Tuesday, May 12, 2009

လိုအပ်ချက် နှင့် အလိုအပ်ဆုံး

လူတန်းစားပေါင်းစုံအတွက် လိုအပ်ချက်တွေ တော်တော်များများရှိပါတယ် .. မလိုအပ်တဲ့အရာရယ်လို့ကို မရှိဘူး .. အကုန်လုံးတနေရာရာမှာတော့လိုအပ်နေတာပါပဲ .. ကိုယ်တိုင်ကိုက လောဘကြီးလို့လည်းဖြစ်နိုင်ပါတယ် .. ခု လိုနေတယ်ဆိုတာတွေ အကုန်လုံး မဖြစ်မနေလိုအပ်တာလားဆိုတော့လည်း မဟုတ်ပြန်ဘူး .. မရှိလို့လည်း ရနေပြန်ရော .. (ရှုပ်နေတာပဲနော် ..)

လောလောဆည် ကျမအတွက် ဘာလိုအပ်လဲ .. ကိုယ့်ဘ၀ရပ်တည်ဖို့အတွက် အလုပ်တခုလိုအပ်ပါတယ် .. ဘ၀ကို ရပ်တည်နိုင်ဖို့ လမ်းခင်းပေးခဲ့တဲ့ မိဘနှစ်ပါးကို ကျမ လိုအပ်ပါတယ် .. (ခုလောလောဆည်တော့ အနားမှာရှိမပေးနိုင်ပါဘူး ..) ပင်ပန်း နွမ်းနယ်လာတဲ့အခါ လက်တွဲခေါ်ယူအားပေးမယ့် လက်တစုံလိုအပ်ပါတယ် .. ပြီးတော့ ကျမချစ်တဲ့သူငယ်ချင်းတွေကို ကျမလိုအပ်ပြန်ပါတယ် .. ဒါက ရင်ထဲက လိုအပ်ချက်တွေပေါ့ ..

နောက်တခု ရုပ်ဝတ္တုပစ္စည်းတွေအနေနဲ့လည်း လိုအပ်ပြန်ပါရောလား .. သူများတန်းတူဆိုတဲ့စကားအတိုင်း အသက်ရှင်နေသရွေ့ နေထိုင်ရပ်တည်နိုင်ဖို့ လိုအပ်ချက်တွေလည်း များပါတယ် .. လိုအပ်တယ်လို့ တွေးနေရင် အရာတိုင်းက လိုအပ်နေမှာပါပဲ .. လူပဲ လောဘရဲ့ သားကောင်တွေပဲလေ .. သူများဝတ်ရင် ၀တ်ချင်မယ် .. သူများစားရင် စားချင်မယ် .. သူများသုံးသလို သုံးချင်တယ် .. လောကီမှာကျင်လည်နေသရွေ့တော့ ဒါတွေကို လိုချင်တပ်မက်နေဦးမှာပါပဲ .. ၀န်ခံရရင်တော့ ကျမက လောဘကြီးတယ် .. ထိလို့တွေ့လို့ရတဲ့ အရာဝတ္တုတွေကအစ ရင်ထဲက မေတ္တာတရားအဆုံး အားလုံးအပေါ်မှာ ကျမ လောဘကြီးပါတယ် ..

ဒါပေမယ့် ကျမ တွေးမိတယ် .. ဒါတွေက လိုအပ်ချက်တွေဆိုတာမှန်ပေမယ့် အမြဲတမ်းတော့ လိုအပ်နိုင်ပါ့မလား ..

ဘ၀ရပ်တည်ဖို့ အလုပ်တခုလိုအပ်တယ် .. မဖြစ်မနေလုပ်ရမယ် .. ဒါပေမယ့် လုပ်ချင်လို့တော့မဟုတ်ဘူး .. လုပ်သင့်လို့လုပ်နေရတာပါ .. မိဘနှစ်ပါးကို စိတ်ထဲက လိုအပ်နေပါတယ် .. ဒါပေမယ့် တချိန်ချိန်ကျရင် ကျမ မိဘတွေမရှိပဲ ဆက်လက်ရှင်သန်ရဦးမှာပဲ .. ခုလည်း ဝေးနေသေးတယ် .. တွဲခေါ်မယ့် လက်တစုံကရော အမြဲတမ်း တွဲခေါ်နိုင်မယ်တဲ့လား .. တွဲခေါ်နိုင်တယ်ထားဦး ခွဲခွာခြင်းဆိုတာ တချိန်မှာတော့ ကြုံရဦးမှာပါပဲ .. သူငယ်ချင်း မိတ်ဆွေဆိုတာရော ထိုနည်းလည်းကောင်းပေါ့ ..

