အတွေးတွေက လမ်းတစ်ဝက်မှာ ပျောက်ပျောက်သွားတယ် .. ကိုယ့်စိတ်ကို ဖမ်းမမိဘူး .. စိတ်တွေကလည်း ရှုပ်ထွေးလို့ .. စိတ်တွေက လေလွင့်နေတယ် .. လေလွင့်နေတဲ့ စိတ်နောက်ကို လိုက်သွားရင်း ညတွေက ပိုနက်လာတယ် .. ရှေ့ဆက်တိုးရင်း လာရာလမ်းက ပျောက်ဆုံးပြန်တယ် .. လမ်းဆုံးများတွေ့မလား ရှာဖွေရင်း မူရင်းနေရာနဲ့ ပိုမိုဝေးကွာသွားတယ် .. ကြောက်လန့်ခြင်းက စိုးမိုးနေတယ် ..
ဟိုမှာ အလင်းတစ်စက် .. အလင်းစက်တွေ့တော့ အလင်းနောက်ကို ကယောင်ခြောက်ခြားပြေးလိုက်မိတယ် .. လိုက်လေဝေးလေ .. ခြေလှမ်းတွေ မြန်လာရင် အလင်းသွားနှုန်းက ပိုမြန်တယ် .. အရှိန်တိုးပြီး ပြေးလိုက်မိတော့ အလင်းက အရှိန်နဲ့ ဟိုးအဝေးကို လွင့်ထွက်သွားတာမြင်လိုက်တယ် .. ဒီအလင်းက ငါ့ဘ၀အတွက် တစ်ခုတည်းသောအလင်း .. အခြားအရာတွေ အကုန် ခပ်နက်နက်ပဲမြင်ရတယ် .. ဒီအလင်းသာမရှိတော့ရင် .. ငါ့ကမ္ဘာဟာ မှောင် အတိပဲ ..
ပြေးလိုက်တယ် .. ပြေးလိုက်တယ် .. လိုက်လေဝေးလေပဲ .. မှောင်ရာက နက်လာတယ် .. မြင်လိုက်ရတဲ့ အလင်းနောက်ကို ပြေးလိုက်နေရင်း တစ်နေရာမှာ ခြေထောက်တွေ ခွေယိုင်ကျသွားတယ် ..
မောတယ် .. မောတယ် .. တစ်ခုတည်းသော အလင်းစက်လည်း မရှိတော့ဘူး .. အခုတော့လည်း ဘ၀က နက်သထက်နက် .. လမ်းဆုံးတွေ့ဖို့ကလည်း စမ်းတ၀ါးဝါး .. လာရာလမ်းကို ပြန်ရှာတော့လည်း ၀င်္ကဘာအမှောင်ထဲမှာ တ၀ဲလည်လည် .. ပတ်ဝန်းကျင်ကိုကြည့်တော့ မှောင်အတိ .. ခု ငါ့ကမ္ဘာမှာ ငါတစ်ယောက်တည်း ..
Friday, February 27, 2009
Thursday, February 26, 2009
ရင်ထဲက အလွမ်း
မျက်ဝန်းထဲမှာ တွေ့ခဲ့တယ်
ငါတို့ရဲ့ အချစ်တွေ
ပုခုံးချင်း အတိုက်မှာ ခံစားရတယ်
ငါတို့ရဲ့ ရင်ခုန်မှုတွေ
လက်ဝါးနှစ်ခု ဆုတ်ကိုင်စဉ် ခံစားရတယ်
ငါတို့ရဲ့ ကြင်နာချင်းတွေ
နှုတ်က စကားတို့မှ သိခဲ့ရတယ်
ငါတို့ရဲ့ မျှော်လင့်ချက်တွေ
စစမြင်လိုက်ရတဲ့
မျက်ဝန်းတွေကိုလွမ်းတယ်
လမ်းတွေပေါ် ပုခုံးချင်းယှဉ်ပြီး
ယှဉ်တွဲလျှောက်ခဲ့တာတွေလွမ်းတယ်
တစ်ယောက်လက် တစ်ယောက်ဆုတ်ကိုင်ထားတဲ့
အချိန်တွေကို လွမ်းတယ်
တီးတိုးပြောခဲ့တဲ့
စကားသံတွေကိုလွမ်းတယ်
ခု အလွမ်းတွေ ရင်ထဲပြည့်နေတယ်
ငါ .. သိပ်လွမ်းတယ် ..
