Thursday, June 4, 2009

နှစ် ၂၀ လွန်မြောက်သော်

ဒီနေ့အတွက် မိုးခါးတယောက် အရမ်းကို တက်ကြွ ပျော်ရွှင်နေလေရဲ့ .. ဒီနေ့ ဘာနေ့လဲ .. ဟုတ်လား .. သိချင်ဆက်ဖတ်ကြည့်ပေါ့း)

ဒီနေ့ကစလို့ နောက် ၁၀ ရက်အထိ ဘလော့က အကိုတွေ အမတွေ သူငယ်ချင်းတွေနဲ့ မြန်မာပြည် အနှံ ခရီးထွက်ဖို့ စီစဉ်ထားကြတယ်လေ .. ဟော .. ကားကြီးကိုယ့်ရှေ့မှာ ထိုးရပ်လာပါပြီ .. ကားက နှစ်ထပ်ကား .. မောင်နှမတွေ အကုန်ဆိုတော့ တကားလုံးလည်း ဆူညံ့လို့ပဲပေါ့ .. ကားထဲမှာလဲ စကားတွေ ပြောလို့ မကုန်အောင် ရှိကြတယ် .. မတွေ့တာကြာတဲ့သူတွေ တွေ့နေမြင်နေကျဖြစ်တဲ့သူတွေ အကုန်လုံးက စကားတွေဖောင်ဖွဲ့နေကြတယ် .. စားစရာတွေ ရှေ့နောက်ပစ်ပေးလိုက်ကြ .. စားလိုက်ကြသောက်လိုက်ကြ .. ကျန်ခဲ့တဲ့ နှစ် ၂၀ ကထက်တောင် ပိုနုပျိုနေကြသေးတယ် ..

မိုးခါးတို့ အစီအစဉ်က မြန်မာပြည်အနှံ့ကို သွားကြမယ် .. ကျန်ခဲ့တဲ့နှစ် ၂၀ ကလို လမ်းတွေက မုန့်လင်မယားဗန်းပေါ် ကားမောင်းရသလိုမဟုတ်တော့ဘူး .. လမ်းမကြီးတိုင်း ဖြူးလို့ .. လမ်းကျယ်ကြီးတွေလေ .. ညဘက်မှာလဲ လမ်းမီးတွေ ထိန်ထိန်လင်းလို့ပေါ့ .. ခုချိန်က ရိုမတ်တစ် ဖြစ်ဖို့လောက်သာ ဖယောင်းတိုင် ထွန်းတဲ့ ခေတ်ဖြစ်သွားပြီ .. မြို့နယ် ကျေးရွာအနှံ့မှာလဲ အင်တာနက် wifi တွေနဲ့ .. လက်တော့လေးယူလာရင် နေရာမရွေး မေးစစ်နိုင်တယ်လေ .. မြို့နယ် ကျေးရွာလို့သာ ခေါ်တာပါ .. တကယ်တော့ မြို့ငယ်လေးတွေပါပဲ ..




စက်မှုလုပ်ငန်းတွေ တွင်ကျယ်တဲ့မြို့ကလည်း တိုက်ကြီး တာကြီး စက်ရုံကြီးတွေ ဟီးလို့ .. မီးခိုးတအူအူနဲ့ .. လုပ်ငန်းခွင်ဝင်နေကြတဲ့ လုပ်သားအပေါင်းကလဲ ပြုံးပျော်ကျေနပ်နေတဲ့ မျက်နှာတွေနဲ့ .. ပျော်ပျော်ရွှင်ရွှင် အလုပ်ခွင်ဝင်ရောက်နေကြတယ် ..

စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးနေတဲ့ မြို့ငယ်တွေကျပြန်တော့ ဘေးဘီကိုကြည့်လိုက်ရင် စိမ်းလန်းနေတဲ့မြင်ကွင်းတွေနဲ့ .. ရွှေဝါရောင် စပါးခင်းတွေနဲ့ .. မိုးခါးတို့ မြန်မာပြည်လောက် ငြိမ်းချမ်းသာယာတဲ့နေရာရှိပါတော့မလား ..

မြန်မာပြည်သူပြည်သားတွေရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေကလည်း လင်းလက်တောက်ပလို့ .. မျက်နှာမှာလည်းအပြုံးပန်းတွေ ဝေလို့ ..

ရောက်လေရာနေရာတိုင်းမှာလဲ နိုင်ငံခြားသားဧည့်သည်တွေက မြန်မာ့အမွေအနှစ်တွေကို စိတ်ဝင်တစားနဲ့ ရင်သပ်ရှုမော လေ့လာလို့ .. ဒီလိုမြင်ကွင်းတွေမြင်လိုက်ရင် ဒါ ငါတို့ မြန်မာပြည်လေဆိုပြီး ဘ၀င်တွေမြင့်လာတယ် .. မြောက်ကြွ မြောက်ကြွ ဖြစ်လာတယ် ..

