Saturday, May 9, 2009

နားစွဲနေသောစကားလုံးများ

ငယ်ငယ်တုန်းကကြည့်ဘူးတဲ့ ဇာတ်လမ်းတပုဒ် .. သားက ငယ်ငယ်က သူများပစ္စည်းတွေယူယူလာတတ်တယ် .. အမေလုပ်သူက ဘာမှဆိုဆုံးမခြင်းမရှိဘူး .. ငယ်ငယ်တည်းက သူများပစ္စည်းယူတတ်တဲ့အကျင့်ရှိသူက ကြီးတော့ သူခိုးဖြစ်ရော .. နောက်ဆုံးကျတော့ ဘုရင်ကဖမ်းမိ .. အဆုံးသတ်ကျတော့ တောင်စွယ်နေကွယ်ရင် သတ်စေပေါ့ .. မသေခင် သားလုပ်သူက အမေကိုပြောတယ် .. သားနားကိုခဏလာပါ .. တိုးတိုးပြောစရာရှိတယ်တဲ့ .. အမေက နားနားကပ်ပြီးသားပြောတာနားထောင်တော့ သားလုပ်သူက အမေ့နားရွက်ကို ကိုက်ဖြတ်ပါလေရော .. ပြီးတော့ပြောတယ် .. အမေ သားငယ်ငယ်က ဆိုဆုံးမတာမရှိလို့ သူခုလို သူခိုးဖြစ်ပြီး သေဒဏ်သင့်ရတယ်ပေါ့ ..

ဒီဇာတ်လမ်းကို ငယ်ငယ်တုန်းက တီဗွီမှာလာတာကြည့်ဘူးတယ် .. နောက်ပိုင်း အမေက ပြောဆိုဆုံးမလို့ ကျမတို့မောင်နှမ နားထောင်ဘူး ကလန်ကဆန်လုပ်ပြီဆို အမေပြောလေ့ရှိတာက "နားရွက်ကိုက်ဖြတ်ခံရတဲ့ မိန်းမကြီးလိုဖြစ်မှာစိုးတယ်"တဲ့ .. ဒါကြောင့်ပြောဆို ဆုံးမနေရတာတဲ့ .. ဒီစကားက ခုထိ ကျမနားထဲစွဲနေတဲ့စကား .. ငယ်ငယ်တုန်းကတော့ မဖြစ်မနေမို့လို့ နားထောင်ခဲ့ရတယ် .. ခုတော့ ငယ်ငယ်တုန်းက ဆုံးမထားတဲ့ စကားတွေ ကြားယောင်မိတိုင်း မေကြီးကို ကျေးဇူးတင်မိတယ် .. ခုထိလည်းဆုံးမရင် သိပ်လွယ်လွယ်နဲ့တော့ လက်ခံတတ်တာမျိုးမဟုတ်ပေမယ့် နောက်ဆုံးတော့လည်း ဖြစ်သင့်တဲ့ကိစ္စပဲဆိုပြီး အမြဲနာခံတတ်ခဲ့တယ် .. နည်းမျိုးစုံနဲ့ စိတ်ပင်ပန်းခံ မနာခံတိုင်းလည်း စိတ်ဆင်းရဲခံပြီး မဖြစ်မနေ ဆုံးမပေးခဲ့တဲ့ မေကြီးကို အရမ်းကျေးဇူးတင်ပါတယ် ..

နောက်ပိုင်း အသက်အရွယ်အရ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တတ်တဲ့အရွယ်မျိုးကျပြန်တော့ ကိုယ့်ကိုယ်ထိန်းသိမ်းတတ်အောင် ထိန်းသိမ်းနိုင်အောင် စကားတွေနဲ့ဆုံးမတတ်ပြန်ပါတယ် .. "ကိုယ့်ကိုယ့်တန်ဖိုးထားမှ သူများက တန်ဖိုးထားမယ်"တဲ့ .. ကိုယ်တိုင် အမြင့်ကိုရောက်ဖို့အရင်ကြိုးစားပါ .. အချိန်တန်ရင်တော့ ယောကျာင်္းတယောက် ရမှာပဲ .. ဒီအတွက်ပူနေစရာမလိုဘူးတဲ့ .. ကိုယ်အဆင့်အတန်းနဲ့လိုက်ပြီး ကိုယ်နဲ့ အဆင်ပြေ လိုက်ဖက်မယ့်သူတွေ့လိမ့်မယ်တဲ့ ..

