Wednesday, February 18, 2009

ကျိုက်ထီးရိုးခရီး

ရန်ကုန်ပြန်ရောက်ပြီး နောက်တစ်ပတ်မှာ ကျိုက်ထီးရိုးဘုရားကြီးကို သွားဖြစ်ခဲ့ပါတယ် .. သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်ပါ .. မနက် ရင်ပြင်ပေါ်ရောက်ပြီး တည်းခိုစရာရတာနဲ့ အိပ်လိုက်တာ ညနေ နေစောင်းမှ ထပြီး ဘုရားပေါ်တက်ဖို့ ပြင်ဆင်ကြတယ် ..


ကျိုက်ထီးရိုးသွားတဲ့အချိန်က ဖေဖော်ဝါရီထဲရောက်နေပြီဆိုတော့ အအေးဓါတ်ကလည်း သိပ်မရှိတော့ပါဘူး .. ညနေ နေစောင်းတော့မှ ကျီးပါးစပ်ကို သွားပြီး အကြွေစေ့သွားပစ်ကြတယ် .. မ၀င်ပါဘူး .. :D .. အပြန်ကျတော့ အကြော်ဆိုင်လေးဝင်ပြီး အကြော်လေးစား အအေးလေးသောက်ပြီး ညဘက် မှောင်စ ပျိုးချိန်မှာ ရင်ပြင်တော်ပေါ်တက်ခဲ့ကြပါတယ် ..

ရင်ပြင်တော်ပေါ်မှာတော့ လူတွေ ပြည့်နေသေးတာပါပဲ .. ရာသီကုန်ခါနီးဖြစ်နေပေမယ့် ဘုရားဖူးဧည့်သည်တွေ များပြားနေတုန်းပါပဲ ..

ရင်ပြင်ပေါ်မှာ အဓိဌာန်ပုတီးစိပ်ပြီး ပြန်ဆင်းမှ ညနေစာထမင်းကိုစားကြပါတယ် .. ပြီးတော့လည်း အိပ်ရာဝင်ပြီး မနက်အတွက် အားပြန်မွေးကြရတာပေါ့ .. နောက်နေ့ကျရင် တောင်ကိုးလုံးပတ်ကြမယ်လို့ အဓိဌာန်ထားကြတယ်လေ ..

နောက်နေ့ မနက်ရောက်တော့ ကျိုက်ထီးရိုး စေတီတော်ကြီးကို အာရုဏ်ဆွမ်းကပ်လှူကြပြီး ဘုရားရှိခိုး ပုတီးစိပ်ကြနဲ့ မနက် ၇နာရီလောက်မှ ဘုရားပေါ်က ဆင်းဖြစ်ကြတယ် .. အောက်ရောက်တော့ မနက်စာ စားပြီး တောင်ကိုးလုံးခရီးစဉ် စတင်တော့တာပေါ့ ..

ကျမတို့ အဖွဲ့မှာ မိန်းကလေး (၄)ယောက် ယောင်္ကျာလေး (၂) ယောက် ပါပါတယ် .. ကျမတို့ သွားတဲ့အချိန်က ကျိုက်ထီးရိုးရာသီ ကုန်ခါနီးဖြစ်တော့ တောင်ပတ်မယ့် အဖွဲ့တွေတော့ မတွေ့ရတော့ပါဘူး .. မနက် ၈နာရီလောက်ကစပြီး ရေတံခွန်ကိုဆင်းကြပါတယ် .. ၁၀နာရီ ၁၀နာရီခွဲလောက် ရေတံခွန်ကိုရောက်ပြီး နေ့လည်စာကို စားကြတယ် .. ပြီးတာနဲ့ တောင်တက်ခရီးစဉ် စပါတော့တယ် ..