ငါတို့ရဲ့ အချစ်တွေ
ပုခုံးချင်း အတိုက်မှာ ခံစားရတယ်
ငါတို့ရဲ့ ရင်ခုန်မှုတွေ
လက်ဝါးနှစ်ခု ဆုတ်ကိုင်စဉ် ခံစားရတယ်
ငါတို့ရဲ့ ကြင်နာချင်းတွေ
နှုတ်က စကားတို့မှ သိခဲ့ရတယ်
ငါတို့ရဲ့ မျှော်လင့်ချက်တွေ
စစမြင်လိုက်ရတဲ့
မျက်ဝန်းတွေကိုလွမ်းတယ်
လမ်းတွေပေါ် ပုခုံးချင်းယှဉ်ပြီး
ယှဉ်တွဲလျှောက်ခဲ့တာတွေလွမ်းတယ်
တစ်ယောက်လက် တစ်ယောက်ဆုတ်ကိုင်ထားတဲ့
အချိန်တွေကို လွမ်းတယ်
တီးတိုးပြောခဲ့တဲ့
စကားသံတွေကိုလွမ်းတယ်
ခု အလွမ်းတွေ ရင်ထဲပြည့်နေတယ်
ငါ .. သိပ်လွမ်းတယ် ..
Tuesday, February 24, 2009
အနိစ္စ ဒုက္ခ အနတ္တ ဘယ်အရာမှမတည်မြဲဘူး
ကောင်းလေးအိမ် တက်သွားလို့ .. (တက်သွားခြင်းကိုမဆိုလိုပါ ..:P) ဒီနေ့ မနက် ကိုယ့်ရဲ့ သံယောဇဉ်ရှိလှတဲ့ ဘလော့ကလေးကို ဖွင့်လိုက်တော့ ကောင်လေးအိမ်က တက်သွားတယ်ဆိုလို့ ခြေမချိုး .. (မှားလို့ ..) တက်စာ (ဒညင်းသီးတို့ ဘာတို့ကိုပြောတာမဟုတ်ဘူးနော် ..) တက်စာကို ပြန်ရေးမယ် ချိန်နေတာ အလုပ်တွေ ပိနေတာတဲ့ နောက်နေ့ကို ကူးသွားပါတယ် ..
ကောင်လေးအိမ်က ငယ်ငယ်ရွယ်ရွယ်နဲ့ အနိစ္စ ဒုက္ခ အနတ္တ ဘယ်အရာမှမတည်မြဲဘူးတဲ့လေ .. အဲဒါ မိုးခါးလည်းသိတယ် .. မတည်မြဲခြင်း အနိစ္စဆိုတဲ့ အရာကိုလေ .. ဘယ်မှာကွက်ကွက်ကွင်းကွင်းသိသွားလည်းဆိုတော့ ..
မိုးခါး ရန်ကုန်မြို့ကို ခြေဦးလှည့်ချိန်ကပေါ့ .. ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်ရပ်ဌာနေကိုရောက်ပြီဆိုတော့ စိတ်တွေမှာလည်း ပေါ့ပါးလွတ်လပ်ပြီး ကြည်လင်ရွှင်ပြနေတာပေါ့ ..
လေယာဉ်ကွင်းကနေ လမ်းတစ်လျှောက် ရှုခင်းတွေကလည်း သက်ဝင်လှပနေလေရဲ့ .. စိတ်ပျော်ရွှင်နေချိန်ဆိုတော့ အရာရာဟာလည်း လှပနေတာပေါ့ ..
တစ်နေရာရောက်တော့ မိတ္တူဆိုင်တစ်ဆိုင်ကိုမြင်လိုက်တယ်ဆိုရင်ပဲ စိတ်ထဲမှာ သူငယ်ချင်းဆီက ငှားလာတဲ့စာအုပ်ကို မိတ္တူဆွဲပြီး ပြန်ပေးရမယ့် ကိစ္စ ခေါင်းထဲရောက်လာပါတော့တယ် .. သူငယ်ချင်းအိမ်ကလည်း ခုဖြတ်သွားတဲ့လမ်းမှာဆိုတော့ ခုမြင်တဲ့ မိတ္တူဆိုင်မှာ ၀င်ပြီး ကူးလိုက် .. လမ်းကျ တစ်ခါတည်း ၀င်ပေးလိုက်ရင် ကိစ္စတစ်ခု ပြီးသွားမယ်ဆိုတဲ့ သကာလ ချက်ချင်းပဲ အဖေကို ကားခဏရပ်ခိုင်းရတာပေါ့ ..
ပြီး ကူးမယ့် စာအုပ်လေးကိုယူ မိတ္တူဆိုင်ထဲဝင်ပြီး .. "မိတ္တူဆွဲချင်လို့ပါ .." ဆိုတော့ ဆိုင်ထဲက ကောင်မလေးကလည်း ဖော်ဖော်ရွေရွေပဲ "ဟုတ်ကဲ့အမ .. ရပါတယ်တဲ့ .."