အဲဒီတုန်းကတော့ သမီးကလည်း ယောကျာင်္းလိုချင်နေတာမဟုတ်ပါဘူးလို့ ကတ်ကတ်လန်ပြောဖူးခဲ့တာပဲ .. တကယ်တန်းခုနေစဉ်းစားမိတော့ မိခင်တယောက်က သမီးတယောက်အပေါ်ထားတဲ့ ဂရုဏာဒေါသ၊ မဖြစ်သင့်တာမဖြစ်စေချင်တဲ့ စေတနာ၊ အကာအကွယ်ပေးလိုတဲ့ စိတ် တွေနဲ့ ဒီစကားထွက်လာခဲ့တာပဲလို့ စဉ်းစားမိတယ် .. မိခင်တိုင်းက ကိုယ်သာအနာခံလိုက်မယ် ကိုယ့်သားသမီးကိုတော့ စိတ်ရော လူရော နာကျင်မှာစိုးတတ်တာပါပဲ .. ဒါပေမယ့် ကျမလို မီးဆိုတာပူတယ်လို့ ဘယ်သူက ဘယ်လိုပြောပြော ဟုတ်ရဲ့လား သေချာအောင် စမ်းသပ်ချင်စိတ်ရှိပြီး ကိုယ်တိုင်အပူလောင်မှ သြော် ပူတာပဲလို့ လက်ခံတတ်တဲ့စိတ်ရှိသူကိုတော့ ဒီလိုနည်းနဲ့ နာအောင်ပြောမှ မှတ်မယ် နာမယ်ဆိုတာ မေကြီးစိတ်ထဲက သိနေပါလိမ့်မယ် .. ခုတော့ ဒီစကားအတွက် ကျေးဇူးတင်နေမိပါတယ် ..



လုပ်ငန်းခွင်ကို ၀င်ရတော့မယ် .. ကိုယ့်ရင်ခွင်ထဲမှာ ထည့်ထားဖို့မဖြစ်နိုင်တော့တဲ့အချိန်မှာလည်း အမေက ကျမကို လွတ်လပ်ခွင့်ပေးခဲ့ပါတယ် .. ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် ကိုယ့်အတောင်ကိုယ်ဖွင့်ပြီး သွားခိုင်းခဲ့တယ် .. ဒါပေမယ့် ရှေ့လျှောက်မှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နိုင်တယ် .. ဘယ်လိုစိတ်ဓါတ်မျိုးထားပြီး ကျော်ဖြတ်သင့်တယ် .. ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အမေတို့ အိမ်ကတော့ သမီးအတွက် အမြဲတမ်းအဆင့်သင့်တခါးဖွင့်ထားမယ့်အိမ်ပဲလို့ စကားလုံးနဲ့တမျိုး အပြုအမူနဲ့တဖုံ ပြသခဲ့တယ် .. တကယ်တမ်းခွဲရမယ့်အချိန်မှာတော့ ဟန်မဆောင်နိုင်ပဲ မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့တယ် .. အဲဒီညကိုလည်း ကျမဘယ်တော့မှ မေ့လိမ့်မယ်မဟုတ်ဘူး ..

"ပျားသာအစဉ်ချိုတယ် လူအစဉ်မချိုဘူး"တဲ့ .. လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ လူ့စရိုက်မျိုးစုံနဲ့ ကြုံတွေ့နိုင်လို့ ဒီလူ့ကြောင့် စိတ်ဆင်းရဲရင်ရဲရမယ် စိတ်ချမ်းသာရင် စိတ်ချမ်းသာရမယ် .. ဒီစိတ်ဆင်းရဲခြင်း ပျော်ရွှင်ခြင်းတွေကလည်း တည်မြဲမှာမဟုတ်ဘူး .. သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း လူတန်းစားမျိုးစုံနဲ့ အဆင်ပြေအောင်နေရမှာပဲ .. ခု ချစ်ခင်နေတယ်ဆိုရင်တောင် တချိန် အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာတာမျိုး ရန်ငြိုးဖွဲ့ အမုန်းပွားတာမျိုးဖြစ်လာနိုင်တယ် .. ဒီလိုအခါမျိုးဆိုရင်လည်း ကိုယ့်စိတ်ကို ထားတတ်အောင်နေရမယ် .. မွေးကတည်းက တယောက်တည်းဖြစ်လို့ သူရှိမှဖြစ်မယ်ဆိုတာမျိုး မဖြစ်စေရဘူး ဆိုတဲ့စိတ်ဓါတ်မျိုး ကျမမှာ ကိန်းအောင်လာအောင် လုပ်နိုင်စွမ်းရှိခဲ့တယ် .. ဒါက စေတနာ မေတ္တာတွေရဲ့ စွမ်းအားတွေဖြစ်လိမ့်မယ်လို့ ကျမယုံကြည်တယ် ..