ဝိဇာတောင် စမတောင် စွန်တောင် ရွှေတောင် ငွေတောင် အတွင်းမြစိမ်း အပြင်မြစိမ်း ပုညတောင် ကျားဆွဲတောင်နဲ့ ပတ်ပတ်လည်က တောင်တွေကို ပတ်ခဲ့ရပါတယ် .. လူတွေလည်း စုတ်ပြတ် ညစ်ပတ်လို့ပေါ့ .. ဒါပေမယ့် ပျော်ကြတယ်လေ .. ပြောလိုက်ဆိုလိုက် သွားလိုက်ဆိုတော့ ညောင်းပေမယ့် သိပ်မပင်ပန်းကြဘူး .. နောက်ဆုံးကျမှ ရသေ့တောင်ကနေ ကျိုက်ထီးရိုးတောင်ပေါ်ကို နောက်ဆုံးပြန်တက်ကြတယ် .. တောင်ပေါ်ရောက်တော့ ၆နာရီခွဲလောက်တောင် ဖြစ်နေပြီ .. ရောက်တော့မှ ရေမိုးချိုးပြီး ထမင်းစားဖို့ ချီတက်ကြပြန်တာပေါ့ .. လူကတော့ ခြေထောက်ကို မနည်းရွေ့နေရပြီလေ .. စားသောက်ပြီး ရင်ပြင်ပေါ်ပြန်တက် .. ဘုရားရှိခိုးပြီး အိပ်တန်းပြန်တက်ကြပြန်တယ် .. သူငယ်ချင်းတွေ ပင်ပန်းနေပေမယ့် မအိပ်နိုင်ကြဘူး .. နောက်နေ့မနက်ပြန်ရမှာကိုလည်း မပြန်ချင်ကြပြန်ဘူးလေ .. ဒါပေမယ့်လည်း အချိန်ဆိုတာ ရပ်ထားလို့ရတာမဟုတ်တော့ တရွေ့ရွေ့နဲ့ပဲ ကုန်ဆုံးသွားပြန်တယ် ..

မနက်မိုးလင်းတော့ ရင်ပြင်ကနေ ရသေ့တောင်ထိ လမ်းလျှောက်ဆင်းကြတယ် .. ရသေ့တောင်ကနေ တောင်အောက်ထိ ကားနဲ့ဆင်းပြီး အောက်ရောက်တော့ အပြန်လက်ဆောင် ယိုတွေ ၀ယ်ကြပြီး လာရာလမ်းအတိုင်း ပြန်ကြရတော့တာပေါ့ ..

ပျော်ဖို့ကောင်းတဲ့အချိန်တွေဆို အကုန်မြန်တတ်တယ်နော် .. ကိုယ်က မကုန်စေချင်လေ သူ့ဟာသူရွေ့နေတဲ့အချိန်တွေက အကုန်မြန်လေပဲ .. မြန်မြန်ကုန်သွားစေချင်ပြီဆို တရွေ့ရွေ့နဲ့ မကုန်နိုင်ဘူး .. ခုလည်း ပျော်ခဲ့ရတဲ့အချိန်တွေ ကုန်သွားပြန်ပြီ .. ပျော်ရာမှာနေဖို့ အချိန်စေ့ပြီဆိုတော့ တော်ရာနေရာကို ပြန်လာရပြီပေါ့ ..

အလွမ်းပြေပုံတွေကို ကြည့်ရင်း တောင်ကိုးလုံးပတ်တဲ့လမ်းကပုံတွေကိုပါ တင်ပေးလိုက်ပါတယ် ..

ရောက်ဖူးပြီးသားလူတွေလည်း အလွမ်းပြေပေါ့ .. မရောက်သေးလည်း တွေ့ဖူးမြင်ဖူးရတာပေါ့ ..း)

နောက်နှစ်နောက်နှစ်တွေမှာလည်း ဒီလို သွားနိုင်ဖို့ အခွင့်အရေးတွေ ရဖို့တော့ ဆုတောင်းနေမိတယ် ..





ကျိုက်ထီးရိုးစေတီတော်ကြီး
ကျီးပါးစပ်
ကျိုက်ထီးရိုး ရှုခင်း

ကျိုက်ထီးရိုးရှုခင်း

ရေတံခွန်

ငွေတောင်

ရွှေတောင်

ပုညတောင်












3 comments:

ကောင်လေး said...

အစ်မရယ် အနာကို တုတ်နဲ့ ထိုးတာထက်ပိုနာတယ်။။. မြန်မာပြည်မှာတုန်းက နှစ်တိုင်း တက်ဖြစ်တယ်..။ အခုတော့ဗျာ...။ ဒါပေမယ် ထပ်တူထပ်မျှ ခံစားသွားပါတယ်..။ လူကိုယ်တိုင်သွားရောက် မဖူးရပေမယ့်.ဓါတ်ပုံကို ဘဲ ကြည်ညိုကန်တော့ သွားပါတယ်..။

အောင်မြေ said...

ခရီးသွားတဲ့ ပို့စ်လေး လာဖတ်တယ်။ ပုံတွေ အများကြီးနဲ့ဆိုတော့ ငမ်းရတာ အမောပဲ။

ထားဝယ်သား said...

ကျိုက်ထီးရိုးကို မရောက်ဖြစ်တာတောင် ကြာပြီ။ အခုလို ဓါတ်ပုံတွေနဲ့ ဝေဝေဆာဆာ တင်ပေးတဲ့အတွက် ကျေးဇူးပါ။

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...