Friday, June 8, 2012

ကျမ မြတ်နိုးသော မေတ္တာစိတ်

အယုံကြည်ဆုံးသော ခံယူချက်ကိုပြောပါလို့ ဆိုလာရင် “တူသောအကျိုးပေးပါမယ်”လို့ မဆိုင်းမတွ ပြောမိပါလိမ့်မယ် .. ဟုတ်ပါတယ် .. ခုလက်ရှိကြုံရဆုံရသော ကောင်းကျိုးဆိုးကျိုးတွေဟာ ကျမတို့ ပြုခဲ့တဲ့ ကောင်းကြောင်းဆိုးကြောင်းတွေကြောင့်ပေါ့ .. ဒီတော့ တဦးတည်းသော တရားခံကြီးဟာ ကိုယ်တိုင်ပဲ မဟုတ်ပါလား ..

ကျမတို့ လူ့ဘ၀စရကတည်းက အငိုနဲ့စရပါတယ် .. နောက်ဆုံးအချိန်မှာ တခြားသောသူများက ငိုကြွေးခြင်းနဲ့ ခရီးဆုံးကို လိုက်ပို့ပါဦးမယ် .. အသက်ရှင်စဉ်တခဏလေးမှာရော .. ပူပန်ခြင်း စိုးရိမ်ခြင်း ကြောင့်ကြ တောင့်တခြင်းတွေနဲ့ ရီတခါ ငိုတလှည့် ဖြတ်သန်းကြရသူများပါပဲ .. ကျမတို့ ရှင်သန်ခွင့်ဟာ ၁၀နှစ်လား အနှစ် ၂၀လား အနှစ် ၁၀၀ လား .. မနက်ဖြန်ဆိုတာတောင် မသေချာသော ဘ၀များပါပဲ .. မနက်ဖြန်ဆိုတာဝေးသေးတယ် .. ခုလေးတင်ပဲ ၀င်လေပြန်မထွက်ခင်မှာတောင် ကျမတို့ အသက်ရှုခြင်းဟာ ရပ်တန့်သွားနိုင်ပါသေးတယ် ..

မျက်စိရှေ့မှာ ဘ၀တွေများစွာ ပျော်ရွှင်ချမ်းမြေ့နေတယ် .. မျက်စိရှေ့မှာ ဘ၀တွေများစွာ ပူလောင်ကြောင့်ကြနေတယ် .. မမြဲသောတရားတွေပေမယ့် ကျမတို့ အပြောင်းအကွေ့ကိုပဲ ခံနိုင်ရည် မရှိကြသေးပါဘူး .. ဘ၀ဟာ သိပ်တိုပါတယ် .. အသက်ရှုခွင့်ရှိဆဲ အခိုက်မှာ ကျမတို့ သံသရာပိုရှည်ကြောင်းတွေ လုပ်ဖြစ်နေကြပါတယ် .. ဒါဟာ ရင်ထဲက လောဘ ဒေါသ မောဟ မာန်မာနတွေကြောင့်ပဲ မဟုတ်ပါလား ..

ကိုယ်မဟုတ်တဲ့ အခြားသူများကို မှန်တချပ်လို့ ဆိုကြပါစို့ .. မှန်ရှေ့ရပ်ပြီး ကိုယ့်မျက်နှာပြုံးရင် မှန်ထဲက ပုံရိပ်က ပြုံးနေသလို အခြားသူများကို မေတ္တာစိတ်နဲ့ ကြည်ကြည်လင်လင် ပြုံးပြကြည့်ရင် တဖက်ကလည်း တူသောအပြုံးမျိုး ပြန်တုံ့ပြန်ပါလိမ့်မယ် ..

ကျမတို့ သာမန်လူပုဂ္ဂိုလ်တွေ မတတ်နိုင်တာတွေ သိပ်များပါတယ် .. စစ်တွေဖြစ်တယ် .. ကျမတို့ မဖြစ်စေချင်ဘူး ငြိမ်းချမ်းစေချင်ပေမယ့် ရပ်တန့်အောင် မစွမ်းနိုင်ပါဘူး .. ဒီတော့ ရပ်တန့်အောင်မစွမ်းနိုင်ရင် ဘာလုပ်မလဲ .. တဖက်တလမ်းက အကူအညီပေးမလား .. ငွေအားလား လူအားလား .. အဲဒီလို မတတ်နိုင်သေးရင်တောင် မေတ္တာစိတ်နဲ့ သူတို့တွေကို ချမ်းသာစေချင်စိတ်နဲ့ မေတ္တာပို့ပေးနိုင်ပါတယ် .. မေတ္တာစွမ်းအား စိတ်တန်ခိုးဟာ အလွန်မှ အင်အားကြီးမားတယ်လို့ ကျမစိတ်ထဲ ယုံကြည်တယ် .. ယုံကြည်သလို သတိရတိုင်း အချိန်အားတိုင်း “အားလုံးသော သတ္တ၀ါတွေ ကျန်းမာပါစေ ချမ်းသာပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ” လို့ အမြဲ ရေရွတ်နေပါတယ် .. အဲဒါရဲ့ ချက်ချင်းအကျိုးကတော့ ကိုယ်တိုင် စိတ်အေးချမ်း လုံခြုံတာပါပဲ ..