ယုံကြည်မိတယ်
အမေ့ရင်ခွင်က
ဘယ်တော့မှ မပိတ်မယ့်တံခါး
အမေ့အိမ်က
ထာဝရအတွက်
အေးမြမှုပေးစွမ်းမယ့်နေရာ
ဘယ်လိုမှ နှိုင်းမရတဲ့
မိခင်ရင်ခွင်ကို
ခြေစုံမကန်ခဲ့ပေမယ့်
ဥပက္ခာတော့ပြုခဲ့တာပဲ
ဒီရင်ခွင်တံခါး
အေးမြမယ်မှန်း
သေချာသိပေမယ့်
ပူလောင်မှုတွေကို
မက်မောနေမိတာပဲ
အရာရာတိုင်းအတွက်
အမေကအသင့်ဖြစ်နေပေမယ့်
သမီးတယောက်အနေနဲ့
အမေ့အတွက် အသင့်ဖြစ်ပေးနိုင်ဖို့
သေချာပါ့မလား

မိခင်တယောက်အတွက် ရေးပေးတယ်ဆိုတဲ့စာက အဲဒီမိခင်ရင်ထဲက စေတနာ မေတ္တာ ချစ်ချင်း ဘာတခုနဲ့မှ အပြည့်အ၀ နိုင်းယှဉ်ဖော်ပြနိုင်မယ်မထင်ပါဘူး .. အမေပြောတတ်တဲ့စကားတခွန်းရှိသေးတယ် .. "မိခင်နေရာ မရောက်သရွေ့ မိခင်ရဲ့ စိတ်ထားကို ကိုယ်ချင်းစာတတ်ဦးမှာ မဟုတ်ဘူး"တဲ့ ..

အားလုံးပဲ အချိန်ရှိတုန်းလေး မိခင်ရင်ခွင်ကို တန်ဖိုးထားကြရအောင်နော် .. အဝေးရောက် သားသမီးတွေ အကုန်လုံး တောင့်တတဲ့ အိမ်ပြန်ချိန်ကို အမြန်ဆုံးရောက်နိုင်ကြပါစေ .. အားလုံးပျော်ရွှင်စွာ ဆုံတွေ့ကြလေသတည်းပေါ့ ..း)

မှတ်ချက် - အမေများနေ့အတွက် အမှတ်တရ


15 comments:

အရုပ်လေးရဲ့အဆိပ်ခွက် said...

ကျနော် ထိပ်ဆုံးလာရောက်မန်းသွာတယ်နော် ကျနော် လဲ အမေ့ကို အရမ်းလွမ်းတာဗျ... ငယ်ငယ်လေးနဲ့ အမေက ကျနော် က မကြီးပြောသလိုပေါ့ တောင်ပံ ဖွင့်ပြီ ပျံသန်းစေခဲ့တယ်... ကျနော် မကြီးရဲ စာဖတ်လိုက်တော့ ပိုလိုတောင်လွမ်းလာတယ်း..အဟင့်

အဆိပ်ခွက်

ကိုလူထွေး said...

မိုးခါးရေ...
မိခင်တွေကသားသမီးတွေ မိုးခါးရည်သောက်မိမှာကို ပူတတ်ကြတာပေါ့..း)
အဲဒါပဲ.. လူတစ်ယောက်ရဲ့ နောင်ဆက်လျှောက်လှမ်းရမယ့် နှစ်ပေါင်း ၇၀ - ၈၀ အတွက် ပထမဦးဆုံး ၁၀ နှစ်၊ အနှစ် ၂၀ လောက်အတွင်းမှာ ပဲ့ကိုင်ပေးလိုက်မယ့် မိဘဆိုတာ သိပ်အရေးကြီးတယ်။
အဲဒီမိဘက ကိုယ်တိုင်အသုံးမကျတဲ့သူဖြစ်နေရင် သွားရော...

မိုးစက်အိမ် said...

"ကိုယ့်ကိုယ့်တန်ဖိုးထားမှ သူများက တန်ဖိုးထားမယ်"
ရိုးရိုးလေးပေမဲ. အရမ်းတန်ဖိုးရှိတဲ.စကားလေးပါ...

ဖြူ said...