မိတ္တူဆွဲမယ်ဆိုပြီး စာအုပ်ကို စက်ပေါ်တင်လိုက်တယ်ဆိုရင်ပဲ .. ဆိုင်က ကောင်မလေးရဲ့ "ဟယ် .. မီးပျက်သွားပြီ" ဆိုတဲ့ အသံကို ကြားလိုက်ရတယ် .. ပြီးတော့ သူကပဲ .. "အမ ခဏစောင့်မလား .. ခုက မီးလာရမယ့်အချိန် .. ခဏပျက်ပြီး ပြန်လာချင်လာမှာ" လို့ ဆိုလာတယ် .. ကျမကလည်း အမှန်ပြောရရင်မစောင့်ချင်ဘူးပေါ့ .. ခုမှပြန်လာတာဆိုတော့ အိမ်ပြန်ချင်တာပေါ့ .. ဒါနဲ့ "ကြာမလားမသိဘူးနော်ပေါ့ .. အမလည်း အချိန်သိပ်မရလို့ .. မစောင့်တော့ပါဘူး"လို့ ပြောလိုက်တယ် ..
ဒါနဲ့ သူလည်း ကျမကို စာအုပ်ပေးပြီး မီးသွားအချ .. "ဟယ် .. အမ မီးပြန်လာပြီ .." ဆိုပြီး ပြောလာပြန်ရော .. ဒါနဲ့ ကျမကလည်း .. "ဒါဆိုလည်း ဆွဲသွားလိုက်မယ်လေ .." ဆိုပြီး ပြန်ပေးလိုက်တယ် ..
သူလည်း မိတ္တူကို ဆွဲတော့တာပေါ့ .. ဆွဲရင်း တစ်ဝက်လောက်ကျပြန်တော့ မီးက ဖတ်ဆို ပျက်သွားပြန်ရော ..
ဟူး .. ကျမလည်း စိတ်တော်တော် ညစ်မိပါတယ် .. မီးကတော့ အရင်ကတည်းက ဒီလိုပဲဆိုတာ သိနေပေမယ့်လည်း စိတ်တော့ တိုမိတာပေါ့နော် .. ဒါနဲ့ တရားနဲ့ ဖြေလိုက်ပါတယ် .. စိတ်မတိုနဲ့ .. စိတ်တိုရင် ဒယ်အိုးဆိုပြီး စိတ်က မှတ်လိုက်တယ် .. ပြီးတော့ တဆက်တည်း အနိစ္စ အမြဲ မရှိပါဘူးလေ ဆိုပြီး တရားသဘောနဲ့ ရှုလိုက်တယ်ဆိုပါတော့ .. :P
ဒီလိုနဲ့ .. ထုံးစံအတိုင်း ခဏအကြာ မီးပြန်လာရော .. ဒါနဲ့ သူလည်း ဆက်ဆွဲတာပေါ့ ..
ဒီတစ်ခါကျတော့ရော .. ဆွဲနေရင်း စက်က ထွက်တဲ့စာရွက်က မဲသဲပြီးထွက်လာပါရော .. ဒီတော့ ကောင်မလေးက စက်တွေကို ဖွင့် .. အထဲက အရာတွေကို ဆွဲထုတ် .. ဟိုသုတ်ဒီသုတ်နဲ့ .. ကလိနေပြန်ရော .. လက်တွေမှာလဲ မဲသဲနေပြီ .. ကျမလည်း စောင့်ရတာ တော်တော် ကြာနေပြီ .. လူကလည်း အာရုံနောက်နေပြီ .. ဒါနဲ့ ပါးစပ်က တိုးတိုး ငြီးမိတယ် .. "သြော် .. င့ါနှယ် .. ဒုက္ခ ဒုက္ခ" လို့ ..
ဒါနဲ့ သူ ကလိနေတာ တော်တော် ကြာတယ် .. မပြီးနိုင်ဘူး .. သူ့မလဲ မျက်နှာငယ်လေးနဲ့ တစ်ယောက်တည်း .. ကျမမှာလည်း သနားလည်း သနား .. စိတ်လည်းညစ်ပေါ့ ..
နောက်ဆုံး သူလည်း မတတ်နိုင်တော့တဲ့ အဆုံးမှာတော့ ..
"အမရယ် .. ဘာဖြစ်သွားတယ်မသိဘူး .. လုပ်လို့လည်းမရဘူး .. ညီမ စက်ပြင်ဆရာကို ခေါ်လိုက်ဦးမယ် .. အမလည်းစောင့်ရတာ ကြာနေပြီ .. အားလည်းနာပါတယ် .. ဘယ်လိုလုပ်ရမလဲမသိဘူး" ဆိုလာပါတယ် ..
ဒါနဲ့ ကျမကလည်း ..
"ကဲပါ ညီမရယ် .. အမကို အားမနာပါနဲ့ .. ဒါဆိုလည်း အမမစောင့်တော့ဘူးနော် .. ခုပြီးတာလေးပဲ ရှင်းသွားလိုက်တော့မယ် .. ဘယ်လောက်ကျလဲပဲ တွက်လိုက်ပါတော့" လို့ပြောလိုက်တယ် ..
