောင့် သူများနိုင်ငံကိုလာ စွန့်စွန့်စားစား အလုပ်လုပ်ကြရတယ် .. အဲလိုလူတွေထဲကမှ ကံတရားက မကောင်းဖြစ်ပြီး ခုလိုထိခိုက်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ ကိုယ်တိုင်နာကျင်ခံစားရသလို (အခန့်မသင့်ရင် ဒုက္ခိတတောင်ဖြစ်သွားနိုင်တာမျိုး) ကိုယ့်ကိုမှီခိုနေတဲ့မိသားစုအတွက်လည်း ရှေ့ရေးဘယ်လိုကောင်းနိုင်တော့မလဲ .. ဆုံးရှုံးမှုတစ်ခုပါပဲ ..
အဲလိုအဖြစ်မျိုးတွေ မြင်ရ ကြားရတဲ့လူတောင် စိတ်မကောင်းဖြစ်ရင် စိတ်ညစ်ရရင် ပတ်သက်နေတဲ့ သူတို့ မိသားစုဆို ဘယ်လောက်တောင် ပူပန်သောကရောက်နေကြမလဲ ..
ခုနောက်ဆုံးကြားမိတာတော့ နှစ်ယောက်တည်းက တစ်ယောက်က အခြေအနေဆိုးတယ်တဲ့ .. တဆင့်ပြန်ပြောသူ ပြသလောက်တော့ တစ်ကိုလုံးလည်း ကုန်နေပြီ .. လက်ရယ် ခါးရယ် တင်ပါးရယ် ပေါင်ရယ် ခြေထောက်က ကရိန်းပိလို့ ကြေတယ်ဆိုတာနဲ့ သူပြတာနဲ့ဆို တကိုယ်လုံး ရစရာတောင် မရှိတော့ဘူး .. ကရိန်းကြီးရဲ့ ၀ိတ်နဲ့ ကျမတော့ ဆက်မတွေးရဲတော့ဘူး .. စိတ်ထဲကနေပဲ အမြန်ဆုံး သက်သာပျောက်ကင်းပါစေပဲ ဆုတောင်းပေးရတော့မှာပဲ ..
ကိုယ့်ကံတရားက ရှေ့မှာဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ အာမခံချက် မပေးနိုင်ဘူး .. ကိုယ့်မျက်တောင်တစ်ခါခတ်ချိန်အတွင်းမှာ လှပတဲ့မြင်ကွင်းတစ်ခုက အကျဉ်းတန် အရုပ်ဆိုးသွားနိုင်သလို .. ကိုယ့်မျက်စိသာပြန်မပွင့်ခဲ့ရင် အဲဒီလှပတဲ့မြင်ကွင်းကို ထပ်မြင်ခွင့်ရချင်မှ ရတော့မှာ ..

9 comments:
မိုးခါးရေ ဒီလိုက ဒီမှာ အမြဲဖြစ်တတ်ပါတယ်။
ဟာ.. ကြားရတာစိတ်မကောင်းလိုက်တာဗျာ..
ကျွန်တော့်ဆီမှာလဲ ခဏခဏ ဒီလိုပဲ..တရုတ်ကလာတဲ့သူတွေအဖြစ်များကြတယ်.. သူတို့က English လိုပြောလို့နားမလည်တာများတော့Safety မှာအရမ်းအားနည်းတယ်ဗျ..
စိတ်မကောင်းဘူးဗျာ ...
ဘယ်အနိဌာရုံကိုမှ မမြင်၊ မတွေ့၊ မကြား ရရင်တော့ အကောင်းဆုံးပေါ့နော်။
ဖြစ်လာတော့လည်း စိတ်မကောင်းရုံကလွဲပြီး
ဘာမှ လုပ်မပေးနိုင်တာ သိပ်ဆိုးပါတယ်။
မမြင်နိုင်တဲ့ အနာဂတ်အတွက်
ကနေ့မှာ အကောင်းဆုံးဖြစ်အောင်
ကြိုးစားရင်းနဲ့ပါပဲ . . . .
ညီမရေ
စားသတိ
သွားသတိနဲ့နေပါနော်
တစ်ပါးသူတိုင်းပြည်မှာဆိုတော့
အရာရာ သတိထားပါမှ တော်ကာကျပါမယ်။
အဖြစ်အပျက်အတွက်
စိတ်မကောင်းပါဘူး။
ကာယကံရှင်အတွက်၊ သူ့ မိသားစုအတွက်ရောပေါ့။
လာရောက်ဖတ်ရှုသွားပါတယ်
ကြားရတာစိတ်မကောင်းစရာဗျာ...
ကံတရားဆိုတာ ကြိုမြင်ရတာမဟုတ်တော့လည်း ဘယ်သူက ရှောင်နိုင်ပါ့မလဲ။ ခုမြင် ခုပျောက်ဆိုသလို ဘာကိုမှ မသေချာတဲ့ လောကကြီးမှာ သေချာတာဆိုလို့  ကိုယ်လည်းတစ်နေ့  ပျောက်ရဦးမှာပါပဲလေ။ ခံစားရတဲ့ သူတွေရော သူတို့ ရဲ့မိသားစုတွေအတွက်ပါ အကောင်းဆုံးအခြေအနေနဲ့  ကြုံတွေ.ရပါစေလို့ ပဲ ဆုတောင်းပေးလိုက်ပါတယ်။
အမရေ
ရင်ဘတ်နဲ့ ခံစားပြီးဖတ်သွားပါတယ်နော်
ဟုတ်ပါတယ်...အဲလိုအခြေအနေမျိုးမှာ ခံရတဲ့သူတွေ ကို အရမ်းဘဲသနားဖို့ကောင်းပါတယ်.။ ကိုယ်ချင်းလည်းစာပါတယ်ဗျာ..။
Post a Comment