Tuesday, June 9, 2009

နေချင်တဲ့ မြို့လေး


ပူလောင်တဲ့ ရာသီဥတု .. ဆူညံသံတွေ .. ကားသံ လူသံတွေနဲ့ဆူညံလွန်းတဲ့ ရန်ကုန်မှာပဲ ကြီးပြင်းလာခဲ့တယ် .. အဲဒီမြင်ကွင်းတွေနဲ့ အလှမ်းကွာဝေးတဲ့ အေးချမ်းတဲ့မြင်ကွင်း .. စိမ်းလန်းတဲ့ သစ်ပင် ပန်းမန်တွေ .. မျက်စိတဆုံး တောင်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့ .. ရာသီဥတု အေးစိမ်းတဲ့ နေရာဒေသမျိုးကို နှစ်သက်တတ်ခဲ့တယ် ..

ငယ်ငယ်တုန်းက ဖိုးဖိုးကြီးတို့ ဖွားဖွားကြီးတို့ ခရီးတွေထွက် တောင်တွေ တက်နိုင်တဲ့အရွယ်တုန်းကဆိုရင် ဦးလေးတွေ အဒေါ်တွေက ဦးဆောင်ပြီး ကားကြီး ကားငယ်တွေငှား ရာသီအလိုက် ခရီးတွေ မျိုးစုံ ထွက်ဖူးခဲ့တယ် .. ၁၀ ရက်နဲ့ အထက်မြန်မာပြည် ခရီး .. ဆောင်းတွင်းဆို ကျိုက်ထီးရိုးဘုရားဖူး .. ကျိုက်ခမီ စက်စဲ .. ရွှေစက်တော် .. မေမြို့ .. တောင်ကြီး .. အင်းလေ .. ပင်းတယ စသည်ဖြင့် ခရီးတွေ ထွက်ခဲ့တယ်ဆိုတာ မှတ်မိတာလောက် ဓါတ်ပုံတွေကြည့်ပြီး ရေးတေးတေး မြင်ယောင်တာလောက်သာ မှတ်မိတော့တယ် .. ငယ်ငယ်ကတော့ ခရီးတွေ ခဏခဏထွက်ရတယ်ဆိုတာ မှတ်မိနေတယ် .. ကလေးဆိုတော့ သွားရင်လာရင် ပျော်တယ် .. ဟိုဆော့ ဒီဆော့ ဟိုလျှောက်ပြေး ဒီလျှောက်ပြေး .. ဒီလောက်ပဲ .. ရှုခင်းဆိုတာလည်း ကြည့်ရကောင်းမှန်းမသိ .. သွားမယ် စားမယ် ဆော့မယ် ဒီအတွေးပဲ ..


သိတတ်တဲ့အချိန်ကျတော့ ဖိုးဖိုးကြီး ဖွားဖွားကြီးတို့က အသက်တွေကထောက်လာ ခရီးထွက်ဖို့ဆိုတာ ခက်ခဲလာတော့ နောက်ပိုင်းခရီးဆိုတာ သိပ်မထွက်ဖြစ်ကြတော့ဘူး .. ခရီးတိုလေးတွေလောက်ပဲ သွားဖြစ်ခဲ့တော့တယ် .. (ကံကလည်းဆိုးပ .. လူစောစောမဖြစ်ဘူးနော် ..) ဒီတော့ မြင်ကွင်း ရှုခင်းတွေ မှတ်မိနေတာမျိုးက နည်းသွားတယ် ..

တောင်ကြီးဆိုလည်း လူတွေ အနွေးထည်ဝတ်ထားကြတယ် .. ချမ်းချမ်းစီးစီး ပါးစပ်က အငွေ့တွေထွက်အောင်လုပ်ပြီးဆော့တယ် .. နှာဖျားထိပ် အေးအေးလေးနဲ့ အမေကို လိုက်စမ်းတယ် .. ဒီလောက်ပဲ .. အင်းလေးဆိုရင်လည်း လူတွေ လှေကို ခြေထောက်နဲ့လှော်တယ် .. ခမောက်ပဲခေါ်လားတော့မသိဘူး ချွန်ချွန်ကြီးတွေဆောင်းထားတယ် .. သောက်လည်းဒီရေ သုံးလည်းဒီရေ သုံးပြီးသားရေတွေကလည်း ဒီကန်ထဲပြန်စီးဆင်းနေတယ်ဆိုလား .. :D ..

သွားဖူးတယ်ဆိုတာလောက်သာ အသိရှိပြီး ဘာက ဘယ်လိုဆိုတာမျိုးတွေ ပြန်မပြောတတ်တဲ့ အချိန်မျိုးမှာ ခရီးတွေ ထွက်ခဲ့ရတယ် ..