ဒါနဲ့ သူလည်း ကျသလောက်တွက်ပေးပြီး ကောင်မလေး ပြောလိုက်တာက
"အမရယ် .. ခု ဒီမှာနေရတာ .. မြန်မြန် မဂ်ရနိုင်တယ်တဲ့ .. မီးကလည်း အနိစ္စ အမြဲမရှိဘူးတဲ့ .. မီးမလာတော့ လူတွေလည်း ဒုက္ခ ရောက်ရပြန်ရောတဲ့ .. မီး က ပျက်လိုက် လာလိုက်နဲ့ ဖြစ်နေတော့ ရှိတဲ့ လျှပ်စစ်ပစ္စည်းတွေဆိုလည်း အနတ္တ ဖောက်လွဲဖောက်ပြန်တွေဖြစ်ကုန်ရော" တဲ့လေ ..
သြော် သူပြောမှ စဉ်းစားမိတယ် .. ရန်ကုန်က မဂ်လမ်းနဲ့ တော်တော်နီးပါလားပေါ့ .. ယူတတ်ရင် ကုသိုလ်တဲ့ .. ပေးတုန်း ယူလိုက်ကြရအောင် ..
PS. ကြံဖန်ကျေးဇူးတင်ရသေးတယ် .. :P
တစ်ဆက်တည်း သူငယ်ချင်းတွေကိုပါ ဆက်တက်လိုက်ပါတယ် ..
ဝှိုက်
မိုးသောက်(ရှမ်းလေး)
သဇင်
ဒီမွန်
တို့ကို ဆက်တက်ပါတယ်နော် :D

Thursday, February 19, 2009
တန်ဖိုးထားကြေး
ရေစက်ရှိလို့ ဆုံတွေ့ခဲ့ကြတယ်
အချိန်တန်တော့လည်း ခွဲခွာချိန်ကို ကြုံတွေ့ရတာပဲ ..
ခွဲရမှာသေချာနေမှတော့
တွေ့ဆုံချိန်တွေကို တန်ဖိုးထားရအောင် ..
တကယ်ခွဲရချိန်ရောက်ပြီဆိုရင်လည်း
နောင်တမရှိ အမုန်းမရှိပဲ
ခပ်ပြုံးပြုံး လမ်းခွဲကြမယ်လေ ..

Wednesday, February 18, 2009
ကျိုက်ထီးရိုးခရီး
ရန်ကုန်ပြန်ရောက်ပြီး နောက်တစ်ပတ်မှာ ကျိုက်ထီးရိုးဘုရားကြီးကို သွားဖြစ်ခဲ့ပါတယ် .. သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်ပါ .. မနက် ရင်ပြင်ပေါ်ရောက်ပြီး တည်းခိုစရာရတာနဲ့ အိပ်လိုက်တာ ညနေ နေစောင်းမှ ထပြီး ဘုရားပေါ်တက်ဖို့ ပြင်ဆင်ကြတယ် ..
ကျိုက်ထီးရိုးသွားတဲ့အချိန်က ဖေဖော်ဝါရီထဲရောက်နေပြီဆိုတော့ အအေးဓါတ်ကလည်း သိပ်မရှိတော့ပါဘူး .. ညနေ နေစောင်းတော့မှ ကျီးပါးစပ်ကို သွားပြီး အကြွေစေ့သွားပစ်ကြတယ် .. မ၀င်ပါဘူး .. :D .. အပြန်ကျတော့ အကြော်ဆိုင်လေးဝင်ပြီး အကြော်လေးစား အအေးလေးသောက်ပြီး ညဘက် မှောင်စ ပျိုးချိန်မှာ ရင်ပြင်တော်ပေါ်တက်ခဲ့ကြပါတယ် ..
ရင်ပြင်တော်ပေါ်မှာတော့ လူတွေ ပြည့်နေသေးတာပါပဲ .. ရာသီကုန်ခါနီးဖြစ်နေပေမယ့် ဘုရားဖူးဧည့်သည်တွေ များပြားနေတုန်းပါပဲ ..
ရင်ပြင်ပေါ်မှာ အဓိဌာန်ပုတီးစိပ်ပြီး ပြန်ဆင်းမှ ညနေစာထမင်းကိုစားကြပါတယ် .. ပြီးတော့လည်း အိပ်ရာဝင်ပြီး မနက်အတွက် အားပြန်မွေးကြရတာပေါ့ .. နောက်နေ့ကျရင် တောင်ကိုးလုံးပတ်ကြမယ်လို့ အဓိဌာန်ထားကြတယ်လေ ..
နောက်နေ့ မနက်ရောက်တော့ ကျိုက်ထီးရိုး စေတီတော်ကြီးကို အာရုဏ်ဆွမ်းကပ်လှူကြပြီး ဘုရားရှိခိုး ပုတီးစိပ်ကြနဲ့ မနက် ၇နာရီလောက်မှ ဘုရားပေါ်က ဆင်းဖြစ်ကြတယ် .. အောက်ရောက်တော့ မနက်စာ စားပြီး တောင်ကိုးလုံးခရီးစဉ် စတင်တော့တာပေါ့ ..