စကားလုံးတိုင်း စာတစ်ကြောင်းတိုင်းက တန်ဖိုးရှိပါတယ်... ကျေးဇူးတင်ပါတယ်မိုးခါးရေ... :)

ကြယ်သောကြာ said...

အများကြီး မပြောတတ်ဘူး "အမေ နဲ့ တွေ့ချင်တယ်"

flowerpoem said...

ရေးထားတာကို ဖတ်ပြီး မရှိတော့တဲ့ အမေ့ရဲ့ကျေးဇူးတွေကို အတိုင်းအဆမရှိသတိရမိပါတယ်.

မေတ္တာရောင်ပြန် said...

ညီမလေးရေ.... ဒီပိုစ့်လေးနဲ့ အမေ့ကို အမှတ်ရစေခဲ့တယ်နော်။ အမေ့ကိုလွမ်းတယ်။ မကြီးလည်း အိမ်ပြန်ပြေးချင်လာပြီ။

ခင်တဲ့
မိုးခါးခေါ်တဲ့ ချစ်မ

ကောင်းကင်ပြာ said...

မျက်ရည်လည်စွာ ဖတ်သွားပါတယ် ညီမလေးရေ၊ အမေ့ရင်ခွင်ကို အရမ်းတမ်းတ မိနေချိန်ပေါ့ ညီမလေးရေ

choco thazin said...

မိုးခါးရေ
မျက်ရည်တွေတောင်လည်မိတယ်။ ရင်နဲ့ ခံစားပြီးရေးတတ်လိုက်တာ။ နှစ်ခေါက်တိတိ ဖတ်သွားပါတယ်။

Phyo Maw said...

မီး ဆိုတာ ပူတတ်လွန်းလို့ မီး ကလေ လို့ပြောတဲ့ ကောင်မလေးတွေဆို မတို့ရဲသလောက်ပါပဲ မမမိုးခါးရယ်။ :P

နွေးနေခြည် said...

'မေကြီး' ဆိုတဲ့ စာလုံးကို ဖတ်လိုက်မိလို့ ရင်ထဲထိသွားတယ်။ ကိုယ့်အမေကိုယ်ခေါ်လိုက်မိသလို ဖြစ်သွားတယ်။ အမေကို ခေါ်တဲ့ အခေါ်အဝေါ်ချင်းတူနေလို့

နှင်းစက် said...

ညီမရေ..ကောင်းတယ်ကွာ..အမတောင် အမေ့ကိုသတိရမိတယ် မေကြီးတဲ့လားးးးးးးးးးးးး
အမ လည်းအဲလိုခေါ်တာလေ..သတိရတယ် အမေ့ကို

ခမ်းကီး said...

သိပ်ကောင်းတယ်။
အမေရုပ်ရည်ကို တန်းပြီး မြင်ယောင်မိတယ်။

မဆုမွန် said...

မိုးခါးလေးကို စခင်ဖြစ်တာ သူ့အမေပြောတဲ့ ဆုံးမစကားပို့စ်လေးကပါ အခုလဲ ညီမငယ်လေးက အမေ့စကားတွေကို အမေပို့စ်လေးမှာ တင်ထားပြန်တယ်
ကိုယ့်ကိုကိုယ် တန်ဖိုးထားမှ သူများက တန်ဖိုးထားမယ်ဆိုတဲ့ စကားကိုလဲ အမေကိုယ်တိုင် ထပ်ပြောလိုက်သလို ခံစားရပါတယ်.
အမေချစ်တဲ့ ညီမငယ်လေး မိုးခါး အမေပို့သတဲ့ မေတ္တာတရားနဲ့ ငြိမ်းချမ်းတဲ့ ဘ၀လမ်းက ပန်းတိုင်က တိုးတက်အောင်မြင်တဲ့ ခြေလှမ်းတွေနဲ့ လှမ်းတက်နိုင်ပါစေ

အမေ့နေ့မှာ မိုးခါး အမေနဲ့တကွ အမေတွေ အားလုံး ကျမ်းမာချမ်းသာကြပါစေ

ဖြိုးဇာနည် said...

မေမေရေ့အနီးကပ်ရှိနေရက်နဲ့
အလိုက်မသိတဲ့သားးးးးအခုမှပဲနီးနီး
လေးနဲ့လွမ်းတတ်ခဲ့ပြီမေမေရယ့်
မိုးခါးလေးရေ့အသိကိုဖွင့်ပေးတဲ့
အတွက်ကျေးဇူးပါနော့်

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...