လိုအပ်နေတဲ့ ရုပ်ဝတ္တုပစ္စည်းတွေ ဒါတွေကရော .. လိုအပ်ချက်တွေမှန်ပေမယ့် အလိုအပ်ဆုံးတွေတော့ မဟုတ်တာ အမှန်အကန်ပါပဲ .. ပိုက်ဆံတွေဘယ်လောက်ရှိရှိ အသက်ကို မ၀ယ်နိုင်ပါဘူး .. ဒါပေမယ့် အသက်ရှင်နေသရွေ့တော့ ပိုက်ဆံဆိုတဲ့အရာကို ရအောင်ရှာဖွေရဦးမယ် .. လိုအပ်ချက်တွေကို ဖြည့်ဆည်းနေရဦးမှာပါ ..

အလိုအပ်ဆုံးဆိုတဲ့အရာကို တွေးမိတယ် .. ကျမအတွက်ကတော့ ဘာသာတရားပါပဲ .. ကျမကိုးကွယ်ယုံကြည်တဲ့ ဘာသာတရား .. အဆုံးမတွေ .. ဒါတွေကို သိနေ နားလည်နေမှ ရှေ့မှာ ကြုံရမယ့် အကောင်းအဆိုးဒဏ်တွေ ဆုံးရှုံးမှုဒဏ်တွေကို ခံနိုင်ရည်ရှိမှာပါ .. စိတ်ထားတတ်မှ ခံနိုင်ရည်ရှိမယ် .. စိတ်ထားတတ်အောင်လည်း ကိုယ့်ဘက်က လေ့ကျင့်ပေးမှရမယ် .. အကောင်းအဆိုးသိမှ ခွဲခြားနိုင်မယ် .. သိမှ မကောင်းတာကို လျော့ပြီး လုပ်ဖြစ်မယ် .. ဒီလိုခွဲခြားနိုင်ဖို့ ဥာဏ်ရှိမှရမယ် .. ဥာဏ်ရှိအောင်လည်း ကျင့်ယူရမယ် .. ဒါပေမယ့် ခုထိ လုပ်သင့်တယ် လုပ်ရမယ်ဆိုတဲ့ နေရာမှာတင် ရပ်နေသေးတယ် .. တကယ် မလုပ်ဖြစ်သေးဘူး .. ဥာဏ်နဲနေပါသေးတယ် ..

ဒီတော့ ကျမအထင် (ကျမတဦးတည်းအတွက်ပါ ..) ဘာသာတရားအဆုံးအမ လိုအပ်ပါတယ် .. အလိုအပ်ဆုံးလားဆိုတာတော့ ပြောရခက်တယ် .. တယောက်နဲ့တယောက်လည်း ခံယူပုံချင်းတူမှာမဟုတ်သလို လုပ်ဆောင်ချက်လည်းတူမှာမဟုတ်လို့ပါ .. ကျမအတွက် ခုလောလောဆည် အလိုအပ်ဆုံးထင်တာကတော့ စိတ်ထားမှန်ဖို့ .. ဥာဏ်ရှိဖို့ လို့ပဲ ထင်မိပါတယ် ..

မောင်လေး အဆိပ်ခွက်က တဂ်ထားတာပါ .. ထင်တာတွေချရေးမိတယ် .. တကယ်တော့ ယောင်ဝါးဝါးပဲ .. ကိုယ့်စိတ်ကိုယ်သေချာမသိနိုင်သေးလို့ပါ .. ကျေနပ်မယ်ထင်တာပဲ .. (မကျေနပ်လည်း မတတ်နိုင်ဘူး .. ရန်စတာ :P)

အစက ထပ်မတဂ်တော့ဘူးလို့ .. ခုတော့ တဂ်လိုက်ဦးမယ် .. ဂျပန်ကောင်လေး ရေးပေးပါ .. စိတ်မပါလက်မပါဖြစ်နေတဲ့ ကိုပြာသိုကိုလည်း တက်ချင်ပါတယ် .. ရေးပေးပါနော် .. မဆုမွန်ကိုတော့ အားရင်တဂ်ချင်ပါတယ် .. အဆင်ပြေရင်ပေါ့ .. မပြေရင်ရပါတယ်လို့ ..း)




နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...