ကျမတို့ အဖွဲ့မှာ မိန်းကလေး (၄)ယောက် ယောင်္ကျာလေး (၂) ယောက် ပါပါတယ် .. ကျမတို့ သွားတဲ့အချိန်က ကျိုက်ထီးရိုးရာသီ ကုန်ခါနီးဖြစ်တော့ တောင်ပတ်မယ့် အဖွဲ့တွေတော့ မတွေ့ရတော့ပါဘူး .. မနက် ၈နာရီလောက်ကစပြီး ရေတံခွန်ကိုဆင်းကြပါတယ် .. ၁၀နာရီ ၁၀နာရီခွဲလောက် ရေတံခွန်ကိုရောက်ပြီး နေ့လည်စာကို စားကြတယ် .. ပြီးတာနဲ့ တောင်တက်ခရီးစဉ် စပါတော့တယ် ..
ဝိဇာတောင် စမတောင် စွန်တောင် ရွှေတောင် ငွေတောင် အတွင်းမြစိမ်း အပြင်မြစိမ်း ပုညတောင် ကျားဆွဲတောင်နဲ့ ပတ်ပတ်လည်က တောင်တွေကို ပတ်ခဲ့ရပါတယ် .. လူတွေလည်း စုတ်ပြတ် ညစ်ပတ်လို့ပေါ့ .. ဒါပေမယ့် ပျော်ကြတယ်လေ .. ပြောလိုက်ဆိုလိုက် သွားလိုက်ဆိုတော့ ညောင်းပေမယ့် သိပ်မပင်ပန်းကြဘူး .. နောက်ဆုံးကျမှ ရသေ့တောင်ကနေ ကျိုက်ထီးရိုးတောင်ပေါ်ကို နောက်ဆုံးပြန်တက်ကြတယ် .. တောင်ပေါ်ရောက်တော့ ၆နာရီခွဲလောက်တောင် ဖြစ်နေပြီ .. ရောက်တော့မှ ရေမိုးချိုးပြီး ထမင်းစားဖို့ ချီတက်ကြပြန်တာပေါ့ .. လူကတော့ ခြေထောက်ကို မနည်းရွေ့နေရပြီလေ .. စားသောက်ပြီး ရင်ပြင်ပေါ်ပြန်တက် .. ဘုရားရှိခိုးပြီး အိပ်တန်းပြန်တက်ကြပြန်တယ် .. သူငယ်ချင်းတွေ ပင်ပန်းနေပေမယ့် မအိပ်နိုင်ကြဘူး .. နောက်နေ့မနက်ပြန်ရမှာကိုလည်း မပြန်ချင်ကြပြန်ဘူးလေ .. ဒါပေမယ့်လည်း အချိန်ဆိုတာ ရပ်ထားလို့ရတာမဟုတ်တော့ တရွေ့ရွေ့နဲ့ပဲ ကုန်ဆုံးသွားပြန်တယ် ..
မနက်မိုးလင်းတော့ ရင်ပြင်ကနေ ရသေ့တောင်ထိ လမ်းလျှောက်ဆင်းကြတယ် .. ရသေ့တောင်ကနေ တောင်အောက်ထိ ကားနဲ့ဆင်းပြီး အောက်ရောက်တော့ အပြန်လက်ဆောင် ယိုတွေ ၀ယ်ကြပြီး လာရာလမ်းအတိုင်း ပြန်ကြရတော့တာပေါ့ ..
ပျော်ဖို့ကောင်းတဲ့အချိန်တွေဆို အကုန်မြန်တတ်တယ်နော် .. ကိုယ်က မကုန်စေချင်လေ သူ့ဟာသူရွေ့နေတဲ့အချိန်တွေက အကုန်မြန်လေပဲ .. မြန်မြန်ကုန်သွားစေချင်ပြီဆို တရွေ့ရွေ့နဲ့ မကုန်နိုင်ဘူး .. ခုလည်း ပျော်ခဲ့ရတဲ့အချိန်တွေ ကုန်သွားပြန်ပြီ .. ပျော်ရာမှာနေဖို့ အချိန်စေ့ပြီဆိုတော့ တော်ရာနေရာကို ပြန်လာရပြီပေါ့ ..
အလွမ်းပြေပုံတွေကို ကြည့်ရင်း တောင်ကိုးလုံးပတ်တဲ့လမ်းကပုံတွေကိုပါ တင်ပေးလိုက်ပါတယ် ..
ရောက်ဖူးပြီးသားလူတွေလည်း အလွမ်းပြေပေါ့ .. မရောက်သေးလည်း တွေ့ဖူးမြင်ဖူးရတာပေါ့ ..း)
နောက်နှစ်နောက်နှစ်တွေမှာလည်း ဒီလို သွားနိုင်ဖို့ အခွင့်အရေးတွေ ရဖို့တော့ ဆုတောင်းနေမိတယ် ..