မှတ်မှတ်သားသားအချိန်မှာ သွားဖူးတဲ့ထဲမှာ နေရတာအကြိုက်ဆုံးနဲ့ စိတ်ကူးယဉ်ထဲမှာ အိမ်လေး ခြံလေးဆောက်ဖြစ်တဲ့ နေရာကတော့ ပန်းမြို့တော် (ခ) မေမြို့ (ခ) ပြင်ဦးလွင် .. ရုပ်ရှင်တွေထဲမှာ မြင်ရတဲ့ တိုက်ပုပုလေးတွေ ခြံလေး ၀င်းလေးနဲ့ အရမ်းသဘောကျခဲ့တယ် ..

အသက်တွေ ကြီးလာလို့ အဆင်လည်းပြေမယ်ဆိုရင် ပြင်ဦးလွင်လို အေးချမ်းတဲ့ နေရာမျိုးမှာ ကိုယ့်ခြံလေးနဲ့ နှစ်ထပ်အိမ်လေးနဲ့ မြေကွက်လပ်မှာလဲ ပန်းလေးတွေ စိုက် .. အဲလို အေးအေးချမ်းချမ်းလေး အချိန်တွေ ကုန်ဆုံးချင်တယ် .. မီးတော့ လာစေချင်တယ် .. :P .. ပြီးတော့ အင်တာနက်လေး :D ..

မနက်ဆို အိပ်ရာထ ဘုရားဝေယျာဝစ္စလုပ် ပြီးရင် အနီးအနားဖြစ်ဖြစ် ခြံထဲမှာ ဖြစ်ဖြစ် လမ်းလျှောက်ထွက် .. အိမ်ပြန်ရောက်ရင် ချက်ပြုတ်စားသောက်ပြီး နားနားနေနေ နေ .. ကိုယ့် ပန်းပင်လေးတွေကို ပြုစု ဂရုစိုက် .. ညနေဘက် ခြံထဲ အေးအေး လူလူ လမ်းလျှောက် .. စဉ်းစားရင်းနဲ့ နေ့စဉ်ဒီလိုချည်းပဲဆို နည်းနည်းများပျင်းဖို့ကောင်းမလား .. ဖြစ်နိုင်ရင်တော့ ကော်ဖီခြံလို ရာဘာခြံလို လုပ်ငန်းမျိုးလုပ်ချင်ပြန်ရော .. စိတ်ကူးကတော့ တယ်ယဉ်လို့ကောင်းတာပဲ ..

အသက်တွေရလာပြီး အလုပ်တွေလည်း လုပ်စရာမလိုတော့တဲ့အချိန်ကျရင် မေမြို့လိုမျိုး အေးမြတဲ့ ရာသီဥတုရှိတဲ့မြို့လေးမှာ အချိန်တွေကို ဖြုန်းတီးပြစ်ချင်တယ် ..

ကိုရီနိုကြီး တဂ်ထားတဲ့ အနေချင်ဆုံးမြို့လေးကို စိတ်ကူးထဲရှိသလောက် ချရေးလိုက်တာပါ .. အေးချမ်းတဲ့ ဆိတ်ငြိမ်တဲ့ နေရာဆို ဘယ်နေရာဖြစ်ဖြစ်သဘောကျတယ် .. နှင်းတွေကျတာကို ကြိုက်တယ် .. မျက်စိအေး နားအေး နေချင်တယ် .. ခုနေတော့ ဝေးနေပါသေးတယ် .. လုပ်စရာတွေရှိနေသေးတယ်လေ .. မလုပ်ချင်လည်း လုပ်ရဦးမယ် .. မနေချင်လည်း နေရဦးမယ် .. နောက် ဘယ်နှစ်နှစ်ထိလောက်များဖြစ်မလဲ .. ၁၀ နှစ်လောက်လား နှစ် ၂၀ လောက်လား .. ကိုယ့်ရည်မှန်းထားသလိုလေး နေချင်ရင်တောင် အဲဒီရည်မှန်းချက်ရောက်ဖို့ အချိန် ငွေ စတာတွေနဲ့ ဖြည့်ဆည်းရဦးမှာဆိုတော့ စိတ်ကူးလေးနဲ့ပဲ ပျော်နေလိုက်ပါဦးမယ် .. :)

ကိုဇူလိုင် .. ကိုရွာသားလေး(YTU) .. နွေးနွေး တို့ရော ဘယ်မြို့လေးတွေမှာ နေချင်လည်းမသိဘူး ..း)

သူငယ်ချင်းတယောက်က ပြောတယ် .. စာတွေရေးတာမကောင်းဘူးတဲ့ .. စိတ်ကလည်း သိပ်မကြည် သိပ်မရွှင်ဘူး .. အပျင်းတက်တာလည်းပါတာပေါ့ .. :D .. ခုဆို ကိုယ့်အာရုံက မလာတာနဲ့ တဂ်ပို့စ်တွေပဲ ရေးဖြစ်နေတယ် .. သည်းခံပေးကြပါနော် .. ကြိုးစားရဦးမယ် ..း)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...