ကျမတို့ ဘေးပတ်ဝန်းကျင်မှာ မြင်နိုင်သော မမြင်နိုင်သော ဘေးအန္တရာယ်တွေ ၀ိုင်းနေပါတယ် .. နောက်မျက်စိတမှိတ်အတွင်းမှာတောင် ဘာဖြစ်မယ် မသိရတဲ့ ဘ၀ကြီးတွေကို ပိုင်ဆိုင်ထားကြတာပါ .. တခါတလေ အတွေးတွေ နယ်လွန်ပြီး စိုးရိမ်တာ ကြောက်လန့်တာ ဖြစ်တတ်ပါတယ် .. ကျမဆို တခါတလေ အကြောင်းမယ်မယ်ရရမရှိပဲနဲ့ ကြောက်စိတ်ဝင်တာမျိုးဖြစ်လေ့ရှိပါတယ် .. အဲဒီအခါမျိုးဆို ကျမအမြဲ ရွတ်ဆိုလေ့ရှိတာက မေတ္တာပို့ပါပဲ .. မေတ္တာပို့ရွတ်မိလိုက်ရင် စိတ်ထဲ လုံခြုံတဲ့စိတ် ဖြစ်သွားတာတော့ အမှန်ပါပဲ .. အဲဒီလိုအချိန် တခုခုဖြစ်သွားတယ်ထားပါဦး ကိုယ့်ဘက်မှာ အရှုံးမရှိနိုင်ပါဘူး ..

ကျမတို့ ရှေ့မှာ ရွေးချယ်စရာတွေ သိပ်အများကြီးလို့ ထင်ရပေမယ့် တကယ်တော့ ၂ခုတည်းပါ .. ကုသိုလ်နဲ့ အကုသိုလ် ၂မျိုးပေါ့ .. ကုသိုလ်ဖြစ်နေတဲ့အချိန်မှသာ အကုသိုလ်မဖြစ်နိုင်တာလို့ ဆိုထားတော့ ကျမတို့ ရှေ့က မသေချာ မရေရာတဲ့ သံသရာခရီးကြီးကို သွားဖို့ ဘယ်အရာကို ရွေးချယ်ကြမလဲ .. ??

ကျမလား .. အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်ဖို့ ကြိုးစားဆဲ ပါပဲ ..
အားလုံးသော သတ္တ၀ါတွေ ကျန်းမာပါစေ ချမ်းသာပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ
(သီလရှင်ဝတ်တော့မလားလို့တော့ မမေးပါနဲ့ .. ပါရမီ အဲ့လောက် ကောင်းမယ်လို့ မထင်မိသေးပါဘူး :D)

6 comments:

johnmoeeain said...

မှန်တွေကို ကြည့်မိတိုင်း tinted လုပ်ထားတာနဲ့ Concave ဖြစ်နေတာနဲ့ convex ဖြစ်နေတာနဲ့... :P ဒီလိုပဲ တစ်ခါတစ်ခါ မှန်တွေကို သူစိမ်းတစ်ယောက်လို ကြည့်မိတော့တယ်...။ ပြောင်းလဲနေတဲ့ အဖြစ်အပျက်တွေ မြန်လွန်းလို့လေ.......။

မဒမ်ကိုး said...

တခါတလေ ပတ်ဝန်းကျင်ရဲ့ပူလောင်မှု့တွေရိုက်ခတ်မှု့တွေကို လက်ခံလိုက်ပြီး ပူလောင်နေတဲ့အခါကျရင် မေတ္တာပို့နှလုံးသွင်းလိုက်ရင် တကယ်အေးချမ်းသွားတယ်ဆိုတာကိုတော့ ယုံကြည်မိတယ်

Maung Myo said...

တရားဟောသော အပျိုကြီးး)

ချော(အစိမ်းရောင်လွင်ပြင်) said...

မိုးခါးရဲ့ စိတ်ကလေးကို သဘောကျတယ်။
လူတိုင်းဟာ အတတ်နိုင်ဆုံး အကောင်းဆုံးကို ကြိုးစားကြမယ်ဆိုရင် လောကကြီးမှာ ဒုစရိုက်မှုတွေ မတရားမှုတွေ နည်းလာမှာတော့ သေချာတယ်နော်။
ကိုယ်တိုင်လည်း အတတ်နိုင်ဆုံး ကောင်းနိုင်အောင် ကြိုးစားရပါဦးမယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

တစ်ခါတစ်လေ မြတ်လည်း အတွေးလွန်ပြီး ကြောက်လန့်တာ၊ စိုးရိမ်တာတွေ ဖြစ်တတ်တယ်။ အခုတလော ညတိုင်းလိုလို အိပ်မက်တွေလည်း မကောင်းတော့ မအိပ်ခင် တရားထိုင်၊ မေတ္တာပို့ လုပ်နေရတယ်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

စံပယ်ချို said...

မေတ္တာစစ်စစ်ပေးခဲ့ရင် မေတ္တာစစ်စစ်ပဲပြန်ရမယ်လို့အမြဲယုံကြည်နေသူပါရှင်---------------
တရားသဘောလေးတွေဖတ်ရတာအေးချမ်းပါတယ်ရှင်

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...