Tuesday, February 17, 2009
ကုန်လွန်ခဲ့သော အိမ်ပြန်ချိန်
ရန်ကုန်ပြန်ဖို့ ခွင့်ရတုန်းက ပြန်ရမယ့် ရက်တွေကို လက်ချိုးရေတွက်ရင်း ရင်ခုန် ပျော်ရွှင်ခဲ့ရတယ် .. ခုတော့လည်း ၂၄ရက်တာကာလကို ကျော်လွန်လို့ တော်ရာနေရာကို ပြန်လာရပြန်ပြီလေ ..
ရန်ကုန်ကို ပြန်ဖို့ရက်တွေ နီးလာလေလေ စိတ်ထဲမှာလည်း အတွေးတွေ စိတ်ကူးတွေနဲ့ ပျော်ရွှင်နေခဲ့တယ် ..
လှေကားက ဆင်းဆင်းချင်း ပျော်ရွှင်နေတဲ့ ဖေကြီးနဲ့ မေကြီး မျက်နှာကို မြင်လိုက်ရတယ် .. ကျမရင်ထဲမှာလည်း အပျော်တွေအပြည့်ပေါ့ .. လေယာဉ်ကွင်းက အိမ်ကိုပြန်ပြီး အိမ်မှာ ချက်ထားတဲ့ ထမင်းနဲ့ဟင်းတွေတောင် မစားနိုင်ဘူး .. အပျော်လွန်ပြီးတော့လေ ..
သူများနိုင်ငံတွေ ဘယ်လောက်ကောင်းကောင်း ဘယ်လောက်ခေတ်မှီမှီ ကိုယ့်နိုင်ငံကို ပြန်ပြီး မိဘရင်ငွေ့လှုံရတဲ့အရသာနဲ့ ဘယ်ဟာမှ မယှဉ်နိုင်ဘူးနော် ..
ရန်ကုန်ရောက်ပြီး နောက်တစ်ပတ် စနေနေ့မှာပဲ သူငယ်ချင်းတွေနဲ့ ကျိုက်ထီးရိုးတက်ခဲ့တယ် .. ပျော်လိုက်တာ .. တောင်ကိုးလုံးပတ်တဲ့နေ့ကတော့ လူတွေလည်း လူရုပ်မပေါက်ဘူး .. ဒါပေမယ့် မပင်ပန်းဘူး .. သွားနေနိုင်တာပဲ .. ကျိုက်ထီးရိုး ၂ညအိပ် ၃ရက်ခရီးကလည်း အကုန်မြန်လိုက်တာ ..
ကြားရက်တွေမှာတော့ အိမ်မှာနေလိုက် သူငယ်ချင်းတွေဆီ လျှောက်လည်လိုက် မှာလိုက်တဲ့ပစ္စည်းတွေ လိုက်ရှာလိုက်နဲ့ အချိန်တွေကုန်ခဲ့တယ် .. စားချင်တာတွေ စားတာလည်း ပါတာပေါ့ .. စိတ်ရှိလက်ရှိတော့ မစားလိုက်ရဘူး .. စားမယ်အားတင်းထားသမျှ ဟိုရောက်တော့ အပျော်တွေလွန်ပြီး မစားနိုင် မသောက်နိုင်ဖြစ်နေတာလေ .. နဲနဲတောင် ပိန်သွားတယ် .. :P
နောက်တစ်ပတ်မှာတော့ မောင်လေးရှိတဲ့ ပြင်ဦးလွင်ကို ဖေကြီးနဲ့ မေကြီးနဲ့ အတူ သွားခဲ့တယ် .. ၁ညပဲ အိပ်ပြီး မောင်လေးနဲ့ တွေ့ပြီးတာနဲ့ ပြန်ခဲ့တယ် ..
ပြည်ထောင်စုနေ့မှာတော့ လူကြီးတွေလည်းရုံးပိတ်လို့ ညနေဖက် အကင်တွေလုပ်စားကြတယ် ..
ရန်ကုန်မှာနေတဲ့ ၃ပတ်အတွင်း သောကြာ နှစ်ရက် ဘုရားတက်ဖြစ်တယ် .. ပြန်ဖို့မတိုင်ခင်တစ်ရက်မှာ စွယ်တော်မြတ်စေတီသွားဖူးခဲ့တယ် .. နေ့လည်မှာ အိမ်မှာ အသုပ်စုံ သုတ်စားကြတယ် ..
16ရက်နေ့ တနင်္လာနေ့မှာတော့ မပြန်ချင်ပြန်ချင်နဲ့ လေယာဉ်ကွင်းဆင်းပြီး ပြန်ခဲ့ရတယ် ..