မိုးခါးတို့ ခရီးစဉ်က မြန်မာနိုင်ငံရဲ့ အထင်ကရ နေရာ တွေကိုသွားကြမယ် .. ဘလော့ဂါတွေရဲ့ မွေးရပ် ဇာတိနေရာတွေကို သွားကြမယ် လို့ စီစဉ် ထားကြတယ် .. ဘယ်သူတွေပါမလဲတော့ မမေးနဲ့နော် .. အားလုံးပဲ ..

ဘယ်သူတွေလိုက်ချင်ကြသေးလဲ .. အစီအစဉ်တော့ ဆွဲထားပြီးပြီ .. စာရင်းမပေးထားရသေးရင် ပေးကြနော် ..း))
ပျော်ရွှင်စရာခရီးလေးဖြစ်မှာပါ ...

(စိတ်ကူးလေးပေါ့နော် .. နောက် အနှစ် ၂၀မှာ အဲလိုခရီးမျိုးတွေကို အကိုအမတွေနဲ့ သူငယ်ချင်းတွေနဲ့ သွားချင်တယ် ..)

မိုးခါးတယောက်တည်းအတွက် စိတ်ကူးလေးကတော့ နောက် အနှစ် ၂၀ ရောက်တဲ့အခါကျရင် ဘုရား ကျောင်းကန်နဲ့ နီးနီးနားနား မြန်မာနိုင်ငံမှာနေပြီး ဘ၀ကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်တယ် .. အဲဒီအချိန်မှာ အိမ်ထောင်ကျပြီး သားသမီးတွေလည်းရှိနေလောက်ပြီ .. (ထင်တာပဲနော် .. :D.. အိမ်ထောင်မကျလည်း ၀မ်းမနည်းပါဘူး .. အပျိုကြီးဖြစ်ရင် အပူတောင်အေးသေးတယ် .. :D) အပျိုကြီးဖြစ်ရင်တော့ သက်ရှိထင်ရှား မိဘနှစ်ပါးကို ပြည့်စုံအောင် ထားပြီး မရှိတော့တဲ့နောက်ပိုင်း ဘ၀ကို အေးအေးဆေးဆေး ဖြတ်သန်းမယ် .. အိမ်ထောင်ကျရင်တော့ အိမ်ထောင့်တာဝန်တွေ ထမ်းရဦးမှာပေါ့ .. ကိုယ်မြတ်နိုးတဲ့သူနဲ့ ဘ၀တသက်တာ ကောင်းတူဆိုးဘက် အေးတူပူအမျှ လက်တွဲပြီး သာသနာပြုနိုင်ဖို့ ကြိုးစားမယ် .. ကိုယ့်ရှိတဲ့အင်အားလေးနဲ့ လိုအပ်နေတဲ့ နေရာတွေကို တတ်နိုင်သလောက် ဖြည့်စွမ်းပေးချင်တယ် .. သားတွေ သမီးတွေ လက်လွှတ်ရတဲ့ အချိန်ဆိုရင်တော့ မေမြို့လို တောင်ကြီးလို အေးအေးချမ်းချမ်းနေလို့ရတဲ့နေရာလေးမှာ ကိုယ့်ခြံလေးနဲ့ အပင်လေးတွေနဲ့ နေချင်တယ် .. နောက်ဆုံး ဘယ်သူ့မှ ဒုက္ခ မပေးပဲ ငြိမ်းငြိမ်းချမ်းချမ်း နောက်ဆုံးခရီးကို လျှောက်လှမ်းချင်တယ် ..

မျှော်လင့်သလိုဖြစ်ရင်တော့ အကောင်းဆုံးပေါ့ .. ဖြစ်ချင်တိုင်း မဖြစ်တတ်တဲ့ လောကကြီးမှာ ဖြစ်သလောက်လေးနဲ့ ရောင့်ရဲပျော်ရွှင်နေချင်ပါတယ် ..

ဒီပို့စ်ကိုတဂ်တဲ့ ကိုပြာသိုနဲ့ ကိုဝသန် ကျေနပ်မယ်ထင်ပါတယ် .. လိုက်မယ်မလား ..း)

အားလုံးလည်း ဆန္ဒနဲ့ ဘ၀ တထပ်ထည်း ကျကြပါစေ ..

မူမပျက်အောင် လက်ဆင့်ကမ်းလေး နောင် နှစ် ၂၀မှာ ဘယ်လိုစိတ်ကူးလေးတွေရှိလဲ ပြောပေးဖို့ ဗညားရှိန် .. မဆုမွန် ကို တဂ်ပါတယ် ..း)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...