အချိန်တွေရယ် အကုန်မြန်လိုက်တာ .. ကုန်သွားပေမယ့် ကျန်ခဲ့တဲ့ ပျော်စရာအချိန်တွေကိုပဲ လွမ်းနေရတော့မှာပေါ့ .. မပြန်ရခင်ကတော့ အချိန်တွေအများကြီးလိုနဲ့ ခုတော့လည်း ကုန်ဆုံးသွားပြန်ပြီ .. ပြန်ဖို့ရက်ကို လက်ချိုးရေတွက်နေခဲ့ပေမယ့် ခုတော့ ဒီရက်တွေအားလုံးဟာ အတိတ်ဖြစ်သွားပြန်ပြီ ..

အချိန်တွေ အကုန်မြန်တယ်
ဒါပေမယ့် ပျော်ပါတယ်
ပျော်ခဲ့တဲ့အချိန်တွေကိုလွမ်းနေတယ်
ဒါပေမယ့် ပျော်ပါတယ်
ပျော်ခဲ့တဲ့အချိန်တွေကိုလွမ်းနေတယ်
ပြန်ရောက်ပါကြောင်း
အားလုံးပဲ ပြန်ရောက်ပါပြီလို့ ..
ရန်ကုန်မှာ ရှိတုန်း အွန်လိုင်းသိပ်မတက်ဖြစ်ဘူး .. ဘလော့ကို ၀င်ဖို့ ဆို ဝေလာဝေးပဲ .. ကျော်ရ ခွရနဲ့ ကွန်နက်ရှင်ကလည်း ကျတယ်လေ .. ဒီတော့ ဘလော့ နဲ့ လည်း ဝေးကွာနေတာကြာပေါ့ .. ရန်ကုန်ရောက်နေတဲ့အချိန်မှာ မမေ့ မလျှော့ လာလည်ကြတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ် ..

Friday, January 23, 2009
ဟက်ပီးဘတ်ဒေး မိုင်ဖားသား :D
ကျမမှာ မိသားစုဝင် (၄) ယောက်ရှိတယ် .. ဖေကြီးရယ် မေကြီးရယ် ကျမရယ် မောင်လေးရယ်ပေါ့ .. ဒီနေ့ကတော့ မင်္ဂလာရှိတဲ့ ကျမအဖေရဲ့မွေးနေ့ .. မနေ့ကတည်းကပဲ ရန်ကုန်ကိုဖုန်းဆက်ပြီး birthday wish လုပ်ဖြစ်လိုက်ပါတယ် .. အသက်ကိုမှန်းပြောလိုက်တာမှားသွားသေးတယ် .. အသက်က ၅၄ နှစ်လား ၅၅ နှစ်လားလို့ ရမ်းဖြီးလိုက်တာ အဖေက ၅၆ နှစ်တဲ့ .. :P ဖေကြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး အသက်ရှည်ရှည် အနာကင်းစွာနဲ့ သာသနာ့ အကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေလို့ပဲ ဒီနေရာကနေ ဆုတောင်းပေးလိုက်ပါတယ် ..
လိမ္မာလိုက်တာ .. ဘယ်သူမှမပြောတော့ ကိုယ့်ဟာကိုယ်ပဲ ပြောရတယ် .. :P

Wednesday, January 21, 2009
ဟိုရောက် ဒီရောက် (၃)
ညီမလေးတစ်ယောက်ပို့ပေးတဲ့မေးက ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေကို ပြန်တင်လိုက်တာပါ .. ကျမက ကြောင်လေးတွေကိုချစ်တတ်ပါတယ် .. အမြဲတော့မဟုတ်ဘူး .. ချစ်ချင်တဲ့အချိန် ချစ်ဖို့ကောင်းတဲ့ ကြောင်လေးတွေကို ချစ်တတ်ပါတယ် .. အောက်ကပုံလေးတွေကလည်း ကျမစိတ်ထဲ ချစ်စရာလေးဖြစ်နေလို့ တင်လိုက်တာပါ ..
Scroll Box လေး တင်နည်းလေးကိုပါ စမ်းသပ်ကြည့်လိုက်တာပါ ..း)

နီးလာတဲ့ အိမ်ပြန်ချိန် (၂၁-၁-၀၉)
ရန်ကုန်ကို ပြန်ရမယ့်ရက် နီးလာပြီ .. အလုပ်ကနေခွင့်ပေးလို့ ၁နှစ်နီးပါးခွဲခွာခဲ့တဲ့ ရန်ကုန်မြေကို ပြန်နင်းရမယ် .. မိသားစုနဲ့တွေ့ရမယ် .. ချစ်သူ ခင်သူတွေနဲ့ တွေ့ရမယ်ဆိုတော့ ပျော်နေတာအရမ်းပဲ .. ပျော်ပြီးအလုပ်တွေလုပ်တာလည်း အမှားချည်းပဲ :D ..
စလုံးကို ၂၀၀၈ခုနှစ် မတ်လ ၁ရက်နေ့က စရောက်တယ် .. ရောက်ပြီး အလုပ်ရရေးအတွက် လုံးပမ်းနေရတယ် .. အဲဒီချိန်ထိ ရန်ကုန်မပြန်ဘူး .. မပြန်ဘူးနဲ့ ကျွေးကျော်နေခဲ့တာလေ .. အကျင့်က တစ်ယောက်တည်းနေရတာကိုနှစ်သက်တယ် .. မိဘတွေနဲ့ ခုလို ဝေးဝေးလံလံ ခွဲဘူးတာလည်း ပထမဆုံးပဲ .. ခရီးထွက်တာက အစ မိဘပါမှ သွားဖြစ်တာ .. သွားလေ့ရှိတာလေ .. တစ်ခေါက်ပဲ သူငယ်ချင်းတွေချည်း ကျိုက်ထီးရိုးတက်ဖူးတယ် .. ရှားရှားပါးပါးတစ်ခေါက်တည်းပဲ ..
အလုပ်ရပြီး စိတ်ချလက်ချ နေနိုင်ပြီဆိုတဲ့အချိန်ကျတော့ လူ့အလို နတ်မလိုက်နိုင်ဆိုတဲ့အတိုင်းပဲ .. နေခွင့်ရပြီဆိုတာသိတော့ ပြန်ချင်တယ် .. အိမ်ကိုလည်းသတိရလာတယ် .. လွမ်းစရာလေးတွေကိုလည်း လွမ်းလာတယ် .. အလုပ်အတွက် ပူတဲ့အပူက လျှော့သွားတာကိုး ..
လေယာဉ်ကွင်းကို အကြောင်းကိစ္စ ရှိလို့ ရောက်တိုင်း အိမ်ပြန်ချင်လိုက်တာ .. ပြန်မယ့်လူရဲ့ သေတ္တာထဲပဲ ခွေခေါက် လိုက်သွားချင်စိတ်ပေါက်တယ် ..
စင်ကာပူကို အဓိပ္ပါယ်ဖွင့်ကြတယ်လေ .. နေပူ ရင်ပူ စင်ကာပူတဲ့ .. တကယ်လည်း ပူနိုင်တဲ့ စင်ကာပူပါပဲ .. နေ့လည်မှာနေကပူလိုက်တာ အပြင်တောင်မထွက်နိုင်ဘူး .. မိုးရွာချင်တော့လည်း ချက်ချင်း .. ပြီးလည်း ပြန်ပူတာပါပဲ .. (ခုချိန် ရန်ကုန်မှာ တော်တော်အေးနေတယ်တဲ့ .. သူငယ်ချင်းတွေကပြောကြတယ် .. ပြန်ရောက်တဲ့ချိန် အအေးကျန်ပါ့ဦးမလားမသိဘူး ..) အလုပ်မရခင်က အလုပ်ရဖို့ ပူရတယ် ပြေးရ လွှားရတယ် .. အလုပ်ရပြီဆိုတော့ pass တင်ဖို့အတွက် ပူရပြန်ရော .. pass ကျပြီဆိုပြန်တော့ လုပ်ငန်းခွင်ဝင်တယ် .. လုပ်ငန်းခွင်မှာ အလုပ်နဲ့ပတ်သက်တာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်သက်ပြီး ရင်ပူရပြန်ရော .. နာမည်ကိုက ပူနေတော့လည်း လာသမျှလူ ပူရတော့တာပဲလားမသိပါဘူး ..
ဘာပဲပြောပြော ပျော်ရာမှာ မနေရ တော်ရမှာနေရဆိုတာလိုပဲ ကိုယ့်လမ်းကိုယ်ဆုံးအောင်တော့ လျှောက်ရဦးမှာပါပဲ ..
လာမယ့် စနေမှာ အိမ်ပြန် အလွမ်းသယ်ရမယ့် အရေးတွေးပျော်နေပါတယ် .. ရတဲ့ခွင့်က ၂၄ရက်ဆိုတော့ ဘာပဲဖြစ်ဖြစ် နေပျော်တယ်ပဲ ဆိုရမှာပေါ့ .. တကယ်တော့ မလောက်ပါဘူး .. ဒီထက်များများရချင်သေးတာ .. ခုတော့လည်း ရသလောက်လေးနဲ့ပဲ တင်းတိမ်ရမှာပေါ့ ..

အတွေးတွေနဲ့ပျော်မိတယ်
ကိုယ့်နေရာကိုယ်ခဏပြန်ခွင့်ရချိန်
ချစ်သူခင်သူတွေနဲ့ ခဏပြန်ဆုံချိန်
ခုမှတန်ဖိုးထားတတ်လာတဲ့ ခဏဆိုတဲ့ အချိန်
ကိုယ့်နေရာကိုယ်ခဏပြန်ခွင့်ရချိန်
ချစ်သူခင်သူတွေနဲ့ ခဏပြန်ဆုံချိန်
ခုမှတန်ဖိုးထားတတ်လာတဲ့ ခဏဆိုတဲ့ အချိန်
Subscribe to:
Posts (Atom)